News @ M-Media

Author: Ko Lay

  • ဆီးရီးယားနိုင်ငံ အတွင်းပိုင်းအထိ ၀င်တိုက်မည်ဟု တူရကီသမ္မ အာဒိုဂန် ပြော

    ဆီးရီးယားနိုင်ငံ အတွင်းပိုင်းအထိ ၀င်တိုက်မည်ဟု တူရကီသမ္မ အာဒိုဂန် ပြော

    ဖေဖော်ဝါရီ ၈၊ ၂၀၁၈
    M-Media

    – ဆီးရီးယားနိုင်ငံ အက်ဖရင်မြို့တွင် ယခုပြုလုပ်နေသော ထိုးစစ် ပြီးဆုံးပါက အစ်ဒလစ်မြို့အထိ ၀င်ရောက်တိုက်ခိုက်သွားမည်ဟု တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်သည်။

    “ဆီးရီးယားက ကျွန်တော်တို့ရဲ့ ညီအစ်ကို၊ မောင်နှမတွေ သူတို့မြေကို ပြန်လာစေချင်ပါတယ်။ အက်ဖ်ရင်မှာ ဒီကိစ္စပြီးသွားရင် အစ်ဒလစ်ဘ်မှာလည်း ကျွန်တော်တို့ ဒီလိုမျိုးလုပ်သွားပါမယ်”

    တူရကီမှာ ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် စွပ်စွဲကာ ဇန်န၀ါရီ ၂၀ ရက်နေ့မှ စတင်၍ အက်ဖရင်မြို့ကို ၀င်တိုက်နေခြင်းဖြစ်ပြီး ဆီးရီးယားနိုင်ငံ အတွင်းပိုင်းအထိ ၀င်ရောက်တိုက်ခိုက်လိုသည့် ရည်ရွယ်ချက်ကို ယခင်ကတည်းက ပြောကြားထားဖူးသည်။

    စစ်ဆင်ရေးစတင်သည့်အချိန်မှ ပြီးခဲ့သည့် တစ်ပတ်အထိ တိုက်ခိုက်ရေးသမား ၈၉၉ ဦးကို လက်နက်ဖြုတ်သိမ်းခဲ့ပြီး ထိုအထဲတွင် YPG၊ PKK၊ IS အဖွဲ့ဝင်များ ပါဝင်သည်ဟု တူရကီစစ်တပ်က သတင်းထုတ်ပြန်ထားသည်။

    ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့မှာ IS အကြမ်းဖက်အဖွဲ့အား တိုက်ခိုက်ရာတွင် အဓိကကျခဲ့သည့် အဖွဲ့ဖြစ်ပြီး တူရကီက ၎င်း၏ နယ်စပ်တစ်လျှောက်တွင် ထိုအဖွဲ့များ တည်ရှိနေခြင်းကို မလိုလားပေ။

    Ref: RT

  • ချက်လက်မှတ်အတုဖြင့် ဒေါ်လာ ၈ သန်းတန် ကားနံပါတ်ပြားဝယ်သူကို ယူအေအီးက ထောင်ချ

    ချက်လက်မှတ်အတုဖြင့် ဒေါ်လာ ၈ သန်းတန် ကားနံပါတ်ပြားဝယ်သူကို ယူအေအီးက ထောင်ချ

    ဖေဖော်ဝါရီ ၈၊ ၂၀၁၈
    M-Media

    – သုံးလို့မရတဲ့ ချက်လက်မှတ်နဲ့ ကားနံပါတ်ပြားဝယ်တဲ့ အမျိုးသားတစ်ဦးကို ယူအေအီး တရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။

    ၂၀၁၆ ခုနှစ်က အထူး ကားနံပါတ်ပြားတွေကို လေလံတင်ရောင်းချချိန်မှာ စီပွားရေးသမားတစ်ယောက်ဟာ နံပါတ် ၁ နံပါတ်ပြားကို ယူအေအီး ဒီရ်ဟမ် ၃၁ သန်း (ကန်ဒေါ်လာ ၈.၄ သန်း)နဲ့ ၀ယ်ယူခဲ့တာပါ။

    ဒီအတွက် ချက်လက်မှတ် ရေးပေးခဲ့ပေမယ့် တာဝန်ရှိသူတွေက သွားထုတ်ချိန် ဘဏ်ထဲမှာ ငွေအလုံလောက်မရှိတာတွေကို တွေ့ခဲ့ရပါတယ်။

