News @ M-Media
Author: M-Media
  • ၂၀၁၅ခုနှစ် ခွဲတမ်း ဟဂ်ျ (၂၈၀) ဦးအတွက်  လျှောက်လွှာခေါ်ယူ
    ၂၀၁၅ခုနှစ် ခွဲတမ်း ဟဂ်ျ (၂၈၀) ဦးအတွက် လျှောက်လွှာခေါ်ယူ
    ဇူလိုင် ၂၉ ၊ ၂၀၁၅
    M-Media
    သီဟ
    .
    အစိုးရ မဲဟာဂျီလို့ လူသိများတဲ့ ခွဲတမ်းဟဂ်ျ (၂၈၀)ဦးအတွက် လျှောက်လွှာများ သြဂုတ်လ ၁၂ ရက်နေ့ နောက်ဆုံး ထားပြီး လျောက်ထားနိုင်ကြောင်း (၂၀၁၅)ခုနှစ် ဟဂ်ျစေလွှတ်ရေး ကြီးကြပ်မှုကော်မတီက ကြေညာချက် တစောင် ထုတ်ပြန်လိုက်ပါတယ်။
    လျှောက်လွှာများကို (၃-၈-၂၀၁၅)မှ (၁၂-၈-၂၀၁၅)ရက် အတွင်း တင်ရမှာဖြစ်ပါတယ်။ မဲပေါက်သူ ဟာဂျီလောင်း တစ်ဦးကို U$2,175.(အမေရိကန်ဒေါ်လာ-၂၁၇၅) ဒါမှမဟုတ် အဲဒီ တန်ဖိုးနဲ့ညီမျှတဲ့ မြန်မာကျပ်ငွေ ကာလပေါက်ဈေးနဲ့ ပေးသွင်း ရမှာဖြစ်ပါကြောင်း ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
    မနှစ်က တော့ ခွဲတမ်းဟဂ်ျနှင့် သွားရောက်သူများပေးသွင်းရသည့် ကုန်ကျစရိတ်မှာ ၂၂ သိန်း ၅ သောင်းဖြစ်ခဲ့ပြီး ယခုနှစ်မှာတော့ အမေရိကန်ဒေါ်လာဈေး မြင့်တက်နေတာဖြစ်လို့ ယခုလို အမေရိကန် ဒေါ်လာနှုန်းထားဖြင့် သတ်မှတ် လိုက်တာဖြစ်တယ်လို့ သုံးသပ်ရပါတယ်။
    ၂၀၁၄ ခုနှစ်က ခွဲတမ်းဖြင့် မဟုတ်ဘဲ ပြင်ပမှာ ကုမ္ပဏီများဖြင့် ဟဂ်ျ သွားရောက်ခွင့်ရှိသည့် လူအရေအတွက်မှာ ၃၃၀၀ ခန့် ဖြစ်ပြီး ကုန်ကျစရိတ်မှာ သိန်း ၅၀ မှ ၆၀ အကြား ပေါက်ဈေး ရှိခဲ့ပါတယ်။
    ယခုနှစ်မှာတော့ ဒေါ်လာဈေးမြင့်တက်နေတာကြောင့် ဒီထပ်ပိုပြီး များလာဖွယ်ရာရှိပါတယ်။
    ခွဲတမ်းဟဂ်ျ ကို ယခင်က သာသနာရေးဝန်ကြီးဌာနမှာ တိုက်ရိုက်ကိုင်တွယ်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှစတင်ပြီး အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးကို လုပ်ပိုင်ခွင့် လွှဲအပ်ခဲ့ပဲဖြစ်ပါတယ်။
    အစ္စလာမ်ဘာသာဝင်တွေမှာ မဖြစ်မနေ လိုက်နာကျင့်သုံးရတဲ့ မဏ္ဍိုင်ကြီး (၅) ရပ်အနက် “ဟဂ်ျ” လို့ခေါ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာရွှေမြို့တော်သို့ သွားရောက်ပြီး သာသနာ့ကျင့်စဉ် ကိစ္စရပ်များကို ပြုမူ ဆောင်ရွက်ခြင်းဟာ တစ်ခုအပါအ၀င် ဖြစ် ပါတယ်။ ငွေကြေးတတ် စွမ်းနိုင်သူတို့အဖို့ မဖြစ်မနေ လုပ်ရမဲ့ တာဝန်တစ်ရပ်သာ ဖြစ်ပါတယ်။
    ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး
    အမှတ်(၁၈၄)၊(၃)လွှာ၊ ဗိုလ်ဆွန်ပက်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
    ဖုန်း – ၂၄၁၈၈၇၊၂၅၃၆၈၃၊ ၂၅၂၆၀၈၊ ၂၄၁၇၁၇၊ ၂၄၁၂၁၂၊ ၂၉၆၁၃၄
    (၂၀၁၅)ခုနှစ် မြန်မာ ဟာဂျီလောင်းများအတွက် လျှောက်လွှာ ခေါ်ယူခြင်း
    ရက်စွဲ – ၂၀၁၅ခုနှစ် ၊ ဇူလိုင်လ (၂၈)ရက်
    (၂၀၁၅)ခုနှစ် မြန်မာ ဟာဂျီလောင်းများအတွက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ သက်သာသော နှုန်းထားဖြင့် အမှန်တကယ် ဟဂ်ျပြုလိုကြသည့် အစ္စလာမ်ဘာသာဝင် များသည် (၃-၈-၂၀၁၅)ရက်နေ့မှ (၁၂-၈-၂၀၁၅)ရက်နေ့အတွင်း ဟဂ်ျလျှောက်လွှာများကို  မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးရုံးများတွင် ရယူ လျှောက်ထားနိုင်ကြပါသည်။
    ဟဂ်ျလျှောက်လွှာ လျှောက်ထားသူများသည်-
    (၁) လျှောက်ထားချိန်တွင် အသက်(၁၆)နှစ်ပြည့်ပြီးသူဖြစ်ပြီး အသက်(၆၅)နှစ်ထက်မကြီးသူဖြစ်ရမည်။
    (၂)  တရားတော်က သတ်မှတ်ထားချက်နှင့်အညီ ဟဂ်ျပြုရန် တာဝန်ထိုက်သူဖြစ်ရမည်။
    (၃)  (အဆုတ်၊ အနာကြီး) စသည့် ကူးစက်တတ်သော ရောဂါကင်းရှင်းသူဖြစ်ရမည်။
    (၄)  ရာဇဝတ်ပြစ်မှု ကင်းရှင်းသူဖြစ်ရမည်။
