News @ M-Media

Author: M-Media

  • သန်းခေါင်စာရင်းတွင် မြန်မာ/ ဗမာမွတ်စလင် မဖြည့်ရန် အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး ကြေညာချက်ထုတ်

    မတ် ၁၇ ၊ ၂၀၁၄
    M-Media

    သန်းခေါင်စာရင်းတွင် အစ္စလာမ်ဘာသာဝင်များ လူမျိုးနေရာတွင် မြန်မာ/ဗမာမွတ်စလင် ဟု မဖြည့်ရန် အစ္စလာမ် ဘာသာရေးအဖွဲ့ ကြီး (၄)ဖွဲ့ စုပေါင်းကြေညာချက်ထုတ်ပြန်
    မကြာမီကောက်ခံတော့မည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင် တိုင်းရင်းသား/နိုင်ငံသား အစ္စလာမ်ဘာသာဝင်များ အတွက် အသိပေး ရှင်းလင်းချက်တစ်စောင်ကို အစ္စလာမ်ဘာသာရေး အဖွဲကြီး (၄) ဖွဲ့ စုပေါင်းကာ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။

    အဆိုပါကြေညာချက်တွင် သန်းခေါင်းစာရင်းကောက်ခံရာတွင် “လူမျိုး” ဖြည့်စွက်ရန်မေးခွန်းကိစ္စ အစ္စလာမ်သာသနာဝင်အများစု စိုးရိမ်သောက ပူပန်မှုများနှင့် ဝေခွဲမရဖြစ်နေကြကြောင်းသည်ဟု အဖွဲ့များမှ သိရှိရကြောင်း တိုင်းရင်းသား/နိုင်ငံသား အစ္စလာမ်သာသနာဝင်များ၏ လိုအပ်ချက် တောင်းဆိုချက်များအရ အစ္စလာမ်သာသနာ၏ ကုရ်အာန်၊ ဟဒီးဆ်၊ ဓမ္မသတ် အဆိုအမိန့်များကို အခြေခံ၍ လည်းကောင်း၊ လ.ဝ.က ဝန်ကြိးဌာနမှာ တာဝန်ရှိသူများ၊ ကုလ လူဦးရေရန်ပုံငွေ အဖွဲ့(UNFPA) ၏ တာဝန်ရှိသူများနှင့် မေးမြန်းဆွေးနွေးချက် အပေါ်အခြေခံ၍ စိစစ်သုံးသပ်ပြီး ယခု ရှင်းလင်းချက်ကို ထုတ်ပြန်ကြောင်း ကြေညာချက်တွင်ပါသည်။

    ကြေညာချက်တွင် အစ္စလာမ်သာသနာဝင်များမှာ လူမျိုးစုအသီးသီးမှာ ရှိနေကြ၍ အစ္စလာမ်သာသနာဝင်များစုစည်းပြီး လူမျိုးစု တခုတည်း အမည်နာမသတ်မှတ် ခေါ်ဝေါ်ရန် မဖြစ်နိုင်ကြောင်း၊ ဖော်ပြပါရှိသည်။

    သန်းခေါင်စာရင်းကောက်ခံသည့် အခါ  တိုင်းရင်းသား အဖြစ် သတ်မှတ်ခံရပြီး လူမျိုးစု တခုခုမှ ဖြစ်လျှင်

    ကိုးကွယ်သည့် ဘာသာ= “အစ္စလာမ်”
    လူမျိုး=” မိမိတို့ တိုင်းရင်းသား လူမျိုးစု အမည်တခုတည်းသာ” ဖြည့်ရန်

    သန်းခေါင်စာရင်း ပုံစံလူမျိုးစုများ ဂဏာန်းသင်္ကေတ စာရင်းတွင် ပါဝင်ခြင်းမရှိသော တိုင်းရင်းသား/နိုင်ငံသား အစ္စလာမ်သာသနာဝင်များ အနေဖြင့်

