News @ M-Media
Author: M-Media
  • မွတ်စလင်မ် လောကအတွက် မျှော်လင့်ချက် အသစ်ဖြစ် တည်စေသည့် ရာဘီအဟ်(Rabia) သင်္ကေတ
    စက်တင်ဘာ ၂ ရက်၊ ၂၀၁၃
    M-Media
    Rabia
    အစ္စတန်ဘူလ်။    ။ ကမ္ဘာအနှံ့ရှိ လူ ၁၀ သန်းကျော် အသုံးပြုနေသည့်  လက်လေးချောင်းထောင် အောင်မြင်ရေး သင်္ကေတသည်   အီဂျစ်နိုင်ငံသားထောင်ပေါင်းများစွာ၏ ၄၅ ရက်ကြာ ယာယီစခန်းကို ကိုယ်စားပြုဖော်ပြချက်ဖြစ်၏။ ၄င်းသင်္ကေတသည် ယခုအခါ ကမ္ဘာ့မွတ်စ်လင်မ်များကြား မျှော်လင့်ချက်သင်္ကေတ တစ်ခုအဖြစ်သို့ အသွင် ကူးပြောင်းလာခဲ့ပြီဖြစ်သည်။
    “ ရာဘီအဟ်သင်္ကေတဟာ ရိုးရှင်းသော အမှတ်အသားတစ်ခုပါပဲ။ သို့သော်လည်း “ ကျွန်တော်တို့ထံမှာ ပြောစရာတွေ တစ်ပွေ့တစ်ပိုက်နဲ့ပါ ” ဆိုပြီး မွတ်စလင်မ်လောကရဲ့ကမ္ဘာကို အသိပေးချက်တစ်ရပ် ဖြစ်လို့လာပါပြီ။ ဒီသင်္ကေတက မွတ်စ်လင်မ်ကမ္ဘာကြီးရဲ့အပြောင်းအလဲကိုလည်း တရားဝင်ပြသနေပါတယ် ” ဟု World Bulletin သို့ Union of NGOs of the Islamic World (UNIW) ၏ အထွေထွေစည်းရုံးရေးမှူး စီဟန်ဂီရ် အစ္စဘိလီရ် (Cihangir Isbilir) မှ  သြဂုတ်လ ၃၀ ရက်၊ သောကြာနေ့တွင်  ပြောကြားခဲ့သည်။
    ရာဘီအဟ် အမည်ရှိ ယာယီစခန်း၌ စုပြုံ သတ်ဖြတ်ခံရခြင်းအပေါ် တရားမျှတမှုအတွက် လက်လေးချောင်းထောင် ရာဘီအဟ် သင်္ကေတ ဖြစ်ပေါ်အသုံးပြုလာခြင်းဖြစ်သည်။
    အာရဗီဘာသာစကားအရ “ရာဘီအဟ်” ဆိုသည်မှာ နံပါတ်လေး သို့မဟုတ် လေးခုဟု အဓိပ္ပာယ်ထွက်၏။ ၄င်း သင်္ကေတသည် အီဂျစ်နိုင်ငံရှိ မတရားအာဏာသိမ်းမှုအား ဆန့်ကျင်သော အမှတ်သင်္ကေတ ပင်ဖြစ်သည်။
    ဇူလိုင်လ ၃ ရက်နေ့တွင် သမ္မတဟောင်း မုဟမ္မဒ် မိုရ်စီ (Mohamed Morsi) အား ကာကွယ်ရေးဝန်ကြီးချုပ် အဗ်ဒုလ် ဖတာဟ် အလ်စစ်စီ (Abdul Fatah al-Sisi) က ဖြုတ်ချခဲ့မှုနောက်တွင် လွန်ခဲ့သောလ၌ ယင်းသို့  ပြည်သူများ၏ ကန့်ကွက်ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။
    စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သောအားဖြင့် ကန့်ကွက်ဆန္ဒပြသူများသည် ကိုင်ရို ရာဘီအဟ် (Cairo Rabai) နှင့် နဟ်ဒါ စကွဲရ် (Nahda Squares) တွင် တစ်လခွဲကျော်ကြာ ယာယီစခန်းချခဲ့ကြသည်။
    Rabia5
    လွန်ခဲ့သော သြဂုတ်လ ၁၄ ရက်နေ့တွင် အီဂျစ်လုံခြုံရေးအဖွဲ့သည် ယင်းအခြေအနေအားအဆုံးသတ်ရေးအတွက် ကန့်ကွက် ဆန္ဒပြသူများကို ဖြိုခွဲခဲ့သဖြင့် လူပေါင်း ရာကျော် သေဆုံးကာ၊ ထောင်ကျော် ဒဏ်ရာရရှိခဲ့ကြသည်။
    ဖြိုခွဲမှုမတိုင်မှီ နာရီပိုင်းအလိုတွင်  အီဂျစ်ရှိ ဒီမိုကရေစီလိုလားသော ကန့်ကွက်ဆန္ဒပြသူများက ၄င်းတို့၏ တောင်းဆိုချက်ကို ကမ္ဘာမှသိစေရန် လက်လေးချောင်းထောင် သင်္ကေတဖြင့် ပြသခဲ့ကြသည်။
