News @ M-Media

Author: Ko Lay

  • သမ္မတထရမ့် လိင်စော်ကားခဲ့သည်ဆိုသော စွဲချက်များကို စစ်ဆေးရန် ဒီမိုကရက်အမတ်များ တောင်းဆို

    သမ္မတထရမ့် လိင်စော်ကားခဲ့သည်ဆိုသော စွဲချက်များကို စစ်ဆေးရန် ဒီမိုကရက်အမတ်များ တောင်းဆို

    ဒီဇင်ဘာ ၁၃၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ သမ္မတမဖြစ်ခင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန်အတွက် ဒီမိုကရက်တစ်အမတ် ၁၀၀ ကျော်က အောက်လွှတ်တော် ကြီးကြပ်ရေး ကော်မတီကို တိုက်တွန်းလိုက်သည်ဟု သိရသည်။

    ဖလော်ရီဒါမှ လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး ဒီမိုကရက်တစ်ပါတီ အမျိုးသမီး လုပ်ငန်းဆိုင်ရာအဖွဲ့ (DWWG) ၏ ဥက္ကဌလည်းဖြစ်သူ လိုအစ် ဖရန်ကန်က သမ္မတအပေါ် စွဲဆိုချက်မျာအတွက် ‘အမှန်တရားကို ဖော်ထုတ်ရန် အချိန်တန်ပြီ’ ဟု ပြောကြားခဲ့သည်။

    ထရမ့်မှာ အလိုမတူဘဲ နမ်းခြင်း၊ တင်ပါးအား ကိုင်တွယ်ပွတ်သတ်ခြင်းတို့ အပါအ၀င် လိုင်ပိုင်းဆိုင်ရာ စော်ကားမှုများ ရှိခဲ့သည်ဟု အနည်းဆုံး အမျိုးသမီး ၁၇ ဦးက စွပ်စွဲထားသည်ဟု DWWG က ထုတ်ပြန်သည့် တိုက်တွန်းစာတွင် ဖော်ပြထားသည်။

    ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဖရန်ကန်က အောက်လွှတ်တော် ကြီးကြပ်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မတီက ထိုစွပ်စွဲချက်များအား စုံစမ်းစစ်ဆေးရန်အတွက် လက်မှတ်ရေးထိုးသူ အမတ် ၁၀၀ ကျော်ရှိကြောင်း၊ အရေအတွက်မှာ ဆက်လက်၍ မြင့်တက်လာဖွယ် ရှိနေကြောင်း ပြောကြားခဲ့သည်။

    ထရမ့်ကမူ ထိုစွပ်စွဲချက်များအား ငြင်းဆိုခဲ့ပြီး ဒီမိုကရက်များမှာ ၎င်းနှင့် သိကျွမ်းခြင်း၊ တွေ့ဆုံခဲ့ခြင်း မရှိသူများ၏ စွပ်စွဲချက်များ၊ လုပ်ကြံမှုများဖြင့် ၎င်းအား တိုက်ခိုက်နေသည်ဟု ယမန်နေ့တွင် Twitter စာမျက်နှာ၌ ရေးသားခဲ့သည်။

    Ref: Aljazeera

  • အရှေ့တောင်အာရှကို အိမ်အကူလုပ်သား ပြန်ပို့ရန် မြန်မာစီစဉ်နေ

    အရှေ့တောင်အာရှကို အိမ်အကူလုပ်သား ပြန်ပို့ရန် မြန်မာစီစဉ်နေ

    ဒီဇင်ဘာ ၁၂၊ ၂၀၁၇
    M-Media

    စင်ကာပူနိုင်ငံမှ မြင်ကွင်းတစ်ခု

    – မြန်မာအမျိုးသမီးတွေ အရှေ့တောင်အာရှ နိုင်ငံတွေမှာ အိမ်အကူအဖြစ် တရားဝင် အလုပ်လုပ်နိုင်ရေး သဘောတူညီချက်ရဖို့အတွက် ဆောင်ရွက်နေတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်ပါတယ်။

    ဈေးသက်သာတဲ့ အိမ်အကူလုပ်သားတွေ လိုအပ်နေတဲ့ ဟောင်ကောင်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတွေကို ပို့ဆောင်နိုင်ဖို့ မြန်မာနိုင်ငံက ပစ်မှတ်ထား ဆောင်ရွက်နေတာပါ။