    ဒါ့ကြောင့် ဒီအမျိုးသားကို လိမ်လည်မှုနဲ့ ထောင် ၃ နှစ် ချမှတ်ခဲ့ပြီး အယူခံဝင်ခဲ့ပေမယ့် အဘူဒါဘီ တရားရုံးက အယူခံကို ပယ်ချခဲ့ပါတယ်။

    ဒီအမျိုးသားကလည်း သူ့အနေနဲ့ နောက်ပိုင်းမှာ နံပါတ်ပြားကို ဈေးတင်ပြီး ပြန်ရောင်းဖို့အတွက် ဒီလိုလုပ်ခဲ့တာဖြစ်တယ်လို့ ၀န်ခံခဲ့ပါတယ်။

    အဘူဒါဘီက ကားနံပါတ်ပြားတစ်ခုကို ၂၀၀၈ ခုနှစ်မှာ စီးပွားရေးသမားတစ်ယောက်က ဒီရ်ဟမ် ၅၂.၂ သန်းနဲ့ ၀ယ်ယူခဲ့ပြီး ယူအေအီးမှာ ကားနံပါတ်ပြားတစ်ခုအတွက် စံချိန်တင်ဈေး ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့လတုန်းက ဒူဘိုင်းအခြေစိုက် အိန္ဒိယ စီးပွားရေးသမားတစ်ဦးဟာ ဒူဘိုင်း နံပါတ်ပြားတစ်ခုကို ဒီရ်ဟမ် ၃၃ သန်း (ကန်ဒေါ်လာ ၈.၉၈ သန်း) နဲ့ ၀ယ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။

    Ref: alarabiya

  • အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး မြန်မာကို အင်ဒိုနီးရှား ကူညီမည်

    အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး မြန်မာကို အင်ဒိုနီးရှား ကူညီမည်

    ဖေဖော်ဝါရီ ၈၊ ၂၀၁၈
    M-Media

    – မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာနိုင်တဲ့ အကြမ်းဖက်ဝါဒကို ကျော်လွှားရေး မိမိတို့နိုင်ငံက ကူညီပေးသွားမယ်လို့ အင်ဒိုနီးရှား လုံခြုံရေး၊ ဥပဒေနဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ၀ီရန်တိုက ပြောကြားလိုက်ပါတယ်။

    ဘင်္ဂလားဒေ့ရှ်ကနေ နေရပ်ပြန်လာမယ့် ရိုဟင်ဂျာတွေနဲ့အတူ IS နဲ့ ဆက်နွယ်တဲ့ စစ်သွေးကြွတွေ ၀င်ရောက်လာမယ့်အန္တရာယ်ကို စိုးရိမ်ကြောင်း မြန်မာဖက်က ပြောကြားခဲ့တယ်လို့ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ၀ီရန်တိုက Antara သတင်းဌာနကို ပြောခဲ့တာပါ။

    “အကြမ်းဖက်သမားတွေ ဒေသတွင်းမှာ ခြေကုပ်အသစ် ဖန်တီးတာမျိုးကို တားဆီးဖို့အတွက် ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေ အသိပညာတွေကို မျှဝေပြီး ကူညီသွားချင်ပါတယ်”

    ဖိလစ်ပိုင်မှာ နယ်မြေဆုံးရှုံးပြီး အင်အားနည်းလာတဲ့ IS အကြမ်းဖက်အဖွဲ့ဟာ ခြေကုပ်အသစ်အဖြစ် ဒေသတွင်းနေရာတွေကို မျက်စိကျလာနိုင်တယ်လို့လည်း ၀ီရန်တိုက ဆိုပါတယ်။

    စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုတွေကို ကာကွယ်ရေး တင်ကြိုဆောင်ရွက်ချက်တွေကို လုပ်ဖို့ ဒီလိုဖြစ်နိုင်ခြေက မြန်မာအစိုးရကို တွန်းအားပေးနေတာ ဖြစ်ပါတယ်။

    ဒါ့ကြောင့် အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး အခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်နေတဲ့ အင်ဒိုနီးရှားထံကနေ အတွေ့အကြုံတွေကို မြန်မာက ဖလှယ်ချင်နေတယ်လို့ ၀ီရန်တိုရဲ့ပြောကြားမှုကို ကိုးကားပြီး Antara က ဖော်ပြပါတယ်။

    “တစ်နိုင်ငံတည်းက အကြမ်းဖက်ဝါဒကို ကျော်လွှားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အကြမ်းဖက်ဝါဒဟာ နယ်စည်းသတ်မှတ်ချက်တွေ၊ စည်းစောင့်တာတွေ မရှိတာကြောင့် နိုင်ငံတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်” လို့ ၀ီရန်တိုက ပြောကြားခဲ့ပါတယ်။