    တူရကီနိုင်ငံရေး လှုပ်ရှားသူများ၏ “R4bia.com”  ၀က်ဘ်ဆိုဒ်မှတစ်ဆင့် တင်ပြရာမှ ထိုသင်္ကေတသည် မွတ်စ်လင်မ် ကမ္ဘာအတွင်း ပျံ့နှံ့သွားခဲ့သည်။ ထို့နောက်ပိုင်းတွင် “#Whatisr4bia” ဆိုသော စာသားအား Twitter တွင် ဖော်ပြရေးသားခဲ့ကြပြီး၊ တူရကီနိုင်ငံတွင် လူကြည့်အများဆုံး Trend Topics (TT) ဖြစ်လာခဲ့သည်။ ပြီးနောက် ကမ္ဘာသိအဆင့်သို့ ၀င်ရောက်နေရာယူလာခဲ့သည်။ ယခုသော် အာရှ မှ ဥရောပ၊ အာဖရိက မှ အမေရိကအထိ ကမ္ဘာ့တစ်ဝှန်း လူအသီးသီး၏ စိတ်ဝင်စားမှုကို ရရှိသော ကမ္ဘာ့ဦးတည်ချက်စာသား တစ်ခုဖြစ်လာခဲ့ပေပြီ။
    ပါကစ္စတန်၊ အီရတ်၊ အီဂျစ်၊ ဘော့စနီးယား၊ ဟာဇီဂိုဗီးနား၊ မလေးရှား နှင့် အင်ဒိုနီးရှားရှိ အင်တာနက် အသုံးပြုသူ ထောင်ပေါင်းများစွာမှ တွင်တွင် ကျယ်ကျယ်အသုံးပြုလာပြီး ဥရောပ နှင့် အမေရိကတို့တွင်လည်း ထို “#Whatisr4bia” ခေါင်းစဉ်အောက်ရှိ စာသားများ နှင့် ဓာတ်ပုံများကို ဖြန့်ဝေခဲ့ကြသည်။
    Facebook ပေါ်၌ “ ရာဘီအဟ် သင်္ကေတ ” အား Profile Picture အဖြစ်အသုံးပြုသူများမှာ သန်း ၁၀၀ ကျော် ရှိနေကြောင်း သိရသည်။
    “ ရာဘီအဟ်သင်္ကေတဟာ ကမ္ဘာအနှံ့ ပြန့်နှံ့လျက်ရှိတယ်၊ ထို့အတူ လူအများကလည်း မတုန့်မဆိုင်း လက်ခံခဲ့ကြသလို လူမှုကွန်ရက်တွေမှာ လူ သန်း ၁၀၀ လောက် ဖြန့်ဝေနေကြပါတယ် ” ဟု အစ္စဘိလီရ် က ဆိုသည်။
    သူ့အမြင်အရ ထိုကဲ့သို့ သင်္ကေတပြန့်နှံ့ခြင်းမှာ မွတ်စ်လင်မ်ကမ္ဘာသည် လွန်ခဲ့သော နှစ် ၂၀က ပျောက်ဆုံးနေခဲ့သော “ မိမိကိုယ်ကိုပြန်လည်ရှာဖွေခြင်း” ဖြစ်စဉ်သို့ ၀င်ရောက်နေခြင်းဖြစ်ကြောင်း၊ အီဂျစ်ပြည်သူတို့၏ ထူးခြားပြင်းထန်သော ခုခံကာကွယ်မှုသည် ယခုတွင်တော့ အများပြည်သူ နှင့် လူမျိုးစုတို့အတွင်း၌ အသိတရားများ နှင့် ပြန်လည် သက်ဝင်နိုးကြားရေး လှုပ်ရှားမှုများအဖြစ် မထင်မှတ်စွာ အသွင်ကူးပြောင်းခဲ့ကြောင်း ၄င်းမှ ထည့်သွင်းပြောကြားခဲ့သည်။
    Ref: OnIslam
    Photo- http://www.r4bia.com/
    Rabia3 Rabia4 Rabia7  Rabia9
    Rabia8
  • စက်တင်ဘာ ၁ ၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို စုစည်းမှု
    စက်တင်ဘာ ၁ ရက်၊ ၂၀၁၃
    M-Mediathai-rubber
    စာနယ်ဇင်းကောင်စီနဲ့ သမ္မတ တွေ့ဆုံ
    မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)က တာဝန်ရှိသူတွေဟာ သမ္မတ ဦးသိန်းစိန်နဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ရာ သမ္မတကမြန်မာ စာနယ် ဇင်း ကောင်စီ နဲ့ ပုဂ္ဂလိက သတင်း စာတွေ ကို အကူ ညီ ပေး သွား မယ် လို့ ပြောကြား ခဲ့ ပါတယ်။
    ဒီကနေ့ မက် မ နက် ၉နာရီ က နေပြည်တော် မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး ဒါဟာ သမ္မတနဲ့ စာနယ်ဇင်း ကောင်စီတို့ ပထမ ဆုံး အကြိမ် တွေ့ဆုံတဲ့ပွဲ လည်း ဖြစ်ပါတယ်။ (BBC)