    “ဒီနိုင်ငံတွေနဲ့ နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးရေးအတွက် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့နဲ့ ဒီကိစ္စ ပြောဆိုဆွေးနွေးနေတာ ကြာမြင့်ပြီဖြစ်ပေမယ့် ဒီတစ်ခါမှာတော့ ပိုပြီးတော့ ပြည့်စုံမှာပါ” လို့ ၀န်ကြီးဌာနက စက်ရုံနှင့် အထွေထွေအလုပ်သမားဥပဒေ
    ကြီးကြပ်ရေးဌာနက ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံက ၅၃.၆ သန်းသော ပြည်သူတွေရဲ့ ၅ ရာခိုင်နှုန်းကျော်ကျော်ဟာ စင်ကာပူ၊ မလေးရှား၊ ထိုင်းနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေရတယ်လို့ အစိုးရရဲ့ စာရင်းဇယားအရ သိရပြီး အများစုက ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ အမျိုးသမီးတွေက အိမ်အကူလုပ်ငန်းတွေမှာ ဖြစ်ပါတယ်။

    ရွှေ့ပြောင်းလုပ်သားတွေကို ကာကွယ်ပေးရေး၊ သူတို့ရဲ့အခွင့်အရေးကို မြှင့်တင်ပေးရေး သဘောတူညီချက်တစ်ခုကို အာဆီယံနိုင်ငံတွေက နိုဝင်ဘာ ၁၄ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပြီး ရွှေ့ပြောင်းလုပ်သားတွေကို နိုင်ငံသားတွေအတိုင်း အကာအကွယ်ပေးဖို့ အဲဒီသဘောတူညီချက်မှာ အာမခံထားပါတယ်။

    ဦးဝင်းရှိန်ကတော့ မြန်မာအလုပ်သမားတွေဟာ ဥပဒေကပေးထားတဲ့ အခွင့်အရေးအတိုင်း အကာအကွယ်ရဖို့လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံဟာ ၂၀၁၃ ခုနှစ်မှာ စင်ကာပူ၊ ၂၀၁၄ ခုနှစ်မှာ ဟောင်ကောင်တို့ကို အိမ်အကူလုပ်သားတွေ စတင်စေလွှတ်ခဲ့ပေမယ့် ပြဿနာတွေ၊ အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ၂၀၁၄ ခုနှစ် စက်တင်ဘာမှာ ဒီအစီအစဉ်ကို ရပ်တန့်ခဲ့ရပါတယ်။

    Ref: VOA

  • ဇာတ်နိမ့်တစ်ဦးအား လူမျိုးရေးခွဲခြားကာ ခေါင်းဖြတ်သတ်ခဲ့သည့် ဟိန္ဒူဇာတ်မြင့်များကို အိန္ဒိယက သေဒဏ်ချ

    ဇာတ်နိမ့်တစ်ဦးအား လူမျိုးရေးခွဲခြားကာ ခေါင်းဖြတ်သတ်ခဲ့သည့် ဟိန္ဒူဇာတ်မြင့်များကို အိန္ဒိယက သေဒဏ်ချ

    ဒီဇင်ဘာ ၁၂၊ ၂၀၁၇
    M-Media

    သတ်ဖြတ်ခံရသည့် ဆန်ကာရ် (၀ဲ) နှင့် ၎င်း၏ ဇနီး

    – ပြီးခဲ့သည့်နှစ်က တမီလ်နာဒူးပြည်နယ်တွင် ဒါလစ်ဇာတ်နိမ့်တစ်ဦးအား လူမျိုးရေးခွဲခြား သတ်ဖြတ်ခဲ့သူ ၆ ဦးကို အိန္ဒိယက ယနေ့တွင် သေဒဏ်ပေးလိုက်သည်ဟု သိရသည်။

    ဟိန္ဒူဇာတ်နိမ့်မျိုးနွယ်မှ အသက် ၂၂ နှစ်အရွယ် ဆန်ကာရ်ဆိုသူမှာ အသက် ၁၉ နှစ်အရွယ် ဇာတ်မြင့်အမျိုးသမီးတစ်ဦး ကောင်ဆလ်ယာနှင့် လက်ထပ်ခဲ့ခြင်းကြောင့် နေ့ခင်းကြောင်တောင်တွင် ခေါင်းဖြတ်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ တိုက်ခိုက်မှုအတွင်း ကောင်ဆလ်ယာမှာလည်း ဒဏ်ရာရရှိခဲ့သည်။

