News @ M-Media

Author: Ko Lay

  • အစ္စရေးအတွက် ဆော်ဒီက လေပိုင်နက် အသုံးပြုခွင့်ပေးမည်

    အစ္စရေးအတွက် ဆော်ဒီက လေပိုင်နက် အသုံးပြုခွင့်ပေးမည်

    ဖေဖော်ဝါရီ ၇၊ ၂၀၁၈
    M-Media

    – အစ္စရေးသို့ ပျံသန်းမည့် Air India မှ လေယာဉ်များကို ဆော်ဒီက ၎င်းတို့၏ လေပိုင်နက်ကို အသုံးပြုခွင့်ပေးမည်ဟု အစ္စရေးနေ့စဉ်သတင်းစာ Haaretz က ဖော်ပြခဲ့သည်။

    နှစ်ပေါင်း ၇၀ အတွင်း အစ္စရေးသို့ ပျံသန်းမည့် လေယာဉ်ကို ဆော်ဒီက ပထမဆုံး လေပိုင်နက် အသုံးပြုခွင့် ပေးခြင်းဖြစ်ပြီး နယူးဒေလီမှ တယ်လ်အဗီးသို့ ခရီးစဉ် ကြာချိန်မှာ ၂ နာရီခွဲခန့် လျော့ကျသွားမည် ဖြစ်သည်။

    ယခုလမ်းကြောင်းကြောင့် လေကြောင်းလိုင်းမှာ လောင်စာဆီ ကုန်ကျစားရိတ်ကို လျှော့ချနိုင်ကာ စီးနင်းသူများအတွက် ဈေးသက်သာသည့် လက်မှတ်များကို ရောင်းချနိုင်လိမ့်မည်ဟု Haaretz က ဖော်ပြခဲ့သည်။

    ဆော်ဒီမှာ အစ္စရေးအား နှစ်ပေါင်း ၇၀ ကြာ လေပိုင်နက်အသုံးပြုခွင့် မပေးသော်လည်း ဆော်ဒီမှ ကိုယ်ပိုင်လေယာဉ်များမှာ ဂျော်ဒန်မှတစ်ဆင့် အစ္စရေးသို့ သွားရောက်ကြသည်။

    ယခုကဲ့သို့ ခွင့်ပြုမှုကို အရှေ့အလယ်ပိုင်းတွင် အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာ မိုဒီ၏ သြဇာလွှမ်းမိုးမှုတစ်ခုအဖြစ် ရှုမြင်ကြသည်။ မိုဒီမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အစ္စရေးသို့ လာရောက်ရန် ရှိနေပြီး အစ္စရေးသို့ တရားဝင်လာရောက်သည့် ပထမဆုံး အိန္ဒိယ၀န်ကြီးချုပ် ဖြစ်လာမည်ဖြစ်သည်။

    ထိုဆုံးဖြတ်ချက်မှာ ရည်မှန်းချက်ကြီးသည့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် ဦးဆောင်သည့် ဆော်ဒီ၏ ဒေသတွင်းနှင့် နိုင်ငံခြားရေးပေါ်လစီ အပြောင်းအလဲ၊ ဆော်ဒီနှင့် အစ္စရေးကြား ဆက်ဆံရေး ပိုကောင်းလာမှုကိုလည်း ဖော်ပြနေသည်။

    Ref: Aljazeera

  • ဘာသာရေးဗန်းပြ တိုက်ခိုက်မှုအတွက် လူ ၃၀ ကျော်ကို ပါကစ္စတန်က ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်

    ဘာသာရေးဗန်းပြ တိုက်ခိုက်မှုအတွက် လူ ၃၀ ကျော်ကို ပါကစ္စတန်က ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်

    ဖေဖော်ဝါရီ ၇၊ ၂၀၁၈
    M-Media

    သတ်ဖြတ်ခံခဲ့ရသည့် မာရှယ် ခန်း

    – ပြီးခဲ့တဲ့နှစ်မှာ တက္ကသိုလ်ကျောင်သားတစ်ဦးကို ဘာသာရေးစော်ကားတယ်ဆိုပြီး အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်ခဲ့သူတွေကို ပါကစ္စတန်က သေဒဏ်အပါအ၀င် ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်လိုက်ပါတယ်။

    အသက် ၂၃ နှစ်အရွယ် မာရှယ် ခန်းဆိုသူကို လူအုပ်က ရိုက်နှက်သတ်ဖြတ်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်း အွန်လိုင်းစာမျက်နှာမှာ ပြန့်နှံ့ခဲ့ပြီးတဲ့နောက် ဘာသာရေးစော်ကားမှု ခေါင်းစဉ်တပ်ထားတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံတစ်ဝှမ်းမှာ တော်တော်လေး အုပ်အော်သောင်းနင်း ဖြစ်သွားခဲ့ပါတယ်။

