News @ M-Media

Author: M-Media

  • ၃ ရက်ကြာ ကျင်းပဖို့ စီစဉ်နေတဲ့ နိုင်ငံလုံးဆိုင်ရာ မွတ်စလင်ညီလာခံ အကြောင်း RFA မေးမြန်းချက်

    ၃ ရက်ကြာ ကျင်းပဖို့ စီစဉ်နေတဲ့ နိုင်ငံလုံးဆိုင်ရာ မွတ်စလင်ညီလာခံ အကြောင်း RFA မေးမြန်းချက်

    မေ ၁၀ ၊ ၂၀၁၅
    RFA
    ပြည်လုံးကျွတ်မွတ်စလင်ညီလာခံကို လာမယ့် မေလ (၂၃) ရက်နေ့ကစလို့ ရန်ကုန်မြို့မှာ ၃ ရက်ကြာ ကျင်းပသွားဖို့ စီစဉ်နေတာနဲ့ ပတ်သက်လို့ ညီလာခံ ကျင်းပရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးအုန်းမောင်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

    မေးမြန်းချက်ပါ အချက်အလက်တချို့ ကို M-Media မှ  ကောက်နှုတ်ရေးသား ဖော်ပြလိုက်ပါတယ်။

    ရည်ရွယ်ချက်
    ————–
    နိုင်ငံသားတွေရဲ့ ဥပဒေပါ အခွင့်အရေးတွေ၊ တာဝန်တွေကို ပြည်ထောင်စုသားတွေနဲ့ အတူတူ တန်းတူရည်တူရရှိ ထမ်းဆောင်နိုင်ဖို့၊
    လူနည်းစု အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ရရှိဖို့၊
    အကြမ်းဖက်မှုတွေကနေကာကွယ်တားဆီးဖို့၊ ပဋိပက္ခတွေကနေ ကာကွယ်တားဆီးဖို့ ၊ လူကုန်မှုတွေကနေ ကာကွယ်တားဆီးဖို့၊
    ဆင်းရဲမွဲတေမှု လျော့ချဖို့၊ စည်းလုံး ညီညွှတ်စွာနဲ့ ပြည်ထောင်စုသားများ ချစ်ချစ်ခင်ခင်နေထိုင်ဖို့ ၊ ပြည်ထောင်စုရဲ့ အကျိုးစီးပွားဟာ ပြည်ထောင်စုသား မွတ်စလင် များ ရဲ့ အကျိုးစီးပွားဖြစ်တယ်၊ ပြည်ထောင်စုသားမွတ်စလင်တွေဟာ ပြည်ထောင်စုရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတယ်တဲ့ ခံယူချက်ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာဖြစ်၊

    ဖိတ်ကြားမည့်သူများ
    ——————–
    နိုင်ငံတော် အကြီးအကဲတွေက စလို့ ဖိတ်ကြားသင့် ဖိတ်ကြားထိုက်သူများ အားလုံးကို အခမ်းအနားကို ဖိတ်ကြားသွားမှာဖြစ်၊
    ပြည်ပ အထောက်ပံ့ ကင်းလွတ်ရေးမူရှိကြောင်း ၊ အဲဒီအတွက် OIC လို အဖွဲ့အစည်းနဲ့ ဘာမှ ပတ်သက်ဆက်နွယ်မှု မရှိသလို ဖိတ်ကြားသွားမှာ မဟုတ်ကြောင်း၊ အဲလို အဖွဲ့အစည်းတွေရဲ့ အကူအညီ ရယူခြင်းလည်းမရှိကြောင်း၊ ပြည်တွင်းက ညီလာခံ တက်ရောက်မယ့် ကိုယ်စားလှယ် မွတ်စလင်တွေရဲ့ လှူဒါန်းထည့်ဝင်ငွေများဖြင့် ညီလာခံကို ကျင်းပသွားမှာဖြစ်ကြောင်း၊

    ဝေဖန်ကန့်ကွက်မှုများ
    ——————–
    တရားဝင်ပြောတာ ရှိသလို ၊ တရားမဝင်ပြောတာရှိနိုင်ကြောင်း လူတဦးချင်းရဲ့ လွတ်လပ်စွာ ဝေဖန်ပြောဆိုပိုင်ခွင့်ဖြစ်၍ ဘာမှ မပြောလိုကြောင်း၊ ဥပဒေဘောင်အတွင်းကနေ ကျင်းပဖို့ စီစဉ်နေတာဖြစ်ကြောင်း၊ ညီလာခံကျင်းပခြင်းမှာ  နိုင်ငံတော်နဲ့ နိုင်ငံသားတွေအကျိုးပြုမယ့် ကိစ္စ ဖြစ်ကြောင်း၊ အကျိုးယုတ်မယ့် ကိစ္စ တွေ မပါကြောင်း၊ ဒါကြောင့် ဝေဖန်မှုတွေကို တယောက်နှင့်တယောက် နားလည်အောင် ချဉ်းကပ်ပြီး ဖြေရှင်းသွားရင် ဒီကိစ္စ တွေ အဆင်ပြေသွားမှာဖြစ်ကြောင်း၊

    အစိုးရခွင့်ပြုချက်
    —————–
    ဥပဒေဘောင်ထဲက စနစ်တကျ မှန်မှန်ကန်ကန် ကျင်းပဖို့ လုပ်ဆောင်နေတဲ့ အဖွဲ့ အစည်း တရပ်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အဖွဲ့ အစည်း အသီးသီးကို ပွင့်လင်းစွာနဲ့ တင်ပြပြီးတော့ ဒိညီလာခံကို ကျင်းပမှာဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့ ရက်မှာ ကျင်းပနိုင်ဖို့ အဆင့်သင့်ဖြစ်နေကြောင်း၊ တခါတလေ သက်ဆိုင်ရာက သူတို့ ရဲ့ မူအရ ကျင်းပခွင့် ခွင့်ပြုမိန့်ပေးတာ နောက်ကျတတ်ကြောင်း၊ ဒါကြောင့် ကျန်ရှိနေတဲ့ ကာလလေးကို ခွင့်ပြုမိန့်အတွက် စောင့်နေကြောင်း၊

