News @ M-Media

Author: Ko Lay

  • ဂျေရုစလင်ကိစ္စ ဆန့်ကျင်သောနိုင်ငံကို အကူအညီဖြတ်တောက်မည်ဟု ထရမ့် ခြိမ်းခြောက်

    ဂျေရုစလင်ကိစ္စ ဆန့်ကျင်သောနိုင်ငံကို အကူအညီဖြတ်တောက်မည်ဟု ထရမ့် ခြိမ်းခြောက်

    ဒီဇင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    – ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် အမေရိကန်၏ အသိအမှတ်ပြုမှုကို ဆန့်ကျင်သော ကုလ၏ ဆုံးဖြတ်ချက်အား ထောက်ခံသည့် နိုင်ငံများကို အကူအညီဖြတ်တောက်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်သည်။

    ထိုကိစ္စနှင့်ပတ်သက်၍ ယနေ့တွင်ပြုလုပ်ရန်ရှိနေသည့် ကုလ၏ အရေးပေါ် အစည်းအဝေးတွင် အမေရိကန်၏ တစ်ဖက်သတ်ကြေငြာမှုကို အဖွဲ့ဝင်နိုင်ငံများက ပယ်ချမည့် အလားအလာများနေပြီး ထရမ့်က မိမိအနေဖြင့် ဖိုအစည်းအဝေးကို စောင့်ကြည့်သွားမည်ဟု အိမ်ဖြူတော်တွင် ယမန်နေ့က ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ဆီက ဒေါ်လာသန်းချီ၊ ဘီလီယံချီယူပြီး ကျွန်တော်တို့ကို ဆန့်ကျင်မယ်ဟုတ်လား။ အဲဒီမဲပေးမှုကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ ကျွန်တော်တို့ကိုဆန့်ကျင်တဲ့မဲ ပေးပါစေ။ ဂရုမစိုက်ဘူး။ ပိုက်ဆံတွေ အများကြီး ပြန်ရတာပေါ့ဗျာ” ဟု ထရမ့်၏ ပြောဆိုမှုကို Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

    ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် အမေရိကန်က ဒီဇင်ဘာ ၆ ရက်နေ့တွင် ကြေငြာမှုမှာ အမေရိကန်ကိုယ်တိုင် ထောက်ခံထားသည့် ကုလ၏ ယခင်ဆုံးဖြတ်ချက်များ၊ နိုင်ငံတကာဥပဒေများနှင့် ဆန့်ကျင်နေသည်။

    ကမ္ဘာနိုင်ငံများကလည်း ထိုကိစ္စကို ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး ထိုဆုံးဖြတ်ချက်ကို ပယ်ချရန် မူကြမ်းကို အင်္ဂါနေ့တွင် လုံခြုံရေးကောင်စီတွင် မဲခွဲရာ အဖွဲ့ဝင် ၁၅ နိုင်ငံတွင် ၁၄ နိုင်ငံက ထောက်ခံခဲ့ပြီး အမေရိကန်၏ ဗီတိုဖြင့် ပယ်ချခံခဲ့ရသည်။

    ထို့ကြောင့် ကုလအထွေထွေညီလာခံတွင် ထိုကိစ္စအတွက် အဖြေထွက်ရန် ကမ္ဘာ့နိုင်ငံများက ကြိုးစားလာခြင်းဖြစ်သည်။

    ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးကလည်း ထိုကိစ္စနှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများအား ခြိမ်းခြောက်စာတစ်စောင်ကို ယမန်နေ့တွင် ကုလသို့ ပေးပို့ခဲ့သည်။

    Ref: Aljazeera

  • နှလုံးရောဂါသမားများ အိမ်ထောင်မရှိလျှင် သေဆုံးနိုင်ချေ ပိုမိုမြင့်တက်ဟု လေ့လာမှုတစ်ခုကဆို

    နှလုံးရောဂါသမားများ အိမ်ထောင်မရှိလျှင် သေဆုံးနိုင်ချေ ပိုမိုမြင့်တက်ဟု လေ့လာမှုတစ်ခုကဆို

    ဒီဇင်ဘာ ၂၀၊ ၂၀၁၇
    M-Media

    – နှလုံးရောဂါ ခံစားနေရသူတွေထဲမှာ အိမ်ထောင်မရှိတဲ့သူတွေက ရှိတဲ့သူတွေထက်ပိုပြီး သေဆုံးနိုင်ချေ မြင့်မားတယ်လို့ အမေရိကန်မှာ ပြုလုပ်တဲ့ သုတေသနအသစ်တစ်ခုမှာ တွေ့ခဲ့ရပါတယ်။

    ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့က Emory တက္ကသိုလ်မှာပြုလုပ်တဲ့ သုတေသနအရ နှလုံးရောဂါသည်တွေမှာ အိမ်ထောင်ရေးအခြေအနေက ရောဂါအပေါ် တော်တော်လေး လွှမ်းမိုးမှုရှိတယ်ဆိုတာ တွေ့ခဲ့ရတာပါ။

    အမေရိကန်နှလုံးအသင်းက ထုတ်ပြန်တဲ့ ဆေးပညာဂျာနယ်မှာ အဲဒီရလဒ်ကို ဖော်ပြခဲ့ပြီး နှလုံးရောဂါရှိတဲ့ မုဆိုးဖို၊ မုဆိုးမတွေဟာ အချိန်မတိုင်ခင် သေဆုံးနိုင်ချေပိုများတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အိမ်ထောင်ရှိခြင်း၊ မရှိခြင်းဟာ နှလုံးသွေးကြောဆိုင်ရာအပေါ် ဘယ်လို သက်ရောက်မှုရှိလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

    ပရော်ဖက်ဆာ ဒေါက်တာ ကိုင်ယွမ်နဲ့အဖွဲ့ဟာ နှလုံးရောဂါရှိတဲ့ လူနာ ၆၀၅၁ ဦးကို စမ်းသပ်မှုမှာ ပါဝင်စေခဲ့ပြီး ပျမ်းမျှအသက်ကတော့ ၆၃ နှစ်ဖြစ်ပါတယ်။

    စောင့်ကြည့်ကာလအတွင်း ၁၈ ရာခိုင်နှုန်း သေဆုံးရာမှာ ၁၁ ရာခိုင်နှုန်းက နှလုံးသွေးကြောနဲ့ ဆက်စပ်တဲ့ရောဂါ၊ ၄.၅ ရာခိုင်နှုန်းက ရုတ်တရက် နှလုံးရပ်မှုတွေကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

    သေဆုံးသူတွေရဲ့ အိမ်ထောင် ရှိမှု၊ မရှိမှုအပေါ် အခြေခံလေ့လာရာမှာ အိမ်ထောင်မရှိတဲ့သူတွေက သေဆုံးနိုင်ချေ ၂၄ ရာခိုင်နှုန်း မြင့်တက်တယ်ဆိုတာ တွေ့ရပါတယ်။ အိမ်ထောင်မရှိတဲ့သူတွေက နှလုံးသွေးကြောနဲ့ ဆက်စပ်တဲ့ရောဂါကြောင့် သေဆုံးနိုင်ချေ ၄၅ ရာခိုင်နှုန်းမြင့်မားပြီး၊ ရုတ်တရက် နှလုံးဖောက်မှုကြောင့် သေဆုံးနိုင်ချေ ၅၂ ရာခိုင်နှုန်းအထိ မြင့်တက်တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

    မုဆိုးဖို၊ မုဆိုးမတွေမှာ နှလုံးဖောက် သေဆုံးနိုင်ချေဟာ ၇၁ ရာခိုင်နှုန်းအထိ မြင့်မားပြီး၊ တစ်ခုလပ်တွေမှာတော့ ၄၁ ရာခိုင်နှုန်း မြင့်မားပါတယ်။ ဘယ်တုန်းကမှ လက်မထပ်ဖူးတွေက သေဆုံးနိုင်ချေ ၄၀ ရာခိုင်နှုန်း ပိုမြင့်တယ်လို့ လေ့လာမှုက ဆိုပါတယ်။

    သုတေသနခေါင်းဆောင် ဒေါက်တာကိုင်ယွမ်က နှလုံးဆရာဝန်တွေအနေနဲ့ ကုသမှုပေးရာမှာ လူနာတွေရဲ့ အိမ်ထောင်ရေးအခြေအနေကို ထည့်သွင်းစဉ်စားသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။ ဒါပေမယ့် လေ့လာမှုတွေ ဆက်လက်လုပ်ဆောင်ရမယ်ဆိုတာကိုတော့ ၀န်ခံခဲ့ပါတယ်။

    ကမ္ဘာတစ်ဝှမ်း နှလုံးရောဂါကြောင့် သေဆုံးသူဟာ တစ်နှစ်ကို ၁၇.၃ သန်းလောက်ရှိပြီး ၂၀၃၀ ရောက်ရင် ၂၃.၆ သန်းအထိ ရှိလာမယ်လို့ ခန့်မှန်းပါတယ်။