    ကိုးကွယ်သည့် ဘာသာ= “အစ္စလာမ်”
    လူမျိုး= Code No: 914 နှင့် “မိမိတို့ လူမျိုးစု အမည်မှန်တခုတည်း” သာ အထူးဂရုပြု ဖြေကြားရန် နှင့်

    မြန်မာမွတ်စလင် (သို့) ဗမာမွတ်စလင် ဟု ဖြေကြားခြင်း မပြုရန် ကြေညာချက်တွင် ဖော်ပြထားသည်။

    မိမိတို့ လူမျိုး အမည်မှန်ကို ဖြေကြားရာတွင် စိုးရိမ်စရာ မရှိကြောင်း မိမိတို့ ဖြေကြားသည့်အတိုင်းသာ စာရင်းကောက်များက ရေးသွင်းမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

    သန်းခေါင်စာရင်းကောက်ခံသည့် ကာလအတွင်း အစ္စလာမ်ဘာသာရေး အဖွဲမှ တာဝန်ရှိသူများ စုပေါင်း ရုံးထိုင်ကြမည်ဖြစ်ပြီး လိုအပ်ပါက ဆက်သွယ်ရန် ဖုန်းနံပါတ်များကိုလည်း ထည့်သွင်းဖော်ပြထားသည်။

    ယခု စုပေါင်းကြေညာချက်ကို
    ၁) အိုလမာ အစ္စလာမ်သာသနာ့ ပညာရှင်များအဖွဲ့ချူပ်
    ၂) အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချူပ်
    ၃) မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး) ဌာနချူပ်
    ၄) မြန်မာမွတ်စလင်မ် အမျိုးသားရေးရာအဖွဲ့ ဌာနချူပ်တို့မှ တာဝန်ရှိသူများ စုပေါင်း လက်မှတ်ေ၇းထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    ကြေညာချက်အပြည့်အစုံကို ပူးတွဲဖော်ပြပါဖိုင်တွင် ဖတ်ရှုနိုင်ပါသည်။

    မှတ်ချက်- Code No 914 မှာ လက်ရှိ သတ်မှတ်ထားသော တိုင်းရင်းသား(၁၃၅)မျိုးတွင် မပါဝင်သေးသည့် မြန်မာပြည်တွင်း နေထိုင်ကြသော တိုင်းရင်းသား/နိုင်ငံသားများ ထည့်သွင်းပေးနိုင်ရန် သတ်မှတ်ပေးထားသော ကုဒ်နံပါတ်ဖြစ်ပါသည်။

    1 2 3

    1 2 3 4

  • လီဗာပူးလ်အား ရှုံးနိမ့်ခဲ့သောပွဲမှာ မိမိ၏ အဆိုးဝါးဆုံးနေ့ရက်များမှ တစ်ခုဖြစ်သည်ဟု ရူနီဆို

    မတ် ၁၇ ၊ ၂၀၁၄
    M-Media

    Manchester-United-v-Liverpool-Premier-League-3249706

    – ယမန်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးလ်အသင်းအား ရှုံးနိမ့်ခဲ့ခြင်းမှာ အိပ်မက်ဆိုးတစ်ခုဖြစ်ပြီး မိမိ၏ဘ၀တွင် အဆိုးဝါးဆုံးနေ့ရက်ထဲမှ တစ်ရက်ဖြစ်သည်ဟု မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားခဲ့သည်။

    နည်းပြမိုယက်စ်၏ ပထမဆုံးရာသီတွင်ပင် မန်ယူအသင်း၏ အခြေအနေမှာ ဆိုးရွားနေခဲ့ပြီး၊  ယမန်နေ့ကပွဲတွင်လည်း ခါးသီးသောပြိုင်ဘက် လီဗာပူးလ်အသင်းအား ဂိုးပြတ်ခြေပြတ်ဖြင့် ရှက်ဖွယ် ရှုံးနိမ်ခဲ့သည်။

    ထိုပွဲတွင် မန်ယူအသင်းမှာ ပင်နယ်တီ ၃ လုံးအထိပေးခဲ့ရပြီး နောက်ခံလူဗီဒစ်မှာလည်း ၂ ၀ါ ၁ နီဖြင့် အထုတ်ခံခဲ့ရသည်။

