News @ M-Media

Author: Ko Lay

  • ဖိလစ်ပိုင်တွင် အပူပိုင်းမုန်တိုင်းကြောင့် ၂၆ ဦးသေဆုံး

    ဖိလစ်ပိုင်တွင် အပူပိုင်းမုန်တိုင်းကြောင့် ၂၆ ဦးသေဆုံး

    ဒီဇင်ဘာ ၁၇၊ ၂၀၁၇
    M-Media

    – ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းတွင် မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကာ အနည်းဆုံး ၂၆ ဦး သေဆုံးခဲ့သည်ဟု အာဏာပိုင်များက ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

    အပူပိုင်း ကိုင်တက်မုန်တိုင်းဖြစ်ပြီး နိုင်ငံအလယ်ပိုင်း ဘီလီရန်ကျွန်းက မုန်တိုင်းဒဏ်ကို ပြင်းထန်းစွာ ခံစားခဲ့ရကာ သေဆုံးသူ ၂၆ ဦးအပြင် ၂၃ ဦး ပျာက်ဆုံးနေသည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူးက DZMM ရေဒီယိုသို့ ပြောကြားခဲ့သည်။

    မုန်တိုင်းကြောင့် ဓာတ်အားများ ပြတ်တောက်ကာ လေကြောင်းခရီးစဉ်များကို ရပ်ဆိုင်းခဲ့ရပြီး လူပေါင်း ၈၈၀၀၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည်။ ဘီလီရန်ကျွန်းရှိ ဆိပ်ကမ်းများတွင် သောင်တင်နေသူမှာ ၁၅၀၀၀ ကျော် ရှိနေသည်။

    ဒေသတွင်း ရေလျှံမှုများလည်း ဖြစ်နေပြီး ကောက်ပံသီးနှံများ၊ အခြေခံအဆောက်အဦးများလည်း ပျက်ဆီးခဲ့သည်။

    Ref: CNA

  • တောင်ကိုရီးယားအိတ်ချိန်းမှ ဒစ်ဂျစ်တယ်ငွေကြေး ခိုးယူခံရမှု မြောက်ကိုရီးယားလက်ချက်ဟု ယူဆနေ

    တောင်ကိုရီးယားအိတ်ချိန်းမှ ဒစ်ဂျစ်တယ်ငွေကြေး ခိုးယူခံရမှု မြောက်ကိုရီးယားလက်ချက်ဟု ယူဆနေ

    ဒီဇင်ဘာ ၁၇၊ ၂၀၁၇
    M-Media

    – တောင်ကိုရီးယားအိတ်ချိန်းမှ ဒစ်ဂျစ်တယ်ငွေကြေးလုပ်ငန်းများ ဖေဖော်ဝါရီလက ဆိုက်ဘာတိုက်ခိုက်ခံရမှုမှာ မြောက်ကိုရီးယားလက်ချက်ဖြစ်မည်ဟု တောင်ကိုရီးယား ထောက်လှမ်းရေးဌာနက ယုံကြည်နေသည်။

    ကမ္ဘာ့ ပဉ္စမမြောက်အကြီးဆုံး အိတ်ချိန်းဖြစ်သော Bithumb အိတ်ချိန်းရှိ Bitcoin နှင့် Ethereum တို့မှ ကန်ဒေါ်လာ အနည်းဆုံး ၇ သန်းဖိုး ခိုးယူခံလိုက်ရခြင်းဖြစ်ပြီး အသုံးပြုသူ ၃၀၀၀၀ ၏ အချက်အလက်များလည်း ပါသွားခဲ့သည်။

    လက်ရှိတွင် ခိုးယူခံလိုက်ရသည့် ဒစ်ဂျစ်တယ်ငွေကြေးပမာဏမှာ ၈၂.၇ သန်းအထိ တန်ဖိုးတက်နေပြီ ဖြစ်သည်။

    နျူလက်နက်အစီအစဉ်ကြောင့် ပြုလုပ်ထားသည့် ဘဏ္ဍာရေး ပိတ်ဆို့မှုများကို ကျော်လွှားရန်အတွက် မြောက်ကိုရီးယားဟက်ကာများမှာ ဒစ်ဂျစ်တယ်ငွေကြေးများကို ပစ်မှတ်ထားနိုင်သည်ဟု ကျွမ်းကျင်သူများက ယူဆနေကြသည်။

