News @ M-Media

Author: M-Media

  • စကားကို ပြောမည်ဆို (M-Media Blog ကဏ္ဍ)

    စကားကို ပြောမည်ဆို (M-Media Blog ကဏ္ဍ)

    ဇန်နဝါရီ ၁၅ ၊ ၂၀၁၅
    M-Media
    .ရေးသူ-ချယ်ရီမင်းဆွေ
    images11
    စကားသည် တစ်ဦးနှင့် တစ်ဦးကြား ဆက်သွယ်သော ဆက်သွယ်ရေး ကိရိယာ ပင်ဖြစ်သည်။

    လူတို့သည် အမိဝမ်းတွင်းမှ ကျွတ်ပြီးနောက် အချိန်တန်လျှင် စကားပြောကြပေမယ့် စကားပြောသူတိုင်း စကားပြောတတ်ကြသည်ဟု မဆိုနိုင်ပါ။

    စကားပြောအတတ်သည် ဂရိနိုင်ငံက စတင်ခဲ့သည်ဟု အနောက်နိုင်ငံသားများက ယူဆကြသည်။ဂရိလူမျိုးတို့သည် စကားပြော အတတ်ကို ဟောပြောမှု  ပညာတရပ် အနေနှင့် လိုက်စားခဲ့ကြ၏။ ရှေးဟောင်းဆိုးဖစ်များသည် စကားပြောရာနှင့်ဆိုင်သော တက္ကနယ များကို ကြံဆခဲ့ကြသည်..ဟု မှတ်သားဖူးပါသည်။

    စကားတခွန်းကြောင့် ပျော်ရွှင် ကြည်နူး ရတာမျိုးရှိနိုင်သလို စိတ်ထိခိုက် ၀မ်းနည်းရတာမျိုးလည်း ရှိနိုင်ပါသည်။

    တဖန်” စကား စကား ပြောပါများ စကားထဲက ဇာတိပြ” ဆိုထားသလိုပါဘဲ မိမိပြောလိုက်သော စကားများကြောင့်မိမိ၏ အဆင့်အတန်းကို အလွယ်တကူပင် စကားများမှတဆင့်သိနိုင်ပါသည်.။ဒီနေရာမှာ ငါ့စကားနွားရ ….ဘယ်သူသေသေ
    ငတေမာ ပြီးရော သဘောရှိပြောတတ်သူများ အထူးသတိထားရမှာပင် ။

    တချို့တွေရဲ့ “နှုတ်ချို သျှိုတပါး” ဆိုသည့်အတိုင်း မိမိပြောလိုသော အဓိပ္ပါယ်ကို သူတပါးနားထဲ စွဲငြိသွားအောင်.. သူတပါး နာခံလိုအောင် ပြောတတ်ခြင်းမှာလည်း ပညာတရပ်ပင်တည်း.။

    ဘာရယ်မဟုတ် မိမိပြောလိုက်သော စကားကြောင့် သူတပါး စိတ်ပျော်ရွှင်ချမ်းမြေ့သွားလျှင် မိမိအတွက် ပီတိဖြစ်စေနိုင် သလို….အမှတ်တမဲ့ မစဉ်းစားမဆင်ခြင်ဘဲ ပြောလိုက်သောစကားကြောင့်သူတပါး နာလို ခံရခက် စိတ်ထိခိုက်သွားလျှင်လည်း မကောင်းပါရှင့်..။

    “ကျီစားသန်က ရန်များ၏” ဆိုတဲ့အတိုင်း ပြောမနာဆိုမနာ သူငယ်ချင်းအချင်းချင်း အပျော်သဘော ပြောလိုက်မိသော စကားကြောင့် တခါတရံ ပြောခံရသူမှ စိတ်ဆိုးသွားတာမျိုး ရှိနိုင်သလို…တခါတရံ အချင်းချင်း နားလည်ပေမယ့် ဘေးလူမှ အထင်အမြင်လွဲပြီး မခံရပ်နိုင် ဖြစ်ရသည်များလည်း ရှိတတ်ပါတယ်..

    ဒါကြောင့် စကားတခွန်းပြောမည် ဆိုလျှင် အရင်ဆုံး မိမိပြောမည့် စကားကသူတပါးကို မထိခိုက်မိဖို့အရေးကြီးတယ်လို့ထင်ပါတယ်.။ မိမိကြောင့် သူတပါး စိတ်အနာတရ မဖြစ်စေဖို့ပေါ့။

    ” ချစ်စေလို ခံတွင်းလက်လေးသစ်
    မုန်းစေလို ခံတွင်းလက်လေးသစ်” ….

    ဟူသောစကားပုံဆိုရိုးလည်း ရှိသည် မဟုတ်ပါလားရှင်….

    ———————————–

    M-Media Blog ကဏ္ဍတွင် ဖော်ပြပေးစေလိုသူများ [email protected] သို့ စာမူများ ပေးပို့နိုင်ပါသည်။

  • သီတဂူဆရာတော် မဘသ အဖွဲ့နှင့် မဆက်နွှယ်ကြောင်း ကြေညာ

    သီတဂူဆရာတော် မဘသ အဖွဲ့နှင့် မဆက်နွှယ်ကြောင်း ကြေညာ

    ဇန်နဝါရီ ၁၄ ၊ ၂၀၁၄
    DVB (မြန်မာ) ပိုင်းမှ ကူးယူဖော်ပြသည်။

    10610594_754652011287140_247406745756847076_n

    အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ တက္ကသိုလ်များအဖွဲ့ဥက္ကဋ္ဌ သီတဂူဆရာတော် ဘုရားကြီး အဂ္ဂမဟာပဏ္ဍိတ အရှင်ဉာဏိဿ ရဟာ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ရဲ့ အဓိပတိ၊ မန္တလေး မလွန်ဆန်လှူအသင်းကြီးရဲ့ သြ၀ါဒစရိယမှတပါး မြန်မာနိုင်ငံတွင်း တခြားသော မည်သည့် ဘာသာရေးအသင်း အဖွဲ့၊ လူမှုရေးအဖွဲ့၊ နိုင်ငံရေးအဖွဲ့ စသည်တွေ မှာ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခြင်းမရှိကြောင်း သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရဲ့ စီမံအုပ်ချုပ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ကြေညာပါတယ်။

    Thitaguသီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဦးကောဝိဒက ဒီထုတ်ပြန်ကြေညာချက်ကို သီတဂူဆရာတော်ဘုရားကြီးရဲ့ မိန့်ကြားချက်အရ ဆောင်ရွက်တာလို့ မိန့်ပါတယ်။

    ဆရာတော် ဦးကောဝိဒက “အဲဒီကြေညာချက် ကွန်ဖန်းဖြစ်ပါတယ်ဆိုတာကို ဦးဇင်းပြောပါတယ်။ အွန်လိုင်းမှာ ဦးဇင်းတင်ထားတာပါ။ စီမံအုပ်ချုပ်ရေး အဖွဲ့ကနေ ဆောင်ရွက်ပေးရတာပါ။ ဦးဇင်းက ဆရာတော်ကြီးရဲ့ မိန့်ကြားချက်အတိုင်း ဆောင်ရွက်ရတာဆိုတော့ ဒီသတင်းထုတ်ပြန်မှုကိုလည်း ဆရာတော်ကြီးရဲ့ မိန့်ကြားချက်အတိုင်း ထုတ်ပြန်ရတာပါ”လို့ မိန့်ကြားပါတယ်။

    သီတဂူဆရာတော်ဘုရားကြီးဟာ အမျိုးဘာသာ သာသနာ ဘာသာပြန့်ပွားရေးအဖွဲ့မှာ ဒုတိယဥက္ကဋ္ဌ တာဝန်ကနေ နုတ်ထွက် ခဲ့ပါသလားလို့ မေးမြန်းလျောက်ထားရာမှာ ဆရာတော် ဦးကောဝိဒက