    (၅)  ဟဂ်ျ တကြိမ်တခါမျှ သွားရောက်ခဲ့ခြင်း မရှိသူဖြစ်ရမည်။ (မြန်မာ ဟာဂျီလောင်း (၂၈၀)ဦး အစီအစဉ်သည် တစ်ကြိမ်တစ်ခါမှ ဟဂ်ျမပြုရသေးသူများအတွက် သက်သာသော နှုန်းထားဖြင့် သွားရောက်နိုင်သည့် အခွင့်အရေးဖြစ်သဖြင့် ဟဂ်ျပြုပြီးသူများ (လုံးဝ) လျှောက်ထားခြင်း မပြုရပါ။ အကယ်၍ ဟဂ်ျ သွားခဲ့ပြီးကြောင်း စိစစ်တွေ့ရှိပါက ဟာဂျီလောင်းစားရင်းမှ ပယ်ဖျက်ခြင်း ခံရမည့်အပြင် မိမိပေးသွင်းထားသော ငွေဆုံးရှုံးနိုင်သည်ဖြစ်ကြောင်း သတိချပ်စေလိုပါသည်။)
    (၆)  မဲဟရ်ရမ်အတွဲများအနေဖြင့် တရားတော်နှင့်ညီညွတ်သော (မဲဟရ်ရမ်) အတွဲဖြစ်ရမည်။ နှစ်ဦးထက်ပိုတွဲထားသော မဲဟရ်ရမ် အတွဲများကို လက်ခံမည် မဟုတ်ပါ။ မဲဟရ်ရမ် အတွဲ နှစ်ဦးစလုံး ဟဂ်ျ မပြုဖူးသူများဖြစ်ရမည်။
    (၇) ဓာတ်ပုံနှင့် စာသား ထင်ရှားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့်) ပြု/ဧည့် နိုင်ငံသားကတ်ပြား (သို့) အမျိုးသားမှတ်ပုံတင် မိတ္တူနှင့် အိမ်ထောင်စုလူဦးရေစာရင်း (သန်းခေါင်းစာရင်း) မိတ္တူတို့ကို ပူးတွဲတင်ပြရမည်။
    (၉)  ဗလီ/သာသနာ့စာသင်ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော သာသနာ့ပညာရှင်ဖြစ်ပါက သက်ဆိုင်ရာ ဗလီဝတ်ကျောင်း ဂေါပကအဖွဲ့/ သာသနာ့စာသင်ကျောင်း ကျောင်းအုပ်ကြီး၏ ထောက်ခံချက်ကို ပူးတွဲ တင်ပြရမည်။
    (၁၀)  ဟဂ်ျလျှောက်လွှာများကို လျှောက်ထားသူကိုယ်တိုင် (၁၂-၈-၂၀၁၅)ရက်နေ့ နောက်ဆုံးထားပြီး တင်သွင်းရမည်။
    (၁၁)  လျှောက်ထားသည့်ဦးရေသည် ခွဲတမ်းသတ်မှတ်ထားသည့် (၂၈၀)ဦးထက်ကျော်လွန်ပါက အများရှေ့မှောက်တွင် မဲစနစ်ဖြင့် မဲဖောက်ရွေးချယ်သွားမည်။
    (၁၂)  ဟဂ်ျမဲပေါက်သူ ကိုယ်တိုင် သွားရောက်ရမည်။ (အစားထိုး၍ ကိုယ်စား သွားရောက်ခြင်း လုံးဝ ခွင့်မပြုပါ။)
    (၁၃)  ဟဂ်ျလျှောက်လွှာပုံစံများကို တစ်ဦးချင်းအတွက် ငွေကျပ် (၁၀ဝ၀ိ/-)နှုန်း၊ မဲဟရ်ရမ် အတွဲအတွက် ငွေကျပ်(၂၀ဝ၀ိ/)နှုန်းဖြင့် ရယူနိုင်ကြပါသည်။
    (၁၄)  မဲပေါက်သူ ဟာဂျီလောင်း တစ်ဦးလျှင် အမေရိကန်ဒေါ်လာ(၂၁၇၅) သို့မဟုတ် ယင်းတန်ဖိုးနှင့်ညီမျှသော မြန်မာကျပ်ငွေအား ကာလပေါက်ဈေးနှင့်အညီ ပေးသွင်းရမည်။
    (၁၅)  ဟဂ်ျနှင့်ပတ်သက်၍ မည်သည့်အပိုကြေးမှ ပေးရန် မလိုပါ။ အကယ်၍ တောင်းခံလာပါက မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးသို့ တိုင်ကြားနိုင်ပါသည်။
    (၂၀၁၅)ခုနှစ် ဟဂ်ျစေလွှတ်ရေးကြီးကြပ်မှုကော်မတီ
    Form
  • လူမျိုး၊ဘာသာမရွေး တက်ရောက်နိုင်သည့် ပညာဒါန သင်တန်းများ သြဂုတ်လ ၃ ရက်နေ့တွင် ထပ်မံဖွင့်လှစ်မည်။
    လူမျိုး၊ဘာသာမရွေး တက်ရောက်နိုင်သည့် ပညာဒါန သင်တန်းများ သြဂုတ်လ ၃ ရက်နေ့တွင် ထပ်မံဖွင့်လှစ်မည်။
    ဇူလိုင် ၂၈၊ ၂၀၁၅
    M-Media
    မိုးစက်
    03-08-2013
    ရန်ကုန်။    ။ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်တွင် ကျူလီယာ မွတ်စလင်သာသနာ့ ရန်ပုံငွေအဖွဲ့ မှ လူမျိုးဘာသာ မရွေး သင်ကြားနိုင်ရန် ဖွင့်လှစ်ထားသော ပညာဒါန သင်တန်းကျောင်းတွင်  (၁၂) ကြိမ်မြောက် ပညာဒါန အခမဲ့ သင်တန်းများအား သြဂုတ်လ (၃) ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
    အဆိုပါသင်တန်းတွင် ကွန်ပျူတာနှင့် ပတ်သက်သည့် ဘာသာရပ်များဖြစ်သော Windows, Microsoft Office, PageMaker, CorelDraw, E-mail, Internet, Adobe Photoshop, Abdoe Illustrator,Abdoe Indesign, A+Hardware ၊ အင်္ဂလိပ်စာ သင်တန်းများဖြစ်သော Basic English Level 1,2, English 4 Skiills, IELTS(Prepartion Course) Grammar Foundation, English for Business နှင့် စက်ချုပ်-မော်တာသင်တန်းများကို အခမဲ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။
    ယင်းသင်တန်းအား ကျိုလီယာမွတ်စလင်မ် သာသနာ့ ရန်ပုံငွေအဖွဲ့မှ ဦးစီးသော အဖွားများ သုခရိပ်သာ အမှတ်(၁) သုခလမ်း၊ ခ ရပ်ကွက် သင်္ဃကျွန်းမြို့နယ် ရန်ကုန်မြို့တွင် လူမျိုးဘာသာ မရွေးတက်ရောက် သင်ကြားနိုင်ကြောင်းသိရှိရသည်။
