News @ M-Media

Author: M-Media

  • မွတ်စလင်များ နည်းတူ ဖိနှိပ်ခြင်းခံရသော မြန်မာနိုင်ငံမှ ခရစ်ယာန်များ

    မွတ်စလင်များ နည်းတူ ဖိနှိပ်ခြင်းခံရသော မြန်မာနိုင်ငံမှ ခရစ်ယာန်များ

    ဖေဖော်ဝါရီ ၁၈ ၊ ၂၀၁၅
    M-Media
    Elderly_woman_and_church
    – ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသော်လည်း မကြာသေးမီနှစ်များ အတွင်း နိုင်ငံရှိ လူ့အခွင့်အရေး မှတ်တမ်းများနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာနိုင်ငံကို ဖိအားပေးမှုများ ရှိခဲ့လေသည်။ ဘာသာရေး လွတ်လပ်ခွင့်ကလည်း နိုင်ငံ တစ်ဝှမ်း ကြီးကြီးမားမားပင် ကန့်သန့်ချုပ်ချယ်မှုများ ရှိနေသည်။

    ဗုဒ္ဓဘာသာဝင် အများစုရှိရာ မြန်မာနိုင်ငံတွင် မွတ်စလင် လူနည်းစုများအား ဖိနှိပ်ချုပ်ချယ်ခြင်းကို နိုင်ငံတကာ မီဒီယာများနှင့် နိုင်ငံခြားရေးရာပေါ်လစီ များက အလွန်အမင်း စိတ်ဝင်စားမှု ရှိခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံ အနောက်မြောက်ဘက် နယ်စပ် တစ်လျှောက် ချင်းပြည်နယ်ရှိ ခရစ်ယာန် ဘာသာဝင်များမှာလည်း စိန်ခေါ်မှုများ၊ ကန့်သတ်မှုများနှင့် ရင်ဆိုင်နေကြရသည်။

    “ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ကတော့ ချင်းပြည်နယ်မှာ ဘာမှ တိုးတက်မှုမရှိပါဘူး။ စစ်အာဏာရှင် စနစ်အတွင်းက လက်ဝါးကပ်တိုင်တွေကို ဖျက်ဆီးခဲ့သလိုပဲ အခုလည်း ဆက်လက် ဖျက်ဆီးနေတုန်းပါပဲ” ဟု ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီဥက္ကဌ ပူဇိုးရမ်က ဆိုသည်။

    နာရီစင် ထိပ်ပိုင်းနှင့် တောင်ကုန်း တောင်တန်းများပေါ်တွင် ကျွန်းသစ် သို့မဟုတ် စတီးများဖြင့် တည်ထားသော လက်ဝါး ကပ်တိုင်များ၊ ပြည်နယ် တစ်ဝှမ်းရှိ ၂၀၀၀ နီးပါးသော ခရစ်ယာန် ဘုရားကျောင်းတော်များက ခရစ်ယာန် သာသနာမှာ ဒေသ အတွင်း အဓိက အယူဝါဒဖြစ်သည်ကို ခွဲခြားသိမြင်နိုင်လေသည်။ ထိုဒေသရှိ ခရစ်ယာန်များကတော့ အစိုးရ၏ အမိန့်ဖြင့် မြင့်မြတ်ရာ အမှတ်သညာများကို ဖြိုချဖျက်ဆီးခြင်းက ၎င်းတို့၏ လူ့အဖွဲ့အစည်းကို တိုက်ရိုက် တိုက်ခိုက်သည်ဟု ယူဆနေကြသည်။

    ရာစုနှစ် တစ်ဝက်နီးပါး အုပ်စိုးခဲ့ပြီး ၂၀၁၁ ခုနှစ်ကမှ အဆုံးသတ်သွားသည့် စစ်အာဏာရှင် စနစ်အတွင်း သာသနာရေး ၀န်ကြီးဌာန၏ အမိန့်ဖြင့် လက်ဝါးကပ်တိုင်ကြီးများ ဖျက်ဆီးခဲ့သည့် အဖြစ်အပျက် ၁၃ ခုကို ချင်းလူ့အခွင့်အရေးအဖွဲ့က မှတ်တမ်းပြုစုထားသည်။ အာဏာရှင်စနစ် အဆုံးသတ်ပြီးချိန်မှစ၍ ယခုလက်ရှိ အမည်ခံဒီမိုကရေစီအုပ်ချုပ်မှုအတွင်း အနည်းဆုံး လက်ဝါးကပ်တိုင်ကြီး ၄ ခု ဖျက်ဆီးခံခဲ့ရသည်။

    “အရင်အာဏာရှင်က ခရစ်ယာန် သာသနာကို ဖိနှိပ်ချုပ်ချယ်ပါတယ်။ အထွတ်အမြတ်ထားတဲ့ လက်ဝါးကပ်တိုင်တွေကို စစ်တပ်က ဖြိုတယ်။ အစိုးရအသစ်ကလည်း ဒီလိုမျိုးပဲဆက်လုပ်ပြီ ဘုရားကျောင်းအသစ်တွေ ဆောက်လုပ်ဖို့ကိုလည်း ခွင့်မပြုပါဘူး” ဟု ချင်းပြည်နယ် ထန်တလန်မြို့နယ်ကိုယ်စားပြု လွှတ်တော်အမတ်ဖြစ်သူ ဒေါ်ဇာတလဲမ်း က ပြောကြားခဲ့သည်။

    စစ်အာဏာရှင်စနစ် တရားဝင် အဆုံးသတ်ပြီး မကြာခင် ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ကျင်ဒွဲမြို့နှင့် ကန်ပက်လက်မြို့များတွင် လက်ဝါးကပ်တိုင် ၂ ခု မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။ ဟားခါးနှင့် ဖလမ်းမြို့ရှိ ဌာနေခရစ်ယာန်များမှာ လက်ဝါးကပ် တိုင်များ၏နေရာတွင် စေတီပုထိုးများဖြင့် အစားထိုးရန် အမိန့်ပေးခြင်း ခံခဲ့ရသည်။ ထိုမျှမက တီးတိန်မြို့ရှိ လက်ဝါးကပ်တိုင် တစ်ခုကိုလည်း လမ်းဖောက်ရန် မလွတ်၍ ဖယ်ပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများက ရွာသားများအား ပြောဆိုသည့်အတွက်ကြောင့် ဖယ်ပေးခဲ့ရသည်။

