News @ M-Media

Author: M-Media

  • ဒေါ်စုတောင်ကြီး ဟောပြောပွဲနေရာ ခွင့်မပြု၊ ဆယ်ဘီးကားကို စင်ထိုးဟောခဲ့ရ

    ဇန်နဝါရီ ၂၆၊ ၂၀၁၄
    M-Media
    သတင်း-ဓါတ်ပုံ – ကျောက်ခဲ/မင်းကောင်းထွဋ်
    ဒေါ်အောင်ဆန်းစုကြည် ရဲ့ တောင်ကြီး ဟောပြောပွဲနေရာမှာ စစ်ပိုင်မြေဖြစ်၍ ခွင့်မပြု ၊ ဆယ်ဘီးကားကို စင်ထိုးပြီး ဟောပြောခဲ့ရ
    999930_241531839361424_440363904_n

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ နမ့်စန်၊ လင်းခေး၊ မိုးနဲမြို့ ရှမ်းပြည်တောင်ပိုင်းခရီးစဉ် အတွင်း ၂၄.၁.၂၀၁၄ ရက်၊ သောကြာနေ့ညနေ ၅း၃၀ နှင့် ၆ နာရီအကြား တောင်ကြီးမြို့ပေါ်ဖြတ်သန်း သွားရာ လမ်းတစ်လျှောက် မြို့ခံလူထုမှ သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြသည်။

    ခရီးစဉ်မှအပြန် ၂၆.၁.၂၀၀၄ ရက်နေ့တွင် တောင်ကြီးမြို့ ပြည်သူလူထုနှင့် တွေ့ဆုံနှုတ်ဆက်ဟောပြောပွဲကို သက်ဆိုင်ရာမှ ဟောပြောခွင့်သာပေးသော်လည်း ဟောပြောရန် ခွင့်ပြုချက်တောင်းခံခဲ့သော အဝေရာ မီးပုံပျံကွင်းကို တပ်ပိုင်မြေနေရာဖြစ်၍ ခွင့်ပြုချက် မပေးနိုင်ကြောင်းတုံပြန်ခဲ့သည်။

    ဒါကြောင့် အနောက်မြို့ပတ်လမ်းတွင် ဆယ်ဘီးကား နောက်ပိုင်းပြတ်ပေါ်၌ စင်ထိုးကာ ဟောပြောရှင်းလင်းပွဲကို ညနေ ၄း၁၅ နာရီမှ စတင်ပြုလုပ်ခဲ့သည်။ လူထုပရိသတ်ပေါင်း တစ်သောင်းကျော်ရှိမည်ဟု ခန့်မှန်းရပါသည်။

    ဟောပြောပွဲမှာ မြန်မာပြည်လွတ်လပ်ရေးရတာ နှစ် ၇၀ နီးပါးရှိပေမယ့် ပြည်တွင်းငြိမ်းချမ်းရေးမရတဲ့ ဒဏ်ပြည်သူတွေခံစားနေရကြောင်း အကြမ်းမဖက်နိုင်ငံရေးယဉ်ကျေးမှု တခု ပေါ်လာဖို့ အားလုံး ကြိုးစားရန်လိုကြောင်း၊ အများလက်ခံတဲ့ အခြေခံဥပဒေတခုပေါ်လာဖို့ အချိန်ယူရအုံးမှာဖြစ်ပေမယ့် အဆိုးဆုံးအချက်တွေကို ပြင်ဆင်နိုင်ရင် စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကို ရရှိနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာတဲ့ လူထုကို ဟောပြောခဲ့ပါသည်။

  • အတိုက်အခံခေါင်းဆောင်အား ၀န်ကြီးချုပ်တာဝန်ယူရန် ယူကရိန်း သမ္မတကမ်းလှမ်း

    ဇန်နဝါရီ ၂၆၊ ၂၀၁၄
    M-Media
    _72528031_ukraineanger
    – တိုင်းပြည်အတွင်းဖြစ်ပွားနေသည့် နိုင်ငံရေး ပြဿနာများအား အဆုံးသတ်ရန်ရည်ရွယ်၍ ယူကရိန်းသမ္မတ ဗစ်တာ ယာနူကိုဗစ်ခ်ျက အတိုက်အခံခေါင်းဆောင် အာဆန်နီ ယက်ဆန်ယွတ်အား ၀န်ကြီးချုပ်ရာထူး ပေးအပ်ရန်ကမ်းလှမ်းခဲ့သည်ဟုသိရသည်။

