News @ M-Media
Author: M-Media
  •ှဆီးရီးယားအား တပ်ပေါင်းစုဖြင့် တိုက်ရန် အမေရိကန် ကွန်ကရက် ဆုံးဖြတ်ပိုင်ခွင့် မရှိဟု အီရန်နိုင်ငံခြားရေး ဝန်ကြီးပြော
    စက်တင်ဘာ – ၂ ရက်၊ ၂၀၁၃
    M-Media
    Iranian Foreign Minister Mohammad Javad Zarif
    ဆီးရီးယားပဋိပက္ခအပေါ် တပ်ပေါင်းစုဖွဲ့၍ စစ်ရးအရ၀င်ရောက်စွက်ဖက်ရန် အမေရိကန်ကွန်ကရက်လွှတ်တော်မှ မီးစိမ်းပြလိမ့်မည်မဟုတ်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မုဟမ္မဒ် ဂျဗာ့ဒ် ဇာရိဖ်မှ ပြောဆိုသည်။
    “ အထူးအရေးကြီးအနေအထားဖြစ်လာယင် ကုလသမဂ္ဂပဋိညာဉ် အခန်း ၇ အရ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တစ်ခုတည်းကသာ တပ်ပေါင်းစုနဲ့အရေးယူဖို့ အခွင့်အာဏာပေးအပ်နိုင်ပါတယ်။ ပြီးတော့ ဒီကိစ္စကို လုံခြုံရေးကောင်စီက လက်ခံအတည်ပြုဖို့လည်း လိုအပ်ပါတယ် ” ဟု ဇာရိဖ်က တနင်္ဂနွေနေ့တွင် ဆိုလိုက်သည်။
    ဓာတုလက်နက်များအသုံးပြုသည်ဟုဆို၍ ဆီးရီးယားအား စစ်ရေးအရအရေးယူရန် အမေရိကန်သမ္မတ ဘားရက်ခ် အိုဘားမားက စနေနေ့တွင် ပြောကြားသည်သာမက ကွန်ကရက်၏လက်ခံမှုရရှိအောင်ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။ လာမည့် စက်တင်ဘာ ၉ ရက်တွင် အမေရိကန်ဥပဒေပြုအမတ်များသည် ဤအရေးနှင့်စပ်လျဉ်း၍ အလွတ်သဘော အချေအတင်ဆွေးနွေးကြမည်ဖြစ်သည်။
    “ မစ္စတာအိုဘားမားဟာ မိမိဆန္ဒအပေါ်အခြေခံပြီး အပြည်ပြည်ဆိုင်ရာဥပဒေကို ပြောင်းလဲဖို့ နဲ့ ဖွင့်ဆိုဖို့ အခွင့်မရှိပါဘူး။  ဒီအရေးနဲ့ပတ်သက်လို့ အိုဘားမားဟာ ရက်များစွာအချိန်ယူပြီး နှစ်ခါပြန်စဉ်းစားဖို့ အမြင်ကျယ်သင့်တယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်သူကမှ စစ်လိုလားသူလို့ အမြင်ခံနိုင်ကြမှာ မဟုတ်လို့ပါဘဲ ” ဟု ဇာရိဖ်က ထပ်မံ ပြောကြားခဲ့သည်။
    အရှေ့အလယ်ပိုင်းဒေသတွင် စစ်မီးမွှေးရေးကိစ္စ၌ အများမှပါဝင်အောင်ကြိုးစားနေမှုမှာ လွယ်လင့်တကူဖြစ်မည် မဟုတ်ကြောင်း ၄င်းမှ ဆိုလိုက်သည်။
    သြဂုတ်လ ၂၁ ရက်နေ့တွင် ဒမတ်စကတ်မြို့စွန်ဖက်ရှိ အတိုက်အခံတို့၏အမာခံစခန်းများကို ဓာတုလက်နက်များဖြင့် သမ္မတ ဘရှားရ် အလ် အဆဒ်မှ တိုက်ခိုက်ခဲ့သည်ဟု ပြည်ပကျောထောက်နောက်ခံပြုအတိုက်အခံအင်အားစုများမှ စွပ်စွဲပြောဆိုလိုက်ပြီးနောက် စစ်ရေးအရအရေးယူရန် ပြင်ဆင်လာကြခြင်းဖြစ်သည်။
    ယင်းသို့ဆိုပြီးနောက် အမေရိကန်နှင့်အပေါင်းအပါမဟာမိတ်တစ်စုမှ စစ်ရေးအရအရေးယူရန် အဆောတလျင် စီစဉ်ခဲ့ကြသည်။ အီရန်နှင့်အခြားနိုင်ငံများအုပ်စုကလည်း ဆီးရီးယားကို စစ်ဆင်စွက်ဖက်မည်ဆိုပါက ဒေသတစ်ခုလုံး စစ်မက်ဖုံးလွှမ်းသွားလိမ့်မည်ဟု သတိပေးထားကြသည်။
    MKA/AS
  • ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ နိုင်ငံပုံရိပ် ပြန်လည်တည်ဆောက်မှု