    အဲဒီအဖြစ်အပျက်မှာ ပါဝင်တယ်လို့ သံသယရှိသူ ၆၁ ဦးအနက် ၅၇ ဦးအတွက် ဟာရီပူးရ်တရားရုံးက ဒီကနေ့မှာ ပြစ်ဒဏ်တွေ ချခဲ့တာပါ။

    တစ်ဦးကို သေဒဏ်၊ ၅ ဦးကို ထောင်ဒဏ် တစ်သက်၊ ၂၅ ဦးကို ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ပြီး ၂၆ ဦးကို တရားသေ လွှတ်ပေးခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်လို့ မကြာသေးခင်ကမှ ဖမ်းဆီးရမိခဲ့သူတစ်ယောက်ကို ရုံးမတင်ရသေးဘဲ၊ နောက်ထပ် သံသယရှိသူ ၃ ယောက်က ထွက်ပြေးလွတ်မြောက်နေဆဲပါ။

    ခန်းရဲ့ မိသားစုကတော့ ထွက်ပြေးလွတ်မြောက်နေသူတွေကို ဖမ်းဆီးဖို့ ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲကို တောင်းဆိုထားကြောင်း ပြောကြားခဲ့ပါတယ်။

    ခန်းဟာ မြို့တော် အစ္စလာမ်မာဘတ် အနောက်ဖက်မှာရှိတဲ့ အဘ်ဒူလ် ၀လီခန်း တက္ကသိုလ်က ကျာင်းသားတစ်ဦးဖြစ်ပြီး ဘာသာရေးစော်ကားတယ်လို့ ၂၀၁၇ ခုနှစ် ဧပြီလအတွင်းမှာ စွပ်စွဲခဲ့ရကာ ရက်အနည်းငယ်အကြာ သူနေတဲ့ အိပ်ဆောင်မှာ လူအုပ်ကြီးရဲ့ ရိုက်နှက်သတ်ဖြတ်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ခန်းဟာ မှားယွင်းစွပ်စွဲခံရတာဖြစ်ပြီး အပြစ်မရှိဘူးလို့ ဇွန်လမှာ ထုတ်ပြန်ခဲ့ပါတယ်။

    ဘာသာရေးစော်ကားမှုဆိုတဲ့ကိစ္စဟာ ပါကစ္စတန်မှာ အထိခိုက်မခံတဲ့ ကိစ္စဖြစ်ပြီး အဲဒီစွဲချက်နဲ့ လူ ၄၀ ၀န်းကျင်လောက် သေဒဏ် ဒါမှတ်မဟုတ် ထောင်ဒဏ်တစ်သက် ချမှတ်ခြင်းတွေကို ခံထားရပါတယ်။

    ၁၉၉၀ ပြည့်နှစ်တွေကစလို့ ဒီလို စွပ်စွဲမှုနဲ့ လူအုပ်ကြီးရဲ့ ရိုက်နှက်သတ်ဖြတ်ခံရသူဟာ အနည်းဆုံး ၇၄ ယောက် ရှိခဲ့ပါတယ်။

    Ref: Aljazeera

  • ၁၉၇၀ နောက်ပိုင်း စွမ်းအားအမြင့်ဆုံး ဒုံးပျံကို Space X က အောင်မြင်စွာ လွှင်တင်

    ၁၉၇၀ နောက်ပိုင်း စွမ်းအားအမြင့်ဆုံး ဒုံးပျံကို Space X က အောင်မြင်စွာ လွှင်တင်

    ဖေဖော်ဝါရီ ၇၊ ၂၀၁၈
    M-Media

    – ၁၉၇၀ ပြည့်နှစ်နောက်ပိုင်း စွမ်အားအကောင်းဆုံးဖြစ်သည့် ဒုံးပျံကို Space X က ယမန်နေ့တွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်ဟု သိရသည်။

    လပေါ်သို့ ပထမဆုံး ဆင်းသက်နိုင်ခဲ့သည့် Apollo 11 ဂြိုဟ်တုနှင့် အခြားသော အာကာသယာဉ်များ လွှတ်တင်ခဲ့သည့် ဖလော်ရီဒါပြည်နယ်ရှိ နာဆာ၏ ကနေဒီ အာကာသစင်တာမှ အဆိုပါ Falcon Heavy ဒုံးကျည်ကို လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