    “ဘာသာရေးဆိုင်ရာ အမှတ်သညာတွေကို ဒီဒေသကလူတွေက ဆောက်လုပ်ရပါလိမ်မယ့်။ သူတို့ကို နိုင်ငံရေး ရည်ရွယ်ချက်အတွက် အလွဲသုံးစား မလုပ်သင့်ပါဘူး” ဟု ချင်းတိုးတက်ရေးပါတီမှ အတွင်းရေးမှူးဖြစ်သူ ဗုဒ္ဓဘာသာဝင် ဆရာမြက ပြောကြားခဲ့သည်။

    သာသနာရေးဝန်ကြီးဌာ၏ မှတ်တမ်းများ အရ ချင်းပြည်နယ်တွင် ဗုဒ္ဓရုပ်ရှင်တော်မြတ်နှင့် စေတီပုထိုးပေါင်း ၁၀၈ ခုရှိပြီး ခရစ်ယာန်ဘုရားကျောင်းပေါင်း ၁၉၅၈ ခုရှိသည်ဟု သိရသည်။ ပြည်နယ်အတွင်း ခရစ်ယာန်အများစုရှိမှု၏ ရှင်းလင်းသော ပြယုဂ်ပင်ဖြစ်၏။

    တီးတိန်မြို့နယ်ရှိ Assemblies of God ဘုရားကျောင်းမှ သိက္ခာတော်ရဆရာတော် သန်း က လက်ဝါးကပ်တိုင်များကို ဖျက်ဆီးခြင်းမှာ ၂၀၁၁ ခုနှစ်မှစ၍ လျော့ကျခဲ့ပြီး အချို့လက်ဝါးကပ်တိုင်များကို ယခုအချိန်တွင် ပြန်လည်တည်ထားနေသည်ဟု ဆိုသည်။ တီးတိန်မြို့နယ် ကနေဒီတောင်တန်းရှိ ကျွန်းဖြင့်ပြုလုပ်ထားသော လက်ဝါးကပ်တိုင်မှာ ၁၉၈၅ ခုနှစ်တွင် ဖြိုချဖျက်ဆီးခြင်း ခံရပြီး ထိုလက်ဝါးကပ်တိုင်အား အစားထိုးရန် ထပ်မံတည်ထားသော စတီးလက်ဝါးကပ်တိုင်ကြီးကိုလည်း ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်များတွင် ဖြိုချဖျက်ဆီး ခံခဲ့ရပြန်သည်။

    ချင်းပြည်နယ်ကိုယ်စားပြု ပါလီမန်အမတ်ဖြစ်သူ ပူဇိုးဇမ်က စစ်တပ်နှင့် ဒေသတွင်းအာဏာပိုင်များက လက်ဝါးကပ်တိုင်များ အစားထိုးတည်ထားမှုကို ပိတ်ပင်သော်လည်း အစိုးရခွင့်ပြုချက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ထိုလက်ဝါးကပ် တိုင်များကို ပြန်လည်တည်ထားရန်မှာ မိမိတို့၏ ယုံကြည်ချက်နှင့် တာဝန်ဝတ္တရားဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ပြန်လည်တည်ထားဖို့လိုနေတဲ့ လက်ဝါးကပ်တိုင်ကြီး ၁၃ ခု ရှိပါတယ်။ ကျွန်တော်တို့မြေမှာ ပဝေသဏီတည်းကရှိနေတဲ့ ဒီလက်ဝါးကပ်တိုင်တွေကို ပြည်လည်တည်ထားတာပါ။ ဒါ့ကြောင့် ဒါတွေ ပြန်လည်တည်ထားဖို့အတွက် ခွင့်ပြုချက်တောင်းဖို့လိုတယ်လို့ ကျွန်တော်တို့ မထင်ပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    လက်ဝါးကပ်တိုင်များ ဖျက်ဆီးခံရခြင်းများမှာ ချင်းခရစ်ယာန်များ ခံစားနေရသည့် တစ်ခုတည်းသော ပြဿနာမဟုတ်။

    ချင်းလူ့အခွင့်အရေးအဖွဲ့မှ စီမံကိန်းဒါရိုက်တာဖြစ်သူ ဆလိုင်းလင်းက နယ်စပ်မှ တိုင်းရင်းသားဒေသများတွင် ရှိသည့် လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းများမှာ ခရစ်ယာန်မှ ဗုဒ္ဓဘာသာသို့ ပြောင်းလဲရန် စီစဉ်ထားသည့်နေရာများဟု ပြောကြားခဲ့သည်။

    သမ္မတဦးသိန်းစိန်း၏ လက်ရှိ နှစ် ၃၀ စီမံကိန်းအောက်တွင် တည်ဆောက်ထားသော နယ်စပ်ဒေသ လူငယ်ဖွံ့ဖြိုးရေးကျောင်းများမှာ နိုင်ငံ တစ်ဝှမ်းတွင် ၂၉ ကျောင်းရှိပြီး ထိုအထဲမှ သုံးပုံတစ်ပုံမှာ ချင်းပြည်နယ်တွင် ရှိနေသည်။

    “နှစ် ၃၀ ဆိုတာ မျိုးဆက်တစ်ခုပါ။ ဒီစီမံကိန်းက ကျွန်တော်တို့ကို ပစ်မှတ်ထားတာပါ။ အစိုးရရဲ့ ဒီအစီအစဉ်ဟာ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တွေနဲ့ စိတ်ဓာတ်တွေကို ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲပစ်ဖို့ပါပဲ” ဟု ဆလိုင်းလင်းက ထပ်လောင်းပြောကြားခဲ့သည်။

    အချို့ကတော့ ခွဲခြားဆက်ဆံမှုမှာ နည်းလမ်းနှစ်မျိုးဖြင့် သွားနေသည်ဟု ဆိုကြသည်။ ချင်းပြည်နယ်တွင် ဗုဒ္ဓဘာသာဝင်များမှာ တရားဝင် ခွဲခြားဆက်ဆံခြင်း မခံရသော်လည်း ဗုဒ္ဓဘာသာဝင် ဆရာတစ်ဦဖြစ်သူ ဆရာမြက ၎င်းတို့မှာလည်း သွယ်ဝိုက်သောနည်းဖြင့် ခွဲခြား ဆက်ဆံခံနေရသည်ဟု ပြောကြားခဲ့သည်။