    Bithumb အိတ်ချိန်းမှ ၀န်ထမ်းတစ်ဦး၏ ကွန်ပျူတာကို ပစ်မှတ်ထားကာ ဖေဖော်ဝါရီလက တိုက်ခိုက်မှုကိုဇွန်လကမှ တောင်ကိုရီးယားက သိရှိခဲ့သည်။

    ဟက်ကာများက ၎င်းတို့ ရယူသွားသည့် အသုံးပြုသူများ၏ အချက်အလက်များကို ကန်ဒေါ်လာ ၅.၅ သန်းပေး၍ ရွေးယူရန်နှင့် မရွေးပါက ဖျက်ပစ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။

    တောင်ကိုရီးယား အမျိုးသား ထောက်လှမ်းရေးဌာနက စက်တင်ဘာလအတွင်း Coinis အိတ်ချိန်း ဆိုက်ဘာတိုက်ခိုက်ခံရမှု၏ နောက်ကွယ်တွင်လည်း မြောက်ကိုရီးယား ရှိနေမည်ဟု ယူဆနေသည်။ အောက်တိုဘာလက တိုက်ခိုက်ရန် ကြိုးစားမှုကို ဟန့်တားနိုင်ခဲ့သည်ဟု တောင်ကိုရီးယားက ပြောကြားခဲ့သည်။

    လက်ရှိတွင် ဒစ်ဂျစ်တယ်ငွေကြေးလုပ်ငန်းများအတွက် တောင်ကိုရီးယားက ဥပဒေပြဌာန်းမှုမျိုး မရှိသေးသော်လည်း တိုက်ခိုက်ခံရမှုများကြောင့် တင်းတင်းကြပ်ကြပ်ဆောင်ရွက်ရန် အစိုးရက စီစဉ်နေသည်။

    Ref: BBC

  • ဗလီအတွက် မြေလှူတဲ့ အိန္ဒိယက ဟိန္ဒူဘုရားကျောင်းဥက္ကဌ

    ဗလီအတွက် မြေလှူတဲ့ အိန္ဒိယက ဟိန္ဒူဘုရားကျောင်းဥက္ကဌ

    ဒီဇင်ဘာ ၁၇၊ ၂၀၁၇
    M-Media

    – အိန္ဒိယနိုင်ငံမှာ ဗလီဝတ်ကျောင်းတော်တစ်လုံး တိုးချဲ့ဖို့အတွက် ဟိန္ဒူဘုရားကျောင်းဥက္ကဌက သူပိုင်မြေကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

    နိုင်ငံအနောက်တောင်ပိုင်း ကာရ်နာတာကာပြည်နယ်က အိုလီမန်ဒိုဗူရွာမှာဖြစ်ပြီး Vishnumurthy ဟိန္ဒူဘုရားကျောင်းရဲ့ ဥက္ကဖြစ်တဲ့ မိုဟန် ရိုင်းက သူ့ရဲ့ ခြံကို ဘေးက အိုလီမန်ဒိုဗူ ဗလီကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။

    ဗလီဂေါပကအဖွဲ့က ၀တ်ပြုရာနေရာ တိုးချဲ့ဆောက်လုပ်ဖို့အတွက် မြေနေရာပြန်ရောင်းဖို့ ရိုဟန်ကို ပြောကြားခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့မှာတော့ ရိုဟန်က လှူဖို့သဘောတူခဲ့တာ ဖြစ်ပါတယ်။ ရိုဟန်ဟာ ဗလီဝတ်ကျောင်းတော်ရဲ့ လူမှုဖူလှုံရေးနဲ့  အကူအညီပေးရေး အစီအစဉ်တွေမှာလည်း ပါဝင်နေသူတစ်ယောက် ဖြစ်ပါတယ်။

    “ဗလီဟာ ကျွန်တော်ပိုင်တဲ့ခြံနဲ့ ကပ်လျက်မှာ တည်ရှိပြီး ဂေါပကအဖွဲ့က တိုးချဲ့ဖို့ မြေလိုလာပါတယ်။ ကျွန်တော်တို့ဟာ ဘာသာမတူပေမယ့် ဘုရားတစ်ပါးတည်းကိုသာ ကိုးကွယ်ကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘာသာတရားတိုင်းကို လေးစားဖို့ လိုပါတယ်။ ဘာသာကိုလိုက်ပြီး ကျွန်တော်တို့ဟာ မခွဲခြားသင့်ပါဘူး။ ဘုရားသခင်က ကျွန်တော့်ကို အပြည့်အစုံပေးထားပြီး အဲဒီအထဲက တစ်စိတ်တစ်ပိုင်းကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်” လို့ ရိုဟန်က ပြောကြားခဲ့ပါတယ်။

