News @ M-Media
Author: Ko Lay
  • ၂၀၁၇ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း သတင်းသမား ၆၅ ဦး သေဆုံး
    ၂၀၁၇ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း သတင်းသမား ၆၅ ဦး သေဆုံး
    ဒီဇင်ဘာ ၁၉၊ ၂၀၁၇
    M-Media
    – ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း၌ သေဆုံးခဲ့သည့် သတင်းသမားအရေအတွက်မှာ စုစုပေါင်း ၆၅ ဦး ရှိခဲ့ပြီး ၁၄ နှစ်အတွင်း သတင်းထောက်များ အသေအပျောက်အနည်းဆုံးနှစ်ဖြစ်သည်ဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ပြာကြားလိုက်သည်။
    ယနေ့ထုတ်ပြန်သည့် နှစ်ပတ်လည်အစီရင်ခံစာတွင် ပြင်သစ်အခြေစိုက် RSF အဖွဲ့က ပြီးခဲ့သည့်နှစ် သေဆုံးသူ အရေအတွက်မှာ ၇၉ ဦး ရှိခဲ့သောကြောင့် ယခုနှစ်မှာ သိသိသာသာ ကျဆင်းသွားသည်ဟု ဆိုသည်။
    သေဆုံးသွားသည့် သတင်းသမား ၆၅ ဦးတွင် ၃၉ ဦးမှာ ၎င်းတို့ဖော်ပြသည့် သတင်းများကြောင့် တမင် ပစ်မှတ်ထား သတ်ဖြတ်ခံရခြင်းဖြစ်ပြီး ၂၆ ဦးမှာ ပဋိပက္ခများတွင် သေဆုံးခဲ့ဖြစ်သည်။
    “အသတ်ခံရတဲ့ ဂျာနယ်လစ်အရေအတွက်က နည်းသွားပေမယ့် မြေပြင်အခြေအနေကတော့ သိသိသာသာ တိုးတက်လာတာမျိုး မရှိပါဘူး။ တော်တော်ကို စိုးရိမ်နေရဆဲအဆင့်ပဲ ရှိနေသေးပြီး အရေအတွက်ကတော့ ပြီးခဲ့တဲ့နှစ်ကလောက် မများပါဘူး” ဟု RSF ၏ အရှေ့အလယ်ပိုင်းဆိုင်ရာ အကြီးအကဲ အလက်ဇန်းဒါး အလ် ခါဇန်က ပြောကြားခဲ့သည်။
    ဆီးရီးယားမှာ ဂျာနယ်လစ်များအတွက် ဆိုးဝါးဆုံးနိုင်ငံတစ်ခုအဖြစ် ၆ နှစ်ဆက်တိုက် ရပ်တည်နေပြီး ယခုနှစ်အတွင်း ၁၂ ဦး သဆုံးခဲ့သည်။ မက္ကဆီကိုကမူ ၁၁ ဦးဖြင့် ဒုတိယမြောက် အဆိုးဝါးဆုံး နိုင်ငံဖြစ်သည်။
    မနှစ်ကထက် အရေအတွက် သိသိသာသာ ကျသွားခြင်းမှာ NGO အဖွဲ့များနှင့် လူ့အခွင့်အရေးအဖွဲ့များက အစိုးရများအား တိုက်တွန်းဆော်သြခြင်းကြောင်း၊ အန္တရာယ်အလွန်ရှိသော နိုင်ငံများကို ဂျာနယ်လစ်များ မသွားရောက်ခြင်းကလည်း အရေအတွက် ကျဆင်းမှု အကြောင်းအရင်းတစ်ခု ဖြစ်နိုင်ကြောင်း RSF က ထည့်သွင်း ပြောကြားခဲ့သည်။
    Ref: Aljazeera
  • ဘေဂျင်းက ‘နျူဂျဲ’ ဗလီ – အာရှမှ ရှေးဟောင်းသမိုင်းဝင်ဗလီများ (၇)