    “ခရစ်ယာန်တွေက လူငယ် အစည်းအဝေးတွေ ဒါမှမဟုတ် ဖိုရမ်တွေပြုလုပ်တဲ့ အခါမှာ ဆုတောင်းမှုနဲ့ ဖွင့်ကြ၊ ပိတ်ကြပါတယ်။ အဲဒါက ခရစ်ယာန် မဟုတ်တဲ့သူတွေကို သက်တောင့်သက်သာ မဖြစ်စေပါဘူး” ဟု ၎င်းက ဆိုသည်။

    ထိုဇာတ်လမ်းများက မြန်မာနိုင်ငံရှိ ဘာသာရေးလွတ်လပ်ခွင့်နှင့် ပဋိ့ပက္ခများ၏ တစ်စိတ်တစ်ပိုင်းပင် ဖြစ်လေသည်။

    ref:washingtonpost
    ဘာသာပြန်သူ- လေးမောင် (M-Media)

  • အနာဂတ်အတွက် ကလေးတွေ တာဝန်ကျေခဲ့ပြီ (Editorial)

    အနာဂတ်အတွက် ကလေးတွေ တာဝန်ကျေခဲ့ပြီ (Editorial)

    ဖေဖော်ဝါရီ ၁၈ ၊ ၂၀၁၅
    M-Media

    ၂၀၁၅ ဟာ ခရာဆူးခြုံတွေ၊ နွယ်မြက်ပိတ်ပေါင်းတွေ၊ လျှိုမြောင်ချောက်ကမ်းပါးတွေနဲ့ တောထူလို့။ ၀င်္ကဘာလို မာယာထောင်ချောက်တွေလည်း ပြည့်နှက်လို့။

    ရွေးကောက်ပွဲဆိုတဲ့ သမင်သားငယ်ဟာ ကျားတွေ၊ ၀ံပုလွေတွေ၊ မြေခွေးတွေကြားမှာ ဘယ်သူ့အစာ ဖြစ်မယ်ဆိုတာကို ကြိုတင်သိနိုင်ခွင့်မရှိ။ မျက်ခုံးခပ်လှုပ်လှုပ် ထိတ်ထိတ် လန့်လန့်ကြားကပဲ ယဇ်ပလ္လင်မှာ လည်စင်းခံလိုက်ရမယ့်အဖြစ်မျိုး။ မုဆိုးတွေ၊ တံလျှပ်တွေ၊ လင့်စင်ပေါ်က ချိန်ရွယ်ထားတဲ့ ဒူးလေးတွေ။ ပြီးတော့ တောရိုင်းဥပဒေက အလံထူနေဆဲ။ အနှစ်မဲ့တောမှာ ကြက်ဆူပင်တွေက မင်းမူနေဆဲ။

    ၂၀၁၀ ရဲ့ ဟိုမှာဘက်ဆီက ကန္တာရခရီးဟာ နွမ်းလျပန်းမောပေမဲ့ မြင်ကွင်းတော့ ရှင်းခဲ့တယ်။ လွင်ပြင်မှာ ဆင်လား၊ ကျားလား ထင်ရှားစွာမြင်ရတယ်။ ရန်၊ ငါ စည်း ပြတ်နိုင်တယ်။ ကမန်းကတမ်း သိုးရေခြုံလိုက်တဲ့ ၀ံပုလွေကိုလည်း မြင်နိုင်တယ်။

    ၂၀၀၈ ဖွဲ့စည်းပုံဟာ ချစ်တီးဆီက ငွေချေးမိတဲ့ လယ်သမားဦးကြီးလို ဘာရေးထားမှန်းမသိတဲ့ စာရွက်ပေါ်မှာ လက်မှတ်ထိုးလိုက်ရတဲ့ အဖြစ်မျိုးနဲ့ အတည်ဖြစ်ခဲ့တဲ့ စာချုပ်တစ်ခု။ ၂၀၁၀ ရွေးကောက်ပွဲ ကတော့ ဟိုတုန်းက သမ၀ါယမဆိုင်က ထုတ်ပေးတဲ့ ဆန်လို ဆန်ကွဲတွေ၊ စပါးလုံးတွေ နိုင်းချင်းပါနေပေမဲ့ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် မချစ်သော်လည်း အောင့်ကာနမ်းလိုက်ရတဲ့ ကံကြမ္မာတစ်ခု။ ၂၀၁၅ မှာတော့ ဈေးဆစ်နိုင်၊ ရွေးချယ်နိုင်တဲ့ ကံကြမ္မာအပြောင်းအလဲ ရှိမယ်လို့မျှော်လင့်ပြီး ၅ နှစ်တာကို ကြိတ်မှိတ်မျိုသိပ် ခဲ့ရတာက ပြည်သူလူထု။

    ပန်းနဲ့တူတာ တစ်ပင်မှမရှိဘဲ ခြုံနွယ် ပိတ်ပေါင်းတွေသာ ပြည့်နှက်နေပြီး ချောင်ကြိုချောင်ကြားမှာ အတွဲ ၄-၅ တွဲ ရှိနေတတ်တဲ့ တောအုပ်ငယ်ကို ‘ပန်းခြံ’ လို့ ဆိုင်းဘုတ်ချိတ်ထားရင် ပန်းခြံလို့သာ ခေါ်ရပါတယ်။ အဲဒီ ပန်းခြံနဲ့ သဘောသွားချင်းတူတဲ့ ”စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီနိုင်ငံတော်” ဟာ ချဉ်သီးပင်အောက် ချဉ်သီးရှားဆိုတာလို အပေါ်ယံရွှေမှုန်ကျဲ ကျီးအာသီးလို အသွင်နဲ့ မြန်မာ့နည်း မြန်မာ့ဟန် ဒီမို ကရေစီပဲ ဆိုပါစို့။