    “ဒါဟာ အိပ်မက်ဆိုးပါ။ ဘောလုံးလောကမှာ ကျွန်တော်ကြုံခဲ့တဲ့ အဆိုးဝါးဆုံးနေ့ရက်တွေထဲက တစ်နေ့ပါပဲ။ လက်ခံဖို့ ခက်ပါတယ်။ ကစားပုံကောင်းတဲ့ လီဗာပူးလ်ကို ချီးကျူးရပါမယ်။  အိမ်ကွင်းမှာ ဒီလိုမျိုး ဘယ်သူမှတော့ မရှုံးချင်ပါဘူး။ ဒါဟာကောင်းတဲ့ အရာမဟုတ်ပါဘူး” ဟု ရူနီက ပြောကြားခဲ့သည်။

    မန်ယူအသင်းမှာ ယခုနှစ်ပရီးမီးယားလိဂ်ရာသီတွင် ရှုံးနိမ့်ခဲ့သည့်ပွဲမှာ ၉ ပွဲအထိရှိခဲ့ပြီး ၂၀၀၁-၀၂ နောက်ပိုင်း ပထမဦးဆုံးအကြိမ်ဖြစ်သည်။ ထို့ပြင် ၂၁ အတွင်းအနိမ့်ဆုံးအမှတ်ဖြင့် ရာသီသိမ်းခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် ကျန်ရှိနေသည့် ၈ ပွဲစလုံးကို အနိုင်ကစားရန် လိုအပ်နေသည်။

  • ဒီနှစ်ကုန်တွင် နိုင်ငံခြားတပ်များ တစ်ယောက်မကျန် ထွက်သွားပေးရန် အာဖဂန်သမ္မတတောင်းဆို

    မတ် ၁၇ ၊ ၂၀၁၄
    M-Media

    354918_Afghan President Hamid Karzai
    – နိုင်ငံခြားတပ်များ ဆုတ်ခွာမှုနောက်ဆုံးရက်ကို ယခုနှစ်ကုန်တွင် သတ်မှတ်ထားသည့်အတိုင်း ကြန့်ကြာမှု မရှိဘဲ ထွက်ခွာသွားရန် အာဖဂန်နစ္စတန် သမ္မတ ဟာမစ်ကာဇိုင်းက အမေရိကန်အား တိုက်တွန်းလိုက်သည်ဟု သိရသည်။

    အာဖဂန်ပါလီမန်တွင် ပြောကြားခဲ့သည်မိန့်ခွန်းတွင် ပြည်တွင်းရှိ အာဖဂန်လုံခြုံရေးတပ်ဖွဲ့များမှာ နိုင်ငံအားကာကွယ်ရန် လုံလောက်အောင် တောင့်တင်းနေပြီး ၀ါရှင်တန်၏ အကူအညီ မလိုအပ်ဟု ကာဇိုင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

    ယခုလက်ရှိတွင် အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင်များမှာ နိုင်ငံ၏ ၉၃ ရာခိုင်နှုန်းကို ကာကွယ်ထိန်းချုပ်ထားနိုင်သည်။ အမေရိကန်ဦးဆောင်သည့် နေတိုးတပ်ဖွဲ့များ အနေဖြင့် အာဖဂန်၏ ပြည်တွင်းရေးရာများကို ဆက်လက်၍ ၀င်ရောက် စွက်ဖက်ခြင်းမပြုရန်လည်း ကာဇိုင်းက သတိပေးခဲ့သည်။

    ၂၀၁၄ နှစ်ကုန်တွင် နိုင်ငံခြားတပ်များအားလုံး ထွက်သွားပြီးနောက် အမေရိကန်စစ်သား ထောင်ပေါင်းများစွာအား အာဖဂန်တွင်ဆက်ရှိနေစေမည့် လုံခြုံးရေး သဘောတူညီချက်အတွက် အမေရိကန်နှင့် အာဖဂန်တို့အကြား မတင်မကျဖြစ်နေချိန်တွင် အဆိုပါမှတ်ချက်များ ထွက်ပေါ်လာခြင်း လည်းဖြစ်သည်။