    ကျူလီယာ မွတ်စလင် သာသနာ့ ရန်ပုံငွေအဖွဲ့မှ ထိုသင်တန်းများအား သုံးလတစ်ကြိမ် ဖွင့်လှစ်လျှက်ရှိပြီး တစ်ကြိမ်တွင် သင်တန်းသူ သင်တန်းသားများ ၃၀၀ နီးပါး တက်ရောက်၍ ပညာများကို ဆည်းပူးလေ့ရှိကြောင်း သိရပါသည်။
    အဆိုပါ ပညာဒါန သင်တန်းကျောင်းမှ သင်တန်းသူ သင်တန်းသား ၃၀၀၀ နီးပါးကို မွေးထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
  • “လိုင်လာခန်း ရဲ့ အကယ်ဒမီ ရင်ခုန်သံ နှင့် ခွဲခြားဆက်ဆံခံရမှု ဂယက် “
    “လိုင်လာခန်း ရဲ့ အကယ်ဒမီ ရင်ခုန်သံ နှင့် ခွဲခြားဆက်ဆံခံရမှု ဂယက် “
    MRTV4 ရဲ့ Let’s Talk အစီအစဉ်မှ ကောက်နှုတ်ဖော်ပြပါသည်။
    11258133_10155870750390230_2109914642906547152_n
    ဇင်အောင် – နောက်တစ်ခုထပ်ပြီး မေးချင်တာက ဒီရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီးတော့ အမရဲ့သရုပ်ဆောင်မှု အပေါ် ပရိသတ်တော်တော် များများက အရမ်းကို နှစ်ခြိုက်အားပေးကြတယ်ခင်ဗျ ဒါကတော့ ခြွင်းချက် မရှိပေါ့နော်။ ဒါနဲ့ပတ်သက်ပြီး အကယ်ဒမီနဲ့ပတ်သက်ပြီးတော့ အမရဲ့ရင်ခုန်သံလည်း ကြားချင်ပါတယ်။ များသောအားဖြင့် ကျွန်တော်တို့ဒီမှာ တော်တော်များက အကယ်ဒမီနဲ့ပတ်သက်ပြီးတော့ အရမ်း sensitive ဖြစ်ကြပါတယ်ခင်ဗျ။ အမနဲ့ပတ်သက်ပြီးတော့ အကယ်ဒမီရင်ခုန်သံတွေ အရမ်းကြားနေရပါတယ်။ အဲ့ဒီအပေါ်မှာ ဒါပေမယ့်လည်း တစ်ဖက်မှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အငြင်းပွားဖွယ်ရာ အများများကြီးလည်း ဖြစ်နေပါတယ်ခင်ဗျ။ ကျွန်တော်ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို အမသဘောပေါက်လားတော့မသိဘူးခင်ဗျ။
    .
    လိုက်လာခန်း – သဘောပေါက်ပါတယ်မောင်လေး။ အမ အရမ်းသဘောပေါက်ပါတယ်။ အဲ့ဒါကြောင့်မို့လည်း interview တိုင်းမှာ အမကို interview လာ view တဲ့လူတွေအားလုံးက သမီး အကယ်ဒမီရမှာနော်။ အဲ့ဒီအပေါ် ဘယ်လိုမြင်လဲလို့ ပြောတဲ့အခါကျလို့ရှိရင် – အဲ့လိုပြောလိုက်တာလေး အဲ့အသံလေးကိုကြားလိုက်ရင် ၀မ်းသာပါတယ်။ ဒါပေမယ်လို့ အမ interview တိုင်းမှာ ပြောခဲ့တဲ့ အတိုင်းပဲ။ မမှန်းပါဘူးလို့။ မမှန်းတာ ကိုယ့်ရဲ့ talent ကိုမယုံကြည်လို့ မဟုတ်ဘူး။ ပရိတ်သတ်တွေကို မယုံကြည်လို့လည်း မဟုတ်ဘူး။ မမှန်းရဲဘူးဆိုတာ အကယ်ဒမီက နတ်ကြီးတယ်လေ။ ပြီးတော့ ၂ နှစ်လောက်ရှိပြီ။ အကယ်ဒမီ ပေးတဲ့အချိန်ပိုင်းလောက်မှာ အမ ရန်ကုန်မှာ ရောက်ရောက်နေတယ်။ ဆိုတော့ လူတွေပြောလိုက်ပြီဆိုရင် အဲ့လူကမရဘူး။ မရတာများတာကို တွေ့နေရတယ်။ ဟာ ဒီနှစ်သူရမယ်၊ သူရမယ်ဆိုရင် မဖြစ်လာဘူးဆိုတော့ အဲ့ဒါလေးကို နည်းနည်းကြောက်တယ်။
    .
    ပြီးတော့နောက်တစ်ခုက ဘာလဲဆိုရင် ဘာသာရေးနဲ့ပတ်သက်ပြီးတော့ အမတို့နိုင်ငံမှာ အခုချိန်ထိ ဒီမိုကရေစီ ဘယ်လောက်ပဲ ရသွားပြီလို့ ပြောပေမယ့် mentally ဒီမိုကရေစီမရသေးဘူး မောင်လေး။ လူတွေဆီမှာ ဒီမိုကရေစီဆိုတာ နိုင်ငံတစ်ခု ကပေးတဲ့ ဒီမိုကရေစီက တန်ဖိုးဒီလောက်မရှိဘူး။ အဲ့နိုင်ငံမှာနေတဲ့လူတွေအားလုံးရဲ့mentally ဒီမိုကရေစီဖြစ်ဖို့က ပိုအရေးကြီးတယ်လို့ အမထင်တယ်၊ မမတို့ ပညာရှိအသိုင်းအ၀ိုင်းပေါ့နော် မမတို့မြင်သလောက်က အားလုံးက အရမ်းနားလည်တယ်။ ဒါပေမယ့် အခုအချိန်မှာလည်း တစ်ချို့တွေက ဟိုပေါ့ ဘာသာ- မြန်မာလူမျိုး ဘယ်လောက်ပဲဖြစ်နေပါစေ။ ကိုးကွယ်တဲ့ဘာသာမတူတဲ့အပေါ်မှာ အမြင်တွေစောင်းကြတယ်။ အဲဒါကို စိတ်မကောင်းဘူး အမ။ အဲဒါကတော့ အရမ်းဝမ်းနည်းတယ်။ အဲဒါဝမ်းနည်းတာလည်း ကိုယ့်အတွက် အကျိုးမရှိမှာစိုးလို့ ၀မ်းနည်းတာမျိုးမဟုတ်ဘူး။ ကိုယ်အရမ်းချစ်တဲ့ကိုယ့် မြန်မာနိုင်ငံကြီး တိုးတက်သင့်သလောက် မတိုးတက်မှာကိုကြောက်လို့ ၀မ်းနည်းတာ။
    .