    “အဲဒါကို ဦးဇင်းသဘောမပေါက်ဘူး။ ဦးဇင်းကလည်း အဲဒီအစည်းအဝေးကို ဦးဇင်းကိုယ်တိုင် တက်ဖူးတာမဟုတ်တော့လေ။ ဆရာတော်ကြီးက နဂိုကတည်းက အဲဒီအဖွဲ့အစည်းထဲမှာပါ၊ မပါဆိုတာ ဦးဇင်းလည်း မသိဘူး။ ဘာဖြစ်လို့ နုတ်ထွက်တာဆိုတာကိုလည်း ဦးဇင်းက မသိဘူး။ ဦးဇင်းက ဆရာတော်ကြီးရဲ့ မိန့်ကြားချက်အတိုင်း ထုတ်ပြန်တာပါ။ ဘာမှ ထင်မြင်ချက်ပေးစရာ မရှိပါဘူး” လို့ မိန့်ကြားပါတယ်။

    အမျိုးဘာသာ သာသနာ ပြန့်ပွားရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ရွာမပရိယတ္တိ စာသင်တိုက် (အင်းစိန်)၊ နိုင်ငံတော် သြဝါဒစရိယ အဂ္ဂမဟာ ပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တ တိလောကာ ဘိဝံသကို မေးမြန်းလျောက်ထားရာမှာ ဆရာတော်ကြီးက “ဟုတ်တယ်။ သူက ဒီ ပထမအကြိမ် အောင်ဆန်း တပ်ဦးတောရကျောင်းရဲ့ ညီလာခံ၊ ပထမအကြိမ် ညီလာခံမှာ သူကိုယ်တိုင် ဒုတိယဥက္ကဋ္ဌဖြစ် ပါတယ်ဆိုတာ လက်မှတ်ထိုးပြီးတော့ ၀င်ထားတာ မှန်တယ်။ ၂ နှစ် သက်တမ်းလောက်ရှိပြီ ဆောင်ရွက် ခဲ့တယ်။ ဆောင်ရွက်ခဲ့တာလည်းပဲ အခု တို့ဆီမှာလည်းပဲ ဒါကို သူမလုပ်လိုပါဘူးဆိုတဲ့အကြောင်းလည်းပဲ ပြောတာ၊ အကြောင်းမကြားဘူး။ စာတင်တာလည်း ဘာမှ မရှိဘူးပေါ့။ အဲဒီသဘောပဲတို့က သိတယ်။ သို့သော် သူ့ဟာသူ ကြေညာတဲ့ အခြေအနေကတော့ အကြောင်း အမျိုးမျိုး ရှိကောင်း ရှိမယ်ပေါ့။ တို့နဲ့လည်း ဘာမှတော့ ဟိုဒင်းတော့ ပြဿ နာတော့ မရှိဘူး။ တခုရှိတာက သူ ဟိုတလောတုန်းက အီရန်နိုင်ငံကို သွားတယ်။ ဟိုမှာအခြေအနေတွေက နည်းနည်းလေး သူ ပတ်ဝန်းကျင် ဂယက်ရိုက်သွားတဲ့ သတင်းတွေ မြောက်မြားစွာရှိတယ်။ ဒါလေးကို သူ ပါးပါးနပ်နပ် ရှောင် လွှဲတာဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ တို့နဲ့တော့ အဆက်အသွယ်တော့ မပြတ်ပါဘူး။ လက်ရှိအခြေအနေအရ သူက ဘယ်ထဲမှ မပါဝင်သေးဘူးဆိုတဲ့ ပုံစံနဲ့ အခုပြောတာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ မှန်ပါတယ်” လို့ မိန့်ကြားပါတယ်။

    အဖွဲ့ရဲ့ရည်ရွယ်ချက်ထဲမှာ ပဋိပက္ခ မဖြစ်ရန် အသိပညာပေး တားဆီးရန်၊ နိုင်ငံသားများ ညီညွတ်မှု၊ စည်းကမ်းရှိမှုဖြင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး စည်းရုံးရန်၊ အမျိုးဘာသာ သာသနာကို တရားဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်ဖွဲ့စည်းတာဖြစ်ပါတယ်။

    နိုင်ငံတ၀န်းမှာ မဘသ လို့ လူသိများထင်ရှားတဲ့ အမျိုးဘာသာ သာသနာပြန့်ပွား ရေးအဖွဲ့ဟာ မျိုးစောင့်ဥပဒေ ပေါ်ထွန်းရေးဆောင် ရွက်ချက်ကြောင့် လူ့အခွင့်အရေးအဖွဲ့ တွေရဲ့ ဝေဖန်မှုနဲ့ ကြုံတွေနေပါတယ်။

  • လူယောင်ဆောင်ထားသော ‘ပြာ’ များ သမိုင်းလှပါစေ

    လူယောင်ဆောင်ထားသော ‘ပြာ’ များ သမိုင်းလှပါစေ

    ဇန်နဝါရီ ၁၄ ၊ ၂၀၁၅
    M-Media
    ညီသွေးရေးသည်။
    11
    စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတော်မှာ ဓားတစ်စင်းဟာ အစိုးရဖြစ်ခဲ့လျှင် ဓားကိုင်တဲ့လက်ဟာ ပြည်သူလူထုပဲဖြစ်ရမယ်။ သို့မှသာ ဒီဓားကို အသုံးချပြီး ပြည်သူတွေကို အလိုရှိတဲ့ဘဝ၊ လုံခြုံစိတ်ချရတဲ့ လူနေမှုစနစ်ကို ရယူပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ဘဲ ဓားကိုင်တဲ့လက်တွေဟာ အစိုးရမင်းများဖြစ်နေခဲ့ပြီ။ မလိုအပ်ပဲနဲ့ အဲဒီဓားကို သူတို့ခုတ်ချင်နေတဲ့နေရာမှာ စည်းမရှိကမ်းမရှိ ခုတ်ထစ်နေမယ်ဆိုလျှင်တော့ ပြည်သူတွေရဲ့ဘဝဟာ အသွားတွေတုံး၊ တွန့်လိမ်ကောက်ကွေးသုံး စားမရတဲ့ဓားဘဝ ရောက် ရပါလိမ့်မယ်။ ဒီနိုင်ငံမှာတော့ ဓားကိုင်တဲ့လက်တွေဟာ အစိုးရလား ပြည်သူလားဆိုတာ စဉ်းစားစရာမလိုတော့အောင် ကွဲပြားခြားနားသိသာထင်ရှားပြီး ဖြစ်ပါတယ်။

    အခုဓားကိုင်သော လက် ပုစ္ဆာများကို တင်ပြပါတော့မယ်။ မျက်စိသောတဆင်ကြပါတော့ခင်ဗျာ။

    စစ်သားကြီးကို ကျွန်တော်မျှော်မှန်းသည်ဆိုတဲ့ ၂၅ ရာခိုင်နှုန်းသောအစုက လွှတ်တော်ထဲမှာ အခန့်သား၊ တိုင်းပြည်ဟာ စိုးရိမ်သောကဗျာ ပါဒတွေနဲ့ ပြည်သူဟာ ဓားကိုင်တဲ့လက်မဟုတ်တော့ဘူး။ လက်ပံတောင်းတောင်ဟာ ပြားပြားဝပ်လို့ လယ်သမားတောင်သူဟာ ထောင် ထမင်းထောင် ဟင်းစားလို့ ပြည်သူဟာ ဓားကိုင်တဲ့ လက်မဟုတ်တော့ဘူး။ ညီငယ် ညီမငယ်တွေ နေရောင်အောက်မှာ ခမောက် ကလေးတွေဆောင်းလို့၊ ဂျပ်ဆင်အောက်မှာ အသံတွေပြာလို့ ပြည်သူဟာ ဓားကိုင်တဲ့ လက်မဟုတ်တော့ဘူး။ ကိုပါကြီးဟာ ရင်ဟောင်းလောင်းပွင့်လို့ ပဋာစာရီ မသန္တာဟာ မျက်ရည်ချောင်းဖြစ်လို့ ပြည်သူဟာ ဓားကိုင်တဲ့ လက်မဟုတ်တော့ဘူး။ မင်းကတိ မတည်ဝန်ကဆိုခဲ့တဲ့ စကားမမြဲ၊ ထွက်ပြီးသား ဆင်စွယ်ပြန်ဝင်ရရှာပြီ ပြည်သူဟာ ဓားကိုင်တဲ့ လက်မဟုတ်တော့ဘူး။

