News @ M-Media

Author: Ko Lay

  • အစ္စရေး၏ ဒုက္ခပေးမှုကြောင့် နေရပ်စွန့်ခွာရင်း ကုန်သလောက်ဖြစ်လာတဲ့ ပါလက်စတိုင်း ခရစ်ယာန်များ

    အစ္စရေး၏ ဒုက္ခပေးမှုကြောင့် နေရပ်စွန့်ခွာရင်း ကုန်သလောက်ဖြစ်လာတဲ့ ပါလက်စတိုင်း ခရစ်ယာန်များ

    ဒီဇင်ဘာ ၃၀၊ ၂၀၁၇
    M-Media

    – ပါလက်စတိုင်းကို အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုဟာ ဒေသတွင်း ခရစ်ယာန်တွေ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ထွက်ခွာခြင်းရဲ့ အဓိကအကြောင်းအရင်း ဖြစ်တယ်လို့ လေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။

    အနောက်ဖက်ကမ်း ဘီအစ်ဂျာလာက Dar al-Kalima တက္ကသိုလ်ကပြုလုပ်တဲ့ လေ့လာမှုမှာ ခရစ်ယာန်နဲ့ မွတ်စလင် ထောင်ကျော်ကို သူတို့ရဲ့ဘ၀နေထိုင်မှုကြောင်း၊ အဓိက အခက်အခဲအကြောင်းနဲ့ အဲဒီအခက်အခဲ ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းတွေကို မေးမြန်းခဲ့တာပါ။

    “အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှု၊ လက်ရှိဖြစ်နေတဲ့ တင်းမာမှုတွေ၊ ခွဲခြားမှုပေါ်လစီတွေ၊ ထင်တိုင်းကြဲဖမ်းဆီး၊ မြေယာသိမ်းမှုတွေက ပါလက်စတိုင်းခရစ်ယာန်တွေရဲ့ မျှော်လင့်ချက်မဲ့မှုကို ပိုမိုတိုးပွားစေတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်” လို့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။

    ဒီလိုအခြေအနေတွေကြောင့် ပါလက်စတိုင်းခရစ်ယာန်တွေဟာ ကောင်းမွန်တဲ့ အနာဂတ်ကို မျှော်လင့်လို့မရဘူးလို့ ခံစားလာရပါတယ်။

    ပါလက်စတိုင်း ဥပဒေပြုကောင်စီဝင်တစ်ဦးဖြစ်ပြီး လေ့လာမှုမှာပါဝင်ခဲ့တဲ့ ဘားနဒ် ဆဘဲလာက ပါလက်စတိုင်းတွေ လျှော့သွားတာထက် လူ့အဖွဲ့အစည်းမှာ သူတို့နေရာပျောက်လာတာက အစိုးရိမ်ရဆုံးဖြစ်ကြောင်း၊ အစ္စရေးနဲ့ ပဋိပက္ခတွေ ဆက်ဖြစ်နေပြီး၊ ပါလက်စတိုင်းပိုင်နက်တွေ ကျူးကျော်သိမ်းပိုက်နေမှုကို နိုင်ငံရေးအရ ဖြေရှင်းမှုမရှိတာဟာ ပါလက်စတိုင်းခရစ်ယာန်တွေ ရွှေ့ပြောင်းထွက်ခွာမှုရဲ့ အဓိကအကြောင်းအရင်း ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    လက်ရှိ နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေတွေကြောင့် ခရစ်ယာန်သာသနာ အစပြုပေါ်ထွန်းရာ ဂျေရုစလင်နဲ့ ဘက်သလီဟန်မှာ ပါလက်စတိုင်းခရစ်ယာန်တွေဟာ လျင်လျင်မြန်မြန်ပဲ လျော့ပါးနေပါတယ်။

    “ပါလက်စတိုင်းတွေရဲ့ အမှတ်သညာဟာကို အလေးထားဖို့၊ ဂရုစိုက်ဖို့ လိုအပ်နေပါတယ်” ဆဘဲလာက ဆိုပါတယ်။

    လေ့လာမှုမှာ ဖြေကြားခဲ့သူ ခရစ်ယာန် ၅၀ ရာခိုင်နှုန်းနဲ့ မွတ်စလင် ၅၄ ရာခိုင်နှုန်းက သူတို့ရဲ့ အခြေအနေတွေ နောက်ဆုံးမှာ တိုးတက်လာမယ်လို့ အကောင်းမြင်နေပြီး၊ ဘုရားသခင်ဟာ သူတို့ဖက်မှာ ရှိနေတယ်လို့လည်း ယုံကြည်နေကြပါတယ်။