    စက်တင်ဘာ ၂ ရက်၊၂၀၁၃
    ရေးသားသူ -ဆွေမွန်
    temple-burnt-muslims-bazar copy
    ၂၆ နှစ်အရွယ် လူငယ်တစ်ယောက်က သူ့ရဲ့ဖေ့စ်ဘုတ်ပေါ်မှာ မွတ်ဆလင်မ်တွေရဲ့ ကျမ်းစာ ကုရ်အာန်မီးရှို့ထားတဲ့ပုံ တင်မိရာက အစပြုပြီး ၂၀၁၂ စက်တင်ဘာ ၂၉ ၊ ၃၀ ရက်တွေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းပြည်နယ်၊ ကောက်ဘဇားခရိုင်၊ ရာမူးမြို့မှာ မွတ်ဆလင်မ်တွေက ဗုဒ္ဓဘာသာဝင်အိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေကို မီးတင်ရှို့မှုတွေဖြစ်ပွားခဲ့ပါတယ်။
    ဒီဖြစ်ရပ်ဟာ မွတ်ဆလင်မ်တွေက ဗုဒ္ဓဘာသာဝင်တွေပိုင်ဆိုင် ကိုးကွယ်တာတွေကို တိုက်ခိုက် အနိုင်ကျင့်မှု မရှိသလောက်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသမိုင်းမှာ ဖျက်မရတဲ့ အမည်းစက် စွန်းထင်ရတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားခဲ့သလို ဗုဒ္ဓဘာသာဝင်အိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေကို မီးတင်ရှို့မှုကို ဆန့်ကျင် ကန့်ကွက်ကြောင်း အစိုးရ၀န်ကြီးတွေကိုယ်တိုင် ထုတ်ဖော်ပြောဆိုကာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
    ဖေ့စ်ဘုတ်ပေါ်မှာ မွတ်ဆလင်မ်တွေရဲ့ ကျမ်းစာ ကုရ်အာန်မီးရှို့ထားတဲ့ပုံ တင်မိတဲ့လူငယ် နဲ့ သူရဲ့မိခင်ကို လုံခြုံဘေးကင်းရာကို ရဲတပ်ဖွဲ့က တာဝန်ယူပို့ပေးခဲ့ပြီး ထောင်ချ အပြစ်ပေးခြင်း မရှိခဲ့ပါဘူး။ မီးတင်ရှို့မှုနဲ့ ပတ်သက်ပြီး လူပေါင်း ၃၀၀ ကျော်ကိုလည်း မဆိုင်းမတွ ဖမ်းဆီးစစ်ဆေး အပြစ်ပေးခဲ့ပါတယ်။
    နိုင်ငံရဲ့ အမြင့်ဆုံး အာဏာပိုင်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဖျက်ဆီးခံရတဲ့ အိမ်တွေ ဘုန်းတော်ကြီးကျောင်းတွေ ရှိရာ ရာမူးကို အောက်တိုဘာ ၈ ရက်နေ့ မှာ ကိုယ်တိုင်သွားရောက် ကြည့်ရှုခဲ့ပါတယ်။ဒီဖြစ်ရပ် လုပ်ဆောင်သူတွေကို ရှုတ်ချပြောဆိုကာ ဖျက်ဆီးခံရတဲ့ အိမ်တွေ ဘုန်းတော်ကြီးကျောင်းတွေကို (မူလပုံစံထက်ကောင်းအောင်) အသစ်ပြန်လည်တည်ဆောက်ပေးမယ်လို့ ကမ္ဘာကို ကတိပေးကာ နိုင်ငံလူဦးရေ ၁၅၃ သန်းရဲ့ ၁ ရာခိုင်နှုန်းပဲရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ရင်တွင်းဒဏ်ရာတွေကို အချိန်တိုအတွင်း ဖြေဖျောက်ပေးခဲ့ပါတယ်။
    နေရာချထားမှုကုန်ကျစရိတ်ဟာ ဒေါ်လာ ၁.၅သန်း ခန့်ရှိနိုင်ပြီး အားလုံးတည်ဆောက်ပြီးချိန်မှာ ကုန်ကျစရိတ်ဟာ ဒေါ်လာ ၁.၁ ဘီလီယံ (သန်း ၁၁၀၀) ထိ ရှိသွားလိမ့်မယ်လို့ စစ်တကောင်းပြည်နယ်က စုံစမ်းရေးမှုး နူးရ်အစ္စလာမ်က ခန့်မှန်းခဲ့ပါတယ်။