    _____________________________
    ထိုင်းတောင်ပိုင်းတွင် ရာဘာ စိုက်ပျိုးသူတစ်ဦး ပစ်သတ်ခံရ
    ထိုင်းတောင်ပိုင်းတွင် ရာဘာစိုက်ပျိုးသူများက ရာဘာဈေးတိုးမြှင့်ပေးရန် စုပေါင်းဆန္ဒပြကြရာ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။ ယနေ့ပြုလုပ်ခဲ့သည့်အဆိုပါဆန္ဒပြပွဲမှာ ထိုင်းတောင်ပိုင်း နာခွန်စိသာမာရတ်ပြည်နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သေဆုံးသူမှာ အသက် ၂၉နှစ်အရွယ်ရှိပြီး၊ အသက် ၂၅ နှစ်အရွယ်ရှိ ရာဘာစိုက်ပျိုးသူတစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်ဟု ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
    _____________________________
    နယ်ဆင်မင်ဒဲလား ဆေးရုံမှဆင်းပြီ
    ကျန်းမာရေးဆိုးရွားမှုကြောင့် ဆေးရုံတွင်ဆေးကုသမှုခံနေရသည့် တောင်အာဖရိက သမ္မတဟောင်း နယ်ဆင်မင်ဒဲလားမှာ ယခုအခါ ဆေးရုံးမှဆင်းပြီဟုသိရသည်။ ဂျိုဟန်နစ္စဘတ်မြို့ရှိ ၎င်း၏နေအိမ်သို့ရောက်ရှိလာခဲ့ပြီး ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ဖွယ်ရာအနေအထားတွင်ရှိနေဆဲဖြစ်ကာ နေအိမ်တွင် ဆက်လက်ဆေးကုသမှုခံယူရမည်ဟု တောင်အာဖရိက သမ္မတရုံးဝဘ်ဆိုဒ်တွင် ဖော်ပြခဲ့သည်။
    _____________________________
    တာလီဘန် ၄၅ ဦး အာဖဂန်အစိုးရထံအလင်းဝင်
    အာဖဂန်နစ္စတန်အနောက်ပိုင်း ပြည်နယ်တစ်ခုရှိ တာလီဘန် ၄၅ ဦးမှာ အစိုးရထံလက်နက်ချ အလင်းဝင်ခဲ့သည်ဟုသိရသည်။ ဟီရတ်ဟုအမည်ရသည့် ပြည်နယ်ရှိ တာလီဘန်များမှာ အမျိုးသားရင်ကြားစေ့ရေးအဖွဲ့နှင့်ဆက်သွယ်ခဲ့ပြီး လက်နက်ချ အလင်းဝင်ခဲ့ခြင်းဖြစ်သည်ဟု အာဖဂန်အမျိုးသားလုံခြုံရေးအဖွဲ့ကပြောဆိုမှုကို ထောက်လှမ်းရေးအေဂျင်ဆီမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
    _____________________________
    အင်ဒိုနီးရှားတွင် ၆.၅ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်
    အင်ဒိုနီးရှားနိုင်ငံ Kepulauan Barat Daya ဒေသတွင် အင်အားရစ်ခ်ျတာစကေး ၆.၅ အဆင့်ရှိ ငလျင်တစ်ခု ယနေ့နေ့လည်ပိုင်းက လှုပ်ခတ်ခဲ့သည်ဟုသိရသည်။ အဆိုပါ ငလျင်လှုပ်ခတ်မှုအား အမေရိကန်ဘူမိဗေဒ လေ့လာရေးအဖွဲ့ကာ စောင့်ကြည့်နေပြီး ယခုအချိန်အထိ ဆူနာမီသတိပေးချက်မထုတ်ပြန်သေးပေ။
  • စက်တင်ဘာ ၁ ၊ အားကစား သတင်းများ
    စက်တင်ဘာ ၁ ရက်၊ ၂၀၁၃
    M-Media
    ကိုလေး စုစည်းတင်ဆက်သည်။
    01_192013
    မန်စီးတီး၊ နယူးကာဆယ်နှင့် ခရစ္စတယ်ပဲလေ့စ်တို့ အနိုင်ရရှိခဲ့သည့် ပရီးမီယားလိဂ် ပွဲစဉ် ၃ စနေနေ့ညပွဲစဉ်များ