    အစိုးရမှ ခွင့်ပြုချက် မထုတ်ပေးခဲ့ရင်
    ——————————–
    မေလ ၂၃ ရက်နေ့ ကျင်းပဖို့ စီစဉ်ထားရာမှာ အစိုးရမှ ယခုထိကျင်းပဖို့ ခွင့်ပြုချက်မပေးသေးသဖြင့် ခွင့်ပြုချက်မပေးခဲ့ရင် အစီအစဉ်အတိုင်း ဆက်လုပ်မယ်/မလုပ်ဘူးဆိုတာ ကျင်းပရေး အဖွဲ့အနေဖြင့် ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း

  • ကာရေး ရှီယာ (သို့) ကရင် လူမျိုးများအတွက် အကျိုးပြုနေသူ

    ကာရေး ရှီယာ (သို့) ကရင် လူမျိုးများအတွက် အကျိုးပြုနေသူ

    မေ ၉ ၊ ၂၀၁၅
    M-Media

    B9317081448Z.1_20150426132227_000_GH9AJB304.1-0
    ကာရေး ရှီယာ (ဝဲဘက် မျက်မှန်တပ်ထားသူ) နှင့် ကရင်တိုင်းရင်းသားများ

    – မြန်မာနိုင်ငံမှ ကလေးများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို မြင်တွေ့ခဲ့ရပြီးနောက် ကာရေး ရှီယာမှာ အဆိုပါကလေးများ၏ ပညာရေးအခွင့်အလမ်းများ တိုးတက်စေရန် အဓိကထား ဆောင်ရွက်နေပြီး အဆောင်တစ်ခု ဆောက်လုပ်ရေးအတွက် ရန်ပုံငွေရှာဖွေမှုကိုလည်း လုပ်ဆောင်နေသည်။

    မိခင်ဖြစ်သူက လန်ကက်စတာတွင်နေထိုင်ပြီး၊ ရှီယာမှာ လွန်ခဲ့သည့် လေးလလုံးလုံး နိုင်ငံရပ်ခြားတွင် စေတနာ့ဝန်ထမ်း လုပ်ငန်းများလုပ်ကိုင်ခဲ့ကာ မြန်မာနှင့် ထိုင်းနယ်စပ်တို့တွင် နေထိုင်၍ နောက်ပိုင်းတွင်မြန်မာနိုင်ငံသို့ ၀င်ရောက်သွားခဲ့သည်။ သို့သော်လည်း အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်သည့် ရှီယာ၏ ခရီးသွားမှုက သြစတေးလျမှ စတင်ခဲ့သည်။ သြစတေးလျတွင် သူမမှာ ကြက်ခြေနီအဖွဲ့နှင့် ခိုလှုံလာကြသူများကို ထောက်ပံ့သော အစီအစဉ်တစ်ခုတွင် အလုပ်လုပ်ခဲ့သည်။

    နောက်ဆုံးတွင်ရှီယာမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော အမျိုးသမီးတစ်ဦးနှင့် ဆက်သွယ်မိပြီး ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည်များနှင့် တိုက်ရိုက်ချိတ်ဆက်မိသွားကာ အခြားသူများအား ကူညီမှုဆီသို့ ဦးတည်သွားသည်။ ရှီယာက သူမမှာ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် အများအပြားရှိနေကြသည့် ကရင်လူမျိုးများအတွက် အလုပ်လုပ်ပေးနေသည်ဟု ဆိုသည်။

    အခြားကရင်လူမျိုးများမှာ မြန်မာနိုင်ငံတွင် အထူးသဖြင့် လျှပ်စစ်မီးမရှိသော၊ လမ်းကောင်းကောင်းမရှိသော၊ ဆေးရုံ၊ ကျောင်းတို့ မရှိသော၊ အိမ်များတွင် ရေသွယ်တန်းထားခြင်းမရှိသော တောင်တန်းများဝန်းရံနေသည့် ကရင်ပြည်နယ်တွင် နေထိုင်ကြသည်ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။ ထိုအခြေအနေများကို မြင်တွေ့ခဲ့ရပြီး ထိုဒေသရှိ ကလေးငယ်များ၏ အခြေအနေကို ရှီယာတစ်ယောက် တွေ့ခဲ့ရသည်။

    “ကျွန်မဟာ သူ့တို့ရဲ့ဒေသအကြောင်း ကမ္ဘာကြီးက သိဖို့နဲ့ ကရင်ပြည်သူတွေကို ပညာခေတ်ဆီ ဆောင်ကျဉ်းပေးဖို့ အကောင်းဆုံးကြိုးစားနေတဲ့ အမျိုးသားတစ်ယောက်နဲ့ မိတ်ကောင်းဆွေကောင်း ဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရွာပေါင်း ၅၅ ရွာမှာမှ အထက်တန်းကျောင်းတစ်ကျောင်းရှိပြီး ကလေးတွေက ကျောင်းတက်ဖို့ တစ်နေ့ကို ၅ နာရီလောက် လမ်းလျှောက်ရပါတယ် ကျွန်မ ဘာ့ကြောင့်သိလဲဆိုတော့ အဲဒီကလေးတွေနဲ့အတူ လမ်းလိုက်လျှောက်ပြီး သူတို့ရဲ့ ခရီးစဉ်ကို ရိုက်ကူးခဲ့လိုပါပဲ” ဟု ရှီယာက ဆိုသည်။