    “ဒီအချက်ဟာ ပါလက်စတိုင်းတွေရဲ့ ဘုရားသခင်အပေါ် ယုံကြည်ကိုးစားမှုကို ဖော်ကျူးနေပါတယ်” လို့ လေ့လာမှုမှာ ပါဝင်ခဲ့သူ ဗာဆန် အဂ်ဟာဘီကီယန်က ပြောကြားခဲ့ပါတယ်။

    အော်တိုမန်ထိန်းချုပ်မှုအောက်မှာရှိနေစဉ် ပါလက်စတိုင်းခရစ်ယာန်တွေဟာ စီးပွားရေးအခွင့်အလမ်းတွေ ရှာဖွေဖို့အတွက် မြောက်အမေရိကနဲ့ လက်တင်အမေရိကတို့ကို ပြောင်းရွှေ့သွားခဲ့ကြပါတယ်။

    ၁၈၆၀ ခုနှစ် ၁၉၁၄ ခုနှစ်အထိ ပါလက်စတိုင်းလူဦးရေ ၃၅၀၀၀၀ မှာ ခရစ်ယာန်က ၁၁ ရာခိုင်နှုန်းရှိပြီး၊ ပထမကမ္ဘာစစ်ဖြစ်တော့မယ့်ဆဲဆဲမှာ ပါလက်စတိုင်းလူဦးရေ ၆၁၆၀၀၀ ရှိရာ ခရစ်ယာန်ဦးရေက ၆၉၀၀၀ အထိ ရှိပါတယ်။

    အရှေ့ဥရောပကဂျူးတွေ ပါလက်စတိုင်းကို ၀င်ရောက်လာကာ အစ္စရေးနိုင်ငံ ထူထောင်ပြီးတဲ့နောက်ပိုင်းမှာတော့ ပါလက်စတိုင်းခရစ်ယာန်တွေ ပြောင်းရွှေ့ထွက်ခွာမှုဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး အစ္စရေး၊ အနောက်ဖက်ကမ်း၊ ဂါဇာတို့ပါဝင်တဲ့ သမိုင်းဝင် ပါလက်စတိုင်းနယ်မြေမှာ ယနေ့ ခရစ်ယာန်ဘာသာဝင်ဦးရေဟာ ၁.၇ ရာခိုင်နှုန်းသာ ရှိပါတော့တယ်။

    ၁၉၄၈ ခုနှစ် အစ္စရေးနိုင်ငံထူထောင်ချိန်မှာ ဂျက်ဖာကနေ ရာမာလာကို ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းခရစ်ယာန် အစ္စကန်ဒါ အလ် ဟင်က ဘယ်တော့မှ ပါလက်စတိုင်းကနေ စွန့်ခွာမှာမဟုတ်ဘဲ၊ ဇာတိမြေမှာပဲ အရိုးထုတ်ဖို့ သားသမီး၊ မြေး၊ မြစ်တွေကို တိုက်တွန်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ပါလက်စတိုင်းတစ်ယောက်အနေနဲ့ ဒီမြေမှာပဲ သေတဲ့အထိ နေသွားမှာပါ။ ဒီမှာ ဘယ်နေရာသွားသွား ပါလက်စတိုင်းလို့ပဲ ကျွန်တော့်စိတ်ထဲမှာ မှတ်ယူတယ်။ ဂျေရုစလင်က ကျွန်တော်တို့ မြို့တော်ပေါ့ဗျာ။ ဒီမြေမှာ နှစ်ပေါင်းထောင်ချီနေခဲ့တဲ့ ကျွန်တော်တို့ကို ဘယ်သူကမှ မောင်းထုတ်လို့ မရပါဘူး” လို့ အစ္စကန်ဒါက ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • လာမည့်နှစ်တွင် ဒုံးကျည်စမ်းသပ်မှု ပိုမိုပြုလုပ်မည်ဟု မြောက်ကိုရီးယားပြော