    နောက်ထပ် ကိုပါကြီးတွေ အများကြီးရှိနေသေးပေမယ့် ကိုပါကြီးအဖြစ်တွေ ထပ် မဖြစ်စေချင်တော့ပါဘူး။ နောက်ထပ် အာဇာနည် ကျောင်းသား ကျောင်းသူတွေ အများကြီးကျန်နေသေးပေမယ့် ဒုတိယမ္မိ ဘုန်းမော်တွေ၊ ဒုတိကမ္မိ ဝင်းမော်ဦးတွေ အပူလုံးကြွ ယူကြုံးမဝတဲ့ ဘဝတွေ လွန်ပါစေတော့။ နောက်ထပ်ပြည်သူတွေ အများကြီးကျန်နေသေးပေမယ့် နောက်တစ်ခေါက် ၈၈ တွေ၊ နောက်တစ်ခေါက် လက်ပံတောင်းတောင်တွေ၊ နောက်တစ်ခေါက် ဒီပဲယင်းတွေကုန်ပါစေတော့။ အမှုမှန်ပေါ်ပေါက်အောင် ဆိုတဲ့ စကားလုံးနဲ့ လူထုကိုချပြတဲ့နေရာမှာ ပွင့်လင်းမြင်သာဆိုတဲ့ စကားလုံးတွေဟာ နောက်ထပ်မျက်နှာ မငယ်ရပါစေနဲ့တော့။

    “ကျွန်မတို့လုပ်စရာရှိတာကို အေးအေးချမ်းချမ်းနဲ့ပြည်သူလည်း မနာအောင် ကျွန်မတို့တိုင်းပြည်ကိုလည်း သိက္ခာမကျအောင် လုပ်သွားပါမယ် လို့ ပြောလိုပါတယ်။” ဒါကပြည်သူ့ အချစ်တော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံးစကားပါ။ အဲဒီအတိုင်း တစ်ကယ်ဖြစ်လာ ခဲ့လျှင်တော့ အတိုင်းအထက် အလွန်တံခွန်နဲ့ ကုက္ကားပေါ့။ ဒါပေမယ့် တစ်ကယ်ဖြစ်နေတာကတော့ ပြည်သူတွေဟာ နာရုံမက၊ ပြာနှမ်းနေတဲ့သူ၊ အသက်ထွက်တဲ့သူ၊ ဘဝပျက်တဲ့သူ၊ သိုက်မြုံစွန့်ရတဲ့သူတွေ များခဲ့ရပါပြီ။ တိုင်းပြည်ကို သိက္ခာမကျအောင်ဆိုတဲ့ စကားကိုအကောင်အထည်ဖော်နိုင်ဖို့ ရန်မှာတော့ အချို့မျက်ရည်တွေကို ဥပေက္ခာပြုရပါလိမ့်မယ်။ အချို့မတရားမှုတွေကို လျစ်လျူရှု ရပါလိမ့်မယ်။ အပြီးပြတ်သေးတဲ့ အမှုတွဲတွေထဲက ဥဒါန်းမကျေဆိုတာတွေကို အပြီးတိုင်မြေမြှပ် ပစ်ရပါလိမ့်မယ်။ အခက်ခဲဆုံးအပိုင်းတွေကို ၁၀၀% ရင်ဆိုင်ရပါလိမ့်မယ်။ ဒီအခြေအနေမှာပြည်သူ လူထုအနေနှင့် နှစ်ခုပဲရွေးစရာ ရှိပါတယ်။ တစ်ခုက ကိုယ်တိုင် ဦးဆောင်နိုင်တဲ့သူဖြစ်ချင်ဖြစ် မဟုတ်ခဲ့လျှင် နောက်လိုက်ကောင်းဖြစ် ဒီနှစ်ခုပဲ ရှိပါတော့တယ်။ အရည်အချင်း ရှိအောင်လုပ် (သို့) အရည်အချင်း ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်။ ကိုမင်းကိုနိုင်က ကိုပါကြီးကိစ္စ ဆန္ဒဖော်ထုတ်ပွဲ အရေးယူဖို့ကြိုးစားခဲ့ရင် နောင်ရာဂဏန်း၊ ထောင်သောင်း သိန်းသန်းတွေကို ရင်ဆိုင်ဖို့ပြင်ထား ပါလို့ပြောချင်တယ်ဆိုတဲ့ အဲဒီအင်အားစုထဲမှာ ပါဝင်နစ်မြှပ် လိုက်ဖို့ပဲရှိပါတယ်။

    တိုင်းပြည်ရဲ့အကြီးမားဆုံးအင်အားဆိုတာ စည်းလုံးညီညွတ်သော စိတ်ဝမ်းမကွဲပြားသော ပြည်သူလူထုရဲ့လက်ထဲမှာပဲ ရှိပါတယ်။ ပြည်သူ အင်အားစုများဟာ အကွဲကွဲအပြားပြားဖြစ်နေမယ် ဆိုလျှင်တော့ ဝါးအစည်းပြေကိုချိုးသလို တစ်ချောင်းချင်း အချိုးခံရဖို့ကိန်းပဲရှိပါတယ်။ တစ်ချို့ အကြံအစည်တွေဟာ စကောလောက် မနက်ပါဘူး။ ဒါပေမယ့် အဲဒီငါးမျှားချိတ် မမြင်ဘဲ ငါးစာကိုသာမြင်ခဲ့တဲ့ပြည်သူ အချို့ဟာ သုတ်ကနဲပါသွားခဲ့ရရှာပါတယ်။ အဲဒီရဲ့သာဓကတွေကတော့ ရခိုင် အရေးအခင်းရှိပါတယ်။ မိထ္တီလာအရေးအခင်းရှိပါတယ်။ မန္တလေး အရေးအခင်းရှိပါတယ်။ နေက်ထပ်လည်း အလှမ်းမတော်လျှင် ပြည်သူလူထုဟာ ငါးမျှားချိတ်ပါတဲ့ ငါးစားတွေကို ဟပ်မိသွားနိုင်ပါတယ်။ ပြည်သူလူထုအနေနှင့် အလိုအပ်ဆုံးအချိန်မှာ သုံးဖို့ခုချိန်မှာ ကိုယ့်ကိုယ်ကိုထက်နေအောင်သွေးနေဖို့ လိုပါတယ်။ အချိန်တစ်ချိန်ဆိုတာ ကျိန်းသေရောက်လာမှာပါ။ Plan A, Plan B တွေနဲ့ အလုပ်မဖြစ်တော့တဲ့အခါ Plan C သုံးရမယ့် အချိန်ရောက်လာပြီဆိုလျှင်တော့ ကျွန်တော်တို့ပြည်သူတွေ အားလုံးစည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဆုံးဖြတ်ချက်တွေ ချရပါလိမ့်မယ်။