    ဘေဂျင်းက ‘နျူဂျဲ’ ဗလီ – အာရှမှ ရှေးဟောင်းသမိုင်းဝင်ဗလီများ (၇)
    ဒီဇင်ဘာ ၁၉၊ ၂၀၁၇
    M-Media
    (ကိုတင်ရီ တင်ဆက်သည်)
    ဗလီဝင်းအတွင်းမှ မြင်ကွင်းတစ်ခု
    – နျူဂျဲ (Niujie) ဗလီဝတ်ကျောင်းတော်ဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့က သက်တမ်းအရင့်ဆုံး ရှေးဟောင်းဗလီဝတ်ကျောင်းတော်တစ်လုံးဖြစ်ပါတယ်။ သက္ကရာဇ် ၉၉၆ ခုနှစ် လျောင်မင်းဆက် (Liao) လက်ထက်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ချင်မင်းဆက်(Qing) က ဧကရာဇ်ကန်းရှီ (Kangxi – ၁၆၆၁-၁၇၇၂) လက်ထက်မှာ ပြန်လည်ပြုပြင် တိုးချဲ့ခဲ့ပါတယ်။
    ဘေဂျင်းမြို့ ရှီချန်ရပ်ကွက် (Xicheng) မှာ ရှိနေတဲ့ အဲဒီ နျူဂျဲ ဗလီဝတ်ကျေင်းတော်ဟာ ဒေသတစ်ဝိုက်မှာနေတဲ့ အစ္စလာမ်ဘာသာဝင် ၁၀၀၀၀ ရဲ့ ၀တ်ပြုရာနေရာ ဖြစ်ပါတယ်။ ရှီချန်ဟာ ဘေဂျင်းက အစ္စလာမ်ဘာသာဝင်အများစုရှိရာ ရပ်ကွက်လည်း ဖြစ်ပါတယ်။
    ဗလီဝတ်ကျောင်းတော်ဟာ ဟန်လူမျိုးတို့ရဲ့ ဗိသုကာပညာကို အစ္စလာမ့်ဗိသုကာနဲ့ ပေါင်းစပ်တည်ဆောက်ထားတာဖြစ်ပါတယ်။ အပြင်ကနေ ဗလီဝတ်ကျောင်းတော်ကို ကြည့်မယ်ဆိုရင် တရုတ်လူမျိုးတို့ရဲ့ ရိုးရာဗိသုကာလက်ရာကို မြင်ရမှာဖြစ်ပြီး အတွင်းပိုင်းမှာတော့ အစ္စလာမ့် စာပန်းချီလက်ရာ၊ တရုတ် အနုပညာလက်ရာ
    တွေနဲ့ ထုံးမွှမ်းချယ်သထားပါတယ်။
    စကွဲယားမီတာ ၆၀၀ လောက်ကျယ်တဲ့ အဓိက ၀တ်ပြုခန်းမှာ တစ်ကြိမ်တည်း လူပေါင်း ၁၀၀၀ ကျော်လောက် ၀တ်ပြုနိုင်ပါတယ်။ နျူဂျဲ ဗလီဝတ်ကျောင်းတော်ကို သစ်သားနဲ့ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။
    သမိုင်းကြောင်း
    ဗလီမုခ်ဦး
    ဘေဂျင်းက ဗလီဝတ်ကျောင်းတော်တွေထဲမှာ အကြီးဆုံးဖြစ်တဲ့ နျူဂျဲ ဗလီဝတ်ကျောင်းတော်ကို လျောင်မင်းဆက် (၉၁၆-၁၁၂၅) အုပ်စိုးစဉ် သက္ကရာဇ် ၉၉၆ ခုနှစ်မှာ တည်ဆာက်ခဲ့တာ ဖြစ်ပါတယ်။
    ဒေသတွင်းက တရုတ်မွတ်စလင်တွေဟာ ရိုးရာ တရုတ်ဗိသုကာ လက်ရာတွေနဲ့ ဗလီဝတ်ကျောင်းတော်ကို တည်ဆောက်ခဲ့တာဖြစ်ပြီး အတွင်းပိုင်းမှာတော့ အာရဘီ စာပန်းချီတွေ၊ အဆိုအမိန့် ကားချပ်တွေနဲ့ ဆင်ယင်ထားပါတယ်။ ဗလီဝတ်ကျောင်းတော်ရဲ့ ဒီဇိုင်းကို လျောင်မင်းဆက်လက်ထက်မှာ နာမည်ကြီးတဲ့ ဗိသုကာပညာရှင် နာဇာရုဒ်ဒင်က ဆွဲပေးခဲ့တာဖြစ်ပါတယ်။ ၁၂၁၅ ခုနှစ် ဂျစ်ဂျစ်ခန်ရဲ့ မွန်ဂိုတပ်တွေ တရုတ်ပြည်ကို သိမ်းပိုက်မှုအတွင်း အခြားသော ၀တ်ပြုရာအဆောက်အဦးတွေနည်းတူ နျူဂျဲ ဗလီဝတ်ကျောင်းတော်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