    လာမည့်နှစ်တွင် ဒုံးကျည်စမ်းသပ်မှု ပိုမိုပြုလုပ်မည်ဟု မြောက်ကိုရီးယားပြော

    ဒီဇင်ဘာ ၃၀၊ ၂၀၁၇
    M-Media

    – ယခုနှစ်အတွင်း တိုက်ချင်းပစ် ဒုံးကျည်များနှင့် နျူးကလီးယားဒုံးကျည်များ စမ်းသပ်နိုင်မှုအတွက် မြောက်ကိုရီးယားက ဂုဏ်ယူသည်ဟု ဆိုပြီး လာမည့်နှစ်တွင်လည်း စမ်းသပ်မှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ပြောကြားလိုက်သည်။

    “မိမိတို့၏ လွတ်လပ်ရေးနှင့် တရားမျှတမှုကို မည်သည့် အင်အားကမှ တားဆီးနိုင်မည်မဟုတ်” ဟူသည့် ခေါင်းစဉ်ဖြင့် နှစ်ချုပ် ကြေငြာချက်တစ်ခုကို မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက KCNA က ယနေ့တွင် ထုတ်ပြန်ရာ၌ ထိုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

    တာလတ်ပစ် Pukguksong-2 ဒုံးကျည်၊ နျူထိပ်ဖူးတပ်ဆင်နိုင်ပြီး အမေရိကန် ပြည်မကြီးအထိ ပစ်လွှတ်နိုင်သည့် Hwasong-14 နှင့် Hwasong-15 ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်နိုင်ခြင်းမှာ အောင်မြင်မှုဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် နျူဖြင့်ခြိမ်းခြောက်မှု၊ မိမိတို့ အိမ်တံခါးဝတွင် စစ်ရေးလေ့ကျင်မှု ရှိနေသမျှ ကာပတ်လုံး နျူလက်နက်ဖြင့် ကာကွယ်နိုင်စွမ်း၊ ကြိုတင်လက်ဦး တိုက်ခိုက်နိုင်စွမ်း ရှိအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ထို့ပြင် လာမည့်နှစ်များတွင် ဒုံးကျည်စမ်းသပ်မှုများကို ပိုမိုဆောင်ရွက်သွားမည်ဟုလည်း မြောက်ကိုရီးယားက ဖော်ပြခဲ့သည်။

    မြောက်ကိုရီးယားမှာ ယခုနှစ်အတွင်း ကုလလုံခြုံရေးကောင်စီ၏ ပိတ်ဆို့မှုအသစ်များကို ခံစားခဲ့ရပြီး၊ အမေရိကန်ကန်လည်း ပိတ်ဆို့မှုများစွာ ပြလုပ်ခဲ့သည်။ မြောက်ကိုရီးယားက ထိုလုပ်ရပ်များမှာ ရာဇ၀တ်မှုလုပ်ရပ်များဟု ပြန်လည်တုန့်ပြန်ခဲ့သည်။

    Ref: RT

  • ဧ၀ရက်တောင်သို့ တစ်ကိုယ်တော်တက်ရောက်မှုကို နီပေါ ပိတ်ပင်

    ဧ၀ရက်တောင်သို့ တစ်ကိုယ်တော်တက်ရောက်မှုကို နီပေါ ပိတ်ပင်

    ဒီဇင်ဘာ ၃၀၊ ၂၀၁၇
    M-Media

    – ဧ၀ရက်တောင်အပါအ၀င် နိုင်ငံအတွင်းက တောင်တွေမှာ တစ်ကိုယ်တော် တောင်တက်သမားတွေကို ခွင့်မပြုတော့ဘူးလို့ နီပေါနိုင်ငံက ကြေငြာလိုက်ပြီး မတော်တဆဖြစ်မှုကို လျှော့ချဖို့ ကြိုးပမ်းမှု ဖြစ်ပါတယ်။

    အသစ်ထုတ်ပြန်လိုက်တဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းတွေမှာ ခြေနှစ်ဖက်မရှိသူတွေ၊ မျက်စိမမြင်သူတွေကို တောင်တက်ခွင့်ပိတ်ပင်လိုက်ပြီး ဒါဟာ တောင်တက်သမားတွေ ပိုမို အန္တရာယ်ကင်းစေဖို့နဲ့ သေဆုံးမှုအရေအတွက်ကို လျှော့ချဖို့ ဖြစ်တယ်လို့ နီပေါ ခရီးသွားဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

    အခုနှစ်အတွင်းမှာ ဧ၀ရတ်တောင်ကို တက်ရောက်သူအရေအတွက်ဟာ စံချိန်တင် မြင့်တက်လာခဲ့ပေမယ့် မတော်တဆဖြစ်မှု အရေအတွက်လည်း မြင့်မားလာပါတယ်။

