News @ M-Media

Author: Ko Lay

  • ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် လက်မခံဟု အီးယူပြော

    ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် လက်မခံဟု အီးယူပြော

    ဒီဇင်ဘာ ၁၂၊ ၂၀၁၇
    M-Media

    – ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုရေး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ သွေးဆောင်မှုကို ဥရောသမဂ္ဂက ပယ်ချလိုက်ပြီး နှစ်နိုင်ငံတည်ရှိရေး အဖြေဘက်မှ ရပ်တည်သွားမည်ဟု ပြောကြားလိုက်သည်။

    ဥရောပသမဂ္ဂ၏ နိုင်ငံရေးခြားရေးပေါ်လစီ အကြီးအကဲ ဖက်ဒရီယာ မိုဂ်ဟီရီနီမှာ တနင်္လာနေ့က ဘရပ်ဆဲလ်တွင် နေတန်ယာဟုကို လက်ခံတွေ့ဆုံခဲ့ပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့ တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

    ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် အမေရိကန်က ကြေငြာပြီး တစ်ပတ်အကြာတွင် ပေါ်ထွက်လာသည့် နေတန်ယာဟု၏ ထိုခရီးစဉ်မှာ ၂၂ နှစ်အတွင်း အစ္စရေးခေါင်းဆောင်တစ်ယောက်၏ ဥရောပ ပထမဆုံးခရီးစဉ်လည်းဖြစ်သည်။

    “ဥရောပရဲ့ ရပ်တည်ချက်ကို ရှင်လည်းသိမှာပါ။ အစ္စရေးနဲ့ ပါလက်စတိုင်း ပဋိပက္ခမှာ လက်တွေ့ကျတဲ့အဖြေဟာ ၁၉၆၇ နယ်နမိတ်အတိုင်း ဂျေရုစလင်ကို နှစ်နိုင်ငံစလုံးရဲ့ မြို့တော်အဖြစ်ထားတဲ့ နှစ်နိုင်ငံတည်ရှိရေးကို အခြေခံပါတယ်။ ဒါဟာ ကျွန်မတို့ရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ဖြစ်ပြီး နှစ်ဖက် ဆွေးနွေးညှိနှိုင်းမှုတွေကနေတစ်ဆင့် မြင့်မြတ်တဲ့မြို့တော်ကိစ္စက နောက်ဆုံးအဖြေထွက်တဲ့အထိ နိုင်ငံတကာရဲ့ သဘောတူညီချက်ကို ဆက်လက် လေးစားလိုက်နာသွားမှာပါ” ဟု မိုဂ်ဟီရီနီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ဂျေရုစလင်မှာ အစ္စရေးမြို့တော်ဖြစ်သည်ဆိုသည့် ထရမ့်၏ ဆုံးဖြတ်ချက်ကို နေတန်ယာဟုက ထပ်လောင်း အတည်ပြုပြောကြားခဲ့ပြီး ထရမ့်အစိုးရမှာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးအတွက် အဆိုပြုချက်အသစ်ကို ဆောင်ရွက်နေကြောင်း၊ မကြာမီ ထုတ်ဖော်ကြေငြာမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Aljazeera

  • နယူးယောက်မြို့လယ်ကောင်တွင် ပေါက်ကွဲမှုဖြစ်

    နယူးယောက်မြို့လယ်ကောင်တွင် ပေါက်ကွဲမှုဖြစ်

    ဒီဇင်ဘာ ၁၁၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့လယ်ကောင် မဟတ္တန်ရပ်ကွက်တွင် ပေါက်ကွဲမှုဖြစ်သည်ဟူသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု နယူးယောက်ရဲတပ်ဖွဲ့က ကြေငြာခဲ့သည်။

    နယူးယောက်တိုင်းမ်စကွဲအနီး Port Authority ဘတ်စ်ကားမှတ်တိုင်တွင် ယနေ့မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်သည်ဟု သတင်းရရှိကြောင်း နယူးယောက်ရဲဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သော်လည်း ပေါက်ကွဲမှု ပမာဏနှင့် အကြောင်းအရင်းကို အတည်မပြုနိုင်ဟု ဆိုသည်။

    ထိုကိစ္စနှင့်ပတ်သက်၍ အနည်းဆုံး လူတစ်ယောက်ကို အသက်အန္တရာယ်မရှိသည့် ဒဏ်ရာများဖြင့် ဖမ်းဆီးထားသည်ဟု ရဲဌာနက Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    ပေါက်ကွဲမှုကြောင့် ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်စရာမရှိဟု နယူးယောက်အစိုးရက Twitter စာမျက်နှာတွင် ဖော်ပြကာ၊ နယူးယောက်အုပ်ချုပ်ရေးမှူး အန်ဒရူးကူမိုက စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    Ref: Aljazeera

  • ၂၀၁၈ တွင် ဆော်ဒီက ရုပ်ရှင်ရုံလိုင်စင်များ ထုတ်ပေးမည်

    ၂၀၁၈ တွင် ဆော်ဒီက ရုပ်ရှင်ရုံလိုင်စင်များ ထုတ်ပေးမည်

    ဒီဇင်ဘာ ၁၁၊ ၂၀၁၇
    M-Media

    – ၂၀၁၈ ခုနှစ်မှာ ရုပ်ရှင်ရုံတွေကို လိုင်စင်ထုတ်ပေးမယ်လို့ ဆော်ဒီက ယဉ်ကျေးမှုနဲ့ သတင်းအချက်အလက်ဆိုင်ရာဝန်ကြီး အောင်ဝဒ် ဘင် ဆာလေဟ် အလ်အောင်ဝဒ်က ပြောကြားလိုက်ပါတယ်။