    အမေရိကန်သမ္မတ အိုဘားမားလာတာ သူ့အကျိုးစီးပွားအများကြီးပါတယ်။ IS တွေကို တိုက်ခိုက်ချေမှုန်းတဲ့ ကိစ္စရပ်မှာတောင် သူ့ပြည်သူလူထု ဘဏ္ဍာငွေ ၅.၆ ဘီလီယံကို အမေရိကန် ကွန်ကရက်က တစ်ဆင့်တောင်းခံခဲ့ပါတယ်။ တရုတ်ဝန်ကြီးချုပ်လာတဲ့ ကိစ္စမှာကတော့ သူ့အကျိုး ၁၀၀% ကျော်ပါပါတယ်။ အားလုံးကတော့ သူတို့ တွက်ကိန်းနဲ့ သူတို့လာတာချည်းပါ။ ကိုယ့်နိုင်ငံအရေးက ကိုယ်တွေမှာပဲ တာဝန်ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ သာမန်လူသား တစ်ဦးပါ။ ဒါပေမယ့် နိုင်ငံအတွက် တာဝန်ခံစိတ်အပြည့်၊ စွန့်လွှတ်လိုစိတ်အပြည့်၊ ကိုယ်ကျိုးမဖက်တဲ့ စိတ်အပြည့်နဲ့ဆိုတော့ သူ့နောက်ကပြည်သူ တစ်ရပ်လုံးက ယုံကြည်ကိုးစားမှုနဲ့ မားမားရပ်ခဲ့ကြပါတယ်။ ဘယ်သူက ဘယ်လောက် ကိုယ်ကျိုးစွန့်မလဲ ဘယ်လောက် တာဝန်ခံမလဲ၊ သူ့နောက်မှာရဟန်းရှင်လူ အများပြည်သူ အားလုံးက ဝန်းရံကြတာ မဆန်းပါဘူး။

    ပြည်သူလူထုခမျာစားဝတ်နေရေး လူတန်းမစေ့နိုင်သေးဘူး။ ဒီလိုအချိန်မှာ ရှေ့တန်း စစ်ဆင်ရေး နယ်မြေမှာ သန်းတစ်ရာအကုန်ကျခံပြီး ဘန်ကာ (၅) လုံး တည်ဆောက်မယ်တဲ့။ ငြိမ်းချမ်းရေး လုပ်နေသည်လည်းပြောရဲ့၊ ပြီးတော့ ဒီဘန်ကာတွေ ဆောက်ပြီး ဘယ်သူတွေကို တိုက်စစ်ဆင်မှာလည်း။ အမှန်တစ်ကယ်ငြိမ်းချမ်းစေချင်သည် ဆိုလျှင် ဒီလောက် ပမာဏငွေကြေးနှင့် တိုင်းရင်းသား ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ထည့်သွင်း အသုံးချလိုက်ပါက ဒေသခံပြည်သူများ၏ ယုံကြည် အားကိုးမှုများရရှိနိုင်ကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကိုလည်း သွယ်ဝိုက် အကျိုးရှိစေမည်ဖြစ်သည်။ အခုတော့ တစ်ဖက်ကငြိမ်းချမ်းရေး တစ်ဖက်က စစ်ဆင်ရေး တစ်နည်းအားဖြင့် ကိုယ့်တိုင်းရင်းသား အချင်းချင်း ပစ်ခတ်တိုက်ခတ်ဖို့ အတွက် အဲဒီလောက်ငွေကြေး သုံးစွဲမည်ဆိုသော စိတ်ဓာတ်က အော်ဂလီဆန်စရာ ကောင်းလှပါသည်။ နောက်ထပ် ပိုဆိုးသည်မှာ ဗိုလ်ရူခံစင်မြင့်ခေါင်းစဉ်နှင့် သန်း ၆၀၀၀ ကျော် သုံးခဲ့သော စီမံကိန်း။ ဗိုလ်ရူခံ စင်မြင့် မရှိဘဲနေလာသည်မှာ နှစ် (၆၀) ကျော်၊ ယခုရှိလာတော့လည်း ဘာများ တိုင်းပြည်အတွက် ထူးခြားသွားမှာလည်း။ ဗိုလ်ရူခံစင်မြင့် မဆောက်လျှင် တိုင်းပြည်ချောက်ထဲ ကျမှာလား၊ ဘယ်လောက်တောင် ဂုဏ်သိက္ခာတွေ ထိခိုက် ကျဆင်းသွားနိုင်မှာမို့လို့လည်း။ ပြည်သူ့ ဘဏ္ဍာငွေ ယိုစိမ့်မှုကြီး သပ်သပ်သာဖြစ်သော ထိုသို့သော စီမံခန့်ခွဲမှုများနှင့်ပြည့်နှက်နေသော အဖွဲ့အစည်း၏နောက်ကွယ်တွင် ဘယ်လောက်ပြည်သူတွေကမှ မားမားမတ်မတ် ရပ်တည်ပေးမည် မဟုတ်။

    တိုင်းပြည်ရဲ့အနာဂတ် ရည်မှန်းချက်ထဲမှာ ပြည်သူတွေ လူတန်းစေ့နေထိုင်ရေး၊ လူတန်းစေ့ စားသောက်နိုင်ရေး၊ လူတန်းစေ့ကျန်းမာရေး အကျိုးခံစားခွင့်ရရှိရေးတို့ မလွဲမသွေပါဝင်ရပါမယ်။ နိုင်ငံတကာနဲ့ လုပ်နေတဲ့ စီးပွားရေး စီမံကိန်းတွေ၊ လျှပ်စစ်စွမ်းအင် ရှာဖွေရေးစီမံကိန်း၊ စစ်ရေးအစီအမံတွေအားလုံးဟာ ပြည်သူ့ အကျိုးစီးပွားရဲ့နောက်မှာပဲ နေရာယူရပါမယ်။ အခုတော့ ပြည်သူ့ အကျိုးအတွက် တစ်ကယ်လုပ်နေတဲ့ စီမံကိန်းဆိုတာ အိမ်မက်ထဲမှာပဲ သန္နေတည်ဆဲအဆင့်ရှိသေးတယ်ထင်ပါတယ်။ တစ်ခုမှ အကောင်အထည်အဖြစ် ပေါ်မလာသေးပါဘူး။ အစိုးရအဖွဲ့ဝငလူကြီးမင်းများကလည်း တစ်ပြုံကြီး၊ ခွင်တွေကလည်း တအုံကြီးပေါ့။ လောကမှာ အရှည်ဆုံးအကွာအဝေး ဆိုတာ ဦးနှောက်ကနေ နှလုံးသားကို သွားတဲ့ အကွာအဝေးတဲ့။ ဒီအကွာအဝေး အတွက် ကျွန်တော်တို့အားလုံးဘဝ တသက်တာကို အသုံးပြုကြရပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ဦးနှောက်ကနေ ရင်ဘတ်ထဲကို စီးသွားတဲ့ “ကိုယ်ချင်းစာစိတ်၊ ကြင်နာစိတ်၊ ဂရုဏာစိတ်၊ သနားချစ်ခင်စိတ်… ” စတဲ့မှတ်တိုင်တွေ ပါဝင်ပါတယ်။ တစ်ကယ်သာပြည်သူ့ အကျိုးအတွက်ဆိုတဲ့မေတ္တာတရားသာရှေ့ထားနိုင်ခဲ့ရင် ဘယ်စီမံကိန်းမဆို ကျိန်းသေအောင်မြင်နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့အားလုံးဟာ လူတွေပါ။ အိုဘားမားလည်းလူ၊ နာရန်ဒရာမိုဒီလဲလူ၊ ကာချုပ်လည်းလူ၊ သမ္မတကြီး ဦးသိန်းစိန်လည်းလူပါပဲ။ လူဟာဘယ်လောက်ပဲ အလုပ်တွေရှုပ်ပြီး ပြာယာခတ်နေခဲ့ပါစေ တစ်နေ့ ကျိန်းသေပြာဖြစ်မှာပါပဲ။ အဲဒီလို ပြာဖြစ်စေမယ့်နေ့ရက် တစ်ရက်ကိုမေ့လို့မရပါဘူး။ ဘယ်လောက်ပဲ အာဏာ ပါဝါပြခဲ့ပြခဲ့ တစ်နေ့ ဇရာကျလာမယ့် ဆက်တင်တွေကိုမေ့လို့ မရပါဘူး။ ဘယ်လောက်ပဲ ပကာသနတွေနဲ့ အလှဆင်ယင်ခဲ့ပါစေ။ တစ်စပြင် ဂယ်လာရီကိုမေ့လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံး တစ်နေ့မှာ မသာချမှပဲ အထာကျ ရတာကိုက လူ့ဘဝ လူ့အပီကေးရှင်းဖြစ်နေလို့ပါပဲ။