    အခုနှစ် တောင်တက်ရာသီအတွင်းမှာ သေဆုံးသူအရေအတွက်ဟာ ၆ ဦးအထိ ရှိလာပြီး ဧ၀ရတ်တောင်ထိပ်ရောက် ကမ္ဘာ့ အသက်အကြီးဆုံးစာရင်းဝင်တဲ့ အသက် ၈၅ နှစ်အရွယ် မင် ဘဟာဒူးရ် ရှာရ်ချန်ဟာ စံချိန်သစ်တင်ဖို့ ကြိုးစားရင်း သေဆုံးခဲ့ပါတယ်။

    ဆွစ်ဇာလန်က နာမည်ကျော် တောင်တက်သမား အူလီ စတက်ခ်လည်း ဧ၀ရက်တောင်ကိုတက်ရင်း အခုနှစ်မှာ မတော်တဆမှုကြောင့် သေဆုံးသွားပါတယ်။

    နီပေါရဲ့ ဥပဒေသစ်မှာ နိုင်ငံခြား တောင်တက်သမားတွေဟာ လမ်းပြပါမှ တက်ရမယ်လို့ သတ်မှတ်ခဲ့ပြီး ဒီဥပဒေကြောင့် လမ်းပြတွေ အလုပ်အကိုင်အခွင့်အလမ်း ပိုရလာလိမ့်မယ်လို့လည်း နီပေါတာဝန်ရှိသူတွေက မျှော်လင့်ထားပါတယ်။

    မသန်စွမ်းသူတွေကို တောင်တက်ခွင့်ပိတ်ပင်တာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေတော့ ရှိနေပါတယ်။

    Ref: BBC

  • ကျူးကျော်မှုအား ထောက်ပြသည်ကို မကျေနပ်၍ ယူနက်စကိုမှ အစ္စရေး နှုတ်ထွက်မည်

    ကျူးကျော်မှုအား ထောက်ပြသည်ကို မကျေနပ်၍ ယူနက်စကိုမှ အစ္စရေး နှုတ်ထွက်မည်

    ဒီဇင်ဘာ ၃၀၊ ၂၀၁၇
    M-Media

    – ကုလ၏ နိုင်ငံတကာ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ ယူနက်စကိုမှ အမေရိကန်နှင့်အတူ နှုတ်ထွက်မည်ဟု အစ္စရေးက ယနေ့တွင် အသိပေးစာ တင်းသွင်းလိုက်သည်။

    ပါလက်စတိုင်းပိုင်နက်များအား အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုကို ယူနက်စ်ကိုက ဝေဖန်မှု၊ ပါလက်စတိုင်းအား ၂၀၁၁ ခုနှစ်တွင် တင်းပြည့်အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုမှုတို့ကြောင့် အစ္စရေးမှာ ပြီးခဲ့သည့်နှစ်များအတွင်း ယူနက်စကိုအား ပြင်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။

    ယူနက်စကိုအကြီးအကဲ အူဒရေ အဇူလေးက အစ္စရေးအနေဖြင့် ထိုကဲ့သို့ နှုတ်ထွက်ရန် ဆုံးဖြတ်မှုကို မိမိအနေဖြင့် အလွန် စိတ်မကောင်းဖြစ်မိသည်ဟု ပြောကြားခဲ့သည်။

    အမေရိကန်က ၎င်းတို့အနေဖြင့် ယူနက်စကိုအဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ကာ စောင့်ကြည့်သူနိုင်ငံအဖြစ် အမြဲတမ်း ဆက်ရှိမည်ဟု အောက်တိုဘာလတွင် ပြောကြားခဲ့သည်။ အမေရိကန်နှင့် အစ္စရေးတို့မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် နောက်ဆုံးထား၍ ယူနက်စကိုမှ နှုတ်ထွက်မည်ဖြစ်သည်။

    ကမ္ဘာ့အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ယူနက်စကိုမှာ အစ္စရေးက ပါလကစတိုင်းပိုင်နက်ဖြစ်သော အရှေ့ဂျေရုစလင်အား သိမ်းပိုက်မှုကို ဆန့်ကျင်သော ဆုံးဖြတ်ချက်တစ်ခုကို မေလတွင် အတည်ပြုခဲ့သည်။