    အိန္ဒိယသည် ဒီအချိန်မှာ ရင်ဘောင်တန်းပြီးတော့ ဟောလီးဝုဒ်နဲ့အပြိုင်သွားနိုင်တယ်။ ဟောလီးဝုဒ်က ဒါရိုက်တာတွေက အိန္ဒိယက Actor တွေကို တောင်းတောင်းပန်ပန်နဲ့လာပြီး ရှိခိုးကန်တော့ပြီး ခေါ်နေတယ်။ အိန္ဒိယက Actor တွေက `ကျွန်တော်တို့ အလုပ်မလုပ်နိုင်ဘူး´ လို့ ပြောရတဲ့အထိအောင် ရောက်နေတယ်။ Why? ဘာဖြစ်လို့လဲ။ အိန္ဒိယနိုင်ငံသည် အခုအချိန် Medical မှာ – ကမ္ဘာတစ်ခုလုံးမှာ အကောင်းဆုံး Kidney (ကျောက်ကပ်) ဆေးရုံ၊ အကောင်းဆုံး Heart Transplant (နှလုံးအစားထိုးကု) ဆေးရုံ အိန္ဒိယမှာရှိတယ်။ ဘာကြောင့်လဲ။ သွားကြည့်လိုက်မောင်လေး။ ဟိုမှာ ဘာသာရေးခွဲခြားမှုမရှိဘူး။ ဘာသာရေး အဓိကရုဏ်း မဖြစ်ဘူးလား။ ဖြစ်တယ်။ ဒါနိုင်ငံတိုင်းမှာဖြစ်တယ်။ China မှာဖြစ်တယ်။ အိန္ဒိယမှာဖြစ်တယ်။ မြန်မာပြည်မှာဖြစ်တယ်။ ဒါပေမယ့်လို့ တကယ် လူတွေရဲ့ Mind မှာ – သူတို့ဘာသာရေးအဓိကရုဏ်းဖြစ်တယ်ဆိုတာက Politics (နိုင်ငံရေး) တွေကြောင့် ဖြစ်တာများတယ်။ ဒါပေမယ့် သူတို့ Mind ထဲမှာ တစ်ကယ်တမ်း မောင်လေးကြည့်လိုက်တယ်ဆိုလို့ရှိရင် – အမ ဥပမာတစ်ခုပြမယ်။
    .
    ရှာရွတ်ခန်းဆိုတာက အိန္ဒိယမှာရော၊ ကမ္ဘာမှာရော လွှမ်းမိုးထားတဲ့ Actor တစ်ယောက်ပေါ့နော်။ သူက အစ္စလာမ်ဘာသာ စစ်စစ်။ အိန္ဒိယနိုင်ငံဟာ ဟိန္ဒူ ဗုဒ္ဓဘာသာလို့လည်းပြောလို့ရတယ်။ ဟိန္ဒူပေါ့နော်။ ဟိန္ဒူဘာသာနိုင်ငံပေါ့။ ဒါပေမယ့် ဘောလီးဝုဒ် မှာ မောင်လေးကြည့်မယ် ဆိုလို့ရှိရင် ၁၀၀ မှာ ၉၀ က အစ္စလာမ်တွေများတယ်။ မွတ်စလင်တွေများတယ်။ အမီးရ်ခန်းတို့၊ ဆလ်မန်းခန်းတို့၊ ရှာရွတ်ခန်းတို့၊စေဖ်အလီခန်း(saif ali khan) တို့ အကုန်လုံးက မွတ်စလင်တွေနော်။ ဒါရိုက်တာကြီးတွေမှာဆိုလည်း မွတ်စလင်တွေပဲ။ ဒါပေမယ့် အိန္ဒိယသည် ဘယ်တုန်းကမှ – မမအလုပ်လုပ်ခဲ့တာ ၇ နှစ်မှာလည်း တစ်ခါမှ – ဟို သူသည် မွတ်စလင်မို့လို၊ သူသည် ဟိန္ဒူမို့လို့ သူသည် Chinese မို့လို့ တစ်ခါမှ မကြားခဲ့ဖူးဘူး။ ရှာရွတ်ခန်းသည် ၁၈ နှစ် – သူ့ရဲ့အလုပ်သက် အနှစ် ၂၀ မင်းသားဖြစ်လာတဲ့အချိန်မှာ ၁၈ နှစ်လုံးလုံး အကယ်ဒမီ – Film Fair Award ကို ယူခဲ့တယ်။ အဲဒါသည် သက်သေပြနေတာ။ အိန္ဒိယနိုင်ငံ ဘယ်လောက်ဒီမိုကရေစီဖြစ်လည်းဆိုတာကို သက်သေပြနေတာပဲပေါ့နော်။ မမ အိန္ဒိယကို မြှောက်ပြီးပင့်ပြီး ပြောဆိုနေတာ မဟုတ်ဘူး။ မမနိုင်ငံ မြန်မာနိုင်ငံကို တစ်နေ့တစ်ချိန်မှာ အဲလိုဖြစ်စေချင်လို့ ကမ္ဘာမှာ။ အခုဆိုရင် အိန္ဒိယမှာဆိုလို့ရှိရင်။ ဘယ်သူ့မှ ဒီ အိန္ဒိယသည် မတရားဘူးလို့ ပြောလို့မရဘူး။ အိန္ဒိယသည် အရမ်း Fair ဖြစ်တယ်။ လူတွေဆိုရင် – အမေရိကန်တွေ၊ ယူရိုပီယန်တွေတောင် အင်ဒီယန်တွေကို လေးစားတယ်။ ဘာဖြစ်လို့လည်းဆိုတော့။ ဘယ်လောက်ပဲ ဘယ်လိုပဲဖြစ်ဖြစ်။ သူတို့သည် အလုပ်သဘောဆိုရင် အလုပ်သဘောအရ ဆုံးဖြတ်တယ်။ သဘောက ရှာရွတ်ခန်းသည် ၁၈ နှစ်လုံးလုံး ယူလာတယ်။ တစ်ခြားဟိန္ဒူဘာသာကိုးကွယ်နေတဲ့သူတွေ အများကြီး၊ တော်တာတွေအများကြီးရှိတယ်။ Nomination (ဇကာတင်စာရင်း) ဆိုတာ သူရမလား၊ သူရမလား ဖြစ်နေတဲ့အခါမှာ အမြဲတမ်း ရှာရွတ်ခန်းက ဆွဲသွားတယ်။ အမြဲတမ်း ရှာရွတ်ခန်းပဲ။ ဘာဖြစ်လို့လဲသိလား။ သူရသင့်တယ်။ သူ့ကိုပေးတယ်။ သူသည်မွတ်စလင်ဖြစ်လို့၊ ဒါသည် ဟိန္ဒူဖြစ်လို့ သူ့ကိုပေးရမယ်ဆိုလို့ရှိရင် – အဲဒီလိုမျိုးလည်း သူတို့မှာ မရှိဘူး။
    .