    “ဒီလုပ်ငန်းရဲ့ အာဏာပိုင်အဖွဲ့ဖြစ်တဲ့ ရုပ်ရှင်မီဒီယာဆိုင်ရာ အထွေထွေကော်မရှင်ဟာ နိုင်ငံအတွင်းမှာ ရုပ်ရှင်ရုံတွေကို လိုင်စင်ထုတ်ပေးဖို့ လုပ်ငန်းစဉ်ကို စတင်နေပါပြီ။ ၂၀၁၈ ခုနှစ် မတ်လအတွင်းမှာ ပထမဆုံး ရုပ်ရှင်ရုံတွေ စတင်ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်ထားပါတယ်”

    ဆော်ဒီအစိုးရဟာ Vision 2030 စီမံကိန်းအဖြစ် ယဉ်ကျေးမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့လည်းပါဝင်ပြီး၊ ဆော်ဒီရဲ့ လူမှုဘ၀တွေကို ဖွင့်ပေးဖို့၊ အလုပ်အကိုင်ဖန်တီးပေးဖို့ ရည်ရွယ်တယ်လို့ စီမံကိန်းကို ကြေငြာခဲ့တဲ့ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာ ဆော်ဒီနိုင်ငံသားတွေဟာ အနီးဆုံးဖြစ်တဲ့ ဒူတိုင်းကိုသွားပြီး ရုပ်ရှင်ကြည့်တာ၊ အားကစားကွင်းတွေမှာ သွားရောက် ကစားတာတွေအတွက် တစ်နှစ်ကို ကန်ဒေါ်လာ သန်း ၂၅၀ လောက် သုံးနေကြပြီး အခု ရုပ်ရှင်ရုံလိုပ်စင်တွေ ချပေးမယ့်အစီအစဉ်ဟာ ဒီငွေတွေကို နိုင်ငံပြင်ပမထွက်စေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    ဆော်ဒီဟာ ပြီးခဲ့တဲ့လတွေအတွင်းမှာလည်း ဂီတပွဲတွေ၊ အမျိုးသမီးတွေပါ တက်ရောက်ခွင့်ရတဲ့ လွတ်လပ်ရေးအခမ်းအနားတွေကို လုပ်ခဲ့ပြီး လူမှုပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။

    Ref: Alarabiya

  • ဆီးရီးယားမှ ရုရှားတပ်များ ပြည်တော်ပြန်ရန် ပူတင်အမိန့်ပေး

    ဆီးရီးယားမှ ရုရှားတပ်များ ပြည်တော်ပြန်ရန် ပူတင်အမိန့်ပေး

    ဒီဇငဘာ ၁၁၊ ၂၀၁၇
    M-Media

    – ဆီးရီးယားနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှားသမ္မတ ပူတင်မှာ နိုင်ငံအတွင်း ရှိနေသည့် ရုရှားတပ်များ ပြည်တော်ပြန်ရန် အမိန့်ပေးလိုက်သည်ဟု သိရသည်။

    ပူတင်မှာ ဆီးရီးယား အရှေ့တောင်ပိုင်း လက်တာကီယာရှိ ခါမီမင် လေတပ်အခြေစိုက်စခန်းသို့ ကြိုတင်ကြေငြာခြင်းမရှိဘဲ ယနေ့မနက်ပိုင်းတွင် ရောက်ရှိလာခြင်းဖြစ်သည်။

    ရုရှားစစ်သားများနှင့် တွေ့ဆုံစဉ် ပူတင်က ဆီးရီးယားတွင် မိမိတို့၏အလုပ်မှာ အကြမ်းဖက်သမားများကို လုံးဝ ဖယ်ရှားနိုင်မှုနှင့်အတူ ပြီးဆုံးသွားပြီဟု ပြောကြားခဲ့ကြောင်း ရုရှားနိုင်ငံပိုင်သတင်းဌာန Novostic က ဖော်ပြခဲ့သည်။

    အာဆတ်အစိုးရ၏ မေတ္တာရပ်ခံမှုကြောင့် အဓိကမဟာမိတ်ဖြစ်သော ရုရှားမှာ ၂၀၁၅ ခုနှစ်တွင် ဆီးရီးယားစစ်ပွဲ၌ ပါဝင်လာခဲ့ခြင်းဖြစ်ပြီး IS အကြမ်းဖက်အဖွဲ့အပါအ၀င် ဆီးရီးယားအစိုးရကို ဆန့်ကျင်သည့် သူပုန်များကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

    ထို့ပြင် ရုရှားမှ စစ်ရေးအကြံပေးများ၊ အထူးတပ်ဖွဲ့ဝင်များကိုလည်း ဆီးရီးယားသို့ စေလွှတ်ခဲ့သည်။ ထိုအရင်က ရုရှားမှာ ဆီးရီးယားစစ်တပ်အား ထောက်ပံ့မှုဖြင့်သာ စစ်ပွဲတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

    ဆီးရီးယားအစိုးရက အကူအညီပေးမှုအတွက် သမ္မတအာဆတ်က ပူတင်အား နိုဝင်ဘာလတွင် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    ပူတင်မှာ ဆီးရီးယားမှတစ်ဆင့် ယနေ့နှောင်းပိုင်းတွင် အီဂျစ်သို့သွားရောက်ကာ သမ္မတ အလ်-စီစီနှင့် တွေ့ဆုံမည်ဖြစ်သည်။

    Ref: Aljazeera