    ဒုံးပျံတွင် Space X စီအီးအို အေလွန်မက်စ်၏ လျှပ်စစ်ကားကုမ္ပဏီက ထုတ်လုပ်သော Tesla roadster ကား နှင့်အတူ အခြားပစ္စည်းတစ်ချို့ကို တင်ဆောင်သွားခဲ့သည်။ ဒုံးပျံ တက်သွားပြီး မိနစ်အနည်းငယ်အကြာတွင် အပြင်ဘက် အင်ဂျင်နှစ်ခုမှာ ပြုတ်ထွက်သွားပြီး ကိပ် ကာနာဗီရဲလ် လေတပ်စခန်းရှိ သတ်မှတ်နေရာတွင် ပြန်လည် ဆင်းသက်ခဲ့သည်။

    တတိယအင်ဂျင်ကို သမုဒ္ဒရာအတွင်းရှိ ဘောတစ်ခုပေါ်တွင် ပြန်လည်ဆင်းသက်ရန် သတ်မှတ်ထားပြီး အောင်မြင်စွာ ဆင်းသက်နိုင်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

    Falcon Heavy ဒုံးပျံမှာ ၁၉၇၀ ပြည့်နှစ်များက လပေါ်သွား ခရီးစဉ်များတွင် အသုံးပြုခဲ့သည့် Saturn V ထက် ပိုမိုအားကောင်းပြီး ဘိုးအင်း 747 လေယာဉ် ၁၈ စီး၏ အရှိန်နှင့် ညီမျှသည်ဟု Space X က ပြောကြားထားသည်။

    Sapce X မှာ ဂြိုဟ်တုလွှတ်တင်သည့် ဒုံးပျံများ လွှတ်တင်ပြီးနောက် မြေပေါ်သို့ ပြန်လည်ဆင်းသက်နိုင်သည့် ပထမဆုံး ဒုံးပျံ Falcon 9 ကို တီထွင်နိုင်ခဲ့သည်။

    အဆိုပါဒုံးပျံကို လက်ရှိတွင် ကမ္ဘာပတ်လမ်းကြောင်းသို့ ဂြိုဟ်တုများ လွှတ်တင်မှု၊ နိုင်ငံတကာ အာကာသစခန်းသို့ ပစ္စည်းများ ပို့ဆောင်မှုများတွင် အသုံးပြုနေသည်။

    ယခု Falcon Heavy ဒုံးပျံကို အနာဂတ် လနှင့် အင်္ဂါဂြိုဟ် ခရီးစဉ်များတွင် အသုံးပြုရန် စီစဉ်ထားသည်။

    Ref : Aljazeera

  • အာဆတ်နှင့် ရုရှားလက်ချက်ကြောင့် ၂ ရက်အတွင်း အရပ်သား ၁၁၀ သေဆုံး

    အာဆတ်နှင့် ရုရှားလက်ချက်ကြောင့် ၂ ရက်အတွင်း အရပ်သား ၁၁၀ သေဆုံး

    ဖေဖော်ဝါရီ ၇၊ ၂၀၁၈
    M-Media
    – ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်ကမြို့ ဆင်ခြေဖုံး ဂူတာမြို့မှာ ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း အစိုးရတပ်နဲ့ ရုရှားတပ်ဖွဲ့တို့ရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး အရပ်သား ၁၁၀ လောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေ၊ စောင့်ကြည့်ရေးအဖွဲ့တွေက ပြောကြားလိုက်ပါတယ်။
    တနင်္လာနေ့က လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် လူ ၃၀ လောက် သေဆုံးခဲ့ပြီး မနေ့က ၈၀ လောက် သေဆုံးခဲ့တာပါ သေဆုံးသူတွေထဲမှာ အနည်းဆုံး ကလေးငယ် ၂၂ ဦးနဲ့ အမျိုးသမီး ၂၁ ဦး ပါဝင်ပါတယ်။
    ယူကေအခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ SOHR က အင်္ဂါနေ့ဟာ ဆီးရီးယားမှာ ၅၃ ရက်တာအတွင်း ပထမဆုံး လူ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့နေ့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ နောက်ဆုံးတိုက်ခိုက်မှုဟာ နိုဝင်ဘာလမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အလက်ပိုမြို့အနီး အတာရဘ်မြို့က ဈေးတစ်ခုကို လေကြောင်းက ဗုံးကြဲမှုအတွင်း လူ ၈၃ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
    အာဆတ်အစိုးရရုံးစိုက်ရာ ဒမတ်စကတ်နဲ့ ကပ်နေတဲ့ ဂူတာမြို့တစ်ဝိုက်ဟာ ဆီးရီးယားအစိုးရနဲ့ မဟာမိတ် ရုရှားတို့ အဓိက ပစ်မှတ်ထားရာနေရာ ဖြစ်ပါတယ်။
    Ref : Aljazeera
  • အင်္ဂလိပ်များ ယခင်က အသားမည်းသည်ဟု လူအရိုးစု လေ့လာမှုက ဖော်ပြနေ