    ရှီယာမှာ ဘော်ဒါဆောင် ဆောက်လုပ်ရေးအတွက် ရန်ပုံငွေရရန် ကြိုးစားနေသည့် ကရင်လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ KCDS ဟုခေါ်သော အကျိုးအမြတ်မယူသည့် အဆိုပါအဖွဲ့နှင့်အတူ ဆောင်ရွက်နေသည်။ ၎င်းတို့၏ GoFundMe လှုပ်ရှားမှုက မြေတစ်ကွက်ရရှိခဲ့ပြီး ထိုမြေနေရာတွင် နေထိုင်၍ ယောက်ျားလေး ၁၅ ဦးနှင့် မိန်းကလေး ၁၅ ဦးတို့မှာ ကျောင်းနိုင်သည့် အခွင့်အရေးကို ရကြမည်ဟု KCDS ၏ ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

    “ဒီမြေနေရာက ကျောင်းကနေ မိနစ်အနည်းငယ် လမ်းလျှောက်လိုက်တာနဲ့ ရောက်ပါတယ်။ ပြီးတော့ အဲဒီမှာနေမယ့် ကျောင်းသားလေးတွေကို ထောက်ပံ့ကျွေးမွေးဖို့အတွက် စိုက်ပျိုးရေးလုပ်ဖို့ မြေနေရာ လုံလုံလောက်လောက်လည်းရှိပါတယ်” ဟု သူမက ရေးသားခဲ့သည်။

    ထို့ပြင် ရှေ့ဆက်လုပ်စရာများ ရှိနေသေးသည်ဟု ၎င်းကဆိုပြိး အမြဲတမ်းနေထိုင်နိုင်မည့် အဆောင်ကို ဆောက်လုပ်ရန်အတွက် ကန်ဒေါ်လာ ၅၀၀၀ ခန့် ထပ်လိုအပ်မည်ဟု KCDS က ယုံကြည်နေကြောင်း ထည့်သွင်းရေးသားခဲ့သည်။ ပြီးခဲ့သည့်လအတွင်း လူပေါင်း ၆၂ ဦးထံမှ လှူဒါန်းငွေများ ရရှိထားပြီး ယခုအချိန်တွင် ကန်ဒေါ်လာ ၄၁၄၁ ဒေါ်လာခန့် ရှိနေပြီဖြစ်သည်။ ရှီယာကမူ ထိုကိစ္စအတွက် နောက်ထပ် လှူဒါန်းမှုများ ရရှိမည်ဟု မျှော်လင့်နေသည်။
    B9317081448Z.1_20150426132227_000_GH9AJB30V.1-0
    “KCDS က ဒီကိစ္စဟာ နောက်ထပ် ၂ လောက်မှာ အမှန်တကယ်ဖြစ်လာနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ တစ်ချိန်တည်းမှာပဲ မိဘတွေ၊ ဆရာတွေ၊ ကျောင်းသားတွေနဲ့ လူ့အဖွဲ့အစည်းက အခြားသူတွေဟာလည်း ဒီမြေကို ခုတ်ထွင်ရှင်းလင်းနေကြပြီး အဆောင်တစ်ခု ဖြစ်လာတော့မယ်လို့ မျှော်လင့်နေကြပါတယ်” ဟု ရှီယာက ဆိုသည်။

    မြန်မာနိုင်ငံရှိ KCDS ရုံးခန်းတွင် ကလေးငယ် ၁၇ ဦးမှာ လာရောက်နေထိုင်ကာ ကျောင်းတက်နေကြရသည်ဟု ရှီယာက ဆိုသည်။

    “သူတို့ ဒီလို ဒုက္ခသုက္ခနဲ့ ရင်ဆိုင်နေရပါတယ်”

    အသက် ၂၁ နှစ်အရွယ်တွင် သြစတေးလျသို့ ရောက်ရှိလာပြီး ခရီးသွားဗီဇာ ရရှိခဲ့သည့် ရှီယာတစ်ယောက် သြစေတေးလျတွင် နေထိုင်ရန် ရည်ရွယ်ချက်မရှိခဲ့။ သို့သော်လည်း အစီအစဉ်များကို ပြောင်းလဲပစ်လိုက်ပြီး လက်ရှိတွင်တော့ သူမမှာ အမေရိကန်နှင့် သြစေတးလျ နှစ်နိုင်ငံ၏ နိုင်ငံသား ဖြစ်နေပြီဖြစ်သည်။ ဘော်စတွန်တွင် ၂ လခန့် နေထိုင် ခဲ့ပြီးနောက် နောက်ဆုံးတွင် မြန်မာနိုင်ငံရှိ ဘော်ဒါဆောင် အကြောင်း မှတ်တမ်းရုပ်ရှင် အပြည့်အစုံ ရိုက်ကူးရေးအတွက် ပြန်လာရန် စီစဉ်ခဲ့သည်။

    လူငယ်လေးများနှင့် တိုက်ရိုက် အလုပ်လုပ်ရသည့် အတွေ့အကြုံက သူမအပေါ် ရိုက်ခတ်မှုရှိပြီး ထိုအတွေ့အကြုံက မျက်စိပွင့်စေသည်ဟု ရှီယာက ဆိုသည်။

    “ကျွန်မ သူတို့နဲ့စကားပြောတယ်။ သူတို့ကို အင်တာဗျူးလုပ်တယ်။ တစ်ချို့ကို ဗီဒီယိုရိုက်တယ်။ ထူးထူးခြားခြားတစ်ခု ကျွန်မလုပ်ချင်ပါတယ်။ ဒါဟာ သိပ်အရေးကြီးတာကြောင့် ထူးထူးခြားခြား တစ်ခုလုပ်ပြီး ကျွန်မရဲ့ မိတ်ဆွေတွေကို ကူညီချင်ပါတယ်။ ကျွန်မ တွယ်တာမိသွားပြီလို့ ခံစားရပါတယ်။ ကျွန်မ မခွဲနိုင်တော့ပါဘူး။ ဆက်လက် နှောင်ဖွဲ့သွားမှာပါ” ဟု ရှီယာက ပြောကြားခဲ့သည်။