    အနောက်နိုင်ငံများမှ သံတမန်များနှင့် ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများက ဖိအားပေးနေသော်လည်း သမ္မတ ကာဇိုင်းကမူ အမေရိကန်နှင့် ထိုသဘောတူညီချက်ကို လက်မှတ်ထိုးရန် ငြင်းဆိုထားသည်။ ထိုစာချုပ် အတင်းအဓ္ဓမ လက်မှတ်ထိုးခိုင်းရန်အတွက် အမေရိကန်မှ ကိုလိုနီပုံစံ ဆောင်ရွက်နေသည်ဟု ကာဇိုင်းက စွပ်စွဲထားသည်။

    အာဖဂန်၏ နိုင်ငံရေးပါတီများကလည်း အမေရိကန်စစ်စခန်းများ အာဖဂန်တွက် ဆက်ရှိနေပါက အခြေအနေမှာ ဆိုးရွားနေမည်ဟု သတိပေးထားပြီး၊ ၂၀၀၁ ခုနှစ် အာဖဂန်သို့ စတင်ကျူးကျော်စဉ်ကတည်းက အမေရိကန်ဦးဆောင်သည့် တပ်များမှ အာဖဂန်အမျိုးသမီးများနှင့် ကလေးများအပေါ် ခွင့်မလွှတ်နိုင်သော ရာဇ၀တ်မှုများကို ကျူးလွန်ထားသည့်အတွက် ရွံရှာမိကြောင်းကိုလည်း ပြောဆိုခဲ့သည်။

    အမေရိကန်တို့၏ ညဘက်စီးနင်းခြင်း၊ စီအိုင်အေက စီစဉ်သည့် ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်ခြင်းများကြောင့် အမျိုးသမီးနှင့် ကလေးငယ် အမြောက်အမြားအပါအ၀င် ထောင်ပေါင်းများစွာသော အာဖဂန်အရပ်သားများမှာ သေဆုံးခဲ့ရသည်။
    JR/PR/SL

  • သေနတ်ပစ် အားကစားဖြင့် နိုင်ငံဂုဏ်ဆောင်ခဲ့သူ လက်ရွေးစင်ဟောင်း ဦးကျော်အေး ကွယ်လွန်

    မတ် ၁၇ ၊ ၂၀၁၄
    M-Media
    U Kyaw Aye

    သေနတ်ပစ်အားကစားဖြင့် ဆုတံဆိပ်များစွာ ဆွတ်ခူးနိုင်ခဲ့ပြီး တိုင်းပြည်ဂုဏ်ဆောင်ခဲ့သည့် သေနတ်ပစ် လက်ရွေးစင် အားကစားသမားစင်ဟောင်း  ဦးကျော်အေး(ခ) အဗ္ဗဒုလ်ရဟီမ်း (၇၆ နှစ်) ဟာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက် နံနက် ၇ နာရီ  ၂၈ မိနစ်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရှိရပါတယ်။

    ကျွန်းဆွယ် နှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် တိုင်းပြည်အတွက် ဆုတံဆိပ် များစွာ ဆွတ်ခူး ရယူပေးခဲ့တဲ့ ဦးကျော်အေး(ခ) အဗ္ဗဒုလ်ရဟီမ်း ကို ၁၉၃၉ ၊ ဖေဖော်ဝါရီ ၂၈ တွင် အဘ ဦးကျော် (အခွန်ဝန်) နှင့် အမိ ဒေါ်စောတင်တို့မှာ စစ်တွေမြို့တွင် မွေးဖွားခဲ့ပါတယ်
    မိဘများမှာ ကမန်တိုင်းရင်းသား များဖြစ်ကြပါတယ်။ ဦးကျော်အေးဟာ ရန်ကုန်မြို့ စိန်ပေါလ်ကျောင်း (ယခု ဗိုလ်တထောင် ၆) မှာ ၁၀ တန်းအောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားခဲ့ပါတယ်။ သေနတ်ပစ်အားကစားအပြင် အာကီဒို(ခေါ်) ဂျပန်ကိုယ်ခံပညာရပ်တွင်(SECOND DAN) ရောက်ရှိခဲ့သည် အထိကျွမ်းကျင် တတ်မြောက်သူ တစ်ဦးဖြစ်ပါသည်။ ဦးကျော်အေး၏ သားသမိးများပြောပြချက်အရ သေနတ်ပစ်အားကစားကို လက်ရွေးစင်အဖြစ် ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ စတင်ကစားခဲ့ပြီး ကျွန်းဆွယ်နှင့် နိုင်ငံတကာ ပြိုင်ပွဲများတွင် လက်ရွေးစင်အဖြစ်အကြိမ်ကြိမ် နိုင်ငံကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။