    မင်မင်းဆက်လက်ထက် သက္ကရာဇ် ၁၄၄၃ မှာ ဒီဗလီဝတ်ကျောင်းတော်ကို ပြန်လည်တည်ဆောက်ခဲ့ပါတယ်။ ၁၄၉၆ ခုနှစ် ပြန်လည်ပြုပြင်ရေး လုပ်ငန်းမှာ နန်းတွင်းမှာ ခစားရတဲ့ တရုတ်မွတ်စလင် မိန်းမစိုးတွေက ငွေကြေးထောက်ပံ့ပေးခဲ့ပြီး ၁၆၉၆ ခုနှစ် ချင်မင်းဆက်လက်ထက်မှာ ဗလီပရ၀ုဏ်ကို ချဲ့ထွင်ခဲ့ပါတယ်။
    အဲဒီအချိန်ကစလို့ ဗလီဝတ်ကျောင်းတော်နဲ့ ခပ်လှမ်းလှမ်းမှာ ဟာလာလ်အသားတွေ ရောင်းတဲ့ နာမည်ကျော်ဈေးတစ်ခု ပေါ်လာခဲ့ပြီး ယနေ့အချိန်အထိ တည်တံ့နေဆဲ ဖြစ်ပါတယ်။ ဒီဗလီရဲ့ မူရင်းအမည်ဟာ လီဘိုင်စီ (Lǐbàisì) ဖြစ်ပြီး ချောင်ဟွာဧကရာဇ် (Chenghua) က သက္ကရာဇ် ၁၄၇၄ မှာ မှည့်ခဲ့တာပါ။ နောက်ပိုင်း နေရာရွှေ့ပြီးတဲ့နောက် နျူဂျဲလို့ အမည်တွင်တာဖြစ်ပြီး တရုတ်နိုင်ငံမြောက်ပိုင်းမှာ ထင်ရှားတဲ့ ဗလီဝတ်ကျောင်းတော်တွေထဲက တစ်လုံးဖြစ်ပါတယ်။
    မင်နာရတ်မျှောစင်
    ၁၉၄၉ ခုနှစ် တရုတ်ပြည်သူသမ္မတနိုင်ငံက တည်ထောင်ပြီးနောက်ပိုင်း ၁၉၅၅၊ ၁၉၇၉ နဲ့ ၁၉၉၆ ခုနှစ်တွေမှာ ဗလီဝတ်ကျောင်းတော်ကို ၃ ကြိမ်တိုင်တိုင် ပြင်ဆင်ခဲ့ပါတယ်။
    ၂၀၀၂ ခုနှစ်မှာတော့ တရုတ်အစိုးရက နျူဂျဲဗလီဝတ်ကျောင်းတော် ပြင်ဆင်ရေး အထူးစီမံကိန်းတစ်ခုကို ဆောင်ရွက်ခဲ့ပြီး ဗလီတစ်ဝိုက်မှာ မြက်ခင်းပြင်တွေ၊ ရင်ပြင်ကြီးတွေ ထားကာ သာသာယာယာဖြစ်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။
    ဖွဲ့စည်းပုံ
    နျူဂျဲ ဗလီဝတ်ကျောင်းတော်က အဓိက အဆောက်အဦးတွေကတော့ အဓိက၀တ်ပြုဆောင်၊ မင်နာရတ်၊ ပိဋကတ်တိုက်၊ ၀ူဇူကိုယ်လက်သန့်စင်ခန်းနဲ့  အမျိုးသမီး ၀တ်ပြုဆောင်တို့ ဖြစ်ပါတယ်။
    ကုရ်အာန်ကျမ်းတော်မြတ်ကို ကူးယူရေးသားရာမှာ အသုံးပြုခဲ့တဲ့ အေဒီ ၁၀၃၉ ခုနှစ်က ကြေးဝါဖောင်တိန်ကြီး၊ ရှေးဟောင်း ကုရ်အာန်ကျမ်းတော်မြတ် လက်ရေးမူတွေ၊ ချင်မင်းဆက်၊ မင်မင်းဆက်လက်ထက်တွေက အမွှေးတိုင်းထွန်းအိုးကြီးတွေ စတဲ့ အဖိုးတန် ရှေးဟောင်းပစ္စည်းတွေလည်း ဒီဗလီဝတ်ကျောင်းတော်မှာ ရှိနေပါတယ်။