    ပရီးမီးယားလိဂ်ပွဲစဉ် ၃ အဖြစ် စနေနေ့ညက ၆ ပွဲကစားခဲ့ရာ မန်ချက်စတာစီးတီး၊ နယူကာဆယ်နှင့် ခရစ္စတယ်ပဲလေ့စ်တို့က အသီးအသီးအနိုင်ရရှိခဲ့သည်ဟု သိရသည်။
    မန်စီးတီးအသင်းသည် ဟားလ်စီးတီးအသင်းအား အိမ်ကွင်းတွင် ဧည့်ခံကစားခဲ့ရပြီး ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ မန်စီးအတွက်ဂိုးများကို ယခုနှစ်မှ အသင်းသို့ရောက်ရှိလာသည့် တိုက်စစ်မှူးသစ် အလ်ဗာရို နီဂရီဒိုနှင့်၊ ၀ါရင့်ကွင်းလယ်လူ ယာယာတိုးရေးတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    နယူးကာဆယ်အသင်းမှာ ဖူလ်ဟမ်အသင်းအား အိမ်ကွင်းတွင် ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီး နယူးကာဆယ်အတွက်အနိုင်ဂိုးကို ၈၆ မိနစ်တွင် ဟာတင်ဘင်အာဖာက သွင်းယူပေးခဲ့သည်။
    နော်ဝစ်ခ်ျအသင်းနှင့် ဆောက်သက်တမ်အသင်းတို့ပွဲစဉ်တွင် နော်ဝစ်ခ်ျအသင်းက နတ်သန် ရဒ်မွန်၏ ပထမပိုင်းသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
    အခြားပွဲစဉ်များတွင် စတုတ်စီးတီးအသင်းက ၀က်စ်ဟမ်းအသင်းအား အဝေးကွင်းတွင် ၁ ဂိုးဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းမှာ အိမ်ကွင်းတွင် တစ်ယောက်လျော့ ဆန်ဒါလန်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
    ယမန်နေ့ညက ကစားခဲ့ကြသည့် ပွဲစဉ် ၆ ပွဲတွင် ၅ ပွဲမှာအနိုင်အရှုံးပြတ်သားခဲ့ပြီး ကာဒစ်ဖ်အသင်းနှင့် အဲဗာတန်အသင်းတို့ကစားခဲ့သည့် ပွဲတစ်ပွဲသာ ဂိုးမရှိသရေကျခဲ့သည်။
    _______________________________
    မက်ဆီ လေကျင့်ရေးခန်းမဆင်းသည့်ကိစ္စ နည်းပြ မာတီနိုရှင်း
    ဘာစီလိုနာအသင်း၏ နည်းပြဖြစ်သူ မာတီနိုက အသင်းရှိတိုက်စစ်မှူမက်ဆီ လေ့ကျင့်ခန်းအစီအစဉ်တွင် မပါဝင်ခဲ့ဘဲ အနားယူခဲ့ခြင်းမှာ တနင်္ဂနွေနေ့တွင်တွေ့ဆုံရမည့် ဗလင်စီယာအသင်းနှင်ပွဲစဉ်အတွက် အကျိုးရှိလိမ့်မည်ဟု ယူဆနေပြီး ၎င်း၏အသင်းမှာ တက်ကြွမှုမရှိဟုပြောဆိုလိုက်သည်။ မက်ဆီမှာ အက်သလက်တီကို မက်ဒရစ်အသင်းနှင့်ကစားခဲ့သည့် စပိန်စူပါဖလားပွဲစဉ်တွင် ပေါင်ဒဏ်ရာရရှိခဲ့သောကြောင့် ယမန်နေ့ကပြုလုပ်ခဲ့သည့် လေ့ကျင့်ခန်းအစီစဉ်ကို တက်ရောက်ရန်ပျက်ကွက်ခဲ့သည်။ မာတီနိုက “သူ(မက်ဆီ) ရုန်ကန်နေရတဲ့အချိန်မှာ ကျနော်တို့ဂရုစိုက်ဖို့လိုပါတယ်။ မနေ့က သူလေ့ကျင့်ခန်းမဆင်းဘူး။ ဒီနေ့သူရဲ့ဒဏ်ရာသက်သာလာတယ်။ နက်ဖြန်ဆို သူပြန်ကောင်းသွားမှာပါ။ လေ့ကျင့်ကွင်းမှာ တစ်နာရီလောက် အချိန်ပေးရတာထက်စာရင် ပွဲမှာပါဝင်ကစားနိုင်တာက ပိုကောင်းပါတယ်။” ဟုပြောကြားခဲ့သည်။
    _______________________________
    ဒီဖိုးနှင့် ဆက်ဆဂ်နန်တို့အားခေါ်ယူရန် ၀က်စ်ဘရွန်းပစ်မှတ်ထား
    ပရီးမီးယားလိဂ်ကလပ် ၀က်စ်ဘရွန်းအသင်းမှာ တော့တင်ဟမ်အသင်း၏ တိုက်စစ်မှူး ဂျာမိန်းဒီဖိုးနှင့် ဆန်ဒါးလန်းတိုက်စစ်မှူး စတီဖင် ဆက်ဆဂ်နန်တို့အားခေါ်ယူရန်  စိတ်ဝင်စားနေသည်ဟုသိရသည်။