    အံ့သြစရာက နိုင်ငံရဲ့အမြင့်ဆုံး အာဏာပိုင်ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာကိုယ်တိုင် ဖျက်ဆီးခံရတဲ့ အိမ်တွေ ဘုန်းတော်ကြီးကျောင်းတွေပြန်လည်တည်ဆောက်ဖို့ သူ့ရဲ့ကိုယ်ပိုင်ရန်ပုံငွေထဲမှ ထည့်ဝင်ခဲ့ပြီး ထိခိုက်ဖျက်ဆီးခံရတဲ့ အိမ်ထောင်တစ်ခုစီကို ၀န်ကြီးချုပ်မှ ထောက်ပံ့ငွေ ဒေါ်လာ ၂၅၀၀ (မြန်မာငွေကျပ် ၂၃ သိန်းခန့်) ၊ ပြန်လည်တည်ဆောက်ရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေ ဒေါ်လာ ၁၂၀၀၊ စစ်တပ်မှ ထောက်ပံ့ငွေ ဒေါ်လာ ၃၀၀ အပါအ၀င် မိသားစုတစ်စု ဟာ ထောက်ပံ့ငွေပေါင်း ဒေါ်လာ ၁၂၀၀၀ (မြန်မာငွေကျပ် သိန်း ၁၁၀ခန့်) ရရှိကြတဲ့ အပြင် မြို့ခံလူထုက လက်မခံလို့ဆိုတဲ့ အကြောင်းပြချက်ပေးကာ နေရာပြောင်းရွှေ့ချထားတာမျိုး မရှိခဲ့ပါဘူး။
    (ပေးထားတဲ့ကတိနဲ့ အညီ) ဘုန်းကြီးကျောင်းတွေ ပြန်လည်တည်ဆောက်မှုကို မီးတင်ရှို့မှုအပြီး ရက်သတ္တပတ် ၆ ပတ်အတွင်း စတင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ်မှ အင်ဂျင်နီယာတွေက ဦးစီးကာ ဒေသခံမွတ်ဆလင်မ်တွေ၊ စစ်သားတွေ၊ ဘုန်းတော်ကြီးတွေ အားလုံး ညီညီညွတ်ညွတ်နဲ့ လုပ်အားပေးပါဝင်ကာ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ကြောင်း၊ လူနည်းစု ဗုဒ္ဓဘာသာဝင်တွေနဲ့ တစ်သားတည်းရှိကြောင်း ပြသနိုင်ခဲ့ပါတယ်။
    မြန်မာကျပ်ငွေ တန်ဖိုး ကုဋေ (၂၀၀) ဖိုးခန့် သုံးစွဲ ကာ ဘင်္ဂလာဒေခ်ျ့ အင်ဂျင်နီယာစစ်တပ်မှ တာဝန်ယူ လုံးဝ (အသစ်) တည်ဆောက်ခဲ့တဲ့ ဘုန်းကြီးကျောင်း ၁၉ ကျောင်းဟာ ယခုအခါ ပြီးစီးသွားပါပြီ။ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ ကိုယ်တိုင် လာမယ့် စက်တင်္ဘာလ ၃ ရက်နေ့မှာ ရာမူး ပန်းဝါမှာ အသစ်ဆောက်လုပ် ပြီးစီးသွားတဲ့ ဘုန်းတော်ကြီးကျောင်း ၁၉ ကျောင်းကို ပြန်လည် ဖွင့်လှစ် ပေးသွားမှာ ဖြစ်ပါတယ်။ ယင်းအထဲမှ ပေ ၁၀၀ အရှည်ရှိတဲ့ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကို ဘင်္ဂလားဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာမှ တက်ရောက် ဖွင့်လှစ်ပေးမှာဖြစ်ကြောင်းပါဗျာ။
    Ref:
    http://www.narinjara.com/burmese/?p=6728
    http://edition.cnn.com/2012/09/30/world/asia/bangladesh-muslim-buddhist-violence
    http://khabarsouthasia.com/en_GB/articles/apwi/articles/features/2012/11/15/feature-02
    http://digitaljournal.com/image/126790#ixzz2dhw9YsdX
    ဆွေမွန်
    ၂၊ ၉၊ ၂၀၁၃
  • ISNA ရဲ့ ရွှေရတုအခမ်းအနား (သို့မဟုတ်) အောင်မြင်ခြင်း ဇာတ်လမ်းတစ်ပုဒ်
    စက်တင်ဘာ ၂ ၊ ၂၀၁၃
    M-Media
    1174564_10201306917028974_1568352394_n
    အမေရိကန်မွတ်စ်လင်မ် ဂီတပညာရှင်တစ်ဦးဖြစ်သူ အဗ်ဒုလ် မာလစ် အဟ်မဒ် က “ နိုင်ငံတစ်ခုကို အကောင်းဆုံးဖြစ်လာစေချင်ယင် ကျွန်တော်တို့ကိုယ်တိုင်က အကောင်းဆုံးဖြစ်အောင် ကြိုးစားနေရပါမယ်။ ဒါဟာ ကျွန်တော်တို့ ဒီနေရာကို ရောက်ရှိနေရခြင်းအကြောင်းရင်း နဲ့ ဒီကွန်ဖရင့်ရဲ့အနှစ်သာရဘဲ ဖြစ်ပါတယ် ” ဟု သြဂုတ်လ ၃၁ ရက်၊ စနေနေ့က MyFox DC ကို ပြောကြားခဲ့ပါတယ်။