    အဲဒီ ဒီမိုကရေစီနိုင်ငံတော်မှာ လွတ်လပ်စွာဖွင့်ထားတဲ့ ဘီယာဆိုင်၊ အရက်ဆိုင်တွေမှာ လွတ်လပ်စွာ မူးရူးပြီး ဒီမိုကရေစီအရသာကို ခံစားနိုင်ကြပါပြီ။ လွတ်လပ်စွာ ရေးသားထုတ်ဝေပြီး လွတ်လပ်စွာ ရမ်းကားဆဲဆို စော်ကားခွင့်ကိုလည်း တန်းတူရည်တူရနိုင်ကြပါပြီ။ အမှန်တရားကို နှုတ်မစောင့် လက်မစောင့်ဘဲ ရဲရဲဝံ့ဝံ့ရေးသား တင်ပြပြောဟောလာရင်လည်း လွတ်လပ်စွာ ဖမ်းဆီးထောင်ချခွင့် ရှိပါပြီ။ ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီအောင် လေ့ကျင့်ပေးထားတဲ့ လုံထိန်းရဲတပ်ဖွဲ့ဝင်တွေဟာလည်း ဒေါသထွက်နေတဲ့ လူအုပ်ကြီးတွေကို လွတ်လပ်စွာ ဥပဒေ ချိုးဖောက် ရမ်းကားသောင်းကျန်း ခွင့်ပေးပြီး ဆုံးရှုံးမှု၊ နစ်နာမှု၊ သိမ်းပိုက်ခံရမှုအတွက် တောင်းဆိုဆန္ဒပြသူတွေကို လွတ်လပ်စွာ ပစ်ခတ်နှိမ်နင်းနိုင်ပါပြီ။ တိုင်းပြည်ရဲ့ ဥပဒေအဆင့်အတန်းမီဖို့ တိုင်းပြည်ရဲ့ ပညာရေးမြှင့်တင်ဖို့ ဆန္ဒပြတောင်းဆိုသူတွေကို လွတ်လပ်စွာတားဆီးပိတ်ပင်နိုင်ပြီး တန်ပြန်ဆန္ဒပြ ကန့်လန့်တိုက် ဂဏန်းသပိတ်များကိုတော့ ခွင့်ပြုချက်မလို၊ ပုဒ်မ ၁၈ ကင်းလွတ်ခွင့်နဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ရနိုင်ပြီ။ အာဏာရပါတီကြီးက နိုင်ငံတော်အလံစောက်ထိုးလုပ်တာကို လွတ်လပ်စွာ မှားယွင်းခွင့် (သို့မဟုတ်) လွတ်လပ်စွာ ယတြာချေခွင့် အဖြစ် မှတ်ယူကာ အပြစ်လွှတ်နိုင်သလို ကျောင်းသား တွေ အလံချင်းလဲထူတဲ့ကိစ္စမျိုးကိုလည်း လွတ်လပ်စွာ တရားစွဲအရေးယူခွင့်ရှိပြီ။ ကိုင်း၊ ဘယ်သူပြောသလဲ။ ဒီတိုင်းပြည် မလွတ်လပ်ဘူးလို့။ လွတ်လပ်ချင်တိုင်း လွတ်လပ်နေတဲ့ ဒီမိုကရေစီနိုင်ငံတော်ပဲ မဟုတ်ပါလား။

    ဒီပုံ ဒီအချိုးနဲ့ ဒီမိုကရေစီအမည်ခံခြုံပုတ်ထဲတိုးရင်း ပန်းဥယျာဉ်တစ်ဖြစ်လဲကို မျှော်လင့်စောင့်စား နေကြတဲ့ ပြည်သူတွေအတွက် ၂၀၁၅ ရွေးကောက်ပွဲဟာ နီးသထက် နီးလာတာနဲ့အမျှ တောထူသထက်ထူလို့ တစ်စတစ်စ တောကြီးမျက်မည်း ဖြစ်လာလေလေပါပဲ။

    ရှုံ့ချည်နှပ်ချည် ၀ှိုက်ကဒ်ပြဿနာမှာ မဲလောဘကို မြင်နိုင်ပြီ။ လောက်ကိုင်စစ်ပွဲဟာ ရန်သူနဲ့ မိတ်ဆွေကို ကွဲပြားခြားနား မြင်စေပြီ။ အရင့်အရင်က အာချောင်ခဲ့ဖူးတဲ့ စစ်သွေးစစ်မာန်တက်နေတဲ့ ပါးစပ်သူရဲကောင်းများလည်း အခုတော့ ငြိမ်ချက်သားကောင်းလို့ ဘယ်ထမိန်ခြုံအောက် ရောက်သွားတယ်မသိ။ အစိုးရပိုင်စစ်တပ်အတွက် ပြည်သူဆီမှာ အလှူခံနေပေမဲ့ အရပ်သားဒုက္ခသည်တွေ အတွက် ၀မ်းနည်းစကား၊ အကူအညီစကားတို့ ချောက်ကပ်ကပ်နိုင်လှတာလည်း အံ့သြစရာ။ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ချောက်တဲ့ ဇာတ်လမ်းမှာ စည်းစိမ်ခံဗိုလ်ချုပ်ကြီးတွေရဲ့ လူထုအမုန်းကို ဆေးကြောဖို့၊ စစ်အုပ်ချုပ်ရေး၊ တပ်အရေးပါမှုတွေ ကို သက်သေထူဖို့ အောက်ခြေ တပ်သားတွေ၊ ဗိုလ်ငယ်တွေရဲ့ အသက်တွေကို စတေးပြီး လူထုဂရုဏာကို မျှားယူနိုင်ခွင့် အမြတ်ထွက်ခဲ့ပြီ။ အမျိုးသားပညာရေးဥပဒေအတွက် ကျောင်းသားသပိတ်စစ်ကြောင်းတွေကို ကရော်ကမည်၊ ကပြက်ကချော် ပြစ်တင်ဝေဖန်နေရာကနေ အခြေအနေကောင်းလာတော့ လေသံတစ်မျိုး ပြောင်းလာသူတွေ၊ ရေပေါ်ဆီ၊ သာရာစီးတွေကိုလည်း မြင်ရပြီ။