    ဗလီပရ၀ုဏ်ရဲ့ အလယ်တည့်တည့်မှာ ဘုံခုနှစ်ဆင့် မင်နာရတ်မျှော်စဉ်တစ်ခုရှိပြီး နေ့စဉ် နိဗ္ဗာန်ဆော်ဖို့နဲ့ လစဉ် လ၀င်၊ လထွက်ကြည့်ဖို့အတွက် အသုံးပြုပါတယ်။ ပိဋကတ်တိုက်မှာတော့ ကုရ်အာန်ကျမ်းစာ အပါအ၀င် အစ္စလာမ့်ရေးရာ ကျမ်းကြီး၊ ကျမ်းငယ်တွေကို သိမ်းဆည်းထားပြီး အဲဒီအထဲမှာ စာကြည့်ခန်း တစ်ခုလည်း ရှိပါတယ်။
    ကြေးဝါဒယ်အိုးကြီး
    ထူးခြားတာက ဗလီဝင်းထဲက ကြေးဒယ်အိုးကြီးဖြစ်ပြီး ခေတ်အဆက်ဆက် ဗလီဝတ်ကျောင်းတော်တဲ့ အလှူဒါနအစီအစဉ်တွေမှာ မပျက်မကွက် အသုံးတော်ခံခဲ့ပါတယ်။
    တရုတ်နိုင်ငံကို ရောက်ရှိကာ တရုတ်လူမျိုးတွေကို အစ္စလာမ်သာသနာနဲ့ ပိတ်ဆက်ပေးခဲ့တဲ့ အရှေ့အလယ်ပိုင်းက မွတ်စလင်သူတော်စင်ကြီးတွေရဲ့ ဂူဗိမာန်တစ်ချို့လည်း နျူဂျဲ ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်းမှာ တည်ရှိပါတယ်။
    စကွဲယားမီတာ ၁၀၀၀၀ နီးပါးလောက် ကျယ်ဝန်းတဲ့ ဗလီဝတ်ကျောင်းမှာ စိမ်းစိုးတဲ့ သစ်ပင်တွေကို စီတန်းစိုက်ပျိုးထားပြီး တရုတ် ရှေးဟောင်း ဗိသုကာလက်ရာတွေ ထင်ဟပ်နေတဲ့ နားနေဆောင်တွေ၊ လျှောက်လမ်းလေးတွေ၊ ရေကန်ငယ်လေးတွေနဲ့ သာယာလှပတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
    ခရီးသွားအချက်အခြာ
    တရုတ်အစိုးရဟာ မွတ်စလင်နိုင်ငံတွေက သံတမန်အဖွဲ့တွေ လာရောက်ရင် ဒီ နျူဂျဲ ဗလီဝတ်ကျောင်းတော်ကို လိုက်လံပြသလေ့ရှိနေပါတယ်။ တရုတ်နိုင်ငံကို လာရောက်ကြတဲ့ ကမ္ဘာလှည့် ခရီးသွားတွေအပြင် တရုတ်ပြည်အပြင်ဘက်က ဟန်တရုတ်တွေနဲ့ ဟွေတရုတ်တွေကလည်း ဒီဗလီဝတ်ကျောင်းတော်ကို လာရောက်လည်ပတ်ကြပါတယ်။
    နျူဂျဲ ဗလီဝတ်ကျောင်းတော်ဟာ ဗိသုကာလက်ရာမှာ အံချီးဖွယ် အဆောက်အဦး ဖြစ်သလို အစ္စလာမ် သာသနာနဲ့ တရုတ်လူမျိုးတို့ရဲ့ နက်ရှိုင်းတဲ့ ဆက်နွယ်ပတ်သက်မှုကို ထင်ဟပ်စေတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။
    ဗလီမြေပုံ
    ချင်မင်းဆက်လက်ထက်မှ အမွှေးတိုင်အိုး
    အမွှေးနံ့သာအိုးနှင့် မီးတိုင်များ
    ဗလီသမိုင်းအကျဉ်း
    ပါရှန် သူတော်စင်ကြီး ၂ ပါး၏ အုတ်ဂူ
    Ref: Wiki, Top China Travel, Chinahighlights