    ဖြစ်လာနိုင်တဲ့ အကြမ်းဖက်ဝါဒကို ကျော်လွှားရေး နည်းလမ်းတွေကို ဆွေးနွေးဖို့အတွက် မြန်မာ စစ်တပ်က ကိုယ်စားလှယ်အဖွဲ့တစ်ခုဟာ ဒီလအတွင်း အင်ဒိုနီးရှားကို သွားရောက်ဖို့ရှိတယ်လို့လည်း ၀ီရန်တိုက ဆိုပါတယ်။

    Ref: CNA

  • ဆီးရီးယားအစိုးရနှင့် ရုရှားတို့ တိုက်ခိုက်မှု တိုးလုပ်ခြင်းကြေင့် သေဆုံးသူ မြင့်တက်လာ

    ဆီးရီးယားအစိုးရနှင့် ရုရှားတို့ တိုက်ခိုက်မှု တိုးလုပ်ခြင်းကြေင့် သေဆုံးသူ မြင့်တက်လာ

    ဖေဖော်ဝါရီ ၈၊ ၂၀၁၈
    M-Media

    – ဒမတ်စကတ်အနီး ဂူတာမြို့နှင့် အီဒလစ်ဘ်ပြည်နယ်တို့တွင် ဆီးရီးယားအစိုးရတပ်နှင့် ရုရှား တပ်ဖွဲ့များက လေကြောင်းမှ တိုက်ခိုက်မှုများ တိုးမြှင့်ပြုလုပ်နေသောကြောင့် သေဆုံးသူ အရေအတွက်မှာ အနည်းဆုံး ၁၈၀ ရှိလာခဲ့ပြီဟု သိရသည်။

    သူပုန်များ ထိန်းချုပ်ထားသည့် အရှေ့ဂူတာတွင်ယမန်နေ့က တိုက်ခိုက်မှုအတွင်း အနည်းဆုံး အရပ်သား ၃၄ ဦး သေဆုံးခဲ့ပြီး၊ မကြာခင်က ဓာတ်တုလက်နက်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု သတင်းထွက်ခဲ့သော အီဒလစ်ဘ်တွင် ၄ ဦး သေဆုံးခဲ့သည်။

    ထိုဒေသများကို ဆီးရီးယားအစိုးရတပ်က ဒီဇင်ဘာအလယ်မှစ၍ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ရုရှားတိုက်လေယာဉ်တစ်စင်း ပစ်ချခံလိုက်ရပြီးနောက် ပြီးခဲ့သည့် ၄ ရက်တွင် တိုက်ခိုက်မှုမှာ ပိုမိုပြင်းထန်လာခဲ့သည်။

    အရှေ့ဂူတာတွင် ထိခိုက်ဒဏ်ရာရသူမှာ အနည်းဆုံး ၈၀၀ အထိ ရှိလာပြီး အဆောက်အဦးများ ပြိုကျပျက်ဆီးမှုအတွင်း ပိတ်မိနေသူများလည်း ရှိနေသည်။

    ယူကေအခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ SOHR က တနင်္လာနေ့နှင့် အင်္ဂါနေ့များတွင် ဂူတာမြို့၌ အနည်းဆုံး လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး ဆီးရီးယားတွင် အကြီးမားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အမေရိကန်ဦးဆောင်သည့် အဖွဲ့နှင့် ၎င်းတို့၏ မဟာမိတ် သူပုန်များက ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းတွင် တိုက်ခိုက်မှုများကြောင့် အစိုးရလိုလားသည့် တိုက်ခိုက်ရေးသမား ၁၀၀ ကျော် သေဆုံးခဲ့သည်ဟု ဆိုသည်။

    Ref: Aljazeera

  • စစ်အင်အား ထုတ်ကြွားချင်သည့် ထရမ့်အစီအစဉ် ပြည်သူများ၏ ဝေဖန်မှုကို ခံနေရ

    စစ်အင်အား ထုတ်ကြွားချင်သည့် ထရမ့်အစီအစဉ် ပြည်သူများ၏ ဝေဖန်မှုကို ခံနေရ

    ဖေဖော်ဝါရီ ၈၊ ၂၀၁၈
    M-Media

    – အမေရိကန်ရဲ့ ပါဝါကို ထုတ်ပြဖို့အတွက် ၀ါရှင်တန်ဒီစီမှာ စစ်ရေးပြအခမ်းအနားပြုလုပ်ရေး ထရမ့်ရဲ့ ပြောကြားမှုကို အတိုက်အခံတွေနဲ့ ပညာရှင်တွေက ဝေဖန်လိုက်ပြီး စစ်ဘုရင် ‘နပိုလီယံပုံစံ ဖန်တီးနေတယ်’ လို့တောင် တုန့်ပြန်ခဲ့ပါတယ်။