    ညီသွေး

  • စိတ်ဒဏ်ရာများနှင့် မရေရာသော အနာဂတ်များကြားက ဂါဇာမှ မိဘမဲ့ကလေးများ

    စိတ်ဒဏ်ရာများနှင့် မရေရာသော အနာဂတ်များကြားက ဂါဇာမှ မိဘမဲ့ကလေးများ

    ဇန်နဝါရီ ၁၄ ၊ ၂၀၁၅
    M-Media

    Gazaorphan
    – Donald Duck ကာတွန်းမှ သရုပ်ဆောင်လေးများ၏ စတစ်ကာများကို ကပ်ထားသော နံရံများနှင့် အစာသွတ် ၀က်ဝံရုပ်ကလေးများကို အစီအရီချထားသော သန့်ရှင်းသည့် အိပ်ရာလေးများရှိနေသော ဂါဇာစီးတီးရှိ အလ်-အမဲလ် မိဘမဲ့ဂေဟာမှ အခန်းလေးများမှာ ကလေးငယ်တိုင်းနှင့် ပတ်သက်နေသည်။

    သို့ရာတွင် ဆွဲဆောင်မှုအရှိဆုံးက အဆိုပါ မိဘမဲ့ဂေဟာ မျက်နှာစာရှိ နံရံများတွင်ဖြစ်သည်။ ဒုံးကျည်များကိုရေးဆွဲထားသည်။ အစ္စရေး တိုက်လေယာဉ်များ၊ အပိုင်းပိုင်းပြတ်တောက်နေသော လူကိုယ်ခန္ဓာကိုယ် အစိတ်အပိုင်းများ စသဖြင့် စစ်၏ အနိဌာရုံများကို ရေးခြစ်ထားကြသည်။ နှလုံးသားနုနယ်သော ထိုကလေးများအဖို့ စစ်ပွဲသာလျှင် ၎င်းတို့သိထားသည့် တစ်ခုတည်းသော အရာဖြစ်လေသည်။

    `လေယာဉ်ပျံအသံကြားတဲ့အခါ၊ သမီးကြောက်ကြောက်လာတယ်´ ဟု ဂေဟာ အခန်းကျယ်ရှိ ကူရှင်တစ်ခုပေါ်တွင် ဒူးတုပ်ထိုင်နေသော အသက် ၈ နှစ်အရွယ် အိုင်ရှာ အလ်-ရှင်ဘာရီက ပြောသည်။

    `စစ်ဖြစ်တုန်းက သမီးရဲ့အိမ် ပြိုသွားတယ်လေ။ အိမ်လည်း မမှတ်မိတော့ပါဘူး။ သမီးက သေချင်တာ။ အဲဒါမှ မေမေ့ဆီသွားနိုင်မှာပေါ့´ သူမက ထပ်ပြောသည်။

    ဖခင်မှာ ဓမ္မတာအတိုင်းသေဆုံးသွားပြီး အကိုဖြစ်သူမှာလည်း အစ္စရေး၏ လေကြောင်းမှတိုက်ခိုက်မှုတွင် သေဆုံးခဲ့ရပြီးနောက် ခိုကိုးရာမဲ့သော အိုင်ရှာလေးမှာ အမဲလ် မိဘမဲ့ဂေဟာသို့ လွန်ခဲ့သည့် နှစ်အနည်းငယ်က ရောက်ရှိလာခဲ့သည်။ မိခင်ဖြစ်သူက ကလေးများအားလုံးကို မစောင့်ရှောက်နိုင်၍ မိဘမဲ့ဂေဟာသို့ ပို့လိုက်ခြင်းဖြစ်သည်။

    ၂၀၁၄ ခုနှစ် အစ္စရေး၏ တိုက်ခိုက်မှုအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသော ဂါဇာပြည်သူများအတွက် ကယ်ဆယ်ရေးစခန်းအဖြစ် ပြုလုပ်ပေးရသောကြောင့် ဂေဟာရှိ မိဘမဲ့ကလေးများကို ဆွေမျိုးများဆီ ပြန်ပို့ပေးခဲ့သည်။ ထို့ကြောင့် အိုင်ရှာလေးမှာ မိခင်ဖြစ်သူ၏ ရင်ခွင်တွင် တစ်ဖန်ပြန်၍ ခိုလှုံခွင့် ရခဲ့လေသည်။ သို့ရာတွင် သိပ်မကြာလိုက်။ မိခင်မှာလည်း အစ္စရေး၏လက်ချက်ကြောင့်ပင် ဘ၀တစ်ပါးသို့ ကူးပြောင်းခဲ့ရပြန်သည်။

    ယခုတွင်တော့ ချစ်လှစွာသော မေမေက အိုင်ရှာ၏ အိပ်မက်ထဲသို့သာ ရောက်ရောက်လာတတ်သည်။ ချစ်စရာ့သမီးငယ်လေးကို နွေးထွေးသော ရင်ခွင်ထဲတွင် ထွေးပွေ့ထားပြီး အနမ်းလေးတွေပေးသည်။ ထို့နောက်တွင်တော့ ပြန်လည်ပျောက်ကွယ်သွားလေ၏။ အိပ်ရာမှ နိုးလာသည့်အခါတွင် အိုင်ရှာလေးက ဒုံးကျည်ပုံများ ရေးဆွဲတတ်သည်ဟု ဂေဟာအုပ်ချုပ်သူက ဆိုသည်။

    အစ္စရေး၏ ၀န်းရံပိတ်ဆို့မှုကို ခံထားရသည့် ဂါဇာဒေသတွင်တော့ အိုင်ရှာလေး၏ ရင်နင့်ဖွယ်ကောင်းသည့် ဇာတ်လမ်းက ထူးထူးဆန်းဆန်းဇာတ်လမ်းမဟုတ်တော့။ ၂၀၁၄ ဇူလိုင်လတွင် စတင်ခဲ့သည့် အစ္စရေး၏ ၅၁ ရက်ကြာတိုက်ခိုက်မှုအတွင်း ဂါဇာပြည်သူ ၂၂၀၀ သေဆုံးခဲ့ရသည်။ ဒဏ်ရာရသူများကလည်း ရေတွက်၍မရ။ မိဘမဲ့ကလေးများ ထောင်ပေါင်းများစွာ ရှိနေသော ဂါဇာတွင် ထိုတိုက်ခိုက်မှုကြောင့် မိဘမဲ့ကလေးငယ် ၁၅၀၀ ကျော် ထပ်တိုးလာသည်ဟု အမဲလ်မိဘမဲ့ဂေဟာ ဒါရိုက်တာအဖွဲ့ ဥက္ကဌ အဘဒ် အလ်-မဂျစ် အလ်ခိုဒါရီက ပြောလေသည်။

    လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်က တည်ဆောက်ခဲ့သည့် အဆိုပါ မိဘမဲ့ဂေဟာက ဂါဇာရှိ မိဘမဲ့ ကလေးသူငယ်များအတွက် တစ်ခုတည်းသော ခိုလှုံရာနေရာဖြစ်သည်။ ဂါဇာရှိ များပြားလှသော မိဘမဲ့ကလေးများအားလုံးကို တာဝန်မယူနိုင်သောကြောင့် အချို့တဲ့ဆုံးသော ကလေးများကိုသာ မိဘမဲ့ဂေဟာမှ လက်ခံသည်။

    `ဒီကလေးတစ်ချို့ဟာဆိုရင် သူတို့ရဲ့ မိခင်တွေ၊ မိသားစုတွေ သူတို့ရှေ့မှာ သေဆုံးတာကို မြင်ခဲ့ကြတယ်´ ဟု အလ်ခိုဒါရီက ဖွင့်ဟခဲ့သည်။