    ဗလီဝတ်ကျောင်းတော်ရဲ့ ဥက္ကဌ ဟူစိန် ဒါရီမီက အဲဒီလို လှူဒါန်းတဲ့နေ့ဟာ ရွာသားတွေအတွက် မမေ့နိုင်ဖွယ်ရာနေ့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အိန္ဒိယနိုင်ငံသားတိုင်းဟာ ဒီလို ရက်ရောမှုကို ပြသသင့်ပါတယ်။ ဟိန္ဒူ-မွတ်စလင် ညီညွတ်ရေးထက် ကြီးကျယ်တာ ဒီနိုင်ငံမှာ ဘာမှမရှိပါဘူး”

    ကာရ်နာတာကာပြည်နယ်ဟာ ဘာသာရေးအရ အကဲဆတ်တဲ့ ဒေသတစ်ခုအဖြစ် သတ်မှတ်ခံထားရပေမယ့် အခု ဒီအဖြစ်အပျက်ဟာ ဘာသာရေးသည်းခံနိုင်စွမ်းရဲ့ ပြယုဂ်တစ်ခုအဖြစ် အိန္ဒိယပြည်သူတွေက ဖော်ပြကြပါတယ်။

    Ref: Times Of India

  • ပါကစ္စတန်ခရစ်ယာန်ဘုရာကျောင်းတွင် အသေခံဗုံးခွဲမှုဖြစ်ပွားပြီး လူ ၈ ဦး သေဆုံး

    ပါကစ္စတန်ခရစ်ယာန်ဘုရာကျောင်းတွင် အသေခံဗုံးခွဲမှုဖြစ်ပွားပြီး လူ ၈ ဦး သေဆုံး

    ဒီဇင်ဘာ ၁၇၊ ၂၀၁၇
    M-Media

    တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာကြသူများ

    – ပါကစ္စတန်နိုင်ငံ အနောက်ပိုင်း ကွက်တာမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် ယနေ့နေ့လည်ပိုင်းက အသေခံ ဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့သည်ဟု ပါကစ္စတန် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    Bethel Memorial Methodist ဘုရားကျောင်းဖြစ်ပြီး တိုက်ခိုက်ရေးသမားတစ်ဦးမှာ ဘုရားကျောင်း ဂိတ်ပေါက်ဝတွင် အသေခံဗုံးခွဲကာ အခြားတစ်ဦးမှာ ၀တ်ပြုရန်လာသူများကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

    လုံခြုံရေးတပ်ဖွဲ့များမှာ ဒုတိယသေနတ်သမားကို သုတ်သင်နိုင်ခဲ့သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ မိုအာဇမ် ဂျာဟ် အန်ဆာရီက ပြောကြားခဲ့သည်။

    “ဘုရားကျောင်းရဲ့ ပရ၀ုဏ်အတွင်းကို ကျွန်တော်တို့ ချက်ခြင်း ရှင်းလင်းနိုင်ခဲ့ပြီး လက်ရှိမှာ ပတ်ဝန်းကျင်ကို လိုက်လံရှင်းလင်းနေပါတယ်”

    တိုက်ခိုက်မှုဖြစ်ပွားစဉ်တွင် ဘုရားကျောင်းအတွင်း ၀တ်ပြုသူပေါင်း အနည်းဆုံး ၂၀၀ ကျော်ရှိနေပြီး ဒဏ်ရာရရှိသူများမှာ ၃၃ ဦးရှိသည်ဟု မြို့တွင်းရှိ ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ကွက်တာမြို့ရှိရာ ဘာလိုချစ္စတန်ဒေသ၌ လတ်တတောတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ခပ်စိပ်စိပ်ဖြစ်ပွားနေပြီး တာလီဘန်နှင့် မဟာမိတ်ပြုထားသည့် အဖွဲ့များ၊ ခွဲထွက်ရေးသမားများက ပြုလုပ်ခြင်းဖြစ်သည်။

    ပြီးခဲ့သည့်လကလည်း စစ်သားများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုတစ်ခု ကွက်တာမြို့တွင် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၄ ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။

    ယခုလ အစောပိုင်းက အကြီးတန်းရဲအရာရှိတစ်ဦး တိုက်ခိုက်သတ်ဖြတ်ခံရပြီး၊ အောက်တိုဘာလက လမ်းဘေးဗုံးခွဲမှုအတွင် ရဲတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့သည်။

    ယခုတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က ပြုလုပ်သည်ဆိုသည်ကို မသိရှိရသေးပေ။

    Ref: Aljazeera