    မြောက်အမေရိကမှာရှိတဲ့ မွတ်စ်လင်မ်တွေအတွက် အကြီးမားဆုံး စုဆုံမှုတစ်ရပ်ဖြစ်တဲ့ ISNA ရဲ့ နှစ်ပတ်လည်ညီလာခံအခမ်းအနားကြီးကို သြဂုတ်လ ၂၀ ရက်၊ သောကြာနေ့က ၀ါရှင်တန်မှာ ဖွင့်လှစ်ခဲ့ပါတယ်။
    “ လေးမြတ်ကြည်ညိုဖွယ်လူ့အဖွဲ့အစည်းကို တည်ဆောက်ခြင်းဖြင့် ပိုမိုပြည့်ဝသည့် စည်းလုံးညီညွတ်မှုသို့
    မှန်းရည်မျှော် ” ဆိုတဲ့ ဆောင်ပုဒ်က မြောက်အမေရိက နဲ့ ကမ္ဘာတစ်ဝှန်းက ထောင်ပေါင်းများစွာသော မွတ်စ်လင်မ်တွေကို ဆွဲဆောင်မှုဖြစ်စေပါတယ်။
    602795_10201306920429059_829697601_n
    ညီလာခံကို သြဂုတ်လ ၃၀ ရက်၊ သောကြာနေ့ကနေ စက်တင်ဘာ ၂ ရက်၊ တနင်္လာနေ့အထိ ကျင်းပသွားမှာဖြစ်တယ်။
    ဒေါက်တာ မာတင်လူသာကင်းက “ ရှင်သန်နေတဲ့အိပ်မက်တစ်ခု ” (၀ါ) “ ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိနေတယ် ” ဆိုတဲ့စကားနဲ့ သမိုင်းမှတ်တိုင်တစ်ရပ်ကိုစိုက်ထူခဲ့တာ နှစ်ပေါင်း ၅၀ ရှိပါပြီ။  ISNA ရဲ့ ရွှေရတုနှစ်ပတ်လည်ညီလာခံကြီးနဲ့ တိုက်ဆိုင်နေတဲ့အတွက် ပိုပြီး အမှတ်တရဖြစ်သွားစေပါတယ်။
    ISNA အနေနဲ့ ပညာရှင်တွေ၊ လူထုခေါင်းဆောင်တွေ၊ ပြည်သူ့ဝန်ထမ်းတွေထဲက လူ ၂၀၀ လောက်ကို ဟောပြောဖို့လည်း ဖိတ်ကြားထားပါတယ်။
    နအီးမ် မုဟမ္မဒ်၊ အဗ်ဒုလ် မာလစ်က် အဟ်မဒ် တို့လို ဂီတပညာရှင်တွေ၊ နေးတစ်ဗ် ဒီးန် တို့လို ဟစ်ပ်ဟော့အနုပညာရှင်များကလည်း တက်ရောက်လာကြမှာဖြစ်တယ်။
    သမ္မတ အိုဘားမားပေးပို့တဲ့ ဗီဒီယို သဝဏ်လွှာ
    “ အမေရိကန်ပြည်ထောင်စုထဲမှာ မွတ်စ်လင်မ်အဖြစ် ကျွန်တော်တို့ မွေးဖွားကြီြး့ပင်းလာခဲ့ကြတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ဂီတဟာ အမေရိကန်ဆန်ဆန်ဘဲ ဖြစ်ပါတယ်။ ဒီမှာ ကြီးပြင်းလို့ ဒီပုံထွက်ပေမယ့်လည်း ကျွန်တော်တို့ရဲ့ယုံကြည်ချက်က အစ္စလာမ်သာလျှင် ဖြစ်ပါတယ် ” လို့ ဗာဂျီးနီးယားက Great Falls အဖွဲ့ဝင် မဟ်မူးဒ် ကဇ်မီက ဆိုပါတယ်။
    ISNA ဆိုတာ မြောက်အမေရိကမှာ အကြီးမားဆုံး မွတ်စ်လင်မ်အဖွဲ့အစည်းကြီးတစ်ခုပါ။ ISNA ရဲ့  ဒီလို နှစ်စဉ်လေးရက်ညီလာခံဆိုတာ အမေရိကနှင့်ကနေဒါမွတ်စ်လင်မ်ကျောင်းသားများသမဂ္ဂက ၁၉၆၃ ခုနှစ်မှာ စတင်စီစဉ် ကျင်းပဆောင်ရွက်မှုကနေ မြစ်ဖျားခံ ဆင်းသက်လာခြင်းဖြစ်တယ်။
    နှစ်ပေါင်းများစွာကြာညောင်းသွားချိန်မှာတော့ ဒီညီလာခံဟာ အလွန်ကျော်ကြားလာခဲ့တယ်။ နှစ်စဉ်တက်ရောက်ကြတဲ့ မွတ်စ်လင်မ်တွေက လေးသောင်း အထိ ရှိလာခဲ့ကြတယ်။
    တစ်ခုတည်းသော အသိုက်အမြုံ
    ဒီရွှေရတုအခမ်းအနားမှာ ယနေ့ခေတ် အမေရိကန်မွတ်စ်လင်မ်တို့ရဲ့ လူမှုရေး၊ ဘာသာရေး နဲ့ နိုင်ငံရေးကိစ္စများကို ဦးတည်ဆွေးနွေးသွားကြပါမယ်။