    ၂၀၁၄ ခုနှစ် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုပြီးနောက် အမဲလ် မိဘာမဲ့ဂေဟာတွင် လာရောက်ခိုလှုံကြသည့် မိဘမဲ့ကလေးများ၏ အရေအတွက်မှာ ၂ ဆတိုးလာပြီး ၁၅၀ အထိ ရှိလာသည်။ ဂေဟာသမိုင်းတွင် အမြင့်ဆုံး ပမာဏလည်းဖြစ်သည်ဟု ဘုတ်အဖွဲ့ဝင် ကမားလ် မက်ဘင်ကဆိုပြီး နှစ်မကုန်ခင် မြင့်တက်မည်ဟု ခန့်မှန်းရကြောင်းလည်း ပြောခဲ့သည်။ ရန်ပုံငွေကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရှာဖွေနေရသည့် ဂေဟာအနေဖြင့် စုပြုံကျလာသည့် ကလေးများအတွက် နေရာထိုင်ခင်းပေးရန် နေရာကို တိုးချဲ့ဆောက်လုပ်နေရသည်။ ကလေးငယ်များအား စောင့်ကြည့်ရန်၊ ကျွေးမွေးရန်၊ စာသင်ပေးရန်၊ ကစားပေးရန်နှင့် ကလေးငယ်များ၏ စိတ်ဒဏ်ရာများကို ကုစားပေးရန်အတွက် ၀န်ထမ်း ၅၀ ကျော်က နေ့မအား၊ ညမနား ဆောင်ရွက်ပေးနေကြသည်။

    `မျက်စိရှေ့မှာတင် မိသားစုတွေ အသတ်ခံလိုက်ရတဲ့ကလေးတွေ၊ တစ်ခုခုသွားဝယ်ပြီး အပြန်မှာ မိသားစုအားလုံးသေဆုံးနေ တာကို တွေ့လိုက်ရတဲ့ကလေးတွေ၊ ဒီကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ အခြေအနေက မြင်ရသမျှထဲမှာ အဆိုးဆုံးပါပဲ´ ဟု မက်ဘင်ကဆိုသည်။ ထို့ပြင် ကလေးအများစုမှာ နက်ရှိုင်းလှသည့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများဖြင့် ရုန်းကန်နေရပြီး စိုးရိမ်ထိတ်လန့်မှုကိုလည်း အကြီးအကျယ် ခံစားနေရသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    `သူတို့ အိပ်လို့မရကြဘူး။ အမြဲတမ်းကြောက်ရွံ့နေကြတယ်။ ဒါမျိုးတွေကို သူတို့လေးတွေ ကျော်လွှားနိုင်ဖို့ ကျွန်တော်တို့က တတ်နိုင်သလောက် အချိန်ပေးကြပါတယ်´

    အသက် ၁၀ နှစ်အရွယ်ရှိ နောင်ဝလ် ယာစင်းတစ်ယောက် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အမဲလ် မိဘမဲ့ဂေဟာကို ရောက်ရှိ လာသည်။ ဦးလေးဖြစ်သူက ဖုန်းကို နောင်ဝလ်၏ ဖခင်ကို ပေးထားပြီး အစ္စရေးဘက်က ဖုန်းခေါ်သည့်အခါ ဖခင်ဖြစ်သူက `ခင်ဗျားတို့ ကျုပ်ညီဆီက ဘာလိုချင်လို့လဲ´ ဟု မေးလိုက်သည်ဟု နောင်ဝလ်လေးက ပြောပြသည်။ တစ်ဖက်မှလူက `မင်းညီကို ဘယ်နေရာမှာပဲ ဖွက်ထားထား၊ ငါတို့လိုက်ရှာပြီး သတ်ပစ်မယ်´ ဟု ပြောသည်ဟူ၏။

    `သမီးဖေဖေက အဲဒီအစ္စရေးတွေကို ပြန်ပြောလိုက်တာပေါ့။ `ငါတို့ တယ်လ်အဗီးလ်ကို လာပြီး မင်းတို့လည်ပင်းကို နင်းပစ်လိုက်မယ်´လို့´ ဟု နောင်ဝလ်လေးက ဆိုလေသည်။ ထိုအချိန်တွင်တော့ သူမ၏ ချစ်စရာမျက်နှာလေးတွင် ဂုဏ်ယူမှုအလင်းတန်းလေးက ဖျတ်ခနဲ ၀င်းလက်သွားသည်။

    ဂေဟာမှ တာဝန်ရှိသူ ရီဝေဒါ ကာဆက်က ထိုအကြောင်းအရာမှာ တကယ်မဟုတ်ဘဲ ဖခင်အား သူရဲကောင်းတစ်ယောက်အဖြစ် ထင်မှတ်စေရန်အတွက် မိခင်ဖြစ်သူမှ ဖန်တီးထားသော ဇာတ်လမ်းတစ်ခုဖြစ်သည်ဟု နောင်ဝလ်လေးမကြားအောင် ရှင်းပြသည်။ တကယ်တော့ နောင်ဝလ်၏ ဖခင်မှာ နှလုံးသို့ ဒုံးကျည်မှအမြောက်ဆန် မှန်သောကြောင့် ဆေးရုံသို့အပို့-၎င်းတို့စီးလာသည့်ကားကို အစ္စရေးက ဗုံးကြဲလိုက်ရာမှ သေဆုံးခဲ့ရခြင်းဖြစ်သည်။ သေဆုံးကြောင်းကို ၎င်းဝတ်ဆင်ထားသော အ၀တ်အစားအပိုင်းအစကို ကြည့်ရှု၍သာ ဆုံးဖြတ်နိုင်ခဲ့လေသည်။

    မန်နဲလ် အဘူ တိုင်ယီမာမှာ အသက် ၁၁ နှစ်ရှိပြီး ခန်ယူနစ်ဒေသမှဖြစ်သည်။ သူမ၏ ဖခင် သေဆုံးမှုကို ကွက်ကွက် ကွင်းကွင်းပင် ပြောပြသည်။ `ပြတင်းပေါက်နားမသွားနဲ့´ ဟုဖခင်ဖြစ်သူက လှမ်းသတိပေးသည်ကို သူမ မှတ်မိနေ၏။ ခဏအကြာတွင်တော့ ဒုံးကျည် ၂ လုံးက သူမတို့အိမ်ကို ထိမှန်ခဲ့သည်။

    `တစ်လုံးက သမီးရဲ့ ၀မ်းကွဲမောင်တစ်ဦးဆီကို တည့်တည့်ကျသွားပြီး အစိတ်စိတ် အမွှာမွှာဖြစ်သွားတယ်။ နောက်တစ်ခုကတော့ အဖေ့ပေါ် ကျသွားတယ်လေ´ ဟု ဆို့နင့်ကြေကွဲသံဖြင့် သူမက ပြောခဲ့သည်။ မျက်နှာမှာတော့ ရင့်ကျက်သည့် အမျိုးသမီးတစ်ဦး၏ ပုံစံမျိုးဖြင့်။

    `အဖေ့ခေါင်းကို ပွင့်ထွက်သွားတာပါပဲ´

    ထိုကဲ့သို့ပြောနေစဉ်အတွင်း တိုင်ယီမာတစ်ယောက် သူကမ၏ လက်ကလေးနှစ်ဘက်ကို ဖျစ်ညှစ်နေသည်။ ဘေးနားတွင် ထိုင်နားထောင်နေသော သူမ၏ အမကလည်း ထိုအမူအရာကိုပင် လုပ်နေ၏။

    `လူနာတင်ယာဉ်သံတွေကြားတာနဲ့ သမီးငိုတာပဲ။ စစ်ပွဲတုန်းကဆို ခဏခဏကြားရတယ်လေ။ ဂေဟာမှာ လုံခြုံပေမယ့် ဂါဇာကတော မလုံခြုံပါဘူး။ အမြဲတမ်း စစ်ဖြစ်မယ်လို့ပဲ ထင်နေတယ်´ ဟု သူမ၏ စိုးရိမ်ကြောင့်ကြနေမှုကို ဖွင့်ဟခဲ့သည်။