    ၎င်းတို့ ရရှိထားသည့် ငွေများမှာ ဘော်ဒါဆောင် ဆောက်လုပ်ရန်အတွက် လုံလောက်သည်ဖြစ်စေ၊ မလုံလောက်သည်ဖြစ်စေ အဆိုပါဒေသရှိ ကျောင်းသားများကို ကူညီရန်အတွက် အသုံးပြုသွားမည်ဟု ရှီယာက ပြောကြားခဲ့သည်။ သို့သော်လည်း ပြည်သူများက လှူဒါန်းသော မည်သည့်ငွေပမာဏမဆို အကူအညီဖြစ်စေသည်ဟု အသိပေးခဲ့သည်။

    “ရိုးရိုးသားသားပြောရရင် တကယ်လို့ လူတွေဟာ ၅ ဒေါ်လာ ၁၀ ဒေါ်လာလောက် လှူတယ်ဆိုရင်လည်း ဒါဟာ အများကြီးပါပဲ။ အဲဒီမှာ (ကရင်ပြည်နယ်မှာ) ရှိတဲ့သူတွေဟာ တစ်နေ့ကို တစ်ဒေါ်လာအောက်လောက်နဲ့ အသက်ရှင်နေထိုင်နေရတာပါ။ ဒါ့ကြောင့် ပိုက်ဆံနည်းနည်းဟာလည်း တော်တော်လေး ခရီးရောက်ပါတယ်”

    ref: Eagle Gazette
    မိုးဝေ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

  • ကာတာရှိ ပညာရေးမြို့တော်မှ အစ္စလာမ့်ရေးရာဌာနနှင့် ဗလီဝတ်ကျောင်းတော်

    ကာတာရှိ ပညာရေးမြို့တော်မှ အစ္စလာမ့်ရေးရာဌာနနှင့် ဗလီဝတ်ကျောင်းတော်

    မေ-၈ ၊ ၂၀၁၅
    M-Media
    လေးမောင် တင်ဆက်သည်။
    .1B8A9838-771x514
    – ၃ နှစ်တာ ထူးထူးခြားခြား ကြိုးပမ်းမှုတွေ ပြုလုပ်ပြီးနောက် ကာတာရဲ့ ပညာရေးမြို့တော်မှာ ကာတာအစ္စလမ့်ရေးရာ လေ့လာမှုဌာနက ၎င်းတို့တည်ဆောက်ထားတဲ့ ပထမဆုံး ဗလီဝတ်ကျောင်းတော်ကို ဖွင့်လှစ်လိုက်ပါတယ်။ အဲဒီ ပညာရေးမြို့တော်ကို ကာတာဖောင်ဒေးရှင်းက စီစဉ် တည်ဆောက်တာဖြစ်ပါတယ်။
    .
    အစ္စလာမ့်ရေးရာလေ့လာမှုဌာန အဆောက်အဦးနဲ့ တွဲလျက်ရှိတဲ့ အဲဒီဗလီဝတ်ကျောင်းတော်မှာ ပြီးခဲ့တဲ့ သောကြာနေ့ ၀တ်ပြုမှုကို စတင်ခဲ့ပြီး ကျောင်းသားရာပေါင်းများစွာနဲ့ ကာတာဖောင်ဒေးရှင်း ဥက္ကဌ ရှိခ်ခါ မိုဇာ ဘင်သေ နဆီးရ်လည်း တက်ရောက်ခဲ့ပါတယ်။
    .
    အဖြူရောင်လှိုဏ်ဂူကြီးပုံစံ တည်ဆောက်ထားပြီး ကြီးမားတဲ့ မျက်နှာကျက်တွေမှာ ကုရ်အာန်ကျမ်းတော်မြတ်က ပါဒတော်တွေကို ဖောင်းကြွစာသားအလှတွေနဲ့ ရေးချယ်ထားကာ ရုတ်တရတ်ကြည့်လိုက်ရင် ကောင်းကင်က ကြယ်လေးတွေ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတဲ့ ပုံစံမျိုး မြင်တွေ့ရမယ့် မီးအလှတွေကိုလည်း အဲဒီဗလီဝတ်ကျောင်းတော်ထဲမှာ တပ်ဆင်ထားပါတယ်။
    .
    အဲဒီဗလီဝတ်ကျောင်းတော်ရဲ့ အတွင်းဘက် ၀တ်ပြုဆောင်နဲ့ အပြင်ဘက် ရင်ပြင်တွေမှာ ၀တ်ပြုသူဦးရေ ၁၈၀၀ လောက် တစ်ကြိမ်တည်း ၀တ်ပြုနိုင်ပါတယ်။
    .
    အောက်ထပ်မှာ အဓိက (အမျိုးသား) ၀တ်ပြုဆောင်ရှိပြီး စာအုပ်တွေမဖြည့်တင်းရသေးတဲ့ စာကြည့်တိုက်တစ်ခုနဲ့ ရွှေချထားတဲ့ မဟ်ရဘ် (၀တ်ပြုမှုကို ရှေ့ဆောင်ဦမာမ်က ဦးဆောင်ရသည့် အခန်းငယ်) တစ်ခု ရှိပါတယ်။ အဲဒီမဟ်ရဘ်ရဲ့ ဘေးပတ်လည်မှာတော့ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ ပါဒတော်ကို ရေးသား ချယ်မှုန်းထားပါတယ်။
    .
    အပေါ်ထပ်မှာတော့ အမျိုးသမီးဝတ်ပြုဆောင်ရှိပြီး သီးခြား ထိုင်လို့ရတဲ့နေရာတွေကိုလည်း လုပ်ပေးထားပါတယ်။
    .
    အဲဒီ ဗလီဝတ်ကျောင်းတော်ကို တိုင်ကြီး ၅ တိုင်နဲ့ တည်ဆောက်ထားတာဖြစ်ပြီး၊ ဗလီဝတ်ကျောင်းတော်ရဲ့အောက်မှာတော့ စမ်းချောင်း ၄ ခု စီးဆင်းနေပါတယ်။ အဲဒီစမ်းချောင်းတွေဟာ ဗလီဝတ်ကျောင်းတော် အနီးအနားမှာ တည်ဆောက်ထားတဲ့ ပန်းဥယျာဉ်ကနေ စီးဆင်းလာတာ ဖြစ်ပါတယ်။
    .
    ဒီအဆောက်အဦးတစ်လုံးကို ဆောက်လုပ်ခဲ့တဲ့ Art Scape ကုမ္ပဏီ ဖြစ်ပါတယ်။