    မာယာများတဲ့ ၂၀၁၅ တောကြီးမျက်မည်းမှာ အနာဂတ်ခရီးကိုဖြတ်မယ့် ရွေးကောက်ပွဲ သမင်သားငယ် ဟာ တော မကျွမ်းလို့ ကျောချမ်းနေရပါပြီ။ ပရိယာယ်ရှင် သားရဲတွေရဲ့ အန္တရာယ်ကနေ သမင်ငယ်ကို ကယ်တင်နိုင်ဖို့ ၀င်္ကဘာတောနက်ကြီးကို တောရှင်းဖို့ အဓိကကျနေပါတယ်။ လူကြီးတွေ တာဝန်မကျေသေး။ ၄၃၆၊ ၅၉ တောရှင်းပွဲတွေ အရာမထင်သေး။ တောမပြောင်သေးရင်တောင် တောမမှောင်ဖို့ ကလေးတွေတော့ တာဝန်ကျေခဲ့ပြီ။ ပညာဟာ အလင်းဖြစ်တယ်။ အနာဂတ်ကို လင်းစေမယ်။ အလင်းမှာ လျှိုမြောင်တွေ၊ ချောက်ကမ်းပါးတွေ၊ ဆူးညှောင့်တွေ၊ ခလုတ်ကသင်းတွေ၊ ထောင်ချောက်တွေကို မြင်နိုင်မယ်။ ၀ံပုလွေလား၊ သိုးလား၊ ခြင်္သေ့လား၊ ယုန်လား ထင်ထင်ရှားရှားမြင်နိုင်မယ်။

    ဟုတ်တယ်။ ပညာဟာ အလင်းဖြစ်တယ်။ လူကြီးတွေ တောမရှင်းနိုင်ပေမဲ့ ကလေးတွေ အလင်းကို ထင်းရှင်းစေနိုင်ပြီ။ လူကြီးတွေ တာဝန်မကျေနိုင်သေးပေမဲ့ ကလေးတွေ တာဝန်ကျေခဲ့ပြီ။ လူကြီးတွေ စစ်တိုက်နေချိန်မှာ ကလေးတွေ ဉာဏ်ပညာအလင်းနဲ့ အနာဂတ်ငြိမ်းချမ်းဖို့ ရွက်ဆောင်နိုင်ခဲ့ပြီ။ လူကြီးတွေ ကိုယ်ကျိုးအတွက် ပါဝါပြိုင်နေချိန်မှာ ကလေးတွေက ရန်သူမိတ်ဆွေမရွေး သားသမီးတွေရဲ့ အနာဂတ်အတွက် တိုက်ပွဲဝင်ပေးနိုင်ခဲ့ပြီ။ လူကြီးတွေ အာဏာနဲ့ တိုင်းပြည်ကိုစိုးမိုးဖို့ လုပ်နေချိန်မှာ ကလေးတွေက ပညာနဲ့ ကမ္ဘာကိုစိုးမိုးဖို့ အမြော်အမြင်ရှိနေကြပြီ။ လူကြီးတွေ အမှားနဲ့အမှန်ကြား လွန်ဆွဲတိုက်ပွဲ မအောင်မမြင် ဖြစ်နေချိန်၊ ကလေးတွေက အမှားအမှန်ခွဲမှတ်ကျောက်ဖြစ်တဲ့ ပညာရေးတိုက်ပွဲကို အောင်မြင်စွာ တိုက်ယူ နိုင်ခဲ့ပြီ။ ဆက်ပြီး အတည်ပြုပြဋ္ဌာန်းနိုင်ဖို့ လူကြီးတွေတာဝန်သာ ကျန်ပါတော့တယ်။ ကလေးတွေကတော့ တာဝန်ကျေခဲ့ကြပြီ။ အနာဂတ်အတွက် ကလေးတွေတာဝန်ကျေခဲ့ပါပြီ။

    M-Media ပရိသတ်များ ပညာအလင်းနဲ့ ထင်းရှင်းနိုင်ကြပါစေ။

  • ဘာသာတရားသည် လူနှင့်လူကြား အမုန်းတရားမဟုတ်

    ဘာသာတရားသည် လူနှင့်လူကြား အမုန်းတရားမဟုတ်

    ဖေဖော်ဝါရီ ၁၇ ၊ ၂၀၁၅
    M-Media
    သက်ဝေနှင်းရေးသည်။
    RELIGIONES
    လူနှင့်လူတို့၏ကြားတွင် ဘာသာတရားသည် စည်းခြားထားသည့် အမုန်းတံတားတစ်ခု မဟုတ်ပါ။

    အမှန်စင်စစ် လူတိုင်းလူတိုင်းသည် ဘာသာရေး တစ်ခုတည်းကိုသာ သင်ယူတတ်မြောက်ပြီး ဘာသာရေး တစ်ခုတည်းကိုသာ လက်ကိုင်ထား၍ ကျန်သည့် အသိပညာများအား လက်လွှတ်ထားခဲ့လျှင် အစွန်းတစ်ဘက်သို့သာ ရောက်ရှိသွားမည်မှာ မလွဲပင်တည်း။

    ပညာဥာဏ်တည်းဟူသော အသိသည် အမှားအမှန်ကို ဝေဖန်ပိုင်းဖြတ်နိုင်သည့် အကောင်းအဆိုးကို ဆင်ခြင်သုံးသပ်နိုင်သည့် ဣစ္ဆာသရလက်နက်ပင်ဖြစ်၏။ ဥာဏ်၊ ပညာ၊ သတိ၊ ဆင်ခြင်တုံတရားဆိုသည်မှာ မျှော်စင်တစ်ခုနှင့် အလား သဏ္ဍာန် တူပေ၏။ မျှော်စင်သည် အမြင့်သို့ရောက်လေလေ အောက်ဖက်မှမြင်ကွင်းများအား ပိုမိုကျယ်ဝန်း ကျယ်ပြန့်စွာ မြင်တွေ့ ရလေလေပင် မဟုတ်ပါလား။ အသိပညာ တည်းဟူသော အရာသည်လည်း ထိုနည်းနှင်နှင်ပင်။ လူသည်အသိနှင့်ပညာများလာလေလေ အမြင်ကျယ်လာလေလေပင်တည်း။