    (တင်ဆက်ပြီးသမျှ အပိုင်းများကို ဤနေရာတွင် သွားရောက်ဖတ်ရှုနိုင်ပါတယ်)
  • ယီမင်မှ ဒုံးကျည်ဖြင့်တိုက်ခိုက်မှု ဆော်ဒီက ကြားဖြတ်ဟန့်တားနိုင်ခဲ့
    ယီမင်မှ ဒုံးကျည်ဖြင့်တိုက်ခိုက်မှု ဆော်ဒီက ကြားဖြတ်ဟန့်တားနိုင်ခဲ့
    ဒီဇင်ဘာ ၁၉၊ ၂၀၁၇
    M-Media
    – ယီမင်မှာရှိတဲ့ ဟူသီသူပုန်တွေက မြို့တော်ရီယာ့ဒ်ကို ဒီနေ့မှာ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ကို ကြားဖြတ် ဖျက်ဆီးခဲ့ရတယ်လို့ ဆော်ဒီအာရေဗျက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
    ဟူသီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အဘ်ဒူလ် ဆလမ်က သူတို့ဟာ ရီယာ့ဒ်မြို့က ဘုရင့်နန်းတော်ကို ပစ်မှတ်ထားခဲ့တာလို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ နိုဝင်ဘာကစပြီး ဆော်ဒီကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ ဟူသီတွေရဲ့ တတိယမြောက် တိုက်ချင်းပစ်ဒုံးကျည် ဖြစ်ပါတယ်။
    နိုဝင်ဘာ ၄ ရက်နေ့မှာ မြို့တော်ရီယာဒ့်က ဘုရင်ခါလစ် နိုင်ငံတကာလေယာဉ်ကွင်းကို ပစ်မှတ်ထားတဲ့ ဒုံးကျည်တစ်စင်းကို ဆော်ဒီက ပစ်ချခဲ့ရပြီး ဒီကိစ္စမှာ အီရန်ပါတယ်လို့ ဆော်ဒီက စွပ်စွဲခဲ့ပါတယ်။
    ဒီဇင်ဘာ ၁ ရက်နေ့ကလည်း ခါမစ်မြို့ကို ဦးတည်ကာ ဟူသီတွေက ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ပြီး ဆော်ဒီက ကြားဖြတ်ဟန့်တားနိုင်ခဲ့ပါတယ်။
    နိုဝင်ဘာလက အင်တာဗျူးမှာ အဘ်ဒူလ်ဆလမ်က ယီမင်စစ်ပွဲမှာ ဆော်ဒီပါဝင်မှုအတွက် သူတို့ဟာ ဆော်ဒီကုန်တွင်းပိုင်းကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ အလ်ဂျာဇီးရား သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
    ၂ နှစ်တာ ကြာမြင့်လာပြီဖြစ်တဲ့ ယီမင်စစ်ပွဲအတွင်းမှာ ဒုံးကျည်ငယ် ဒါဇင်နဲ့ချီ ဆော်ဒီဖက်ကို ပစ်လွှတ်တာတွေ ရှိခဲ့ပြီး ဆော်ဒီနဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ကလည်း ယီမင်က ဟူသီတွေကို လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။
    ယီမင်စစ်ပွဲအတွင်း အနည်းဆုံး လူပေါင်း တစ်သောင်းလောက် သေဆုံးခဲ့ရပြီး ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါဘယဒဏ်တွေကိုလည်း ခံစားနေရပါတယ်။