    ၁၉၇၂ ခုနှစ် စင်ကာပူ ကျွန်းဆွယ်ပြိုင်ပွဲ နောက်ပိုင်းတွင် လက်ရွေးစင် အားကစားသမားအဖြစ်မှ အနားယူခဲ့ပါတယ်။ အဲဒိနောက် မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံ (BPI) မှာ နည်းပြ အလုပ်ရုံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၉ မှာ ဝန်ထမ်းဘဝမှ အနားယူခဲ့ပါတယ်။

    ဦးကျော်အေးဟာ ဝန်ထမ်းဘဝမှ အငြိမ်စားယူပြိးနောက်ပိုင်း မိမိကျွမ်းကျင်ရာ အားကစားဖြင့် နိုင်ငံအကျိုးပြုနိုင်ရန် နိုင်ငံ တကာ သေနတ်ပစ်ဒိုင်လူကြီး သင်တန်းများကို မိမိစရိတ်ဖြင့် တက်ရောက်ခဲ့ပြီး International Shooting Sport Federation (ISSF)   နိုင်ငံတကာ သေနတ်ပစ် ဒိုင်လူကြီးလိုင်စင် ကို ရရှိခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် ဒိုဟာ အာရှအားကစားပြိုင်ပွဲမှာ သေနတ်ပစ်ဒိုင်လူကြိးအနေဖြင့် သွားရောက်ထမ်းဆောင်နိုင်ခဲ့ပါတယ်။

    လွန်ခဲ့ ၂ နှစ်ခန့်မှ အစာအိမ်ကင်ဆာရောဂါခံစားခဲ့ရပြီး ၂၀၁၃ ခုနှစ်နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မီးရှူတိုင် သယ်ဆောင်မယ့် အစီအစဉ်ကို လွဲချော်ခဲ့ပါတယ်။

    လူမြင်ကွင်းမှ ကွယ်ပျောက်နေတဲ့  နိုင်ငံဂုဏ်ဆောင် အားကစားသမားကြိးဟာ အစာအိမ်ကင်ဆာရောဂါဖြင့် ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါပြီ။

    ကမန်လူမျိုး အစ္စလာမ်ဘာသာဝင် တဦးဖြစ်တဲ့ ဦးကျော်အေး ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူနဲ့ သားသမိး ၆ ယောက်ကျန်ရစ်ပြီး ကွယ်လွန်တဲ့နေ့ မွန်းလွဲပိုင်းမှာပဲ မြောက်ဥက္ကလာပမြို့နယ် ရေဝေး စန္နီသုသာန်ဥယျာဉ်တော်မှာ အစ္စလာမ်ဘာသာဝ ထုံးစံဖြင့် မြှုပ်နှံသဂြိင်္ုလ်ခဲ့ကြောင်းသိရှိရပါတယ်။

    ဓါတ်ပုံ-Kamar Atarturk ပေးပို့ပါသည်။

  • လေထုညစ်ညမ်းမှု ကာကွယ်ရန် ပဲရစ်မြို့တွင် မော်တော်ကား အသုံးပြုမှု အလှည့်ကျ ပိတ်မည်။