    Ref: Medicl News Today

  • ပွဲတော်အကြို ခရစ်ယာန်ဘုရားကျောင်းများတွင် အီဂျစ်က လုံခြုံရေးတိုးမြှင့်

    ပွဲတော်အကြို ခရစ်ယာန်ဘုရားကျောင်းများတွင် အီဂျစ်က လုံခြုံရေးတိုးမြှင့်

    ဒီဇင်ဘာ ၂၀၊ ၂၀၁၇
    M-Media

    – ခရစ္စမတ်ပွဲတော်ကာလအတွင်းမှာ လူနည်းစု ခရစ်ယာန်တွေရဲ့ ဘုရားကျောင်းတွေကို လုံခြုံရေး တိုးမြှင့်ဖို့အတွက် အီဂျစ် ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

    နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်း ၂၆၂၆ ခုရဲ့ လုံခြုံရေးကို ၀န်ကြီးဌာနလက်အောက်မှာရှိတဲ့ အဖွဲ့အစည်းအားလုံးက ပူးပေါင်းဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

    လုံခြုံရေးအစီအစဉ်မှာ ဘုရားကျောင်းတွေတင်မကဘဲ ခရစ်ယာန်အသင်းအဖွဲ့တွေရဲ့ အဆောက်အဦးတွေ၊ ခရစ်ယာန်ရပ်ကွက်တွေနဲ့ ပွဲတော်ကာလအတွင်း လူစည်းကားမယ့် အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

    ကော့ပတစ်အများစုဖြစ်တဲ့ အီဂျစ်ခရစ်ယာန်လူ့အဖွဲ့အစည်းဟာ နိုင်ငံလူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းလောက်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

    Read more : Alarabiya

  • ဂျေရုစလင်ကိစ္စအတွက် အမေရိကန်က ကုလကို ခြိမ်းခြောက်စာပေးပို့

    ဂျေရုစလင်ကိစ္စအတွက် အမေရိကန်က ကုလကို ခြိမ်းခြောက်စာပေးပို့

    ဒီဇင်ဘာ ၂၀၊ ၂၀၁၇
    M-Media

    ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေး

    – ဂျေရုစလင်ကိစ္စနှင့်ပတ်သက်၍ အမေရိကန်၏ ဆုံးဖြတ်ချက်ကို ပယ်ချရန်ရှိနေသည့် ကုလအဖွဲ့ဝင်နိုင်ငံများအား အမေရိကန်သံအမတ် နစ်ကီဟာလေးက ခြိမ်းခြောက်စာ ပေးပို့လိုက်သည်ဟု သိရသည်။

    ပါလက်စတိုင်း၊ တူရကီနှင့် အာရပ်နိုင်ငံများ၏ တောင်းဆိုမှုကြောင့် ကုလမှာ မနက်ဖြန်တွင် ဂျေရုစလင်ကိစ္စအတွက် အရေးပေါ်ညီလာခံတစ်ခု ကျင်းပကာ အမေရိကန်က ဒီဇင်ဘာ ၆ ရက်နေ့တွင် အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုထားမှုကို ပယ်ချရန် ရှိနေသည်။

    ဟာလေးက ကုလသို့ ပေးပို့သောစာတွင် ကြာသာပတေးနေ့ အစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရုတစိုက် စောင့်ကြည့်သွားမည်ဖြစ်ပြီး၊ ၎င်းတို့၏ ဆုံးဖြတ်ချက်အား ဆန့်ကျင်သည့် နိုင်ငံများစာရင်းကို ပေးပို့ရန် ညွှန်ကြားထားသည်ဟု ဖော်ပြထားသည်။

    ပြီးခဲ့သည့်တစ်ပတ် လုံခြုံရေးကောင်စီတွင် အမေရိကန်၏လုပ်ရပ်အား ဆန့်ကျင်သော ဆုံးဖြတ်ချက်မူကြမ်းကို အဖွဲ့ဝင် နိုင်ငံ ၁၄ နိုင်ငံက ထောက်ခံသဘောတူခဲ့သော်လည်း အမေရိကန်က ဗီတိုဖြင့် ပယ်ချခဲ့သည်။

    ဟာလေးက လုံခြုံရေးကောင်စီတွင် တင်သွင်းသည့် မူကြမ်းမှာ စော်ကားမှုတစ်ခုဖြစ်ပြီး မည်သည့်အခါမှ မေ့ပျောက်၍ ရမည်မဟုတ်ကြောင်း၊ ပါလက်စတိုင်း-အစ္စရေး ပြဿနာ ဖြေရှင်းရေးတွင် ကုလက အကောင်းထက် အဆိုးကို ပိုလုပ်နေသော ဥပမာတစ်ခုဖြစ်ကြောင်း တုန့်ပြန်ပြောဆိုခဲ့သည်။

    အမေရိကန်၏ အဆိုပါအသိအမှတ်ပြုမှုမှာ ကုလ၏ ယခင်ဆုံးဖြတ်ချက်များနှင့် ဆန့်ကျင်ကာ နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်နေသည့်အတွက် ကုလအထွေထွေညီလာခံက မနက်ဖြန်တွင် မဲအများစုဖြင့် ပယ်ချရန် ရှိနေသည်။