    Ref: Aljazeera
  • ဂျေရုစလင်ကိစ္စအတွက် အရေးပေါ် ကုလအထွေအထွညီလာခံ ခေါ်မည်
    ဂျေရုစလင်ကိစ္စအတွက် အရေးပေါ် ကုလအထွေအထွညီလာခံ ခေါ်မည်
    ဒီဇင်ဘာ ၁၉၊ ၂၀၁၇
    M-Media
    – ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်မပြုရန် လုံးခြုံရေးကောင်စီ မူကြမ်းကို ယမန်နေ့တွင် အမေရိကန်က ဗီတိုအာဏာသုံး၍ ပယ်ချခဲ့ပြီးနောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ထိုကိစ္စနှင့်ပတ်သက်၍ မကြာမီ အရေးပေါ်အစည်းအဝေး ကျင်းပမည်ဟု သိရသည်။
    အရေးပေါ်အစည်းအဝေး ကျင်းပရန်အတွက် ပါလက်စတိုင်း၊ အာရပ်နိုင်ငံများ၊ တူရကီနှင့် OIC တို့က တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုစလင်ကို အစ္စရေးမြို့တော်ဖြစ်ကြောင်း ဒီဇင်ဘာ ၆ ရက်နေ့က ကြေငြာခဲ့ပြီး ထိုဆုံးဖြတ်ချက်ကို ကမ္ဘာတစ်ဝှမ်းက ရှုတ်ချခဲ့ကြသည်။
    ဂျေရုစလင်တွင် အခြေစိုက်ကာ အစ္စရေးနှင့် သံအဆက်အသွယ်မလုပ်ရန် ကမ္ဘာ့နိုင်ငံများကို တိုက်တွန်းသည့် မူကြမ်းတစ်ခုကို ယမန်နေ့က လုံခြုံရေးကောင်စီတွင် အတည်ပြုရန် ဆောင်ရွက်ခဲ့သော်လည်း အမေရိကန်၏ ဗီတိုကြောင့် ပျက်ပြယ်ခဲ့ရသည်။
    ကုလ အထွေအထွေညီလာခံ သဘာပတိ မီရိုစလက်ဗ် လက်ဂ်ျကက်က အဆိုပါ အရေးပေါ် အစည်းအဝေးကို အမြန်ဆုံး ကျင်းပသွားမည်ဟု ပြောကြားခဲ့ပြီး ကုလဆိုင်ရာ ပါလက်စတိုင်းသံအမတ် ရီယဒ်မန်ဆူရ်က ဗုဒ္ဓဟူး၊ သို့မဟုတ် ကြာသာပတေးနေ့တွင် ကျင်းပမည်ဟု မျှော်လင့်နေသည်။
    မန်ဆူရ်က ၎င်းတို့၏ တောင်းဆိုမှုဖြင့် ပြုလုပ်မည့် အဆိုပါ အရေးပေါ်အစည်းအဝေးကို ၁၉၅၀ ကုလ အထွေအထွေညီလာခံ၏ ဆုံးဖြတ်ချက်အမှတ် ၃၇၇ (က) နှင့်အညီ ဆောင်ရွက်သွားမည်ဟု ဆိုသည်။
    Ref: Aljazeera
  • ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေး အလုပ်အဖွဲ့ကို မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးပေါင်းဖွဲ့စည်း
    ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေး အလုပ်အဖွဲ့ကို မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးပေါင်းဖွဲ့စည်း
    ဒီဇင်ဘာ ၁၉၊ ၂၀၁၇