    ဂေဟာ၏ လူသွားလမ်း တစ်ဖက်တစ်ချက်တွင်တော့ အသက် ၁၄ နှစ်အရွယ် ယူဆက်ဖ် အလ်-ရှင်ဘာရီက အမြောက်ဆန်မှန်၍ ရထားသော ခြေချင်းဝတ်မှ အနာရွတ်ကြီးကို ပြသရန် ဘောင်းဘီကို ခေါက်တင်နေသည်။ ကယ်ဆယ်ရေးစခန်းအဖြစ်လုပ်ထားသော ကုလသမဂ္ဂ၏ စာသင်ကျောင်းအတွင်း မိသားစုနှင့်အတူ ခိုလှုံနေစဉ် ထိုကျောင်းအား အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုမှ ရရှိခဲ့သည့် ဒဏ်ရာဖြစ်သည်။

    ထိုတိုက်ခိုက်မှုအတွင်း ရှင်ဘာရီ၏ ညီမငယ်ကတော့ ခြေထောက်  နှစ်ဘက်စလုံး ဖြတ်ပစ်လိုက်ရပြီး ဆေးကုသရန်အတွက် တူရကီသို့လွှတ်လိုက်ရသည်။

    `ညီမလေးကိုမြင်တိုင်း ကျွန်တော် ထိတ်လန့်တုန်လှုပ်ရပါတယ်။ ဘာဖြစ်ခဲ့သဲဆိုတာကိုလည်း ကျွန်တော် မှတ်မိနေပါတယ်´

    အထစ်ထစ်အငေါ့အငေါ့ဖြင့် ယူဆက်ဖ်က ပြောပြနေသည်။

    အမဲလ် မိဘမဲ့ဂေဟာရှိ ကလေးအချို့ကတော့ ဖျက်ဆီးခံလိုက်ရသည့် အဆောက်အဦးများအား ကစားစရာ ပလတ်စတစ်တုံးလေးများဖြင့် ဖန်တီးနေကြသည်။ အချို့ကတော့ ထိုဂေဟာမှ မိဘမဲ့ကလေးတစ်ဦးဖြစ်သည့် ပန်းချီ ပန်းပုပညာရှင် မဟ်မူးဒ် အီးဒ်နှင့် လေ့ကျင်နေကြသည်။ အသက် ၂၀ စွန်းစွန်း ရှိပြီဖြစ်သည့် မဟ်မူးဒ်အီးဒ်၏ လက်ရာများကို ပြသရန် အတွက် ဂေဟာထဲတွင် ပြခန်း တခန်း ဖန်တီးပေးထားသည်။ ထိုပြခန်းတွင် သစ်သားဖြင့် ပြုလုပ်ထားသော ပါလက်စတိုင်းမြေပုံ၊ ရွှံ့ဖြင့်ပြုလုပ်ထားသော အိုးများ၊ စိတ္တဇပန်းချီများနှင့် ကြောက်စရာမျက်နှာများ စသည့် မဟ်မူးဒ်၏ လက်ရာများကို ပြသထားသည်။

    ဂေဟာရှိအချို့သောကလေးငယ်များ၏ လက်ရာများကိုလည်း အဆိုပါ ခန်းမတွင် ပြသထားသည်။ စိတ်နှလုံးညှိုးနွမ်းဖွယ်ရာများတော့ မဟုတ်။ နေမင်းကြီးပုံ၊ ရွက်လွှင့်နေသော လှေပုံ စသည့် ခွန်အားပေးသော၊ လွတ်မြောက်ခြင်းကိုပြသော ပန်းချီများ၊ မှန်ပေါ်တွင် ရေးဆွဲ ထားသော ပန်ချီးကားများကို ပြသထားခြင်းဖြစ်လေ၏။ အဆိုပါ ကလေးငယ်များ၏ ဘ၀ ဆက်လက်တောက်ပနေမည်ဆိုသည်ကို အတည်ပြုခြင်းမျိုးလည်း ဖြစ်လေသည်။

    အချိန်ကြာလာသည့်နှင့်အမျှ စစ်မဖြစ်ခင် ၎င်းတို့၏ ဘ၀များ၊ မိသားစုများ စသည့် အမှတ်တရ အချိန်ကလေးများမှာ ပို၍ ဝေးကွာ သွားမည်ဖြစ်၏။ သို့ရာတွင် ထိုအရာများမှာ မည်သည့်အချိန်မှ ပျောက်ပျက်သွားမည်မဟုတ်ဟု မက်ဘင်က ပြောကြားခဲ့လေသည်။

    `ဘယ်သူမှ မေ့ပျောက်ကြမှာ မဟုတ်ပါဘူး။ အထူးသဖြင့် ကလေးတွေပေါ့ဗျာ။ ကလေးတွေက သူတို့ရဲ့ မိသားစုကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ (ပါလက်စတိုင်းသားအားလုံးက) ကျွန်တော်တို့ ပိုင်နက် သိမ်းပိုက်ခံလိုက်ရတဲ့ ၁၉၄၈ ခုနှစ်ကို သတိရနေကြမှာပါ။ အစ္စရေးကတော့ ကျွန်တော်တို့ကို မေ့စေချင်ကြတယ်လေ။ ဒါပေမယ့် ကျွန်တော်တို့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး´

    ref: Al Jazeera
    .လေးမောင် ဘာသာပြန်ဆို တင်ဆက်သည်။

  • P.K  (M-Media ရုပ်ရှင်အညွှန်း)

    P.K (M-Media ရုပ်ရှင်အညွှန်း)

    ဇန်နဝါရီ ၁၄ ၊ ၂၀၁၅
    M-Media
    PK
    အမ်မီဒီယာ ပရိသတ်ကြီး ဒီတစ်ပတ် ပိတ်ရက်မှာ အပျင်းဖြေကြည့်ရှုဖို့ အတွက် ရုပ်ရှင် တစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

    ဘောလီဝုဒ်မင်းသား အမီးရ်ခန်းကတော့ 3 Idiots ဇာတ်ကားကြောင့် မြန်မာ ပရိသတ်နဲ့မစိမ်းလှသူဖြစ်တာကြောင့် သူနဲ့အတူ မင်းသမီးချော အနွရှ်ကာရှရ်မာ (Anushka Sharma) တို့ ပါဝင်တဲ့ ပီကေ (PK) ဇာတ်ကားကို ရွေးချယ်ထားပါတယ်။

    ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဇာတ်ကားတွေထဲမှာ နံပါတ် ၆၅ နေရာလိုက်ပြီး အိန္ဒိယမှာတော့ ခေတ်အဆက်အဆက် အတွက် ၀င်ငွေစံချိန်ချိုးခဲ့တဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။

    3 idiots ကို အသက်သွင်းခဲ့တဲ့ ဒါရိုက်တာ ရခ်ျကူမား ဟီရာနီ (Rajkumar Hirani) ရဲ့ ညွှန်ကြားမှုအောက်မှာ အကြောက်တရား လွှမ်းမိုးခံရတတ်ပြီး မစူးစမ်းမဆင်ခြင်ဘဲ လမ်းမှားလိုက်တတ်တဲ့ လူတွေရဲ့ သဘာဝကို ပေါ့ပေါ့ပါးပါးကလေး ကြည့်ရှု နိုင်ဖို့ စီစဉ်ထားတယ်လို့ဆိုရမှာပါ။

    အမီးရ်ခန်းကတော့ ကမ္ဘာကို လေ့လာရေးထွက်လာတဲ့ ဂြိုလ်သားတစ်ဦး၊ သူ့အတွက်တော့ ကမ္ဘာပေါ်က အရာအားလုံးဟာ အံ့သြစရာတွေချည့် ဖြစ်နေတော့တာပါပဲ။ သူတို့ ဂြိုလ်ပေါ်က ဂြိုလ်သားတွေက ဘာသာစကားပြောဆိုကြတာမျိုးမဟုတ်ဘဲ စိတ်နဲ့သာ ဆက်သွယ်ကြတာကြောင့် တစ်ယောက်နဲ့တစ်ယောက် မုသားပြောဖို့မဆိုနဲ့ နောက်ပြောင် ကျီစယ် တာမျိုးတောင် မရှိကြဖူးပေါ့။