    “ အခုဆိုယင် အများကောင်းကျိုးအတွက် ဂျူး၊ ခရစ်ယာန် နဲ့ မွတ်စ်လင်မ်လူ့အဖွဲ့အစည်းတိုင်းရဲ့ကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို တွေ့မြင်နိုင်ပြီဖြစ်ပါတယ် ” လို့ ISNA ဥက္ကဌ အိမာမ် မုဟမ္မဒ် မဂျစ်ဒ်က ပြောကြားခဲ့တယ်။
    အမေရိကန်မွတ်စ်လင်မ်တွေဟာ အမေရိကန်လူမှုအသိုက်အမြုံရဲ့ အစိတ်အပိုင်းတစ်ရပ်သာဖြစ်ကြောင်းကိုလည်း ဒီနှစ်မှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။
    ပါဝင်တက်ရောက်လာကြသူများအဖို့ မိမိတို့ယုံကြည်ချက်ကို အားကောင်းခိုင်မာလာစေယုံသာမက ဘာသာတရားများ အချင်းချင်း အပြန်အလှန် ဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှု နဲ့ လူ့အသိုင်းအ၀ိုင်းရေးရာတွေမှာ ပိုမိုနားလည်မှု ရရှိသွားစေပါတယ်။
    “ ကျွန်တော်တို့ရဲ့လူ့အဖွဲ့အစည်းတွေဆီကို – ကျွန်တော်တို့ တစ်နိုင်ငံလုံးအတိုင်းအတာအထိ ဒီအခြေအနေမျိုး တကယ့်ကို ရောက်ရှိစေချင်ပါတယ်။ ဒါပေမယ့် ဒီလိုဆောင်ရွက်မှုမျိုး မပြုလုပ်ဘဲ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒီလိုဖြစ်လာရေးအတွက် မိမိတို့ ကိုယ်စီကိုယ်ငှ လူ့အဖွဲ့အစည်းဝင်တွေကို နည်းလမ်းပြ သင်ကြားပေးသွားရပါလိမ့်မယ် ” ဆိုပြီး ဗာဂျီးနီးယားက တက်ရောက်လာသူ ကဇ်မီက ပြောကြားတယ်။ ဂီတပညာရှင် အဟ်မဒ်ကလည်း အလားတူအမြင်မျိုးကို တင်ပြသွားပါတယ်။
    အမေရိကန်ပြည်ထောင်စုမှာ မွတ်စ်လင်မ်တွေဟာ လူနည်းစုဖြစ်ပေမယ့် လူဦးရေ ခြောက်သန်းမှ ရှစ်သန်းအထိ ရှိနေပါတယ်။ များမကြာသေးမီက ထုတ်ပြန်လိုက်တဲ့ လူထုစစ်တမ်းတစ်ရပ်မှာ – အမေရိကန်မွတ်စ်လင်မ်တွေက အလယ်အလတ်လမ်းစဉ်ပေါ် အကောင်းဆုံးနေထိုင်ရပ်တည်သူ၊ ခေတ်သစ်လူမှုဘ၀နဲ့သာသနာ့ကိုင်းရှိုင်းမှုကြားမှာ သဟဇာတဖြစ်အောင်နေထိုင်နိုင်သူ၊ မိမိတို့တိုင်းပြည်အပေါ်မှာ အကောင်းမြင်ပြီးသစ္စာစောင့်သိသူတွေအဖြစ် ဖော်ထုတ် တင်ပြထားပါတယ်။
    Ref: OnIslam
    Photo- NY Kogyi FB
  • လီဗာပူးကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့ရတဲ့ လက်ရှိချန်ပီယံ မန်ယူ နှင့် အာဆင်နယ်၊ ဆွမ်ဆီးတို့ အနိုင်ရရှိခဲ့ကြသည့် စူပါဆန်းဒေး ပွဲစဉ်များ
    စက်တင်ဘာ ၂ ရက်၊ ၂၀၁၃
    M-Media
    စုစည်းတင်ဆက်သူ- ကိုလေး
    လီဗာပူးကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့ရတဲ့ လက်ရှိချန်ပီယံ မန်ယူ နှင့် အာဆင်နယ်၊ ဆွမ်ဆီးတို့ အနိုင်ရရှိခဲ့ကြသည့် ပရီးမီးယားလိဂ် ပွဲစဉ် ၃ စူပါဆန်းဒေး ပွဲစဉ်များ
    mu and liverpool
    ကြိုးကြာနီတွေရဲ့ အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ရသော သရဲနီများ
    ပရီးမီးယားလိဂ်ပွဲစဉ်သုံးအဖြစ် လီဗာပူးလ်အသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ ယမန်နေ့ညက အန်ဖီးလ်ကွင်းတွင် ကစားခဲ့ရာ လီဗာပူးလ်အသင်းက ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်ဟုသိရသည်။