    M-Media
    ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာ ဒုက္ခသည်စခန်း
    – ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စ စောင့်ကြည့်လုပ်ကိုင်သွားဖို့အတွက် ပူးတွဲအလုပ်အဖွဲ့တစ်ခုကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့က ဒီနေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။
    ဒါကာမှာ လက်မှတ်ရေးထိုးခဲ့တဲ့ ဒီအဖွဲ့မှာ အဖွဲ့ဝင် ၃၀ ပါဝင်ပြီး ဒုက္ခသည်တွေ ကိုယ့်သဘောဆန္ဒအတိုင်း နေရပ်ပြန်ဖို့၊ ပြန်လည်နေရာချထားဖို့၊ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ပါဝင်နိုင်ဖို့ လုပ်ငန်းစဉ်တွေကို ချမှတ်သွားမှာပါ။
    သြဂုတ်လနှောင်းပိုင်းကစပြီး ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်ဖြစ်ပွားခဲ့တဲ့ မတည်ငြိမ်မှုကြောင့် ရိုဟင်ဂျာ ၆ သိန်း ၃ သောင်းကျော်လောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။
    ဒီလူတွေ နေရပ်ပြန်ရေးအတွက် သဘောတူညီချက်တစ်ခုကို ဇန်န၀ါရီ ၂၁ ရက်နေ့မှာ စတင်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့အကြား ပြီးခဲ့တဲ့လမှာ သဘောတူခဲ့ကြပေမယ့် အမှန်တကယ် လုပ်ငန်းစတင်ဖို့ကတော့ အချိန်အတိုင်းအတာတစ်ခုအထိ ကြာမြင့်ဖွယ်ရှိနေတယ်လို့ ဒီနေ့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောကြားခဲ့ပါတယ်။
    နေရပ်ပြန်လာတဲ့ ရိုဟင်ဂျာတွေဟာ အကြမ်းဖက်မှုတွေကို ဆက်လက်ရင်ဆိုင်ရနိုင်တယ်ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေက သတိပေးထားပါတယ်။
    အရင်ကလည်း မြန်မာစစ်တပ်ရဲ့ ညှင်းပမ်းနှိပ်စက်မှုတွေကြောင့် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးရတဲ့ အခြေအနေတွေ ရှိခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ အဲဒီလူတွေ နေရပ်ပြန်ရေး သဘောတူညီချက်ကို နှစ်နိုင်ငံက လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမယ့် အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိပါဘူး။
    အခုသဘောတူညီချက်ကလည်း ၁၉၉၂ ခုနှစ်က စည်းကမ်းတွေကို အခြေခံတာ ဖြစ်ပါတယ်။
    Ref: Washington Post