    ပြီးတော့ ပြည်သူလူထုကအစ မင်းသားတစ်ယောက်ကိုကြည့်ရင် သူ မွတ်စလင်လား၊ ဟိန္ဒူလားဆိုတာကို မကြည့်ဘူး။ သူသည် ဘယ်လောက်တော်တဲ့ Actor လဲ။ သူ့အလုပ်ကို ဘယ်လောက်ပိုင်အောင်လုပ်နိုင်လဲ။ လူတွေကို ဘယ်လောက်အထိ ချစ်အောင်လုပ်နိုင်လဲ။ အိန္ဒိယမှာ ရှာရွတ်ခန်းတို့ ဆလ်မန်းခန်းတို့ကို မွတ်စလင်တွေထက်ကိုပိုပြီးတော့ ဟိန္ဒူတွေကချစ်တယ်။ အရမ်းချစ်တယ်။ ဆိုတော့ အဲဒီဟာလေးတွေက အရမ်းစကားပြောတယ်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့၊ နိုင်ငံတစ်နိုင်ငံကြီး – ဟို – ဘယ်လိုခေါ်မလဲ – စည်းလုံးမှု – အရမ်းအရေးကြီးတယ်။ အဲဒီစည်းလုံးမှု ရှိလာတဲ့အခါကျလို့ရှိရင်။ အခုဆိုလို့ရှိရင် အမတို့ နိုင်ငံခြား သွားတယ်ဆိုလို့ရှိရင် – မမတို့ဆိုရင် စဉ်းစားကြည့်။ မောင်လေးကို မမ ရင်ဖွင့်ပြီးပြောပြတာ။ မြန်မာနိုင်ငံမှာ လာတယ်ဆိုရင်- ဟာ – သူတို့က မွတ်စလင်တွေ။ တစ်ချို့ဆိုပြောမယ် ဒါ ကုလား- ဘာညာပေါ့။ ဟုတ်ပြီ။ မမတို့ မြန်မာ စာအုပ်ကိုင်ထားတယ်။ မြန်မာ ပတ်စ်ပို့ – ဒီပတ်စ်ပို့နဲ့ နိုင်ငံခြားကိုသွားတယ်။ ထိုင်းကိုသွားတယ်။ စင်ကာပူကိုသွားတယ်။ ဘာပြောလဲ။ သူတို့မသိဘူး မမတို့ဘာ ဘာ ဘာသာလဲဆိုတာကို။ ဖမာ – ဗမာ – စာအုပ်ကိုထားလိုက်တယ်။ ဆိုတော့ ၀မ်းနည်းတာက ဘာလဲဆိုလို့ရှိရင် ကိုယ့်နိုင်ငံရောက်လာရင် ကိုယ့်နိုင်ငံကလူက ကိုယ့်ကိုယ်ပယ်လိုက်တယ်။ ဒါ အစ္စလာမ်မို့လို့။ ဒါ ခရစ်ယာန်မို့လို့။ ဒါ Chinese မို့လို့။ နိုင်ငံခြားသွားပြန်တော့လည်း ဗမာမို့လို့တဲ့။ ၀မ်းနည်းစရာကြီး။ ဆိုတော့။
    .
    စိတ်မကောင်းဖြစ်တာ ဘာလဲဆိုရင် – ဒါဆို အမတို့က Identity က ဘယ်လိုထားရမလဲ။ အမ မလေးရှားမှာ Sunway ကောလိပ်မှာ ကျောင်းတက်တယ်။ အားလုံးစာအုပ်တွေ တစ်နှစ်တစ်နှစ် အမတို့ တိုးရတယ်။ Student Visa ကို Extension (သက်တမ်းတိုး) လုပ်ရတယ်။ အားလုံးစာအုပ်ရောက်လာတယ်။ မမစာအုပ်က အမြဲနောက်ကျတယ်။ ဘာဖြစ်လို့လဲ။ မြန်မာ မို့လို့။ မြန်မာမို့လို့ သူတို့ သေချာ ပြန်စီစစ်နေတယ်။ လုပ်နေတယ်။ နစ်နာမှုက နေရာတိုင်းမှာ။ မမတို့အတွက် အရမ်း Unfair ဖြစ်တယ်။ အဲဒါကို စိတ်မကောင်းဘူး။ ဒါမျိုးတွေပျောက်သွားတဲ့အချိန်ကျရင် ကိုယ့်မြန်မာနိုင်ငံကြီးဟာ ဒီထက် အဆတစ်ရာ တိုးတက်လိမ့်မယ်လို့ ကိုယ်ထင်တယ်။ နောက်ပြီးတော့ တစ်ကယ်တမ်းဆိုလို့ရှိရင်လည်း တရားမျှတတဲ့သဘောမျိုးနဲ့ ကြည့်မယ်ဆိုရင်လည်း အဲဒီလိုမျိုးပဲ ဖြစ်သင့်တယ်။ မမဆိုလို့ရှိရင် မောင်လေးစဉ်းစားကြည့်။ မမကို ဘောလီးဝုဒ်မှာ။ မောင်လေးတို့က ဘောလီးဝုဒ်မင်းသမီး။ အိန္ဒိယက မင်းသမီးဆိုပြီး သိထားပေမယ့်။ အိန္ဒိယရောက်သွားလို့ရှိရင် – She is Burmese citizen. She is Burmese. She is from Myanmar. ဒါပဲပြောရတာလေ။ ဆိုတော့ တစ်ကယ်တမ်းဂုဏ်တက်ရင် ဘယ်သူတက်တာလဲ။ မမနိုင်ငံ ဂုဏ်တက်တယ်။ မြန်မာနိုင်ငံ ဂုဏ်တက်တယ်။ မမ မြန်မာနိုင်ငံကဆိုတာ – အဲဒီစကားလုံးပဲ စပြောတာပဲ။ She is Myanmar citizen. ဆိုတော့ အဲလိုမျိုး ဥစ္စာ။ ကိုယ့် မြန်မာနိုင်ငံကို ဘယ်လိုမျိုးမဆို အသိအမှတ်ပြုခြင်းခံရတာကို ကိုယ်က ၀မ်းသာပေမယ့် – ဒီကိုလာလိုက်တဲ့အခါကြလို့ရှိရင်။ အော် – သူက အစ္စလာမ်ဘာသာ၊ သူက ငါတို့မြန်မာမဟုတ်ဘူး။ No
    .