    Daily Mirror
    _______________________________
    နိုင်ဂိုလန်ကိုခေါ်ယူရန် ဂျူဗင်တပ်ကြိုးပမ်း
    စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းမှာ ကာဂလီယာရီတိုက်စစ်မှူး ရဒ်ဂျာ နိုင်ဂိုလန်အားခေါ်ယူရန် စိတ်ဝင်စားနေသည်ဟုသိရသည်။ သို့ရာတွင် ကယ်ဂလီယာရီအသင်းဥက္ကဌ ဆယ်လီနိုက ပြောင်းရွှေ့ကြေးအနည်းဆုံး ယူရို သန်း ၂၀ အလိုရှိနေသောကြောင့် ခေါ်ယူရန်အခက်တွေ့နေသည်။
    Tuttosport
    _______________________________
    ကာဒိုဇိုအားခေါ်ယူရန် ဘာကာပစ်မှတ်ထား
    ဘာစီလိုနာအသင်းသည် ဘင်ဖီကာအသင်း၏ ပါရာဂွေးတိုက်စစ်မှူး အော်စကာ ကာဒိုဇိုအား အပြောင်းအရွှေ့ဈေးကွက်မပိတ်မီခေါ်ယူရန် ဆန္ဒရှိနေသည်ဟုသိရသည်။ ဘာကာအသင်း၏နည်းပြဖြစ်သူ မာတီနိုက အသင်းရှိအရန်အင်အားတောင့်တင်းရန် ကာဒိုဇိုအား ခေါ်ယူလိုနေခြင်းဖြစ်သည်။
    El Mundo
    _______________________________
    ကာလူးအားခေါ်ယူရန် အာဆင်နယ်ဆွေးနွေး
    အာဆင်နယ်အသင်းသည် ချယ်ဆီးအသင်း၏တိုက်စစ်မှူး ဆော်လမွန် ကာလူးအားခေါ်ယူရန် ဆွေးနွေးနေသည်ဟုသိရသည်။ ကာလူးမှာ လိုင်လီအသင်းသို့ အငှားဖြင့်သွားရောက် ကစားနေပြီး လိုင်လီအသင်းမှ ထွက်ခွာချင်နေသူဖြစ်သည်။ အာဆင်နယ် အသင်းမှာ ရီးယဲလ်မက်ဒရစ်မှ ထွက်ခွာမည်ဟု ကြေညာထားသည့် ဘရာဇီးတိုက်စစ်မှူး ကာကာကိုလည်း ခေါ်ယူရန် ပစ်မှတ်ထားနေသည်။
    Daily Mail
    _______________________________
    ဟာရီရာအား မန်ယူဒုတိယအကြိမ်ကမ်းလှမ်း
    မန်ချက်စတာယူနိုက်တက်အသင်းသည် အက်သလက်တီကိုဘီဘာအိုအသင်း၏ ကစားသမား အန်ဒါဟာရီရာအားခေါ်ယူရန် ဒုတိယအကြိမ် ကမ်းလှမ်းလိုက်သည်ဟု သိရသည်။ ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ ဖြင့်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်ကမ်းလှမ်းမှုအား ဘီဘာအိုအသင်းမှ ပယ်ချခဲ့သောကြောင့် ယခုကဲ့သို့ ဒုတိယအကြိမ် ကမ်းလှမ်း လိုက်ခြင်းဖြစ်သည်။
    Daily Mirror
    _______________________________
    ဖက်ဒါရာနှင့် နာဒယ်လ်တို့ စတုတ္ထအဆင့်သို့ တက်ရောက်ခဲ့ကြသည့် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ
    အမေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲတတိယအဆင့်တွင် နိုင်ခြေအဆင့် ၂ ရှိ စပိန်တင်းနစ်သမား ရာဖေးလ်နာဒယ်လ်မှာ ခရိုအေးရှားတင်းနစ်သမား အိုင်ဗင်ဒေါ့ဒ်အစ်အား အနိုင်ရရှိခဲ့သည်ဟု သိရသည်။ ၂ နာရီနှင့် ၈ မိနစ်ကြာမြင့်ခဲ့သည့်အဆိုပါပွဲစဉ်တွင် နာဒယ်လ်က ဒေါ့ဒ်အစ်အား ၆-၄၊ ၆-၃၊ ၆-၃ ဖြင့် သုံးပွဲပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ နာဒယ်လ်မှာ စတုတ္ထအဆင့်တွင် နိုင်ခြေအဆင့် ၁၃ ရှိ ဂျွန်အစ္စနာနှင့် နိုင်ခြေအဆင့် ၂၂ရှိ  ဖိလစ် ကိုရှရိုင်ဘာတို့ပွဲစဉ်မှ အနိုင်ရရှိသူနှင့် တွေ့ဆုံ ရမည်ဖြစ်သည်။