    လီဗာပူးလ်အသင်းတွက် အနိုင်ဂိုးကို ပွဲအစ လေးမိနစ်မှာပင် လူငယ်တိုက်စစ်မှူး စတားရစ်ခ်ျက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းမှ ပြန်လည်တိုက်စစ်ဆင်ရာ ပထမပိုင်း ၁၀ မိနစ်အတွင်း ဗန်ပါစီနှင့် ၀ဲလ်ဘတ်တို့ ကန်သွင်းခွင့်ရခဲ့သော်လည်း ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပေ။
    ပွဲချိန် ၁၀ မိနစ်တွင် လီဗာပူးလ်ကွင်းလယ်လူဂျရတ်၏ ကန်သွင်းချက်ကို မန်ယူဂိုးသမား ဒီဂီအာ ကာကွယ်နိုင်ခဲ့သည်။
    ပွဲချိန် ၁၂ မိနစ်တွင် မန်ယူအသင်းဂိုးရရှိနိုင်သည့်အခွင့်အရေးရခဲ့ပြီး အသုံးမချနိုင်ခဲ့ပေ။ ၁၄ မိနစ်တွင် အက်ရှ်လေယန်း၏ ကြိုးပမ်းမှုမှတစ်ဆင့် ဗန်ပါစီကန်သွင်းခဲ့သော်လည်း လီဗာပူးလ်နောက်ခံလူ ဂလင်းဂျွန်ဆင် ဖြတ်ထုတ်နိုင်ခဲ့သည်။ ၂၇မိနစ်တွင် လီဗာပူးလ်အသင်း ရီးကစ်ကန်ခွင့်ရခဲ့ပြီး ဂျရတ်က ကန်သွင်းခဲ့ရာ ဂိုးပေါက်နှင့်အနည်းငယ်လွဲချော်ခဲ့သည်။
    ၃၅ မိနစ်တွင် မန်ယူကွင်းလယ်လူ ကလဲဗားလေးမှာ ကော်တင်ညိုအား ပြစ်ဒဏ်ဘောကျူးလွန်သည့်အတွက် အ၀ါကဒ်ပြ သတိပေးခံခဲ့ရသည်။ ၃၈ မိနစ်တွင် အဂ္ဂါအား အ၀င်ကြမ်းသည့်အတွက် မန်ယူတိုက်စစ်မှူး ဗန်ပါစီကို ကွင်းလယ်ဒိုင်က အ၀ါကဒ်ပြခဲ့သည်။ မကြာမီ ၄၁ မိနစ်တွင် မိုက်ကယ်ကာရစ်မှာ စတားရစ်ခ်ျကို ဆွဲလှဲခဲ့သည့်အတွက် အ၀ါကဒ်ပြခံခဲ့ရပြီး လီးဗာပူးလ်အသင်းက ၁ ဂိုးအသာဖြင့်ဦးဆောင်ကာ ပထမပိုင်းပြီးဆုံးခဲ့သည်။
    ဒုတိယပိုင်းပြန်လည်စတင်ခဲ့ပြီးနောက် မန်ယူအသင်းက တိုက်စစ်ဆင်ကစားခဲ့ပြီး ၄၆ မိနစ်တွင်ထောင့်ကန်ဘော တစ်လုံးနှင့် မိနစ် ၅၀ တွင် နောက်ထပ်ထောင့်ကန်ဘောနှစ်လုံးရခဲ့သော်လည်း ဂိုးအဖြစ် မဖန်တီးနိုင်ခဲ့ပေ။
    ၅၇ မိနစ်တွင် လီဗာပူးလ်အသင်း၏ ပင်နယ်တီဧရီယာထဲတွင် မန်ယူတိုက်စစ်မှူး ၀ဲလ်ဘတ်အား နောက်ခံလူး အက်စ်ပက်က တွန်းလှဲခဲ့ပြီး မန်ယူအသင်းသားများက ပင်နယ်တီတောင်းခဲ့သော်လည်း ဒိုင်လူကြီးကမပေးခဲ့ပေ။
    ၅၈ မိနစ်တွင် အက်ရှ်လေယန်း အ၀ါကဒ်ပြသခံခဲ့ရပြီး ၆၂ မိနစ်တွင် နာနီနှင့် လူစားလဲခြင်းခံခဲ့ရသည်။ ၆၈ မိနစ်တွင်ရသည့် ထောင့်ကန်ဘောမှတဆင့် ရိုယန်ဂစ်၏ ခေါင်းတိုက်ချက်အား လီဗာပူးလ်ဂိုးသမား မစ်ဂနိုလပ်ဖမ်းနိုင်ခဲ့သည်။
    ၇၂ မိနစ်တွင် ရိုယန်ဂစ်အစား ဟာနန်ဒက်ဇ်ဝင်လာခဲ့ပြီး မန်ယူတိုက်စစ်အားပိုမိုကောင်းမွန်လာခဲ့သည်။ ၇၆ မိနစ်တွင် နာနီအဝေးကန်သွင်းချက်အားလီဗာပူးလ်ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။
    ၇၉ မိနစ်တွင် ဂလင်းဂျွန်ဆင်ဒဏ်ရာရသွားခဲ့ပြီး ၀စ်ဒန်နှင့် လူစားလဲခဲ့ရကာ ၈၃ မိနစ်တွင်လည်း ကော်တင်ညိုအစား လူးဝစ် အလ်ဘာတို ၀င်ရောက်လာခဲ့သည်။