    ကျွန်မ ဒီမှတ်ပုံတင်ကိုင်ထားတာ၊ ကျွန်မအမေအဖေဒီမှတ်ပုံတင်ကိုင်ထားတာ ကျွန်မအဖိုးအဖွားက အစ မြန်မာနိုင်ငံမှာမွေးပြီး မြန်မာ မှတ်ပုံတင် ကိုင်ထားတာ ကျွန်မအမေ မော်လမြိုင်သူစစ်စစ်။ ဒီမြန်မာ အစား အစာ စားပြီးတော့ ဒီမြန်မာ ဆရာ၊ ဆရာမတွေရဲ့ သွန်သင်ဆုံးမမှုအောက်မှာ ကြီးလာတာ မြန်မာသီချင်းလေးတွေဆိုဆိုပြီး သိပ်လာတာ ဆိုတော့ အဲ့လိုမြန်မာမဟုတ်ဘူး သူကမွတ်စလင်ဆိုလို့ရှိရင် အမ အရမ်းစိတ်ဆိုးတယ်။ That is nationality . Nationality က ငါ့ရဲ့ nationality ပဲ။ ဘယ်သူမှလာပြီး မဟုတ်ဘူးလို့ ပြောလို့မရဘူး။ ဒါအမှန်တရားပဲ။ That is the truth ဘယ်သူမှပြောင်းလို့မရဘူး။ မမဆို ဘယ်လောက်ထိ ကိုယ့်နိုင်ငံကို ချစ်လဲဆိုရင် အိန္ဒိယမှာ အခါပေါင်းမြောက်များစွာ passport change လုပ်ဖို့ အခွင့်အရေးရခဲ့တယ်။ ဒါပေမယ့် visa တွေ ဘာတွေ လျှောက်တဲ့ အချိန် ကိုယ့် passport က အမြဲဒုက္ခရောက်တယ်ဆိုတော့ စိတ်တော့ဆိုးတာပေါ့။ ဟာ… လဲမယ် ဘာညာ။ တကယ်တမ်းအခွင့်အရေး ရလာလို့ရှိရင် I don’t want. တကယ်တမ်း လဲရတော့မယ်အချိန်ကျလို့ရှိရင်။ ဟာ…မပေးဘူး။ ငါ့ citizen လေ။ ချစ်တယ် ဟာ…ကမ္ဘာမှာ အကောင်းဆုံး citizen မို့လို့ American citizen မို့လို့ မပေးချင်ဘူးဆိုတစ်မျိုး။ မြန်မာ citizen ဆို အားလုံး လဲချင်ကြတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဆိုတာကအစ လဲကြတာပဲ။ အမကိုကြည့်စမ်း။ နိုင်ငံကိုချစ်တယ် ဘာဖြစ်လို့လဲဆိုတော့ ဘယ်အချိန်သိရလဲ အဲလိုမျိုးဖြစ်လာတဲ့အခါကြတော့ မလဲချင်ဘူး။ တကယ်တမ်းကျတော့ ဟာ မပေးချင်ဘူး။ I don’t want to give up. ဒီစာအုပ်လေးကိုမပေးချင်ဘူး။ ဘာရယ်လို့မဟုတ်ဘူး။ ကိုယ်ရဲ့ feeling ကိုယ့်ရဲ့ attachment ကိုယ့်ရဲ့ အချစ်ပေါ့နော်။
    .
    နောက်ဆုံးပြောမယ် နိုင်ငံခြားမှာ function တစ်ခုမှာပေါ့နော်။ international function တစ်ခုလုပ်တယ်။ International function လုပ်တဲ့အခါမှာ ဟာ…သဘောတွေကျ ဘာညာ နိုင်ငံတိုင်းက national anthem တွေ နိုင်ငံတော်သီချင်းတွေဆိုကြ
    ဘာလုပ်ကြ နားထောင်နေတယ်။ ကိုယ့်မြန်မာနိုင်ငံ National anthem လည်း ကြားရတော့ မောင်လေးရယ် ဘုရားစူးပါစေသိလား။ ကြက်သီးတွေထပြီး မျက်ရည်တွေကျလာတယ်။ နိုင်ငံခြားမှာ အမထိုင်နေတဲ့အချိန်မှာ မင်းသမီးအဖြစ် as a chief guess အနေနဲ့၊ အမ အိန္ဒိယ ဘောလိဝုဒ်မင်းသမီး အနေနဲ့ Chief Guest အနေနဲ့ အဲ့ဒီ international show သွားတယ်။ သဘောတွေကျ ပျော်နေတယ်
    .
    ရယ်နေတယ်နော် အားလုံးနိုင်ငံအကြောင်းတွေ ပြတယ်။ ကိုယ့်မြန်မာနိုင်ငံ အချိန်လည်းလာရော national anthem နိုင်ငံတော် သီချင်းလည်း ဖွင့်လိုက်ရော မျက်ရည်က အလိုလိုနေရင်းနဲ့ ကျလာပြီး ငယ်ငယ်တုန်းက ကျောင်းသားဘ၀လေးကို သတိရလာတယ်။ ကျလာပြီး။ ကြက်သီးတွေထ လာတယ်။
    .
    သြော် ငါ့မြန်မာနိုင်ငံကို ငါအခုအချိန်ထိ ဘယ်လောက်ထိချစ်လဲ။ ကြည့်စမ်း။ အဲ့အချိန်တုန်းက `တိုက်ဆိုင်မှုရှိလျှင်´ လည်း မရိုက်ရသေးဘူးပေါ့နော်။ အဲ့အချိန်တုန်းက အမ မင်းသမီးဖြစ်တာ အမ နာမည်ကြီးတာ အိန္ဒိယနိုင်ငံကြောင့် အိန္ဒိယပရိသတ်ကြောင့်။ ဒါတောင်မှပဲ ကိုယ့်နိုင်ငံသီချင်းလေး ကြားရတော့ ဒိန်း ..ဆို ကြက်သီးတွေထပြီးတော့ မျက်ရည်ဝဲပြီး မျက်ရည်တွေကျလာတယ်။ သူငယ်ချင်းတွေကတောင် မေးတယ်။ ဟယ် အဲ့ဒါဘာဖြစ်လို့တုန်း ဟယ်။ အဲ့ဒါ ငါတို့နိုင်ငံတော်သီချင်း ဆိုပြီး အဲ့လိုမျိုးပေါ့ ပီတိဖြာခဲ့တယ်။ ပြီးတော့ ကိုယ့်ဟာကိုယ် စိတ်မကောင်းပြန်ဖြစ်တယ်။ ငါတို့မှာတော့ ချစ်လိုက်ရတာပေါ့နော်။ ဒါပေမယ့် တန်းတူဆက်ဆံချင်းကို ဘာလို့မခံရတာလဲ။ ဘာကြောင့်လဲ? ဘယ်နေရာမှားနေလဲ? ဆိုတော့ စိတ်မကောင်းဖြစ်မိတယ်။
    .