    မတ် ၁၇ ၊ ၂၀၁၄
    M-Media

    – မြို့တော်အတွင်း လေထုညစ်ညမ်းမှုအဆင့် မကြုံစဖူးမြင့်တက်လာသောကြောင့် မြို့တော်ပဲရစ်နှင့် ပတ်ဝန်းကျင်ဒေသများတွင် မော်တော်ယာဉ် သုံးစွဲမှုကို အလှည့်ကျစနစ်ဖြင့် ပြင်သစ်အစိုးရက ပိတ်ပင်မည်ဟု သိရသည်။

    _73602529_parissmog

    ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက်နေသည့် မီးခိုးငွေ့များအား လျော့ချရန်အတွက် အလှည့်ကျ မောင်းနှင်မှုစနစ်ကို စတင်ခဲ့ခြင်းဖြစ်ကာ ပဲရစ်မြို့တစ်ဝှမ်းနှင့် ပတ်ဝန်းကျင်ဒေသ ၂၂ ခုရှိ လမ်းမများပေါ်တွင် မော်တော်ကားစီးရေ ထောင်ပေါင်းများစွာကို ယနေ့မှစတင်ကာ လျှော့ချသွားမည်ဖြစ်သည်။

    မြို့တော်တစ်ဝှမ်းရှိ စစ်ဆေးရေးဂိတ် ၆၀ ကျော်တွင် ရဲတပ်ဖွဲ့ဝင် ၇၀၀ ခန့်က စောင့်ကြည့်နေပြီး လိုင်စင်နံပတ်ပြား၏ နောက်ဆုံးဂဏန်း “မ” ကိန်းဖြင့်ဆုံးသော မော်တော်ကားများမှာ ယနေ့တွင် မောင်းနှင်ခြင်းမပြုရန် တားဆီးသွားမည်ဟု သိရသည်။ မနက်ဖြန်တွင်မူ “စုံ” ကိန်းဖြင့်ဆုံးသော ယာဉ်များ မောင်းနှင်ခွင့်ရမည်မဟုတ်ပေ။

    ယခုအစီအစဉ်ကြောင့် လေထုညစ်ညမ်းမှု မည်မျှလျှော့ချနိုင်မည်ကို အစိုးရက သုံးသပ်သွားမည်ဖြစ်ပြီး၊ ထိုကန့်သတ်ချက်အား ကာလကြာရှည် ဆောင်ရွက်ရန် သင့်မသင့်ကို နောက်ပိုင်းတွင် ဆုံးဖြတ်သွားမည်ဖြစ်သည်။ လွန်ခဲ့သည် ၅ ရက်ခန့်မှစ၍ ပဲရစ်မြို့ရှိ လေထုညစ်ငြမ်းမှုမှာ အန္တရာယ်ရှိသည့် အဆင့်သို့ ရောက်ရှိလာသောကြောင့် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ထိုကန့်သတ်ချက်အား ပြင်သစ်အစိုးရက သတ်မှတ်ခဲ့ခြင်းလည်းဖြစ်သည်။

    လေထုညစ်ညမ်းမှု အန္တရာယ်ကင်းရှင်းသည့် အနိမ့်ဆုံးတန်ဖိုးမှာ ၁ ကုဗမီတာတွင် ၈၀ မိုက်ကရိုဂရမ်သတ်မှတ်ထားသော်လည်း မတ်လ ၁၄ ရက်နေ့ ပဲရစ်မြို့တွင် တိုင်းတာရရှိခဲ့သည့် တန်ဖိုးမှာ ၁ ကုဗမီတာတွင် ၁၈၀ မိုက်ကရိုဂရမ်အထိ ရှိနေသည်။ ဒေသအတွင်း လေတိုက်ခတ်မှု နည်းပါးခြင်း၊ ခြောက်သွေ့သောနေ့များနှင့် ချမ်းအေးသော ညများက လေုထုညစ်ညမ်းမှုကို ဖြစ်စေသည်ဟု ပညာရှင်များကဆိုသည်။

    CAH/HJL/HMV