    ဇူလိုင်လတွင် အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှ ဟီဘရွန်မြို့ဟောင်းအား ကမ္ဘာ့အမွေအနှစ်အဖြစ် ကြေငြာခဲ့ပြီး ထိုအချက်များက အစ္စရေးကို မကျေမနပ်ဖြစ်စေခဲ့သည်။

    Ref: Aljazeera

     

  • ပထမဆုံးအသုတ်အဖြစ် ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာတစ်သိန်း နေရပ်ပြန်မည်

    ပထမဆုံးအသုတ်အဖြစ် ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာတစ်သိန်း နေရပ်ပြန်မည်

    ဒီဇင်ဘာ ၃၀၊ ၂၀၁၇
    M-Media

    ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်ကလေးငယ်

    – အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ၁ သိန်းလောက်ကို ပထမသုတ်အနေနဲ့ ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်က စီစဉ်နေတယ်လို့ သိရပါတယ်။

    ဒီလူတွေရဲ့နာမည်စာရင်းကို သောကြာနေ့မှာ မြန်မာအာဏာပိုင်တွေဆီ ပို့ထားပြီး နှစ်နိုင်ငံ လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်အတိုင်း လာမယ့်လနှောင်းပိုင်းမှာ စတင်ပြီး နေရပ်ပြန်ပို့နိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူ အိုဘိုက်ဒွလ် ကွာဒဲရ်က ပြောပါတယ်။

    သြဂုတ်လနှောင်းပိုင်းကစတင်ပြီး မြန်မာစစ်တပ်က ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်းမှာ ရိုဟင်ဂျာ ၆၅၅၀၀၀ လောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး ဒီလုပ်ရပ်ဟာ လူမျိုးစုလိုက် သုတ်သင်မှု ဖြစ်တယ်လို့ ကုလနဲ့ အမေရိကန်တို့က ပြောထားပါတယ်။

    ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး သဘောတူညီချက်ကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတွေဟာ နိုဝင်ဘာလမှာ လက်မှတ်ရေးထိုးခဲ့ပြီး ဇန်န၀ါရီ ၂၃ ရက်နေ့မှာ စတင်ဆောင်ရွက်ဖို့ စီစဉ်ခဲ့တာပါ။

    လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အကူအညီပေးရေးအဖွဲ့တွေကတော့ နေရပ်ပြန်လာမယ့် ရိုဟင်ဂျာတွေရဲ့ လုံခြုံရေးနဲ့ နေထိုင်ရေးအတွက် စိုးရိမ်ကြောင်း ပြောကြားထားပါတယ်။

    ကွာဒဲရ်က နှစ်နိုင်ငံ ပူးတွဲအလုပ်အဖွဲ့ တာဝန်ရှိသူတွေဟာ ပေးပို့ထားတဲ့ စာရင်းကို အတည်ပြုပြီးတာနဲ့ နေရပ်ပြန်လည်ရေး လုပ်ငန်းစဉ်ကို အလျင်အမြန် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

    “ပူးတွဲအလုပ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို အခြေခံပြီး လုံခြုံစိတ်ချစွာနဲ့ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး ပထမအသုတ် လူ ၁ သိန်းစာရင်းကို ဒီကနေ့မှာ မြန်မာအစိုးရစီ ပေးပို့သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလုပ်မယ့် နောက်ထပ် အစည်းအဝေးမှာ နေရပ်ပြန်ပို့ရေး အစီအစဉ် ဘယ်လိုစတင်မလဲဆိုတာကို အလုပ်အဖွဲ့က ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ တတ်နိုင်သမျှ မြန်မြန် စာရင်းကို အတည်ပြုပြီးနောက်ပိုင်းနေရပ်ပြန်ရေးလုပ်ငန်းစဉ် စတင်မှာပါ”

    တွေ့ဆုံမေးမြန်းမှုတွေအရ ရခိုင်ပြည်နယ်မှာ လုံခြုံစိတ်ချရမှု မရှိတာကြောင့် ရိုဟင်ဂျာဒုက္ခသည် တော်တော်များများဟာ နေရပ်မပြန်ချင်ကြဘူးလို့ AFP သတင်းဌာနက ဖော်ပြပါတယ်။

    ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းလောက်ရှိနေပြီး တော်တော်များများက အဲဒီမှာ ၁၀ စုနှစ်နဲ့ချီပြီး ရှိနေကြတာ ဖြစ်ပါတယ်။

    Ref: AFP