    တင့်ကားတွေ၊ စစ်သားတွေနဲ့ ချီတက်တာမျိုးလို ကြီးကျယ်တဲ့ စစ်ရေးပြအခမ်းအနားတစ်ခု လုပ်ဖို့ ဇန်န၀ါရီ ၁၈ ရက်နေ့က ထိပ်တန်းဗိုလ်ချုပ်တွေနဲ့တွေ့ဆုံစဉ်မှာ ထရမ့်က ပြောကြားခဲ့တာဖြစ်ပြီး တရုတ်၊ မြောက်ကိုရီးယားနဲ့ အရင်က ဆိုဗီယက်ပြည်ထောင်စုမှာ လုပ်တဲ့ပုံစံမျိုး အတုခိုးတာဖြစ်တယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။

    “ဒါဟာ ကျွန်တော်တို့တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေ၊ စစ်သမီးတွေကို ဂုဏ်ပြုတာဆိုပြီး ဘယ်သူမှ ယုံကြည်မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒါဟာ လူတစ်ယောက်ရဲ့ အတ္တစိတ်ကို ဖြည့်ဆည်းပေးတာမျိုးပဲ ဖြစ်မှာပါ” လို့ ၀ါရှင်တန်ဒီစီ မြို့တော်ကောင်စီအဖွဲ့ဝင် ချားလ်စ် အေလန်က ၀ါရှင်တန်ပို့စ် သတင်းဌာနကို မနေ့မှာ ပြောကြားခဲ့ပါတယ်။

    ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် ကိသ် အီလီဆန်ကလည်း ထရမ့်ရဲ့ ဒီညွှန်ကြားမှုဟာ “မြောက်ကြွကြွဖြစ်နေတဲ့ ခေါင်းဆောင်ဆီက ထပ်ပေါ်လာတဲ့ (အာဏာရှင်ဆန်ဆန်) ရူးနှမ်းတဲ့စိတ်ကူး” ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

    “နပိုလီယံရူးရူးနေသူတစ်ယောက် ကျွန်မတို့မှာ ရှိနေတာပါ” လို့ လွှတ်တော်အမတ် ဂျက်ကီ စပိုက်ဆာက ပြောကြားခဲ့ပါတယ်။

    မသင့်တော်တဲ့အလုပ်

    စစ်အင်အားထုတ်ပြဖို့ ဒီအတွေးဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ပြင်သစ်ရဲ့ Bastelle Day မှာ အထင်ကြီးစရာ စစ်ရေးပြအခမ်းအနားကို ထရမ့်က သွားရောက်ကြည့်ရှုပြီးတဲ့နောက်ပိုင်း ပေါ်လာပုံရပါတယ်။

    ပြင်သစ် အစောင့်တပ်ဖွဲ့တွေက မြင်းတွေနဲ့ ချီတက်လာပြီး တိုက်လေယာဉ်တွေက ၀ဲပျံနေတဲ့အချိန် သမ္မတ အီမန်နျူယဲလ် မာခရွန်က စစ်သုံးဂျစ်ကားတစ်စီးကို စီးကာ ရောက်လာတဲ့ ခမ်းနားတဲ့ မြင်ကွင်းကို ထရမ့်တစ်ယောက် မြင်ခဲ့ရတာပါ။

    “ဇူလိုင် ၄ ရက်နေ့ရောက်ရင် ပင်ဆဲလ်ဗားနီးယား ရိပ်သာလမ်းမှာ ဒီလို ကြီးကျယ်တဲ့ စစ်ရေးပြအခမ်းအနားနဲ့ ကျွန်တော်တို့ရဲ့ စစ်အင်အားကို ထုတ်ပြဖို့ စဉ်းစားနေပါတယ်” လို့ ထရမ့်က ပဲရစ်ကပြန်လာပြီး လအနည်းငယ်အကြာမှာ ထုတ်ပြောခဲ့ပါတယ်။