    နိုင်ခြေအဆင့် ၇ ရှိ ရော်ဂျာဖက်ဒါရမှာ ပြင်သစ်တင်းနစ်သမား အက်ဒရီယန် မန်နာရီနိုအားအနိုင်ယူကာ စတုတ္ထအဆင့်သို့တက်ရောက်သွားပြီဟုသိရသည်။ ထိုပွဲစဉ်မှာ ၈၁ မိနစ်သာကြာမြင့်ခဲ့ပြီး ဖက်ဒါရာက မန်နာရီနိုအား ၆-၃၊ ၆-၀၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    _______________________________
    ယူအက်စ်အိုးပင်းတစ်နစ်ပြိုင်ပွဲမှ ပီထရာ ကဗီတိုဗာနှင့် ၀ုဇ်နီအက်ကီတို့ ထွက်ခွာ
    အသက် ၂၃ နှစ်အရွယ်ရှိပြီး ကမ္ဘာ့အဆင့် ၈၁ ရှိသည့် ရစ္စကီမှာ နိုင်ခြေအဆင့် ၇ ရှိ ကဗီတိုဗာအား ၆-၃၊ ၆-၀ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ရစ္စကီက “အခုပွဲနိုင်လိုက်တဲ့ အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှု အသစ်တွေရရှိလာပါတယ်။” ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ဒိန်းမတ်တင်းနစ်မယ် ကာရိုလိုင်း ၀ုဇ်နီအက်ကီမှာ အီတလီတင်းနစ်မယ် ကမီလာ ဂျီအော်ဂျီအား တတိယအဆင့်တွင် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်ဟုသိရသည်။ ယမန်နှစ်က ၀င်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲ စတုတ္ထအဆင့်အထိရောက်ရှိခဲ့သည့် ဂျီအော်ဂျီမှာ ၀ုဇ်နီအက်ကီအား ၄-၆၊ ၆-၄၊ ၆-၃ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    skysport
  • ရခိုင်:: သံတွဲ ငန်းကျွန်းကျေးရွာရှိ မွတ်စလင်မ်ပိုင် တဲ၂-လုံးနှင့် ကြက်ခြံ မီးရှို့ဖျက်ဆီးခံရ
    စက်တင်ဘာ ၁၊ ၂၀၁၃
    M-Media
    အေးမောင်
    1174753_1409391222616905_398583224_n
    သံတွဲ ။         ။         ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ တောင်ညိုကျေးရွာအကျော် ငန်းကျွန်းကျေးရွာတွင် မွတ်စလင်မ်ပိုင် တဲ-၂လုံးနှင့် ကြက်ခြံတစ်ခြံအား အကြမ်းဖက်သမားများက ယနေ့ နံနက် ၁-နာရီခန့်က မီးရှို့ ဖျက်ဆီးလိုက်ကြောင်း  သိရသည်။
    “သံတွဲနဲ့ ၅-မိုင်လောက်ဝေးတဲ့နေရာမှာ တောင်ညိုကျေးရွာဆိုတာရှိတယ်။ တောင်ညိုကျေးရွာအလွန်က ငန်းကျွန်းကျေးရွာဆိုတာရှိတယ်။ အဲဒီ ငန်းကျွန်းကျေးရွာမှာ တဲ ၂-တဲနဲ့ ကြက်ခြံကို မီးရှို့ခံလိုက်ရတယ်။ ကိုစောထွန်းနဲ့ ကိုဝင်းရွှေတို့ပိုင်တာပါ။ ဒီနေ့ မနက်အစောကြီး ၁-နာရီက မီးရှို့ခံလိုက်ရတာပါ။ သံတွဲ အံတော်မှာ မီးရှို့တာနဲ့ပတ်သက်ပြီး တစ်နေ့က ဆင်ဂေါင်းဆိုတဲ့ရွာမှာ ၅-ယောက်ကို ဖမ်းတယ်။ အဲလို ဖမ်းတာကို ဒေါသထွက်လို့ ဒီရွာမှာလာပြီး မီးရှို့တယ်လို့ သိရတယ်။”လို့ သံတွဲမြို့ခံမှ ပြောပြလာပါတယ်။