    ဒါပေမယ့်လို့လည်း `တိုက်ဆိုင်မှုရှိလျှင်´ မရိုက်ခင်အထိ အမ အရမ်း doubt ရှိတယ်။ မရဲဘူး ။ မရဲဘူးဆိုတာ ကိုယ့် acting ကိုလည်း ဟိုဟာဖြစ်လို့ မဟုတ်ဘူး။ နည်းနည်းလေး doubt ရှိတာက သြော် – ရုံတင်တဲ့အခါကျရင် ဘယ်လိုနေမလဲ လူတွေက ခွဲခြားပြီး ဆက်ဆံမလား။ ကိုယ်ကတော့ ကိုယ့်မြန်မာနိုင်ငံကို အများကြီး ဂုဏ်တက်အောင်လို့ လုပ်ခဲ့တယ်။ နိုင်ငံခြားမှာ။ ကိုယ့်ကိုရော ဒီလိုတုန့်ပြန်မှုတွေ ပြန်ရပါ့မလားဆိုပြီးတော့ စိတ်မကောင်းဖြစ်တယ်။ Doubt တွေရှိခဲ့တယ်။ ဒါပေမယ့် တစ်ကယ်တမ်း `တိုက်ဆိုင်မှုရှိလျှင်´ ရုံတင်လိုက်တဲ့အခါမှာ အရမ်း အဲဒီ Doubt တွေ ပြေသွားတယ်။ ဦးမျိုးကိုလည်း ကျေးဇူးတင်ပါတယ်။ လုံးဝမေ့လို့မရဘူး။ အရမ်းပီတိအဖြစ်ဆုံးက လွန်ခဲ့တဲ့ တစ်လလောက်ကပဲ အစ်မရဲ့ We Love Lilla Khan ဆိုတဲ့ ပေ့ခ်ျမှာ အီးမေးလ်တစ်ခု ရောက်လာတယ်။ ရောက်လာတော့- အီမေးလ်တွေကို တစ်ခါတစ်လေဆိုလည်း တစ်ပတ်တစ်ခါတော့ ပုံမှန်စစ်ပေးတယ်လေ။ ကိုယ့်ရဲ့ပရိတ်သတ်တွေနဲ့ ကိုယ်က ကိုယ်တိုင်စကားပြောပေးတယ်။ စစ်လိုက်တဲ့အခါမှာ – အဲဒီအီးမေးလ်ကိုဖွင့်လိုက်တော့ မွေးကာစ ကလေးလေးရဲ့ ဓာတ်ပုံလေးတွေပေါ့နော်။ ဘယ်သူများ ငါ့ကို မွေးကာစ ကလေးလေးရဲ့ဓာတ်ပုံတွေ ပို့တာလဲဆိုတော့ – ဓာတ်ပုံတွေကလည်း ဖွင့်တာ နှေးတယ်မောင်လေးရဲ့။ အဲတော့ ဖွင့်ရင်းဖွင့်ရင်းမှ နောက်ဆုံးပုံလေးမှာ အမေရယ် – အဲဒီကလေးလေးရဲ့အမေက သူ့ရဲ့သမီးလေးကို ချီထားတာပေါ့နော်။ အဲပုံလေးဆိုတော့။ နောက်ဆုံးမှာ သူက စာရေးထားတယ်။ `မလိုက်လာခန်း´ တဲ့ `မလိုင်လာခန်းအကို အရမ်းချစ်တယ်။ အရမ်းလေးစားတယ်´ တဲ့ `အရမ်းလည်း သဘောကျတယ်´ ပေါ့။ `တိုက်ဆိုင်မှုရှိလျှင်´ ကိုလည်း ဘယ်နှစ်ခါကြည့်တာ။ သူ ကိုယ်ဝန်ကြီးနဲ့တုန်းက `တိုက်ဆိုင်မှုရှိလျှင်´ ကို သူ ကြည့်ခဲ့တဲ့ပေါ့နော်။ နေ့စေ့လစေ့ကြီးနဲ့ပေါ့နော်။ အခု သမီးလေးမွေးပြီးတဲ့။ အဲဒီသမီးလေးကို `လိုက်လာ´ လို့ နာမည်ပေးလိုက်တယ်တဲ့။ ဆိုတော့ အဲဒီအရာလေးက အရမ်း – ဘယ်လိုခေါ်မလဲ – ဘာနဲ့မှလဲလို့မရဘူး၊ သိလား။ အဲဒီဖီလင်ကို မောင်လေးက ပိုက်ဆံနဲ့လည်း ၀ယ်လို့မရဘူး။ ဘာနဲ့မှဝယ်လို့မရဘူး။ အဲဒီဖီလင်က အကောင်းဆုံးပဲ။ ကြည့်ပြီးတော့ ရင်ထဲမှာလေ ကိုယ်နဲ့ တစ်ခါမှလည်း မတွေ့ဖူး၊ မမြင်ဖူး၊ စကားမပြောဖူးဘူး၊ ကိုယ်လည်း သူတို့အကျိုးရှိအောင် ဘာမှ မလုပ်ပေးခဲ့ဖူးဘူး။ ဒါတောင်မှပဲ ကိုယ့်ကိုယ် အဲဒီလောက်အထိချစ်တယ်။ မွေးထားတဲ့ သမီးဦးလေးရဲ့ နာမည်ကိုလည်း လိုက်လာလို့ပေးလိုက်တယ်ဆိုတော့ အရမ်းဝမ်းတွေသာပြီးတော့လေ။ အမလေး – အမလည်း ချက်ခြင်းကို ပြန်လိုက်တယ်။ ပြန်ပြီးတော့ Blessing တွေ အများကြီး ပေးလိုက်တယ်။ ပေးပြီးတော့ သမီးလေးကို မြင်ဖူးချင်တယ်လို့။ အိမ်လာလည်လို့ ရပါတယ်ဆိုပြီးတော့။ ဘာညာဆိုပြီးတော့တောင်မှ ဖိတ်လိုက်သေးတယ်။
    .
    အဲလောက်အထိ ပရိတ်သတ်ရဲ့အချစ်ကို ရတယ်ဆိုတော့လေ – ကိုယ်က အရမ်းဝမ်းသာတယ်ပေါ့နော်။ အဲဒီပီတိက ဘာနဲ့မှ လဲလို့မရဘူး။ ဆိုတော့ ဖြစ်ချင်တော့ အဲဒီအမျိုးသမီးဆိုလည်း ဗုဒ္ဓဘာသာပဲ။ ဆိုတော့ ပိုပြီးတော့ဝမ်းသာတယ်။ `လိုက်လာလို့ နာမည်ပေးလိုက်ပါတယ် အမ´ တဲ့ – ပေါ့နော်။ သမီးလေးကို ဆုတောင်းပေးပါတဲ့။ ဆိုတော့ အမလည်း အီးမေးလ်ပြန်လိုက်ရော သူ့အမျိုးသားရော၊ သူရော ကလေးလေးနဲ့ပုံပါ အကုန်လုံးပို့တယ်။ ပိုပြီးတော့ – `အမခေါ်တာ အရမ်းဝမ်းသာတယ်။ ဆက်ဆက်လာခဲ့ပါ့မယ်´ ပေါ့နော်။ ဆိုတော့ I’m really glad လေ။ (အရမ်းပျော်တာပေါ့လေ) ရင်ထဲကနေ ကို ကျေနပ်တာ။ ပြောရင်းနဲ့တောင် ကြက်သီးထတယ်။
    .