    ယနေ့ဖြစ်ပေါ်နေသည့် လူမျိုးရေးပဋိပက္ခများ၊ ဘာသာရေးပဋိပက္ခများ၊ မုန်းတီးရေးဝါဒများသည် အသိဥာဏ်ပညာ ခေါင်းပါးမှုများ အပေါ်တွင် များစွာတည်မှီနေပါသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလ ၃-ရက်နေ့တွင် အီရန်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သော ဘာသာရေးဆွေးနွေးပွဲမှ ပြန်လာသည့် သီတဂူဆရာတော် အရှင် ဥာဏိသာရ၏ ပြောကြားချက်များမှာ ကမ္ဘာပေါ်ရှိ ဘာသာရေးပဋိပက္ခ ဖြစ်စဉ်များအား လေ့လာကြည့်ပါက စီးပွားရေးအရာတွင် လည်းကောင်း ပညာရေးအရာတွင်လည်းကောင်း အဆင်မြင့်နေရာဒေသ များတွင် ဖြစ်ပွားလေ့ မရှိသည်ကို တွေ့မြင် ရပြီး ကျေးလက်မြို့ငယ်နှင့် နယ်စွန်နယ်ဖျား မြို့စွန်မြို့များတွင် နေထိုင်ကြသည့် စီးပွားရေးနိမ့်ပါးသူများ၊ ပညာရေးနိမ့်ပါးသူများ အကြားတွင်သာ ဖြစ်လေ့ရှိသည်ကို တွေ့ရှိနိုင်ကြောင်းများကို မိန့်ကြားခဲ့၏။

    အီရန်သမ္မတ၏ အတွင်းရေးမှူးနှင့် ဘာသာရေးခေါင်းဆောင်များအား ဆရာတော်မှ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ဘာသာရေး၊ လူမျိုးရေး အသွင်ပဋိပက္ခများသည် အောက်ခြေအဆင့်ပြည်သူများ၏ စီးပွားရေး၊ ပညာရေး နိမ့်ကျမှုများကြောင့်သာဖြစ်ပြီး ဘာသာရေးကြောင့် အဓိကဖြစ်ရခြင်း မဟုတ်ကြောင်းများကို ရှင်းလင်းပြောကြားခဲ့ရာတွင်လည်း ဆရာတော်၏မိန့်ကြားချက်များကို (အီရန်) ဘာသာရေးခေါင်းဆောင်များနှင့် နိုင်ငံရေးခေါင်းဆောင်များမှ နှစ်သက်လက်ခံခဲ့ပါသည်။

    ဆရာတော်ထပ်မံမိန့်ကြားခဲ့သော စကားများမှာ ပဋိပက္ခများကို ဖြေရှင်းရန်မှာ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ စသည့်ဘာသာအားလုံးမှ မိမိတို့ဘာသာဝင် လူမျိုးများ၏ စိတ်ဓာတ်များနှင့် ပညာရေး၊ စီးပွားရေး စသည်တို့ကို မြှင့်တင်ပေး ရမည်ဖြစ်ကြောင်း၊ ဤသို့အသိပညာများမြင့်မား၍ ဆင်းရဲမှုများ ပပျောက်လာမည်ဆိုလျှင် မည်သည့်ပဋိပက္ခမှ ဖြစ်ပေါ်လာနိုင်စရာမရှိ ဟူ၍ပင်ဖြစ်၏။

    ဗုဒ္ဓဟောကြားခဲ့သည်မှာလည်း ဗုဒ္ဓဘာသာသည် အစ္စလာမ်နှင့်သာမဟုတ် မည်သည့်တိုင်းပြည် မည်သည့် လူမျိုးနှင့်မဆို မည်သည့် ဘာသာ ကိုးကွယ်မှုဖြင့်မဆို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်၍ မေတ္တာရှေ့ထား၍ ဆက်ဆံနေထိုင်ရန်ပင်ဖြစ်၏ ဟူ၍ မိန့်ကြားခဲ့ပါသည်။ အကြမ်းဖက်မှုများ အစွန်းရောက်မှုများ တစ်နိုင်ငံထဲတွင် နေထိုင်ကြသည့် ဘာသာဝင် အချင်းချင်း ပဋိပက္ခရန်ပွဲများ ကင်းဝေးစေရန် ဘာသာဝင်များအကြား ရင်နှီးချစ်ကြည်စွာ ပူးပေါင်း၍ ဆောင်ရွက်ခြင်း ဖိုရမ်ကို အီရန်နိုင်ငံ တီဟီရန်မြို့တွင် သုံးရက်ကြာ ကျင်းပခဲ့ခြင်းကြောင့် မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ အီရန် စသည့်နိုင်ငံများမှ ဘာသာရေးခေါင်းဆောင်များ အကြားတွင် ဘာသာရေး အယူအဆများအပေါ် အပြန်အလှန်ကောင်းမွန်သော အကျိုး သက်ရောက်မှုများ နားလည်မှုများရရှိခဲ့ကြပြီး ပါဠိဘာသာနှင့် ဗုဒ္ဓဘာသာစာပေ တို့ကို အစ္စလာမ်ဘာသာရေး တက္ကသိုလ်တွင် သင်ကြားရန် အလိုရှိသောကြောင့် မေတ္တာရပ်ခံရာ သီတဂူဆရာတော်မှ မိမိ၏တက္ကသိုလ်ရှိ ပါဠိ ကျွမ်းကျင်သည့် ဆရာတော်များအား စေလွှတ်ပေးပါမည့်အကြောင်း ပြောကြားခဲ့သည်။

    ဤသည်တို့ကိုကြည့်ခြင်းအားဖြင့် ကမ္ဘာပေါ်တွင်လည်းကောင်း၊ မြန်မာနိုင်ငံတွင် လည်းကောင်း၊ ဘာသာရေးဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး တစ်ဖက်နှင့်တစ်ဖက် ပြိုင်ဆိုင်ရန် ဆန့်ကျင်တိုက်ခိုက်ရန် ရန်ငြိုးအမုန်းပွားများရန် လမ်းခင်းပေးထားသည့် တံတားတစ်ခု မဟုတ်ကြောင်းကို လူတိုင်းလူတိုင်း ဘာသာဝင်တိုင်း ဘာသာဝင်တိုင်း နားလည်သဘောပေါက် လက်ခံကြမည်ဆိုလျှင် မည်သည့်အရာများကမှ နှောက်ယှက်ဖျက်ဆီးခြင်း၊ ခုတုံးလုပ်၍ အမုန်းမီးတောက်လောင်စေခြင်းများမှ ကင်းဝေးကြပြီး ငြိမ်းချမ်းသာယာသော လောကသစ်ကို ပျော်ရွှင်စွာတည်ဆောက်နိုင်ကြမည်ဖြစ်ပေသည်။