    ဒီလိုနဲ့ ဥာဏ်နီဥာဏ်နက်များလှတဲ့ ကမ္ဘာသားတွေအကြား ပထမဆုံးရောက်လာခဲ့တဲ့ အမီးရ်ခန်း ခမြာ လည်ပင်းမှာဆွဲထားတဲ့ သူ့ရဲ့ဂြိုလ်ကို ဆက်သွယ်နိုင်မယ့် ကိရိယာ အလုခံခဲ့ရတာပေါ့။

    ရီမုတ်ရှာပုံတော် ဖွင့်တဲ့ အမီးရ်ခန်တစ်ယောက် လူတွေကြားထဲ ကျင်လည်ကျက်စား နိုင်ဖို့ ကြိုးစားရင်းနဲ့  အမေးအမြန်းထူတဲ့ လူ့ဂွစာတစ်ယောက်အဖြစ် အသွင်ပြောင်းခဲ့ပါတယ်။ ရီမုတ်လုယူသွားသူ ဘယ်သူလဲဆိုတာ၊ ဘယ်နေရာမှ အလုခံရတယ်ဆိုတာတွေ မပြောနိုင်တော့ လူတွေက သူ့ရဲ့ ပြဿနာကို ဘုရားကသာ ဖြေရှင်းနိုင်မှာပေါ့လို့ ပြောပြကြတာပေါ့။

    ဒီလိုနဲ့ ဂေါ့ဒ်ဆိုတဲ့ ဘုရားကို ရှာဖွေဖို့ ကြိုးစားရာကနေ ဟိန္ဒူ ၊ဗုဒ္ဓ ၊ ခရစ်ယာန် ၊ အစ္စလာမ် ဆိုတဲ့ ဘာသာကြီးတွေရဲ့ ဘုရားကျောင်းတွေကို ရောက်ခဲ့သလို ပါးစပ်က ဘုရားဘုရား လက်က ကားယားကားယား ဖြစ်နေတဲ့ ဒယူပလီကိတ် ဘုရားခေါ် ဘုရားကိုယ်စား ဘုရားနေရာယူထားကြသူတွေနဲ့ တွေ့ခဲ့ရတယ်။

    ဘုရားကျောင်းတွေမှာ ဘုရားလူကြီးတွေကို အမေးအမြန်း ထူတတ်တဲ့အကျင့် ၊ ထုးံတမ်းစဉ်လာကို ဆန့်ကျင်တဲ့ အကျင့် စတာတွေကြောင့် သူ့ကို အရက်သောက်ပြီး မူးများနေရော့သလားရယ်လို့ လူတွေက ပီကေ (အရက်သမား) ဆိုတဲ့ နာမည်ပေးခဲ့ပါတယ်။

    လူသားတိုင်း မွေးဖွားလာရာမှာ ဘယ်ဘာသာဝင်ရယ်လို့ တံဆိပ်နှိပ်ခတ်ထားခြင်း မျိုး မရှိတာကြောင့် ဘုရားနဲ့ လူအကြား ကြားခံနေတဲ့ ဒယူပလီကိတ် ဘုရားလူကြီးတွေကို ပီကေက စူးစမ်းခဲ့ပြီး တကယ်တမ်းတော့ အဲဒီဘုရားလူကြီးတွေဟာ wrong number ခေါ် နံပါတ်အမှားကြီးနှိပ်ပြီး ဘုရားကို ဆက်သွယ်နေသူတွေသာ ဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

    ဘာသာတိုင်းရဲ့ လုပ်ဆောင်ပုံတွေ ကွဲလွဲမှု   ၊ လူတစ်ဦးနှင့် တစ်ဦးကြား ဘာသာရေး ပဋိပက္ခများ တွေရှိနေမှု ၊ ဘုရားလူကြီးတွေကို တကယ့် ဘုရားတစ်ဆူ ဂူတစ်လုံးအသွင် နဲ့အယုံကြီး ယုံကြည်မှု စတာတွေကတော့ ပီကေတွေ့ရှိခဲ့တဲ့ လူတွေအကြောင်းပါပဲ။

    ဘယ်သာသာဝင်ပါဆိုတဲ့ တံဆိပ်များပါမလာဘဲနှင့် လူအများက ဘာလို့ကွဲလွဲကြလည်း ဆိုတာက ပီကေသိချင်လှတဲ့ အမေးပုစ္ဆာပါပဲ?

    ရည်းစားသည်ရဲ့စွန့်ပစ်မှုကို ခံခဲ့ရတယ်လို့  အထင်အမြင်လွဲနေတဲ့ မိန်းကလေးတစ်ယောက်က ပီကေကို ယုံကြည်မှုထားခဲ့ပြီး သူရဲ့ရီမုတ် ရှာပုံတော်ကို အကူအညီပေးခဲ့ပါတယ်။

    ပီကေနဲ့ မိန်းကလေးတို့  ရှာဖွေတွေ့ရှိခဲ့တဲ့ လူတွေရဲ့မှားယွင်းမှု ၊ အစွန်းရောက်မှုနဲ့ လီဆယ်လုပ်ကြံတတ်မှုစတာတွေကို ဟာသရောပြီး ကွက်ကွက်ကွင်းကွင်း မြင်တွေ့ခံစား နိုင်ပါတယ်။ ယုံမှားသံသယ တစ်ခုကြောင့် သူကို ထားသွားရလေခြင်း ဆိုတဲ့ အမြင်ရှိနေတဲ့ မင်းသမီးချော မိန်းကလေးရဲ့အထင်အမြင်လွဲမှားမှုကို ဖော်ပြထားသလို မိမိကိုယ် လိမ်လည်သွားတဲ့ လူတစ်ယောက်ကြောင့် လူလိမ်ရဲ့ ကိုးကွယ်မှုကို လိုက်ပြီး အဲဒီဘာသာ ကိုးကွယ်သူတိုင်း ဒီလိုပါပဲလားဆိုတဲ့ stereotype လုပ်တာမျိုး မလုပ်သင့်မလုပ်ထိုက် ဘူးဆိုတဲ့အကြောင်းကိုလည်း သင်ခန်းစာ ပေးထားပါတယ်။

    ပီကေရဲ့ရီမုတ်ရှာပုံတော် စွန့်စားခန်းကတော့ ရယ်စရာပျော်စရာတွေနဲ့အတူ ဘာသာတရား များအကြား ခက်ထန် တင်းမာနေမှုတွေ၊  တံဆိပ်ကပ် အမြတ်ထုတ်မှုတွေ၊ ယုံကြည်မှကို ခုတုံးလုပ်ပြီး ခေါင်းပုံဖြတ်အမြတ်ထုတ် တဲ့ ဘုရားလူကြီးတွေ စတဲ့စတဲ့ အကြောင်းအရာပေါင်းများစွာကို နာရီပေါင်း ၂ နာရီကျော်အတွင်းမှာ ထင်သာမြင်သာရှိအောင် ရိုက်ပြတင်ဆက်ထားတာပါ။

    ကမ္ဘာလောက ကနေ ပြန်လည်ထွက်ခွာသွားတဲ့ ပီကေတစ်ယောက် ကမ္ဘာ့လူသားတွေ ဆီကနေ သင်ယူလေ့လာသွားတဲ့ အချက်တစ်ခုကတော့ စိတ်ထဲမှာဖြစ်နေတာကတစ်မျိုး ပြင်ပလက်တွေ့အပြောကတော့ တစ်မျိုး ဆိုတဲ့ မုသားလီဆယ်မှု ဖြစ်နေတယ်ဆိုတာကို နောက်ဆုံးရိုက်ပြထားတဲ့ ပီကေ ဇာတ်ကားကတော့ အမ်မီဒီယာ ပရိသတ်ကြီး မဖြစ်မနေကြည့်ရှုထိုက်တဲ့ ဇတ်ကားတစ်ခုဖြစ်ပါတယ်လို့ ဖောက်သည်ချတင်ပြလိုက်ရပါတယ်။

    မောင်ရေချမ်း