    အစိုးရနှင့် အတိုက်အခံများပြုလုပ်သော တွေဆုံဆွေးနွေးမှုအတွင်း ယခုကဲ့သို့ ကမ်းလှမ်းလိုက်ခြင်းဖြစ်ပြီး လက်ရှိ ၀န်ကြီးချုပ် မိုင်ကိုလာ အဇာရော့ဗ်၏ နေရာတွင် အစားထိုးခန့်အပ်မည်ဖြစ်သည်ဟု သမ္မတရုံးမှ ယမန်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

    ထို့ပြင် ယူကရိန်း၏ အခြေခံဥပဒေကို ပြည်သူဆန္ဒခံယူခြင်း၊ သို့မဟုတ် ဥပဒေပြုခြင်းဖြင့် ပြောင်းလဲမှုများပြုလုပ်ရန် စဉ်စားသွားမည်ဖြစ်ပြီ၊ ဆန္ဒပြသူများအား ကန့်သတ်သည့် ဥပဒေများကိုလည်း ပြင်ဆင်သွားမည်ဟု အဆိုပါဆွေးနွေးပွဲတွင် သမ္မတက ကတိပြုခဲ့သည်။ ထိုကမ်းလှမ်းမှုတွင် ဒုတိယ ၀န်ကြီးချုပ်နေရာလည်း ပါဝင်ခဲ့ပြီး အတိုက်အခံခေါင်းဆောင် တစ်ဦးဖြစ်သူ ကလစ်ရှ်ကိုအား ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

    သမ္မတနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပြီးသည့်နောက်ပိုင်းတွင် ယန်ဆန်ယွတ်က ၎င်းတို့အနေဖြင့် တိုင်းပြည်အား ဦးဆောင်သွားရန်နှင့် ဥရောပသမဂ္ဂထဲသို့ဝင်ရန် အဆင်သင့်ရှိနေကြောင်း၊ ယခင်ဝန်ကြီးချုပ်ဟောင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်ကတည်းက အကျဉ်းကျခံနေရသည့် ယူလီယာတိုင်မိုရှန်ကိုအား လွှတ်ပေးစေချင်ကြောင်း ပြောကြားခဲ့သည်။

    ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေးစာချုပ်သဘောတူညီချက်အား လက်မှတ်ရေးထိုးရန် အစိုးရက ငြင်းဆန်ခဲ့သောကြောင့် မြို့တော်ကိဗ်တွင် ဖြစ်ပွားလာခဲ့သည့် ဆန္ဒပြမှုများမှာ ၂ လကျော် ကြာမြင့်လာခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အစိုးရနှင့် အတိုက်အခံတို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
    Ref: .aljazeera

    Photo-BBC

  • ဖိလစ်ပိုင် အစိုးရနှင့် သူပုန်အဖွဲ့တို့ ငြိမ်းချမ်းရေးအတွက် နောက်ဆုံး သဘောတူညီချက်ရရှိ၊ လက်မှတ်ထိုးရန်သာ ကျန်

    ဇန်နဝါရီ ၂၆၊ ၂၀၁၄
    M-Media

    201210761016322734_20

    – မိမိတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း ကာလကြာရှည် တွေ့ကြုံနေရသည့် နောက်ဆုံး အခက်အခဲတစ်ခုအား ကျော်ဖြတ်နိုင်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် သဘောတူညီချက်ရရှိခဲ့သည်ဟု ဖိလစ်ပိုင်အစိုးရနှင့် သူပုန်များက ပြောကြားခဲ့သည်။

    နှစ်ဘက်စလုံးမှ စေ့စပ်ဆွေးနွေးသူများက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကြန့်ကြာနေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအား အဆုံးသတ်နိုင်ခဲ့ကာ လက်မှတ်ထိုးခြင်းကို မကြာမီပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    မလေးရှားနိုင်ငံက ကြားဝင်ညှိနှိုင်းပေးခဲ့ပြီး ကွာလာလမ်ပူမြို့တွင် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည့် နောက်အဆုံးအဆင့် ငြိမ်းချမ်းရေးဆွေး နွေးပွဲတွင် လက်နက်များအပ်နှံရေး၊ နိုင်ငံတောင်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်းရေးနှင့် အာဏာခွဲဝေရေးကိစ္စရပ်များအား သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