    ထိုသတ်ဖြတ်မှုကို အမျိုးသမီးငယ်၏ ဖခင်က ဦးဆောင်ပြုလုပ်ခြင်းဖြစ်သည်။

    တရားစွဲဆိုခံရသူ ၁၁ ဦးတွင် အမျိုးသမီးငယ်၏ ဖခင်အပါအ၀င် ၆ ဦးကို သေဒဏ်၊ တစ်ဦးကို တစ်သက်တစ်ကျွန်း၊ အခြားတစ်ဦးကို ထောင်ဒဏ် ၅ နှစ် အသီးသီး ချမှတ်ခဲ့ကာ သတို့သမီး၏ မိခင်ဖြစ်သူနှင့် အခြား ၃ ဦးကို တရားသေလွှတ်ပေးခဲ့သည်။

    အိန္ဒိယရှိ ဟိန္ဒူဝါဒတွင် ဒါလစ်ဇာတ်နိမ့်များကို ထိတွေ့ပတ်သက်ရန် မသတီစရာကောင်းသူများအဖြစ် သတ်မှတ်ထားပြီး၊ ဇာတ်မြင့်များဖြင့်ယူသည့် ဇာတ်နိမ့်များကို သတ်ဖြတ်ခြင်းမှာ ‘ဂုဏ်သိက္ခာအတွက် သတ်ဖြတ်မှု’ ဓလေ့တစ်ခုအဖြစ် ဟိန္ဒူဇာတ်မြင့်များက ကျင့်သုံးလေ့ရှိသည်။

    Ref: BBC

  • တိုကျိုအိုလံပစ်၌ စက်ရုပ်များဖြင့် ၀န်ဆောင်မှုပေးမည့်အစီအစဉ်ကို ဂျပန်ထုတ်ပြ

    တိုကျိုအိုလံပစ်၌ စက်ရုပ်များဖြင့် ၀န်ဆောင်မှုပေးမည့်အစီအစဉ်ကို ဂျပန်ထုတ်ပြ

    ဒီဇင်ဘာ ၁၂၊ ၂၀၁၇
    M-Media

    – ၂၀၂၀ တိုကျိုအိုလံပစ်မှာ လာရောက်ကြမယ့် နိုင်ငံခြားသားတွေကို လေဆိပ်မှာ စက်ရုပ်နဲ့ ၀န်ဆောင်မှုပေးမည့် အစီအစဉ်တစ်ခုကို ဂျပန်က ဒီကနေ့မှာ ချပြလိုက်ပါတယ်။

    စက်ရုပ်အမျိုးစား ၇ မျိုးနဲ့ ပစ္စည်းတွေ သယ်ဆောင်မှုကနေ ဘာသာစကားကိစ္စတွေအထိ ဧည်သည့်တွေကို ၀န်ဆောင်မှုပေးသွားမှာပါ။

    ကြောင်အရုပ်ပုံစံ စက်ရုပ်လေးဟာ ဘာသာစကား ၄ မျိုးအထိ ဘာသာပြန်ပေးနိုင်မှာဖြစ်ပြီး အသုံးပြုသူတွေ အရုပ်နားသွားကာ စကားပြောလိုက်တာနဲ့ စခရင်မှာ ချက်ခြင်း ဘာသာပြန်ပေးမှာ ဖြစ်ပါတယ်။

    Cinnamon လို့ အမည်ပေးထားတဲ့ လူသားပုံတူ စက်ရုံလေးဟာ ခရီးသည်တွေနားသွားပြီး အကူအညီ လိုအပ်လားဆိုတာကို မေးမြန်ကာ ၀န်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။ ဒီစက်ရုပ်ကို ဉာဏ်ရည်တု AI စနစ်နဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။

    လေဆိပ်အတွင်းမှာ ခရီးသည်တွေရဲ့ အထုပ်တွေကို သယ်ပေးမယ့် စက်ရုပ်တစ်ခုလည်း ပါဝင်ပြီး ဂျပန်လေဆိပ်ဆိုင်ရာ တာဝန်ရှိသူ ယူတာကာ ကူရာတိုမီက ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကျရင် လေဆိပ်တွေမှာ စက်ရုပ်တွေ ပြန့်ကျဲနေတာမျိုး၊ စက်ရုပ်တွေက ခရီးသွားတွေနဲ့ အပြန်အလှန် ဆက်သွယ်ပြောဆိုနေတာမျိုး
    တွေ့ရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    သက်ကြီးရွယ်အိုများပြားမှုကြောင့် လုပ်သားအင်အား ပြတ်လတ်လာတဲ့အချိန်မှာ ဂျပန်ရဲ့ ဒီလို စက်ရုပ်အစီအစဉ် ပေါ်လာတာဖြစ်ပါတယ်။

    ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ Haneda လေဆိပ်ဟာ ခရီးသွားတွေ မြင့်တက်လာမယ့် အနေအထား ရှိနေပြီး အခုစက်ရုပ်တွေကို Haneda လေဆိပ်မှာ ဇန်န၀ါရီ ၉ ရက်နေ့ကစပြီး စမ်းသပ်အသုံးပြုမှာ ဖြစ်ပါတယ်။

    Ref: CNA

  • ယီမင်ပြည်သူ ၈ သန်းကျော်မှာ မကြာမီ အငတ်ဘေးနှင့် ရင်ဆိုင်ရမည်ဟု ကုလပြော

    ယီမင်ပြည်သူ ၈ သန်းကျော်မှာ မကြာမီ အငတ်ဘေးနှင့် ရင်ဆိုင်ရမည်ဟု ကုလပြော

    ဒီဇင်ဘာ ၁၂၊ ၂၀၁၇
    M-Media

    – ယီမင်နိုင်ငံရှိ ပြည်သူ ၈ သန်းကျော်မှာ အငတ်ဘေးနှင့် မကြာခင်ရင်ဆိုင်ရတော့မည်ဟု ကုလက ပြောကြားလိုက်ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အဟန့်အတားမရှိ ၀င်ရောက်ခွင့်ပေးရန် စစ်ပွဲတွင် ပါဝင်နေသူများကို တိုက်တွန်းလိုက်သည်။

    “အငတ်ဘေးဆိုက်ဖို့ နည်းနည်းသာလိုတော့တဲ့ ယီမင်ပြည်သူ ၈.၄ သန်းအပါအ၀င် လူသန်းပေါင်းများစွာရဲ့ ဘ၀ဟာ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နိုင်မှု၊ ကျန်းမာရေး၊ သန့်ရှင်းတဲ့ရေ၊ နေထိုင်စရာ၊ အဟာရထောက်ပံ့မှုတွကို ဆက်လက်ပေးနိုင်စွမ်းအပေါ်မှာ မူတည်နေပါတယ်” ဟု ယီမင်ရှိ ကုလ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး မက်ဂိုးလ်ဒ်ရစ်က ယမန်နေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ ဖော်ပြထားသည်။

    ဆော်ဒီဦးဆောင်သည့် မဟာမိတ်အဖွဲ့က အောက်တိုဘာလမှစ၍ ပြုလုပ်ထားသည့် ယီမင်အား ပိတ်ဆို့မှု ဆက်လက်ရှိနေစဉ် ကုလ၏ ယခုတိုက်တွန်းမှု ပေါ်ထွက်လာခြင်းဖြစ်သည်။ ဟူသီသူပုန်များက ရီယာ့ဒ်သို့ ဒုံးကျည်ဖြင့် ပစ်ခတ်မှုပြီးနောက် ဆော်ဒီက ထိုကဲ့သို့ ပိတ်ဆို့ခြင်းဖြစ်သည်။

    နိုင်ငံတကာ ဖိအားများကြောင့် ဆော်ဒီက နိုဝင်ဘာ နောက်ဆုံးသီတင်းပတ်မှစ၍ ယီမင်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတစ်ချို့ကို ၀င်ရောက်ခွင့်ပြုခဲ့သော်လည်း ယီမင်ပြည်သူများ၏ အခြေအနေမှာ ဆိုးရွားနေဆဲဖြစ်သည်။

    ၂၀၁၁ ခုနှစ် ပြည်သူလူထု အုံကြွမှုနောက်ပိုင်း အာရပ်ဒေသ၏ အဆင်းရဲဆုံး ယီမင်နိုင်ငံတွင် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လူပေါင်း တစ်သောင်းကျော် သေဆုံးကာ ၃ သန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည်ဟု ကုလ၏ မှတ်တမ်းများက ဆိုသည်။

    Ref: Aljazeera