    သက်ဝေနှင်း

  • စစ်ဘေးရှောင် ဒုက္ခသည်များ အတွက် ” မွတ်စလင်မ် လူငယ်များ နိဗ္ဗာန်ဆော်” အဖွဲ့ မှ ဆန်အိတ် ၁၀၀ ကျော်လှူဒါန်းမည်။

    စစ်ဘေးရှောင် ဒုက္ခသည်များ အတွက် ” မွတ်စလင်မ် လူငယ်များ နိဗ္ဗာန်ဆော်” အဖွဲ့ မှ ဆန်အိတ် ၁၀၀ ကျော်လှူဒါန်းမည်။

    ဖေဖော်ဝါရီ ၁၇ ၊ ၂၀၁၅
    M-Media
    သတင်း၊ သီဟ
    10983421_1573665476220304_8062383532085543247_n
    တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် ကိုးကန့် အထူးဒေသ လောက်ကိုင်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် ဒုက္ခသည်များအား မန္တလေးမြို့မှ ” မွတ်စလင်မ် လူငယ်များ နိဗ္ဗာန်ဆော် အဖွဲ့” မှ ဆန်အိတ် ၁၀၀ ကျော် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။

    ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ကူမဲမြို့မှ  “မေတ္တာ အလင်းတန်း လူမှုဆောင်ရွက်ရေး” အဖွဲလိုက်ပါပြီး စစ်ဘေးရှောင် ဒုက္ခသည်များ ခိုလှုံ့ရာ လားရှိုးမြို့ မန်ဆူ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက် လှူဒါန်းမည်ဖြစ်ကြောင်း သိရှိရပါတယ်။
    မန္တလေးမှ အစ္စလာမ်ဘာသာဝင်များ ၁၉၅၂ ခုနှစ်မှ စတင် တည်ထောင်ခဲ့သည့် နိဗ္ဗာန်ဆော် အဖွဲ့ဟာ နှစ်ပေါင်း ၆၃ နှစ်ကျော် သက်တမ်းရှိပြီဖြစ်ပြီး၊ လူမျိုးဘာသာ မခွဲခြားဘဲ နာရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်း ကိစ္စရပ်များကို ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာပြည်တွင် အစောဆုံး လူမျိုးဘာသာ မခွဲခြားဘဲ နာရေးကိစ္စ ရပ်များ ဆောင်ရွက်ခဲ့သည့်  လူမှုရေး အဖွဲ့ဖြစ်ကြောင်းကို အဖွဲ့ရဲ့ စာရင်းစစ်ဖြစ်သူ ဦးခင်မောင်ဝင်း(ဓူဝံ) မှ ပြောပါတယ်။

    ယခု ကိုးကန့် ဒေသမှ စစ်ဘေးရှောင် ဒုက္ခသည်များကို လှူဒါန်းရခြင်းမှာလည်း တိုင်းပြည်အတွင်းဖြစ်ပေါ်လျက်ရှိသည့် အရေးကိစ္စအား လူမျိုးဘာသာမကြည့်ဘဲ ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို ရည်ရွယ်က လှူဒါန်းရခြင်းဖြစ်ကြောင်း၊ ဆန်အိတ်များအပြင် အဝတ်အထည်များကိုလည်း ထပ်မံ၍ လှူဒါန်းသွားရန်ရှိကြောင်း သိရှိရပါတယ်။
    ဆက်စပ်ဆောင်းပါးဖတ်လိုလျှင်
    ——————————–
    မန္တလေးမြို့ နိဗ္ဗာန်ဆော်အဖွဲ့ နှစ် (၆၀) ပြည့် တိုင်ခဲ့ပြီ
    http://www.m-mediagroup.com/news/1922

  • ဂြိုလ်သားများ ဒုက္ခပေးမည်ဆိုး၍ အာကာသသို့ အသံပို့လွှတ် စမ်းသပ်မှုကို သိပ္ပံပညာရှင် အချို့ ဆန့်ကျင့်

    ဂြိုလ်သားများ ဒုက္ခပေးမည်ဆိုး၍ အာကာသသို့ အသံပို့လွှတ် စမ်းသပ်မှုကို သိပ္ပံပညာရှင် အချို့ ဆန့်ကျင့်

    ဖေဖော်ဝါရီ ၁၇ ၊ ၂၀၁၅
    M-Media
    fe461972-4fd9-45f9-95d8-8686a9358e04_16x9_600x338
    – တစ်ခြားဂြိုလ်က ဂြိုလ်သားတွေ ဆက်သွယ်လို့ရအောင် ကမ္ဘာကနေ အာကာသထဲကို အသံတွေပို့လွှတ်မယ်ဆိုတဲ့ အဆိုပြုချက်ကို စိုးရိမ်မိပြီး ဒီလို ပို့လွှတ်မှုကြောင့် ရန်လိုတတ်တဲ့ ဂြိုဟ်သားတွေက အခွင့်ကောင်းယူ၊ ကမ္ဘာကြီးကို ဖျက်ဆီးနိုင်တယ်လို့ သိပ္ပံညာရှင်တစ်ချို့က ပြောလိုက်ပါတယ်။

    ကမ္ဘာ့အပြင်ဘက် အခြားဂြိုလ်တွေနဲ့ပတ်သက်ပြီး လေ့လာစူးစမ်းနေတဲ့ Search for Extraterrestrial Intelligence (Seti) အဖွဲ့က သိပ္ပံပညာရှင်တွေဟာ မကြာသေးမီကမှ အာကသထဲကို အင်အားကောင်းတဲ့ အသံတွေပို့လွှတ်ဖို့ စီစဉ်ခဲ့တာပါ။