    “အစကနေအဆုံးအထိ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတာပါ။ ဒါပေမယ့် အဖွဲ့အားလုံးရဲ့ စိတ်ပိုင်းဖြတ်ထားမှု၊ ပူပေါင်းဆောင်ရွက်မှုတွေနဲ့အတူ ဘုရားသခင်ရဲ့အလိုတော်ကြောင့် အခက်အခဲ အကြပ်အတည်းတွေ ရှိတော့မှာမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်” ဟု မိုရိုအစ္စလာမ့်မစ်လွတ်မြောက်ရေးတပ်ဦးမှ ညှိနှိုင်းရေးမှူး မိုဟာဂါ အစ်က္ကဘားက ပြောကြားခဲ့သည်။

    အစိုးရဘက်ကလည်း နှစ်ပေါင်း ၄၀ နီးပါးကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခအားအဆုံးသတ်ရန် သဘောတူညီမှုရရှိခဲ့ပြီး၊ လာမည့် သီတင်းပတ်အတွင်း လက်မှတ်ရေးထိုးဖွယ်ရှိသည်ဟု သမ္မတ အကွီနို၏ ပြောရေးဆိုခွင့်ရှိသူ အဒ်ဝင် လာစီယာဒါက ပြောကြားခဲ့သည်။

    Ref: .aljazeera

  • ကမ္ဘောဒီးယားတွင် မင်္ဂလာပွဲအတွင်း လက်ပစ်ဗုံးဖြင့်ပစ်၊ သုံးပွင့်ဆိုင် အချစ် ဇာတ်လမ်းကြောင့်ဟု ရဲများယူဆ

    ဇန်နဝါရီ ၂၆၊ ၂၀၁၄
    M-Media
    133074431_13907209479681n
    – ကမ္ဘောဒီယားနိုင်ငံ မြောက်ပိုင်းရှိ မြို့တစ်မြို့တွင် ကျင်းပပြုလုပ်နေသည့် မင်္ဂလာဧည့်ခံပွဲအခမ်းအနားသို့ လက်ပစ်ဗုံးတစ်လုံး ပစ်ထည့်သွားခဲ့သောကြောင့် ပေါက်ကွဲမှုဖြစ်ကာ အနည်းဆုံးလူ ၉ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု ကမ္ဘောဒီးယား ရဲတပ်ဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    ယမန်နေ့ည ၉ နာရီခွဲက Kampong Thom ပြည်နယ်၊  Prasat Sambo ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ မင်္ဂလာဧည့်ခံပွဲသို့ တက်ရောက်လာကြသူများမှာ ကခုန်ပျော်မြူးနေကြစဉ် အမည်မသိ လူတစ်ဦးက လက်ပစ်ဗုံး ပစ်ထည့်သွားခြင်းဖြစ်ကြောင်း၊ လူ ၉ ဦးသေဆုံးခဲ့ကာ လူ ၃၀ ဒဏ်ရာရရှိခဲ့ကြပြီး ဒဏ်ရာရသူများအား ဆေးရုံသို့တင်ပို့ထားကြောင်း သိရသည်။

    သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကြောင့် ထိုကဲ့သို့တိုက်ခိုက်ခြင်းဖြစ်မည်ဟု ယူဆနေပြီး၊ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေကာ လတ်တလောတွင် ဖမ်းဆီးထားသူမရှိသေးဟု ပြည်နယ် ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ် Horm Thul က ပြောကြားခဲ့သည်။

    Ref: ဆင်ဟွာ

  • လန်ဒန်မှ အစ္စလာမ်နှင့် ခရစ်ယျာန် ဘာသာရေးကျောင်းများမှ ကလေးငယ်များ စုပေါင်းကာ မြို့တွင်းရှိ ချို့တဲ့သူများအား လှူဒါန်း