    ဗလီဝတ်ကျောင်းတော်ရဲ့ တိုင်ငါးတိုင်ကတော့ အစ္စလာမ့်ရဲ့ မဏ္ဍိုင်ကြီး ငါးခုကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။
    .
    အဲဒီဗလီဝတ်ကျောင်းတော် အပြင်ဘက် တစ်ဖက်တစ်ချက်မှာတော့ မင်နာရတ် (၀တ်ပြုရန် ဖိတ်ခေါ်သည့် မျှော်စင်) ၂ ခုကို တည်ဆောက်ထားပြီး မက္ကာမြို့ကို ဦးတည်ထားတဲ့ အဲဒီ မင်နာရတ် ၂ ခုရဲ့အမြင့်ဟာ မီတာ ၉၀ ရှိပါတယ်။
    .
    အစ္စလာမ့် လက်ရေးလက်သား အလှအပပုံစံတွေကတော့ ဒီအဆောက်အဦး ရဲ့ နှလုံးသားဖြစ်ပြီး ခေါင်မိုး၊ နံရံကြွေပြားတွေက စလို့ မှန်ပြတင်းပေါက်တွေအထိ ဗလီဝတ်ကျောင်းတော်ရဲ့ နေရာတိုင်း မှာ ရေးသား ချယ်မှုန်းထားပါတယ်။
    .

    1B8A9769-771x514
    အစ္စလာမ့်ရေးရာ လေ့လာမှု ဌာန
    ———————————
    ဗလီဝတ်ကျောင်းတော်အပြင် ဒီအဆောက်ဦးဟာ ကျောင်းသားပေါင်း ၁၁၄ ဦး တက်ရောက်သင်ကြားနိုင်မယ့် အစ္စလာမ့်ရေးရာ လေ့လာမှု ဌာနလည်း ဖြစ်ပါတယ်။ စာသင်ခန်း ၅၄ ခု၊ ဆရာတွေရဲ့ ရုံးခန်းတွေနဲ့ စာကြည့်တိုက်တို့ ပါဝင်ပြီး အဲဒီအခန်းတွေတိုင်းမှာ သမိုင်းဆိုင်ရာ၊ ရုက္ခဗေဒဆိုင်ရာနဲ့ သိပ္ပံဆိုင်ရာ စာတန်းတွေကို ရေးသားထာပါတယ်။
    .
    စာကြည့်တိုက်မှာတော့ စာအုပ်ပေါင်း ၁ သိန်းလောက် ထားဖို့ရှိပါတယ်။
    .
    လက်ရှိအချိန်မှာတော့ ဒီဌာနဟာ ဖေကဟ်ပညာ(ဓမ္မသတ်ပညာ)၊ အစ္စလာမ့် ပြည်သူ့ရေးရာ ပေါ်လစီ၊ အစ္စလာမ့်ဘဏ္ဍာရေး၊ ခေတ်ပြိုင် မွတ်စလင်လူ့အဖွဲ့အစည်းနှင့် အတွေးအခေါ်များ၊ အစ္စလာမ့်လူ့အဖွဲ့စည်းများ၏ မြို့ပြဒီဇိုင်းနှင့် ဗိသုကာပညာ၊ ဘာသာတရားများ နှိုင်းယှဉ်မှုဆိုင်ရာ အစ္စလာမ့်ရေးရာလေ့လာမှု စတဲ့ ဘာသာရပ်တွေမှာ မာစတာဘွဲ့အထိ ပေးအပ်သွားမှာဖြစ်ပါတယ်။
    .
    အစ္စလာမ့်ဘဏ္ဍာရေး၊ အစ္စလာမ့်ပြည်သူ့ရေးရာ ပေါ်လစီနဲ့ အစ္စလာမ့်ရေးရာ လေ့လာမှု စတဲ့ ဘာသာရပ် ၃ မျိုးအတွက်ကိုလည်း ဒီပလိုမာ ပေးအပ်သွားမှာ ဖြစ်ပါတယ်။
    .
    အဲဒီဆောက်အဦးမှာ သုတေသနစင်တာ ၅ ခုပါဝင်ပြီး အစ္စလာမ့် အလယ်အလတ်နှင့် ပြန်လည်ဆန်းသစ်ခြင်းဆိုင်ရာ အလ်ကွာရာဒါဝီ စင်တာ၊ အစ္စလာမ့်စီးပွားရေးနှင့် ဘဏ္ဍာရေးစင်တာ၊ ခေတ်ပြိုင်မွတ်စလင် လူ့အဖွဲ့အစည်းများ လေ့လာမှုဆိုင်ရာ စင်တာ၊ ခေတ်မီလူ့အဖွဲ့အစည်း အတွက် မွတ်စလင်များ၏ ကူညီ ပံ့ပိုးပေးမှုဆိုင်ရာ မိုဟာမက် ဘင် ဟာမဒ် အလ် သာနီ စင်တာနဲ့ အစ္စလာမ့် ဥပေဒတွေနဲ့ ကျင့်ဝတ်တွေကို ဖြေရှင်းပေးဖို့ ၂၀၁၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ အစ္စလာမ့် ဥပဒေနှင့် ကျင့်ဝတ်ကျင့်ထုံးဆိုင်ရာ စင်တာတို့လည်း ပါဝင်ပါတယ်။
    .
    Ref: Doha News
    Photo by-Chantelle D’mello

    1B8A9754-771x514 1B8A9757 1B8A9810-771x514 1B8A9842-771x514 1B8A9858-771x514 B8A9788