    အပြည့်စုံ ကြည့်လိုလျှင်
    ———————–
    အပိုင်း- A https://www.youtube.com/watch?v=Z8OGlKC9DHQ
    အပိုင်း-B. https://www.youtube.com/watch?v=EV8Jip_8cDQ
    အပိုင်း-C. https://www.youtube.com/watch?v=0dCSkxF0Rj4
  • ဘာသာပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး (HIV/ AIDS) အဖွဲ့မှ အီးဒ်မိတ်ဆုံ အခမ်းအနားပြုလုပ်
    ဘာသာပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး (HIV/ AIDS) အဖွဲ့မှ အီးဒ်မိတ်ဆုံ အခမ်းအနားပြုလုပ်
    ဇူလိုင် ၂၅၊ ၂၀၁၄
    M-Media
    မိုးစက်
    1
    ရန်ကုန်။    ။ Myanmar Interfaith Network on AIDS (MINA) မြန်မာနိုင်ငံဘာသာပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (HIV/ AIDS) အဖွဲ့မှ အီးဒ်မိတ်ဆုံစားပွဲတစ်ရပ်ကို ဇူလိုင်လ ၂၅ ရက်နေ့ ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ်ရှိ ဂျက်ဆင်ချခ်ျ တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
    အဆိုပါ အီးဒ်မိတ်ဆုံစားပွဲသို့ ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များ၊ ဘာသာပေါင်းစုံဧည့်ပရိတ်သတ်များ၊ နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည်။
    MINA အဖွဲ့သည် ဘာသာအသီးသီးကြား အပြန်အလှန်လေးစားမှုနှင့် နားလည်မှုတည်ဆောက်ရန်၊ HIV ပိုးရှိသူများကို ခွဲခြားနှိမ့်ချဆက်ဆံမှုမရှိသော ဘာသာရေးအသိုင်းအဝိုင်း တည်ဆောက်ရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ရပ်တည်နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။
    4
    5
    Muslim Youth Network
    2
  • အကျိုးအမြတ် တစ်စုံတစ်ရာ မမျှော်မှန်းဘဲ ပြုလုပ်တဲ့ မ.မ.လ အဖွဲ့ရဲ့ (၁၈) ကြိမ်မြောက် သွေးလှူဒါန်းပွဲ
    အကျိုးအမြတ် တစ်စုံတစ်ရာ မမျှော်မှန်းဘဲ ပြုလုပ်တဲ့ မ.မ.လ အဖွဲ့ရဲ့ (၁၈) ကြိမ်မြောက် သွေးလှူဒါန်းပွဲ
    ဇူလိုင် ၂၆၊ ၂၀၁၅
    M-Media
    သတင်း/ဓါတ်ပုံ- မိုးစက်
    8
    ရန်ကုန်။        ။ အကျိုးအမြတ် တစ်စုံတစ်ရာကို မျှော်မှန်းရည်မှန်းပြီး သွေးလှူဒါန်းပွဲ ကျင်းပရခြင်း မဟုတ်ပါဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ မြန်မာ မွတ်စလင်(မ်) လူငယ်များ (ဘာသာရေး) အဖွဲ့မှ အမျိုးသမီးရေးရာ ဌာနမှူး ဒေါ်ချိုက ဒီကနေ့ပြုလုပ်တဲ့ မမလ ဌာနချုပ် က ဦးဆောင်တဲ့ (၁၈) ကြိမ်မြောက် သွေးလှူဒါန်းပွဲမှာ ပြောကြားခဲ့ပါသည်။
    “ဒီနေ့သွေးလှူလိုက်ပြီး နောက်တစ်ချိန် ကိုယ်သွေးပြန်လိုတဲ့ အချိန်ကျ သွေးပြန်ရပါစေတော့ ဆိုတော့ စိတ်ဓာတ်မျိုးနဲ့ သွေးလှူဒါန်း ပွဲလုပ်နေရခြင်း မဟုတ်ပါဘူး။ လိုအပ်တဲ့နေရာမှာ လိုသလိုသုံးနိုင်အောင်ပါ။ ဒီနေ့ ဒီမှာလာလှူကြတဲ့ လူတွေအားလုံးက စိတ်ထားချင်းတူလို့ ဒီနေရာကို ရောက်လာတာပါ” ဟု ၄င်းကဆက်လက်ပြောဆိုခဲ့သည်။
    အဆိုပါသွေးလှူးဒါန်းတွင် ဘာသာပေါင်းစုံမှ လူများ ပါဝင် လှူဒါန်းခဲ့ကြပြီး လှူဒါန်းခဲ့ကြသော သွေးများကို သွေးလိုအပ်နေသော မည်သည့် ဘာသာဝင်မဆို လူသားဝါဒနှင့်သာ လိုအပ်သည့်သွေးများကို ကူညီမည်ဖြစ်ကြောင်း မမလ ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုခဲ့သည်။
    မမလ ဌာနချုပ်မှ ပြုလုပ်သော (၁၈) ကြိမ်မြောက် သွေးလှူဒါန်းပွဲတွင် ယခင်အကြိမ်များထက် လူဦးရေ လျော့နည်းသွားကြောင်းလဲ သိရသည်။ အစ္စလာမ်ဘာသာဝင်တို့၏ ဥပုသ်လသည်လည်း မကြာသေးမီ ရက်များအတွင်းကမှ ပြီးဆုံးခဲ့သည်ဖြစ်သောကြောင့် လှူဒါန်းမည့် ပုဂ္ဂိုလ်များ အားနည်းနေသောကြောင့် ယခုတစ်ကြိမ်တွင် ယခင်အကြိမ်များထက် လူနည်းနေရခြင်းဖြစ်ကြောင်း မမလမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောဆိုခဲ့သည်။
    (၁၈) ကြိမ်မြောက် လှူဒါန်းသော သွေးလှူဒါန်းပွဲတွင် လူဦးရေ (၁၀၀) ကျော်သာ လှူဒါန်းခဲ့သည် ဖြစ်သည်။ မမလ ဌာနချုပ်မှ ဦးစီးပြီး လေးလတစ်ကြိမ် အဖြစ် ရန်ကုန်မြို့ အမျိုးသားသွေးလှူ ဘဏ်ဌာနတွင် လှူဒါန်းလျှက်ရှိရာ ယခုတစ်ကြိမ်နှင့်ဆိုလျှင် လူပေါင်း (၃၉၀၀) ကျော်လှူဒါန်းနိုင်ခဲ့ပြီး ဖြစ်ပါသည်။
    7
    1 2 3 5 6