    အကြမ်းဖက်သမားများသည် သံတွဲမြို့အား အကြမ်းဖက်မှုများဖြစ်ပေါ်စေရန် အမြဲတစေ လှုံ့ဆော်မှုများပြုလုပ်လျက်ရှိရာ သံတွဲမြို့ပေါ်တွင် အကြမ်းဖက်မှုများ မပေါ်ပေါက်စေရန် ၀ိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်နေရကြောင်းလည်း သိရသည်။
    မြန်မာနိုင်ငံကို ရောက်ရှိနေသည့် မစ္စတာ နမ်ဘီးယားသည် မနက်ဖြန်တွင် သံတွဲကို ရောက်ရှိမည်ဖြစ်သောကြောင့် သံတွဲမြို့ အံတော်မြို့သစ်တွင် မီးရှို့ခံရသည့် အိမ်များအား ပြန်လည်ထူထောင်သည့် အခြေအနေများကို ဓါတ်ပုံရိုက်ယူမှုများ ပြုလုပ်လျက်ရှိပါတယ်။ သံတွဲမြို့ခံ မွတ်စလင်မ်များမှလည်း မစ္စတာနမ်ဘီးယားနှင့် တွေ့ဆုံ၍ ဒေသအခြေအနေများကို တင်ပြဆွေးနွေးမှုများပြုရန် ဆန္ဒရှိနေသည်ဟုလည်း M-Media ကို သံတွဲမြို့ခံတစ်ဦးမှ ထပ်မံ ပြောကြားလာပါတယ်။
    1235024_1409391302616897_1915987549_n
  • စကော့တလန် ဗလီကျောင်းတော်တစ်ခု၌ လူမျိုးဘာသာမရွေး အတွက် Mosque Kitchen စားသောက်ဆိုင်ဖွင့်လှစ်
    စက်တင်ဘာ ၁ ၊ ၂၀၁၃
    M-Media
    mosque_kitchen_outside_good
    အီဒင်ဘာ့ဖ် (Edinburgh)။    ။ အီဒင်ဘာ့ဖ်တွင် ထူးခြားသော စံပြလုပ်ဆောင်ချက်အဖြစ် စကော့တလန် ဗလီကျောင်းတော် တစ်ခုသည် သူ၏ စားသောက်ဆိုင်အား မွတ်စ်လင်မ်ဝတ်ပြုသူများအပြင် မွတ်စ်လင်မ် မဟုတ်သူများပါ စားသုံးနိုင်ရန်အတွက် ၉/၁၁ အဖြစ်အပျက်များအပြီးတွင် စတင်ကာ ဖွင့်လှစ်ခဲ့ပြီး၊ ယခုအခါ အောင်မြင်မှု ရလျက်ရှိသည်။
    “ ကျွန်တော်တို့က သောကြာနေ့ဝတ်ပြုပြီးတိုင်း  စားသောက်ဆိုင်ကို ဖွင့်လှစ်လာခဲ့ပြီး ကြက်သားနှင့်ထမင်းကို ပေါင်စတာလင် ၂ ပေါင်နှုန်းနဲ့ရောင်းချပေးနေခဲ့ပါတယ် ” ဟု  သြဂုတ်လ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့က BBC သတင်းဌာနသို့ အီဒင်ဘာ့ဖ်ရှိ Mosque Kitchen ၏ အုပ်ချုပ်သူမန်နေဂျာ မူဘာရှား အလီ (Mubashar Ali) မှပြောကြားခဲ့သည်။
    ၁၉၈၀ ခုနှစ်များတွင် အီဒင်ဘာ့ဖ်ရှိ  ထို Mosque Kitchen သည် အစ္စလာမ်ဘာသာဝင်များအတွက်သာ ရောင်းချရန် ရည်ရွယ်ခဲ့သည်။
    သို့သော် နယူးယောက်ခ်တွင်  ၉/၁၁ တိုက်ခိုက်မှု၏နောက်ပိုင်း ဗလီကျောင်းတော်၏အုပ်ချုပ်ရေးမန်နေဂျာများမှ မွတ်စ်လင်မ် မဟုတ်သူများအတွက်ပါ တံခါးဖွင့်လှစ်စေခဲ့သည်။ မွတ်စ်လင်မ်တို့၏ယုံကြည်ချက်များအပေါ် နားလည်မှုလွဲမှားခြင်းကို ချေဖျက်ရန် နှင့် အခြားဘာသာဝင်များနှင့်ထိတွေ့ဆက်ဆံမှုရှိစေရန် ရည်ရွယ်ခဲ့ကြခြင်းဖြစ်သည်။