  • ရေပြတ်လတ် ဒေသသို့ ပဲခူးမြို့ခံ ဘာသာပေါင်းစုံ ပရဟိတအဖွဲ့များ စုပေါင်း၍ ရေလှူဒါန်း

    ရေပြတ်လတ် ဒေသသို့ ပဲခူးမြို့ခံ ဘာသာပေါင်းစုံ ပရဟိတအဖွဲ့များ စုပေါင်း၍ ရေလှူဒါန်း

    မေ ၇ ၊ ၂၀၁၅
    M-Media
    သတင်း-သူရိန်
    70b111131300f63d5b318ab77bc637968b1ffd9ed94b3ae987a70fd975baa823
    ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် အတွင်းရှိ ကျေးရွာ အချို့တွင် နွေရာသီကာလ အတွင်း ရေပြတ် လတ်မှုများ ဖြစ်ပေါ်လျက်ရှိရာ ပဲခူးမြို့ရှိ ဘာသာပေါင်းစုံပါဝင်သော ပရဟိတ အဖွဲ့များ စုပေါင်းကာ ရေ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    မေလ ၆ရက်နေ့က ပြုလုပ်ခဲ့သော ရေလှူဒါန်းမှုနှင့် ပတ်သက်၍ ကိုယ်တိုင်သွားရောက် လှူဒါန်း၍ လုပ်အားဒါနပြုခဲ့သည့် ပဲခူးမြို့ မြန်မာမွတ်စလင်မ် ပညာရေးနှင့် ငြိမ်းချမ်းရေး ကော်မတီမှ လူငယ်တစ်ဦး က ၄င်း၏ ရေလှူဒါန်းမှု အပြုံးပီတိ စကားသံကို ယခုလိုပြောပြခဲ့ပါတယ်။

    “ကျွန်တော်အရမ်းပဲပျော်တဲ့အပ်ြင်ပီတ်ီလဲဖြစ်မိပါတယ်။ဘာလို့လဲဆိုတော့သက်ကြီးဘိုးဘွားတွေကိုကျွန်တေိာုတို့လူငယ်တွေကိုယ်တိုင်ထမ်းပို့ပေးတယ်။ ပြီးတော့ပရဟိတအသင်း သုံးလေးသင်းလောက်နဲ့ပေါင်းသွားကလို့ ခါတိုင်း၁ထမ်းပဲရတဲ့ ရွာသူရွာသားတွေက ဒီနေ့မှာအကန့်သတ်မရှိရကြပါတယ်။” ဟု M-Media သို့ရှင်းပြပါတယ်။

    ရေပြတ်လတ်ရာဒေသများသို့ သွားရောက် ရေဒါန ပြုခဲ့သည့် အဖွဲ့များမှာ ပဲခူးမြို့ မြန်မာမွတ်စလင်မ် ပညာရေးနှင့် ငြိမ်းချမ်းရေးကော်မတီ၊ IYCAP ပဲခူးအဖွဲ့၊ ထေရဝါဒကြယ်တံခွန် သာသနဝေယျာဝစ္စနှင့် ပရဟိတအသင်း၊ မြတ်ဒါန ပရဟိတအသင်း စသည့် ဘာသာပေါင်းစုံအဖွဲ့များနှင့် စေတနာရှင်အလှူရှင်များ ပါဝင်ကြသည်။

    ef8246a427102999c0cef15cac71c1eefce0bc4fab7e91216473269a386f8bcd

    မြန်မာမွတ်စလင်မ်ပညာရေးနှင့်ငြိမ်းချမ်းရေးကော်မတီအနေဖြင့် ရေကား၂စီး၊ YCAP ပဲခူးမှရေ၂စီး၊ ထေရဝါဒကြယ် တံခွန် အပါအဝင် ဇာတ်မင်းသား ချစ်စွမ်းသာ စသော စေတနာရှင် အလှူရှင်တို့မှ မီးသတ်ကား၅စီး စုစုပေါင်း ရေသယ်ယာဉ် ၉စီး ပါဝင်သည်ဟုသိရသည်။

    မေလ ၆ရက်နေ့တွင် ရေပြတ်လတ်ရာ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် အောင်ဘုံကြီးကျေးရွာသို့  အဆိုပါ အဖွဲ့များက သွားရောက်လှူဒါန်းခြင်းဖြစ်သလို ယမန်နေ့ကလည်း သနပ်ပင်မြို့နယ် အောင်ချမ်းသာရွာ သို့ ပဲခူးမြို့ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လူငယ်အဖွဲ့မှလည်း ရေများလှူဒါန်းဒါနပြုခဲ့ကြောင်းသိရသည်။

    နှစ်စဉ် နွေရာသီရောက်သည့် အခါပူပြင်းခြောက်သွေ့သည့် မြန်မာနိုင်ငံဒေသအချို့တွင် သောက်သုံးရေနှင့် သုံးရေများ ရှားပါးမှုနှင့် ပြတ်လတ်မှု အခက်အခဲများ ကြုံတွေ့နေရပြီး စေတနာရှင်အလှူရှင်များ၏ ရေလှူဒါန်းပြုမှုများ လိုအပ်လျက်ရှိကြောင်းနှင့် ရေရှည်တွင် နိုင်ငံတော်အစိုးရမှ ဗျုဟာများချမှတ်ပြီး အဆိုပါ အခက်အခဲများကို စဉ်ဆက်မပြတ် ဖြေရှင်းပေးသင့်ကြောင်း အဆိုပါ ဒေသခံပြည်သူများမှ M-Media ကို ပြောကြားခဲ့ပါသည်။