    စစ်ရေးပြအခမ်းအနားကို အမေရိကန်မှာ သိပ်မလုပ်ဘဲ နောက်ဆုံးတစ်ခေါက်လုပ်ခဲ့တာက ပင်လယ်ကွေ့စစ်ပွဲအပြီး ၁၉၉၁ ခုနှစ်မှာ ဖြစ်ပါတယ်။ အဲဒီတုန်းက ကန်ဒေါ်လာ ၈ သန်းလောက်ကုန်ခဲ့ပြီး ဒီနေ့ခေတ် ဒေါ်လာဈေးနဲ့ဆိုရင် ပမာဏ ပိုပြီးများပြားမှာပါ။

    “သမ္မတကို ပျော်တော်ဆက်ဖို့ ပိုက်ဆံဖြုန်းတဲ့ ကိစ္စတစ်ခုပါ” လို့ အထက်လွှတ်တော်က ဒီမိုကရက်အမတ် ဒစ် ဒါဘင်က ပြောကြားခဲ့ပါတယ်။

    ထရမ့်ကို ထောက်ခံသူတွေကတောင် ဒီကိစ္စကို သဘောမတူပါဘူး။

    ရီဘက်ဘလစ်ကန် အထက်လွှတ်တော်အမတ် လင်ဆေး ဂရေဟမ်က ဒီလိုစစ်ရေးပြအခမ်းအနားမျိုးဟာ အဓိပါယ်ရှိပေမယ့် ဆိုဗီယက်ပုံစံ စစ်လက်နက်ပစ္စည်းတွေ ထုတ်ပြတာမျိုးတွေတော့ မနှစ်သက်ဘူးလို့ ဆိုပါတယ်။

    လူလည်ထရမ့်

    ထရမ့်ဟာ အမေရိကန်စစ်တပ်အပေါ် အားပေးထောက်ခံကြောင်း မကြာခဏ ပြောကြားလေ့ရှိပြီး ထိပ်တန်း ဗိုလ်ချုပ်တွေကို အိမ်ဖြူတော်နဲ့ အစိုးရအဖွဲ့ ထိပ်တန်းရာထူးပေးတာမျိုးတွေလည်း လုပ်ပါတယ်။

    အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ရှိသူ ဆာရာ ဆန်းဒါးစ်က ထရမ့်ရဲ့ စစ်ရေးပြစိတ်ကူးဟာ စစ်တပ်ကို ချီးမြှောက်ချင်တဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် သူ့ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းကို မထောက်ခံတဲ့ ဒီမိုကရက်တွေဟာ ‘မျိုးချစ်စိတ်မရှိသူတွေ’ ‘နိုင်ငံတော် သစ္စာဖောက်သူတွေ’ အဖြစ် ထရမ့်က သမုတ်ခဲ့ပြီးတဲ့နောက် သူဟာ အာဏာရှင်ဝါဒကို ကြီးထွားအောင် လုပ်နေသလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိလာခဲ့ပါတယ်။

    အိမ်ဖြူတော်က ထရမ့်ရဲ့ ဒီစကားတွေဟာ နောက်ပြောင်ပြောဆိုတာသာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

    အီရတ်မှာ တာဝမ်းထမ်းဆောင်စဉ် ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့တဲ့ စစ်မှူးထမ်းဟောင်း ဒီမိုရက်အထက်လွှတ်တော်အမတ် တမ်မီ ဒက်သ်ဝေါ့သ်က ထရမ့်ရဲ့ ဒီမှတ်ချက်တွေကို ရှုတ်ချခဲ့ပါတယ်။ ဒါ့အပြင် ဗီယက်နမ်စစ်ပွဲရှောင်ဖို့ ထရမ့်က ခြေထောက်နာတယ်ဆိုပြီး အကြောင်းပြခဲ့တာကိုလည်း သူက ထောက်ပြခဲ့ပါတယ်။

    “ကျွန်မတို့ဟာ အာဏာရှင်စနစ်၊ ဘုရင်စနစ်အောက်မှာ နေထိုင်နေတာ မဟုတ်ပါဘူး။ စစ်တပ်မှာ၊ လွှတ်တော်မှာ အမေရိကန်ပြည်ထောင်စုရဲ့ အခြေခံဥပဒေကို ကာကွယ်မယ်၊ စောင့်ရှောက်မယ်၊ ထိန်းသိမ်းမယ်လို့ ကျွန်မ ကျမ်းကျိန်ထားတာပါ။ ‘ခြေထောက်နာတဲ့ ဗိုလ်လောင်း’ ရဲ့ စိတ်ရူးပေါက်တဲ့အတိုင်း လျှောက်လုပ်ဖို့၊ သူ သြဘာပေးခိုင်းတိုင်း သြဘာပေးဖို့ မဟုတ်ပါဘူး”

    Ref: Aljazeera