    ပါလက်စတိုင်းမှာ အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထား၍ လွတ်လပ်သည့်နိုင်ငံတစ်ခု ထူထောင်ရန် ဆန္ဒရှိနေပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း ထိုဆန္ဒကို ထောက်ခံထားသည်။

    Ref: Aljazeera

  • ကုလအထူးကိုယ်စားလှယ် ယန်ဟီးလီကို မြန်မာက ထပ်မံစုံစမ်းခွင့် မပေးတော့

    ကုလအထူးကိုယ်စားလှယ် ယန်ဟီးလီကို မြန်မာက ထပ်မံစုံစမ်းခွင့် မပေးတော့

    ဒီဇင်ဘာ ၂၀၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ယန်းဟီးလီကို မြန်မာနိုင်ငံက လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းမှုတွေ လုပ်ခွင့်မပေးတော့ဘူးလို့ သိရပါတယ်။

    ယန်ဟီးလီဟာ ဇန်န၀ါရီလအတွင်း မြန်မာနိုင်ငံကို လာရောက်ကာ ရခိုင်ပြည်နယ်အပါအ၀င် တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖို့ ရှိနေတာဖြစ်ပေမယ့် မြန်မာအစိုးရက ပူးပေါင်းဆောင်ရွက်တော့မှာ မဟုတ်ဘူးလို့ အသိပေးခဲ့ကြောင်း သူမက ဒီကနေ့မှာ ပြောကြားလိုက်တာပါ။

    “ကျွန်မရဲ့ လုပ်ငန်းတာဝန်မှာ ပူးပေါင်းဆောင်ရွက်မှု မလုပ်တော့ဘူးလို့ ကြေငြာလိုက်ခြင်းက ရခိုင်ပြည်နယ်နဲ့ တိုင်းပြည်ရဲ့ အခြားနေရာတွေမှာ ဆိုးဆိုးဝါးဝါးတွေ ဖြစ်ပျက်နေတာမျိုး ရှိနေတယ်ဆိုတဲ့ ခိုင်မာတဲ့ ညွှန်ပြမှု တစ်ခုပါပဲ။ မြန်မာနိုင်ငံအနေနဲ့ ဒီလမ်းကြောင်းမျိုးလျှောက်ဖို့ ဆုံးဖြတ်လိုက်တာဟာ ရှက်စရာကောင်းပါတယ်”

    မြန်မာအစိုးရဟာ နိုင်ငံအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိဘူးလို့ ငြင်းဆိုထားပြီး၊ ဖုံးကွယ်စရာ ဘာမှမရှိဘူးလို့ ပြောကြားထားပေမယ့် သူနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတာ၊ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ပေးမ၀င်တာတွေက အဓိပ္ပါယ်တစ်မျိုး ထွက်နေတယ်လို့ ယန်ဟီးလီက ဆိုပါတယ်။

    “ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်လိုက်တာဟာ ဇူလိုင်လအတွင်း မြန်မာနိုင်ငံကို ကျွန်မ သွားရောက်ပြီးတဲ့နောက် ကျွန်မရဲ့ ပြောကြားမှုကြောင့် ဖြစ်တယ်ဆိုပြီး ပြောတာတွေရှိပါတယ်”

    ကုလလုံခြုံရေးကောင်စီမှာ မြန်မာသံအမတ် ဦးထင်လင်းက အစိုးရအနေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပြီးတဲ့နောက် ဒီလိုတုန့်ပြန်မှုမျိုး ထွက်လာတဲ့အတွက် စဉ်းစားမရဖြစ်ရပြီး စိတ်ပျက်မိကြောင်း၊ မြန်မာအစိုးရဟာ စိတ်ပြောင်းမယ်လို့ မျှော်လင့်ကြောင်း သူမက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ယန်းဟီးလီရဲ့ အခုကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရဖက်က ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

    သူမရဲ့ တာဝန်ဟာ မြန်မာနိုင်ငံကို တစ်နှစ် နှစ်ကြိမ် လာရောက်ကာ လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းစစ်ဆးရတာဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇွန်လ တာဝန်ယူစဉ်အချိန်ကတည်းက မြန်မာနိုင်ငံကို ၆ ကြိမ် လာရောက်ခဲ့ပြီး ဖြစ်ပါတယ်။

    မြန်မာအစိုးရကတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ သူမ သွားလိုတဲ့ နေရာတစ်ချို့ကို သွားခွင့်မပေးဘူးလို့ ယန်းဟီးလီက ဆိုပါတယ်။

    Ref: Reuters