    “ ၉/၁၁ အဖြစ်အပျက်နောက်ပိုင်း ခရစ်ယာန်၊ ဟိန္ဒူ နဲ့ ဆစ်ခ် အပါအ၀င် အခြားဘာသာဝင်တွေအားလုံးကို အစ္စလာမ့်အကြောင်းသိစေဖို့အတွက် ဗလီထဲမှာ ပြပွဲတစ်ရပ်ကျင်းပခဲ့ပါတယ်။ တစ်ချိန်တည်းမှာဘဲ အစ္စလာမ်ဘာသာဝင်များကိုသာ ရောင်းချနေတဲ့ စားသောက်ဆိုင်ငယ်လေးကို လူတွေကသတိပြုမိသွားကြပါတယ် ” ဟု စားသောက်ဆိုင်တွင် ယခင်ကတည်းက တာဝန်ယူဆောင်ရွက်နေသူ အလီက ဆိုသည်။
    Mosque Kitchen သည် အီဒင်ဘာ့ဖ်ရှိ ပြည်သူများကြား တစ်စစဖြင့် အောင်မြင်လာခဲ့သည်။
    “ အစ္စလာမ်ဟာ အကြမ်းဖက်ဝါဒတစ်ခုမဟုတ်ကြောင်း လူအများကို ကျွန်တော်တို့ပြချင်ခဲ့ပါတယ်၊ ဒါ့ကြောင့် စားသောက်ဆိုင်ကို တိုးချဲ့လို့ နေ့တိုင်းဖွင့်လှစ်နိုင်အောင် ကြိုးစားခဲ့တဲ့အပြင် အခြားဘာသာဝင်အားလုံးကိုလည်း စတင်ကြိုဆိုဖိတ်ခေါ်ခဲ့ပါတယ်။ စဦးပိုင်းတုန်းကတော့ လူတွေ လာရောက်ဖို့ကြောက်နေကြတယ်၊ တွန့်ဆုတ်နေကြတယ်ပေါ့။ သို့ပေမယ့်လည်း သိပ်မကြာခင်မှာ ဒေသခံဟင်းလျာရတဲ့ဆိုင်တစ်ဆိုင်အဖြစ် ကျော်ကြားလာတော့တာပါဘဲ ” ဟု အလီက ထပ်မံပြောပြသည်။
    စကော့တလန်တွင် မွတ်စ်လင်မ် ၅၀၀,၀၀၀ ကျော်ရှိပြီး၊ လူဦးရေစုစုပေါင်း၏ ၁ ရာခိုင်နှုန်းပင် မပြည့်ချေ။
    မွတ်စ်လင်မ်တို့သည် နိုင်ငံအတွင်း  ဒုတိယအကြီးဆုံး ဘာသာရေးလူ့အဖွဲ့အစည်းဖြစ်ပြီး၊ ဗလီကျောင်းတော် ၃၀ ရှိကြောင်း သိရသည်။
    အောင်မြင်မှု
    အီဒင်ဘာ့ဖ်ရှိ လူများအား နှစ်ပေါင်း ၂၀ ကျော်ကြာ တည်ခင်းရောင်းချခြင်းဖြင့် Mosque Kitchen သည် သူ၏ အောင်မြင်မှုအား ထိုက်ထိုက်တန်တန် ရရှိခဲ့ခြင်းဖြစ်သည်။
    “ Mosque Kitchen ဟာ ဖော်ရွေတယ်။ လူတိုင်း အရသာရှိရှိ စားသောက်နိုင်လောက်အောင်လည်း ဈေးသက်သာတယ်လေ ” ဟု အီဒင်ဘာ့ဖ်၌ နှစ် ၂၀ ကျော်ကြာနေထိုင်လာခဲ့သော အိုင်လာ (Ayla) က ဆိုသည်။
    ဖဟဒ် ဘက် (Fahad Beg) သည် ထိုစားသောက်ဆိုင်သို့ အပတ်စဉ် မကြာမကြာလာလေ့ရှိသူဖြစ်သည်။
    ပထမဆုံးဖွင့်လှစ်ချိန်ကပင် သူသည် အီဒင်ဘာ့ဖ် ဗလီကျောင်းတော်သို့ လာရောက်ဝတ်တက်လေ့ရှိပြီး၊ ၀တ်ပြုမှုပြီးလျှင် ၄င်း၌သွားရောက်စားသောက်စမြဲ ဖြစ်၏။
    “ အခုဆိုယင် အဲ့ဒီအရသာကို ကျွန်တော်နှစ်သက်နေပြီ။ တစ်မိုးအောက်ထဲမှာ လူပေါင်းစုံ  အတူတကွစုရုံးစားသုံးစေတာက အလွန်ကို ကောင်းမွန်တဲ့ အတွေးအမြင်တစ်ခုဘဲဗျ  ” ဟု သူမှ ၀န်ခံပြောဆိုသည်။
    စားဖိုမှူးတစ်ဦးဖြစ်သူ ဟမ်ဇား (Hamza) က စားသုံးသူများကြားတွင် ထမင်းသည် အရောင်းရဆုံး ဖြစ်ကြောင်း ပြောပြသည်။
    “ ကျွန်တော့်အိမ်လက်ရာ  အိန္ဒိယအစားအသောက်လို အနီးစပ်ဆုံးရနိုင်တာကတော့  အီဒင်ဘာ့ဖ်တစ်မြို့လုံးမှာ ဒီတစ်နေရာထဲ ရှိပါတယ် ” ဟု သုံးနှစ်မျှ နိုင်ငံအတွင်းလာရောက်ပညာသင်ကြားနေသူ မိတ်သ်လီ (Maithlee) က ဆိုပါသည်။
    သက်သတ်လွတ်သမားတစ်ဦးဖြစ်သော ဆဟီးလ် (Sahil) ကလည်း  ၄င်းဆိုင်မှ ထမင်းနှင့် ပဲနီလေးဟင်းသည် အိန္ဒိယမှာရှိနေသော သူ့မိခင်၏လက်ရာအလား ခံစားရသည်ဟု ပြောဆိုလေ့ရှိသည်။