    ဇန်နဝါရီ ၂၆၊ ၂၀၁၄
    M-Media
    London-Religious-Schools-Unite-to-Help-Poor
    – လန်ဒန်မြို့ရှိ ဘာသာရေးကျောင်းနှစ်ခုမှ အစ္စလာမ်ဘာသာဝင်များနှင့် ခရစ်ယာန်ဘာသာဝင် မူလတန်းကျောင်းသားများစုပါင်းကာ ဆင်းရဲသားများအား လှူဒါန်းမှုတစ်ခု ယမန်နေ့က ပြုလုပ်ခဲ့သည်ဟု သိရသည်။

    Gatton အမည်ရ အစ္စလာမ့် ဓမ္မ သင်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများနှင့် St Boniface ရိုမန် ကက်သလစ်ကျောင်းမှ ကျောင်းသား ကျောင်းသူများ စုပေါင်းကာ လန်ဒန်မြို့ထဲသို့ သွားရောက်ခဲ့ကြပြီး ချို့တဲ့များအား အစားအသောက်များ ဝေငှခဲ့ကြသည်။  ထိုကျောင်းနှစ်ကျောင်းစုပေါင်းကာ ပြုလုပ်ခဲ့သည့် ထိုလှုပ်ရှားမှုမှာ ပထမဦးဆုံးအကြိမ်မဟုတ်ဘဲ ယခင်ကလည်း ထိုကဲ့သို့ လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်ကြသည်။

    “ဒါဟာ လိုအပ်နေတဲ့သူတွေကို ကူညီဖို့ အခွင့်ရေးကောင်းပါပဲ။ ကျွန်မတို့အနေနဲ့ အလှူဒါနပြုဖို့ လိုအပ်တာမို့ ဒီလှုပ်ရှားမှုဟာ အရေးပါပါတယ်။ ပြီးတော့ အချို့လူတွေ နေစရာအိမ်ရာ မရှိကြတာဟာလည်း သိပ်မကောင်းပါဘူး” ဟု အသက် ၉ နှစ်အရွယ် အစ္စလာမ်ဘာသာဝင်ကျောင်းသူ အာအေရှာခန်းက ဒေသတွင်း သတင်းစာတစ်စောင်သို့ ပြောကြားခဲ့သည်။

    အစ္စလာမ်ဘာသာသာဝင်များစုပေါင်းကာ နှစ်စဉ် လှူဒါန်းမှုများပြုလုပ်သည့် Warm Hearst အစီအစဉ်တွင်လည်း Gatton အစ္စလာမ့်ဓမ္မသင်တန်းကျောင်းမှာ ကျောင်းသားကျောင်းသူများမှာ နှစ်တိုင်းပါဝင်ခဲ့ကြသည်။ ယမန်နှစ်က St Boniface ကက်သလစ်ကျောင်းမှ ကျောင်းသားကျောင်းသူများမှာ Gatton ကျောင်းသို့ သွားရောက်လည်ပတ်ခဲ့ကြပြီး အစ္စလာမ်သာသနာ၏ အဆုံးအမများကို လေ့လာခဲ့ကြသည်။

    ငယ်ရွယ်သောအရွယ်ကပင် ယခုကဲ့သို့ ဘာသာဝင်အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ အလှူဒါနပြုလုပ်ခြင်းကို Gatton ကျောင်းမှ ကျောင်းအုပ် ရီဖတ် ဘာတူက ချီးကျူးခဲ့သည်။

    “ရည်ရွယ်ချက်တစ်ခုအတွက် အယူဝါဒနှစ်ခုက ကျောင်းသားလေးတွေ သွေးစည်းညီညွတ်ဖို့ ဒါဟာ ကောင်းမွန်တဲ့ အခွင့်အလမ်းတစ်ခုပါပဲ။ ဒါဟာ သူတို့လေးတွေရဲ့ အချင်းချင်းမိတ်ဖွဲ့မှု၊ စိတ်ဓာတ်ရေးရာ၊ ကိုယ်ကျင့်တရား၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် အပြုသဘောဆောင်တဲ့ ပြယုဂ်တစ်ခုပါပဲ” ဟု ဘာတူးက ပြောကြားခဲ့သည်။

    Ref: OnIslam