    ၈၇ မိနစ်တွင် မန်ယူတိုက်စစ်မှူး ဗန်ပါစီ အကောင်းဆုံးအခွင့်အရေးတစ်ခုရခဲ့သော်လည်း ဂိုးပေါက်မတည့်ခဲ့ဘဲ ပွဲအပြီးတွင် လီဗာပူးအသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
    ဓါတ်ပုံ- Goal.com
    ____________________________
    အကြိတ်အနယ် ရှိတဲ့ လန်ဒန် ဒါဘီပွဲ
    လန်ဒန်ဒါဘီပွဲစဉ်ဖြစ်သည့် အာဆင်နယ်အသင်းနှင့် စပါးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အာဆင်နယ်အသင်းက ဂျီရော့ဒ်၏ သွင်းဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ ပထမပိုင်း ပွဲစလျှင်စချင်းပင်စပါးက ဖိကစားနိုင်ခဲ့သော်လည်း ပွဲအစ ၅ မိနစ်အတွင်း အာဆင်နယ်အသင်းက စပါး ဂိုးပေါက်အား ၂ ကြိမ်တိုင်တိုင် ချိမ်းခြောက်နိုင်ခဲ့သည်။
    နောက်ပိုင်းတွင် အာဆင်နယ်ကစားကွက်မိလာပြီး စပါးအသင်းအား ထိန်းချုပ်ကစားနိုင်ခဲ့သည်။ ပွဲချိန် ၁၂ မိနစ်တွင် တောင်းဆန်နှင့် ဝေါကာတို့၏ တွဲလုံးမှတစ်ဆင့် စပါးတိုက်စစ်မှူးသစ် ဆိုလ်ဒါဒို အပိုင်ကန်သွင်းခဲ့သော်လည်း အဆင်နယ်နောက်ခံလူ မာတီဆက်ကာက ဖြတ်ထုတ်နိုင်ခဲ့သည်။
    ပထမပိုင်း ၂၃ မိနစ်တွင် အာဆင်နယ်တို့ ဦးဆောင်ဂိုးစရခဲ့သည်။ ကာဇိုလာနှင့် ဝေါလ်ကော့တို့၏ ဖန်တီးမှုမှတစ်ဆင့် အိုလီဗီယာ ဂျီရော့ဒ်က အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့သည်။
    နောက်ပိုင်းတွင် အာဆင်နယ်အသင်းမှာ စပါးအသင်းဘက်သို့ တောက်လျှောက်ဖိကစားနိုင်ခဲ့ပြီး ၃၂ မိနစ်တွင် ဝေါလ်ကော့လွတ်လွတ်ကျွတ်ကျွတ်တစ်လုံး ရခဲ့သော်လည်း စပါးဂိုးသမားလောရစ် ဖြတ်ထုတ်နိုင်ခဲ့သည်။ လောရစ်၏ ဖျက်ထုတ်မှုကြမ်းတမ်းသဖြင့် ရိုဆစ်စကီးက ကွင်လယ်ဒိုင်အား စောဒကတက်ခဲ့ရာ ရိုဆစ်စကီးအား ဒိုင်က အ၀ါကဒ်ပြကာ သတိပေးခဲ့သည်။ ၄၂ မိနစ်တွင် အာဆင်နယ်အသင်း၏ လူငယ်ကစားသမား ၀ီလ်ရှိုင်းယားမှာ ဒဏ်ရာကြောင့် ဆက်လက်မကစားနိုင်တော့သဖြင့် ဖလာမီနီနှင့် လူစားလဲခဲ့ရသည်။ ပထမပိုင်း ပြီးခါနီးတွင်ကာဇိုလာ၏ ပြစ်ဒဏ်ဘောမှတစ်ဆင့် ဂိုးရရှိရန် ကြိုးပမ်းခဲ့သော်လည်း စပါးဂိုးသမားက ကာကွယ်နိုင်ခဲ့ပြီး ပထမပိုင်းအပြီးတွင် အာဆင်နယ်အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။
    ဒုတိယပိုင်းပြန်လည်စတင်လာသည်နှင့် စပါးအသင်းက ချေပဂိုးရရင် တိုက်စစ်စင်ကစားခဲ့ပြီး ထောင့်ကန်ဘောနှစ်ကြိမ်ရ ခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ချေ။ ၅၂ မိနစ်တွင် စပါးတိုက်စစ်မှူး ဆိုလ်ဒါဒိုအား ကွန်ရှန်နီက ဂိုးစည်းအတွင်းတွန်းခဲ့သော်လည်း ဒိုင်လူကြီးက ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်မပေးခဲ့ဘဲ ပွဲကို ဆက်လက်ကစားစေခဲ့သည်။ ၅၄ မိနစ်တွင် အာဆင်နယ်ကွင်းလယ်လူ ဖလာမီနီပြစ်ဒဏ်ဘောကျူးလွန်သည့်အတွက် အ၀ါကဒ်ပြခံရသည်။ ပွဲချိန် ၆၇ မိနစ်တွင် စပါးအသင်းက ဒမ်ဘီလီအစား ဒီဖိုးကိုလူစားလဲခဲ့ပြီး ၇၂ မိနစ်တွင် ဆန်းဒရို့စ်နှင့် လာမယ်လာတို့ပါဝင်လာခဲ့ကာ စပါးအသင်း တိုက်စစ်မြှင့်ခဲ့သည်။ ၇၅ မိနစ်တွင် စပါးတိုက်စစ်မှူးဒီဖိုး ကန်သွင်းခွင့်ရခဲ့ပြီး အာဆင်နယ်ဂိုးသမား ရှက်ဇနီပုတ်ထုတ်လိုက်ရာမှ ပြန်ကျလာသည့် ဘောလုံးကို ဆိုလ်ဒါဒိုက ကန်သွင်းရာ ဂျီရောဒ့်လက်ဖြင့်ထိခဲ့သည်။ စပါးအသင်းသားများက ပင်နယ်တီပေးရန်တောင်းဆိုခဲ့သော်လည်း ဒိုင်လူကြီးက ပွဲကိုဆက်လက်ကစားစေခဲ့သည်။ ၇၉ မိနစ်တွင် ဝေါ့လ်ကော့၏ကြိုပမ်းမှုအား စပါးဂိုးသမားလောရစ် အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့သည်။ နောက်ပိုင်း မိနစ်များတွင် စပါးအသင်းက တစ်သင်းလုံး ဖိကစားခဲ့ပြီး အာဆင်နယ်သအင်းက ရိုဆစ်စကီးအစား မွန်ရီးယဲလ်နှင့် ဝေါလ်ကော့အစား ဆဂ်ညာတို့ကိုထည့်သွင်းကာ အနိုင်ရလဒ်ကိုထိန်းထားနိုင်ခဲ့သောကြောင့် ပွဲအပြီးတွင် အဆင်နယ်အသင်းက အဖိုးတန်အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့သည်။
    ____________________________
    အခြားပွဲစဉ်တစ်ခုဖြစ်သည့် ၀က်စ်ဘရွန်းအသင်းနှင့် ဆွမ်ဆီးအသင်းတို့ပွဲစဉ်တွင် ဆွမ်ဆီးအသင်းက ၂ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ ၀က်စ်ဘရွန်းအသင်း၏ အိမ်ကွင်းတွက်စားခဲ့သည့် အဆိုပါပွဲစဉ်တွင် ဆွမ်ဆီးအတွက် အနိုင်ဂိုးများကို ဘန်ဒါးဗီးစ်နှင့် ပါဘလို ဟာနန်ဒက်စ်တို့က သွင်းယူပေးခဲ့ကြသည်။
  • Rakhine: ကုလကိုယ်စားလှယ် နမ်းဘီးယား စစ်တွေ အောင်မင်္ဂလာရပ်ကွက်မှ မွတ်စလင်မ်များနှင့် တွေ့ဆုံ
    စက်တင်ဘာ၊ ၂ ရက်၊ ၂၀၁၃
    M-Media
    ဓါတ်ပုံ- နေလ၀န်း(စစ်တွေ)
    554505_651283371551284_979620403_n
    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Vijay Nambiar ဟာ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှာ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်၊ ဗလီ၌ ဒေသခံ အစ္စလာမ် ဘာသာဝင်များနှင့် တွေဆုံခဲ့တယ်လို့ သိရပါတယ်။
    ထိုသို့တွေ့ဆုံစဉ် အစိုးရအဖွဲမှာ လ၀က ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အတူ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
    Mr. Nambiar ဟာ သူရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်မှာ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တောနဲ့ စစ်တွေမြို့နယ်တွေက ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။
    အောင်မင်္ဂလာရပ်ကွက်ဟာ ယမန်နှစ် က စစ်တွေမြို့မှာ အကြမ်းဖက်မှုတွေဖြစ်ပွားပြီး မီးရှို့အကြမ်းဖက်မှုများ မခံရတဲ့ တခုတည်းကျန်ရစ်သော မွတ်စလင်မ် အများစု နေထိုင်ရာ ရပ်ကွက်ဖြစ်ပါတယ်။
    1184922_651281928218095_1099101161_n
    1233463_651283834884571_758207400_n
    1238944_651282641551357_271479586_n