    ဓါတ်ပုံများ ကြည့်ရန်


  • ယုံကြည်မှုရှိရအောင်

    ယုံကြည်မှုရှိရအောင်

    မေ ၆ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင်ရေးသည်။
    confidence
    နေ့စဉ်ဘဝမှာ လူတိုင်းလိုလို အသက်မွေးဝမ်းကျောင်းတစ်ခုခုကို လုပ်နေကြတာမို့ လူ့အသိုင်းအဝိုင်း ပတ်ဝန်းကျင်နှင့် မဖြစ်မနေ ဆက်ဆံရပါတယ်။ လုပ်ငန်းသဘာဝအရ ငွေကြေးနှင့် ပတ်သက်ရတာရှိသလို အလုပ်တာဝန်ပိုင်းနှင့် ဆက်စပ်ရတာမျိုးတွေ ရှိပြန်တယ်။ အလုပ်လုပ်တယ်ဆိုရာမှာ ပထမအရွယ်ကို လွန်ခြောက်လို့ ဒုတိယအရွယ် (လူငယ် သို့မဟုတ် လူလတ်) ဘဝမှာ အားတက်သရော အပြိုင်အဆိုင်ဆိုသလို စီးပွားရှာကြသည်ပဲပေါ့။ ကိုယ့်အတွက်၊ ကိုယ့်ရဲ့အနာဂတ်စိတ်ကူးကို ပုံဖော်ဖို့ (ဆိုပါစို့ ဘဝလက်တွဲဖော်နှင့် အတူနေဖို့) ဒါ့အပြင် မိသားစုအတွက် ရည်သန်ပြီး ကျားကုတ်ကျားခဲကြိုးပမ်းကြတာ ယေဘုယျ သဘာဝ တစ်ခုပါပဲ။ အောင်မြင် တိုးတက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်က တူချင်တူပေမယ့် တကယ်တမ်းလက်တွေ့မှာ လူတိုင်း လူတိုင်းအောင်မြင် တိုးတက်ကြတာမျိုးချည်း မဟုတ်တာတော့ လက်တွေ့သိသာနိုင်ပါတယ်။ လောကဓံရဲ့ အထိုးအနှက်ကြောင့် ပျက်စီးဆုံးရှုံးရတာပါလို့ တချို့ကအကြောင်းပြရင်း စိတ်ဓာတ်တွေ ဖရိုဖရဲလွင့်စဉ်ခဲ့ရတယ်။

    ကံကြမ္မာကြောင့်ချည်း မဟုတ်ဘဲ လူကိုယ်တိုင် ကြိုးပမ်းဆောင်ရွက်တဲ့ နည်းလမ်း မဟုတ်တာကြောင့် ဘဝမှာ နာလန်မထူနိုင်အောင် အလဲလဲအပြန်ပြန်ဖြစ်တာလည်း ရှိပြန်တယ်။ အဲဒါဘာကြောင့်များလဲ။ အဖြေကရှင်းပါတယ်။ မျက်စိတစ်ဆုံး အဝေးကြီးကို မြော်မြင်ဆင်ခြင်မှု မရှိဘဲ မျက်မွှေးတစ်ဆုံး ယာယီ ခရီး တိုတိုလေးလောက်ကိုပဲ ဦးစားပေးမိတာကြောင့်ပါပဲ။ တစ်နည်းပြောရရင် တစ်နပ်စား ဥာဏ်သုံးလို့ အညာအလှိုင်းတွေကြားမှာ ခဏယာယီစီးပွားတက်လိုက်သလိုရှိပေမယ့် ကိုယ့်ရဲ့အနာဂတ် ပျောက်ကွယ်သွားတာကိုတော့ ရေရှည်မှာကြုံဆုံရမှာ အသေအချာပါပဲ။ ကောင်းပြီ အခုလို ဆုံးရှုံးနစ်နာမှုမျိုးဖြစ်ရတဲ့ အဓိကအကြောင်းရင်းကို စီစစ်ကြည့်ရင်တော့ ထင်ရှားသိသာနိုင်တာ တစ်ခုပဲရှိတယ်။ အဲဒါက “ယုံကြည်မှု”။ အမှန်ပါပဲ စီးပွားရှာကြည့်ရာမှာ အမြတ်နှင့်အရှုံးဆိုတာ ခွဲမရအောင်တတွဲတွဲကပ်ပါနေတာမျိုးလေ။

    ဒီတော့လုပ်ငန်းလုပ်ရင်းကိုင်ရင်းငွေကြေးဆုံးရှုံးသွားတာ သိပ်ပြီးဆန်းလှတယ်တော့ မဟုတ်ဘူးပေါ့။ ငွေမျောမှာတော့ လိုက်ရမှာက ငွေပဲလေ။ ငွေကြေးဆုံးရှုံးတာ ဆုံးရှုံးမှုတစ်ခုပဲလို့ ဆိုနိုင်သလို မိတ်ဆွေကောင်းဆုံးရှုံးတာပိုပြီး ဆုံးရှုံးတဲ့သဘော။ အကျင့်စာရိတ္တ ဆုံးရှုံးလို့ကတော့ အရာခပ်သိမ်းဆုံးရှုံးသွားပြီဆိုတဲ့ကြားဖူးနေကျ အဆိုအမိန့်အတိုင်းပါပဲ။

    အကျင့်စာရိတ္တရဲ့ သော့ချက်ဟာ ရိုးသားဖြောင့်မတ်ခြင်းအပေါ် အခြေခံပြီး တည်ဆောက်ထားတဲ့ “ယုံကြည်မှု” ပါလို့ဆိုရမှာပါ။ လူ့အသိုင်းအဝိုင်းမှာ ပေါင်းသင်းဆက်ဆံရေး၊ အဖွဲ့အစည်းတွေအောင်အောင်မြင်မြင် ရပ်တည်နိုင်ရေး၊ စီးပွားရေးလုပ်ငန်းတွေမှာ အဆင်ပြေလွယ်ကူရေးစတာတွေအတွက် ယုံကြည်မှုဟာ မဖြစ်မနေအရေးပါတဲ့ အခြေခံလိုအပ်ချက်ဖြစ်တယ်။