    အင်္ဂလိပ်များ ယခင်က အသားမည်းသည်ဟု လူအရိုးစု လေ့လာမှုက ဖော်ပြနေ

    ဖေဖော်ဝါရီ ၇၊ ၂၀၁၈
    M-Media
    Cheddar Man အား သုတေသနပြုပြီးနောက် ပုံဖော်ထားမှု
    – ယူကေမှာ တွေ့ရှိခဲ့တဲ့ သက်တမ်းအရင့်ဆုံး လူအရိုးစုကို လေ့လာဆန်းစစ်မှုတွေအရ အင်္ဂလိပ်လူမျိုးတွေဟာ အစောပိုင်းက အသားမည်းကြတယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။
    လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀၀ အရင်က အသက်ရှင်သန်ခဲ့ပြီး Cheddar Man လို့ အမည်ပေးထားတဲ့ အဲဒီ အရိုးစုကို လန်ဒန်ကောလိပ်နဲ့ ဗြိတိသျှသဘာဝသမိုင်းပြတိုက်က သုတေသနပညာရှင်တွေဟာ နောက်ဆုံးပေါ် DNA နည်းပညာတွေ၊ 3D စကန်နည်းပညာတွေနဲ့ လေ့လာခဲ့တာပါ။
    ၁၉၀၃ ခုနှစ်မှာ အင်္ဂလန်တောင်ပိုင်းကနေ တွေ့ရှိခဲ့တဲ့ ဒီအရိုးစုဟာ မည်းနက်တဲ့အသားအရေ၊ ကောက်ကွေးတဲ့ ဆံပင်အနက် ရှိခဲ့တယ်လို့ လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။
    DNA ကို ဦးခေါင်းခွံကနေ ရရှိခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်ပုံကိုတော့ ရရှိထားတဲ့ မျိုးရိုးဗီဇကနေ ပုံဖော်နိုင်ခဲ့ပါတယ်။
    အလွန်ကြာညောင်းနေတဲ့ အရိုးတွေကနေ မျိုးရိုးဗီဇ အချက်အလက်ကို ရရှိဖို့ ခက်ခဲပေမယ့် Cheddar Man ကို တွေ့ရှိခဲ့တဲ့ ထုံးကျောက်ဂူရဲ့ အေးမြတဲ့ အနေအထားကြောင့် သူ့ရဲ့ မျိုးရိုးဗီဇဟာ မပျက်မဆီးဘဲ ရှိနေခဲ့ပါတယ်။
    “Cheddar Man ကို လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်အရင်က ကျွန်တော် ပထမဆုံး လေ့လာခဲ့ပေမယ့် ဒီကနေ့အချိန်အထိ တွေ့ရသမျှထဲမှာ သက်တမ်းအရင့်ဆုံးဖြစ်တဲ့ သူ့ရဲ့ genome အပြည့်အစုံကို တစ်နေ့မှာ ဖော်နိုင်မယ်လို့ ကျွန်တော် မယုံကြည်ခဲ့ပါဘူး” လို့ သဘာဝသမိုင်းပြတိုက်က ပါမောက္ခ ခရစ် စထရင်ဂါက ပြောကြားခဲ့ပါတယ်။
    နောက်ပြီး ဒီလေ့လာမှုကနေ တွေ့ရှိခဲ့ရတာဟာ တော်တော်လေး အံ့သြစရာကောင်းတယ်လို့လည်း သူက ဆိုပါတယ်။
    လေ့လာမှုမှာ ပါဝင်ခဲ့တဲ့ သိပ္ပံပညာရှင်တွေက Cheddar Man ရဲ့ ဘိုးဘွားတွေဟာ အရှေ့အလယ်ပိုင်းက ထွက်လာခဲ့ပြီး ဥရောပကို ရောက်ခဲ့တဲ့ လူ့အစုအဝေးတစ်ခုက ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ဗြိတိသျှလူမျိုးတွေကို မျိုးရိုးလိုက်ရင် အနည်းဆုံး ၁၀ ရာခိုက်နှုန်းလောက်က ဒီ လူ့အစုအဝေးနဲ့ ဆက်နွယ်နေတာ ဖြစ်ပါတယ်။
    Cheddar Man နဲ့ ပတ်သက်ပြီး တွေ့ရှိခဲ့တဲ့ အချက်အလက်တွေကို ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ယူကေရဲ့ Channel 4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ဖို့ ရှိနေပါတယ်။
    Ref : Aljazeera