    ပြင်ပကမ္ဘာသို့ သတင်းစကားများ ပို့လွှတ်စုံစမ်းခြင်းနည်းလမ်း Meti ကို အသုံးပြုပြီး အာကာသထဲက ကမ္ဘာလိုဂြိုဟ်မျိုးတွေကို ရေဒီယို သတင်းစကားတွေ ပို့လွှတ်ခြင်းက ဂြိုဟ်သားတွေနဲ့ ကမ္ဘာကြီး ဆက်သွယ်မှုအတွက် အခွင့်အရေးတွေကို တိုးပွားစေလိမ့်မယ်လို့ သုတေသနပညာရှင်တွေက မျှော်လင့်နေကြပါတယ်။

    ဒါပေမယ့် အချို့ပညာရှင်တွေကတော့ ဒီအစဉ်အစဉ်ဟာ နုနယ်သေးပြီး လူသားတွေကို အန္တရာယ် ကျရောက်စေနိုင် တယ်လို့ ထောက်ပြပြောဆိုခဲ့ကြပါတယ်။

    အာကာသသိပ္ပံပညာရှင်နဲ့ စာရေးဆရာ တစ်ယောက်ဖြစ်သူ ဒေးဗစ် ဘရင်က “ကျွန်တော်တို့တည်ရှိတယ်ဆိုတဲ့ အကြောင်း စကြ၀ဠာထဲကို အသံတွေ ပို့လွှတ်ခြင်းဆိုတဲ့ ပြင်လို့မရတဲ့ လုပ်ငန်းတွေကို လူတွေက မဆောင်ရွက်ခင် Seti က ရေဒီယိုဆိုင်ရာ နက္ခတဗေဒ ပညာရှင်အချို့ဟာ နိုင်ငံတကာ အကြံပေးတွေရဲ့ ယူဆချက်ကို ခုခံချေပခဲ့ကြပါတယ်။ တစ်ဦးတစ်ယောက်က သူကိုယ်တိုင်အတွက် အန္တရာယ်ဖြစ်စေတယ်ဆိုရင်တော့ ဒါက ကိစ္စမရှိပါဘူး။ ဒါပေမယ့် ဒီအန္တရာယ်ဟာ ကျွန်တော်တို့ရဲ့ သားသမီးတွေ ကမ္ဘာပေါ်က လူသားအားလုံး အတွက် ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့မှာ မေးစရာတွေ အများကြီးရှိလာပြီး ဆွေးနွေးမှုတွေ လုပ်ရပါတော့မယ်” လို့ သူ့ရဲ့ စိုးရိမ်ပူပန်မှုကို ဖွင့်ဟခဲ့ပါတယ်။

    ၂၀၁၀ ခုနှစ်ကလည်း နာမည်ကျော် ဗြိတိန် သိပ္ပံပညာရှင် စတီဖင်ဟော့ကင်းက အေလီယန် ဂြိုဟ်သားတွေဟာ ကျွန်တော်တို့ရဲ့ ရင်းမြစ်တွေကို ခေါင်းပုံဖြတ် အမြတ်ထုတ်ကြလိ့မ်မယ်လို့ သတိပေးခဲ့ပါတယ်။

    “တကယ်လို့များ အေလီယန်တွေဟာ ကျွန်တော်တို့ဆီကို လာလည်ပြီဆိုရင် ရလဒ်က အမေရိကတိုက်ကို ကိုလံဘတ်စ်က တွေ့တဲ့အခါ ဌာနေ အမေရိကန်တွေ ခံစားရသလောက်ကို ဖြစ်သွားပါလိမ့်မယ်” လို့ ဟော့ကင်းက ဆိုပါတယ်။

    Seti အဖွဲ့က ဒေါက်တာ ရှော့တက်စ်က သိပ္ပံပညာရှင်တွေရဲ့ ဒီလိုစိုးရိမ်မှုတွေကို ပယ်ချခဲ့ပြီး ပြင်ပကမ္ဘာက သူတွေ ရန်စမယ်ဆိုရင် ဖြစ်တောင်ဖြစ်ပြီးလောက်ပြီလို့ ပြောခဲ့ပါတယ်။

    “အေလီယံ အဖွဲ့အစည်းတစ်ခုဟာ ကမ္ဘာကြီးကို တိုက်ခိုက်ဖို့၊ အမှုန့်ချေဖို့ လုံလောက်တဲ့ အစွမ်းရှိမယ်ဆိုရင် ဒုတိယကမ္ဘာ စစ်လောက်ကတည်းက အာကာသထဲကို ကျွန်တော်တို့လွှင့်နေတဲ့ အသံတွေကို အလွယ်တကူ ဖမ်းယူရရှိနိုင်မှာပေါ့”

    အဲဒီ့အဖွဲ့က ဒေါက်တာ ဒေါက်ဂလက်စ် ဗိုကော့ခ်ျဆိုသူကလည်း အဲဒီလို အသံတွေပေးပို့တာနဲ့ ပတ်သက်ပြီး ငြင်းခုံပြောဆိုခဲ့ပါတယ်။

    “အခြားသော နေအဖွဲ့အစည်းတွေရဲ့ သမဇုန်မှာ တည်ရှိတဲ့ ကမ္ဘာလိုဂြိုဟ်တွေကို မကြာသေးခင်က တွေ့ရှိခဲ့တာနဲ့အတူ ဒီလိုအသံလွှင်ဖို့ စီမံကိန်းအတွေ အတွက် ကျွန်တော်တို့မှာ သဘာဝကျတဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ်။ တစ်ချို့တွေကတော့ အေလီယန်တွေရဲ့ ကျူးကျော်မှုကို ကြောက်ရတာကြောင့် ကျွန်တော်တို့အနေနဲ့ ဒီလို အားကောင်းတဲ့ အသံလွှင်မှုကို ရှောင်ရှားသင့် တယ်လို့ ပြောဆိုကြပါတယ်။ တကယ်လို့ ဒီလိုအတွေးအခေါ်မျိုးဟာ အမြစ်တွယ်နေမယ်ဆိုရင် စွန့်စားရှာဖွေမှုကို ရှောင်ရှား ရင်း၊ ဘေးအန္တရာယ်တွေကို လျှော့ချဖို့ကြိုးစားရင်း လူသားထုအတွက် အထီးကျန်သူတွေဖြစ်လာစေတဲ့ အယူအဆတစ်ခုကို အချက်ပြလိုက်တာလည်း ဖြစ်ပါတယ်”

    Ref: alarabiya