    ယုံကြည်မှုမရှိခဲ့ရင် သူစိမ်းတစ်ရံဆံတွေနှင့် ပေါင်းသင်းဆက်ဆံရေး အဆင်ပြေမှု လုံးဝမရှိနိုင်ပါဘူး။ အောင်မြင်တဲ့ခေါင်းဆောင်ကောင်း၊ အုပ်ချုပ်ရေးမှူး (မန်နေဂျာ)၊ အရောင်းမြှင့်တင်ရေးဝန်ထမ်း၊ အဖွဲ့အစည်းတစ်ခုရဲ့အသင်းဝင်၊ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမ၊ သူနာပြုနှင့်နည်းပြ၊ ဆရာဝန်နှင့် သူနာပြုအစရှိတဲ့ လူတန်းစာအလွှာအသီးသီးအပြင် အလုပ်ရှင်နှင့် အလုပ်သမားစသူတွေအတွက် လုပ်ငန်းအဆင်ပြေချောမွေ့ ယုံကြည်မှုကအဓိကအကျဆုံးအရာတစ်ခုပါ။ အခြေအနေတစ်ခုခုမှာ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုအားနည်းသွားခဲ့ရင် ရန်လိုမှု၊ နာကြည်းမုန်းတီးမှုတွေက ရှိရင်းစွဲအဖြူရောင် ခင်မင်ရင်းနှီးမှုကို ဖျက်ဆီးပစ်လိုက်မှာ သေချာတယ်။

    ဘဝမှာ ကြုံတွေ့ဆက်ဆံနေကြရသရွေ့တော့ အချင်းချင်း ယုံကြည်မှုရှိမှဖြစ်မယ်ဆိုတာကိုတော့ ပညာရှင်အသီးသီးက အထပ်ထပ်ပြောလေ့ရှိကြပါတယ်။ လွယ်လွယ်ကူကူလေးနှင့်ပဲ လူတကာရဲ့ ယုံကြည်မှု၊ ကိုးစားမှု ခံရအောင် လေ့ကျင့် ယူနိုင်ကြောင်းလည်း နည်းပေးလမ်းပြ ပြုထားကြတယ်။

    ဒီတော့ပညာရှင်တွေရဲ့ ညွှန်းဆိုတာတွေကို လေ့လာကြည့်နိုင်သလို ကိုယ့်ရဲ့မိသားစုဝင်တွေ၊ ဦးစီးဦးဆောင်လုပ်နေသူတွေ လုပ်ဖော်ကိုင်ဖက်နှင့် နီးစပ်ရာ ပတ်ဝန်းကျင်ကို မျှဝေလို့လည်း ရနိုင်ပါတယ်။

    ကိုယ်တကယ်တမ်းလုပ်မယ်လို့ ရည်ရွယ်ထားတာကိုပြောပြခဲ့ရင် ပြောတဲ့အတိုင်းဖြစ်အောင် ဆောင်ရွက်ရပါလိမ့်မယ်။

    ရိုးရိုးသားသားနှင့်ပဲ ကိုယ့်အပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက် တို့ကို မကြာမကြာဆက်သွယ်ရင်း ယုံကြည်မှုကို တည်ဆောက်နိုင်တယ်။ လုပ်ငန်းသဘောအရ ဆက်သွယ်နေသူတွေ၊ ကိုယ့်ရဲ့ဘဝလက်တွဲဖော်တွေနှင့်လည်း ရိုးသားဖြောင့်မတ်မှုအပြည့်နှင့် စဉ်ဆက်မပြတ်ဆက်ဆံနေခြင်းကလည်း ယုံကြည်မှုကို တည်ဆောက်ပေးပါတယ်။

    အနှစ်နှစ်အလလ တည်ဆောက်လာတဲ့ ယုံကြည်ဆက်ဆံမှု၊ တစ်ရက်တည်းနှင့် ရရှိခဲ့တဲ့ယုံကြည်မှု။ ဘာပဲဖြစ်ဖြစ် စက္ကန့်ပိုင်းအတွင်းမှာ ပျက်ဆီးသွားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ဆုံးဖြတ်ချက် အမှားတစ်ခုကြောင့်ပေါ့။ ဒီတော့ အသေအချာဆင်ခြင် သုံးသပ်ပြီးမှ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချသင့်တယ်။

    ခဏယာယီ အဆင်ပြေအောင်မြင်မှုရဖို့ထက် ရေရှည်ဆက်ဆံနိုင်အောင် ယုံကြည်မှုအပြန်အလှန်ထားတတ်ဖို့တော့လိုတယ်။ ကိုယ့်ရဲ့လက်အောက်ဝန်ထမ်းတွေ၊ အထက်အရာရှိတွေ အားလုံးကိုယ့်အပေါ်ယုံကြည်မှုအပြည့်ရှိအောင် နေထိုင်ပြောဆိုတတ်ဖို့ အရေးကြီးဆုံး။ ဒါမှမဟုတ် အောင်မြင်မှုနှင့်အဝေးမှာ သေချာတယ်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ယုံကြည်မှုရှိပြီး ကိုယ့်အထက်အရာရှိ (အလုပ်ရှင်) ကို လေးစားယုံကြည်မှုရှိလို့ကတော့ လုပ်ငန်းအောင်မြင်ဖို့က တကယ့်ကိုကျိန်းသေပဲလို့ ဆိုရမှာပါ။ အလိမ်အညာတွေက ခဏယာယီ စိတ်ကိုနှစ်သိမ့်နိုင်သည်ပဲထား ရေရှည်အတွက် မျှော်မှန်းရင်တော့ ယုံကြည်မှုကို အသက်လိုတန်ဖိုးထားရလိမ့်မယ်။ လူသားအချင်းချင်း စာနာနားလည်ပေးရင်း ကောင်းကျိုးဆောင်ရွက်သူကို လူ့အသိုင်းအဝိုင်းတစ်ခုလုံးက ယုံကြည်မှု အပြည့်အဝထားမှာဖြစ်လို့ ရိုးသားဖြောင့်မတ်ခြင်းက ယုံကြည်မှုရဲ့အခြေခံ ဒေါက်တိုင်တွေလိုပါပဲလို့။

    နှင်းဆီခင်