News @ M-Media
Author: Ko Lay
  • သတိပေးချက်များကို လစ်လျူရှုကာ ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန် အသိအမှတ်ပြု
    သတိပေးချက်များကို လစ်လျူရှုကာ ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန် အသိအမှတ်ပြု
    ဒီဇင်ဘာ ၇၊ ၂၀၁၇
    M-Media
    – ဒေသတွင်းနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ သတိပေးမှုတွေကြားထဲကနေပဲ ထရမ့်ဟာ ဂျေရုစလင်ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း မနေ့မှာ တရားဝင်ကြေငြာလိုက်ပြီး အမေရိကန်သံရုံး ဂျေရုစလင်ကိုရွှေ့ပြောင်းရေး လုပ်ငန်းကို စတင်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
    ဒါဟာ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအပေါ် အမေရိကန်အစိုးရဲ့ ဆယ်စုနှစ်နဲ့ချီရှိခဲ့တဲ့ ရပ်တည်ချက် အပြောင်းအလဲဖြစ်ပြီး ထရမ့်က နှစ်ဖက်ငြိမ်းချမ်းရေးအတွက် နည်းလမ်းဟောင်းက အလုပ်မဖြစ်တဲ့အတွက် နည်းလမ်းသစ်ကို ပြောင်းလဲရခြင်းလို့ ပြောကြားခဲ့ပါတယ်။
    အရှေ့ဂျေရုစလင်အပါအ၀င် ကုလက ပါလက်စတိုင်းပိုင်နက်အဖြစ် သတ်မှတ်ပေးထားတဲ့ ဒေသတွေကိုအစ္စရေးက ၁၉၆၇ ခုနှစ်နောက်ပိုင်း တစ်စတစ်စ ကျူးကျော်သိမ်းပိုက်ခဲ့ပြီး ဂျေရုစလင်ကို မြို့တော်အဖြစ် သတ်မှတ်ဖို့ ဆောင်ရွက်လာပါ။
    အစ္စရေးက နိုင်ငံတကာသံရုံးတွေဟာ ဂျေရုစလင်မှာ တစ်ခုမှမရှိဘဲ ဂျေရုစလင်မြို့ကို အစ္စရေးက စိုးမိုး အုပ်ချုပ်နေမှုကို ထရမ့်ရဲ့ ဒီပြောကြားချက် ထွက်မလာခင်အထိ အမေရိကန်အပါအ၀င် ကမ္ဘာ့ဘယ်နိုင်ငံကမှ အသိအမှတ် မပြုပါဘူး။
    ထရမ့်က သူ့အနေနဲ့ ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုတာဟာ နှစ်ဖက် အငြင်းပွားနေတဲ့ နယ်စပ်ကိစ္စအပေါ် အဆုံးအဖြတ်ပေးတာမျိုးမဟုတ်ဘဲ အစ္စရေးနဲ့ ပါလက်စတိုင်းတွေအကြား အငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ သူ့ရဲ့ လုပ်ပိုင်ခွင့်ကို အပြည့်အ၀ အသုံးချသွားမယ်လို့လည်း ဆိုပါတယ်။
    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ထရမ့်ကို ရှုတ်ချလိုက်ပြီး ပါလက်စတိုင်းခေါင်းဆောင်ပိုင်းအနေနဲ့ အငြင်းပွားဖွယ် ဒီဆုံးဖြတ်ချက်ကို လက်ခံမှာမဟုတ်ကြောင်း၊ ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုလိုက်တာကြောင့် အမေရိကန်ဟာ အစ္စရေး-ပါလက်စတိုင်း ပြဿနာမှာ ကြားဝင်ညှိနှိုင်းပေးသူ မဟုတ်တော့ကြောင်း တုန့်ပြန်ပြောကြားခဲ့ပါတယ်။
    ငြိမ်းချမ်းဆွေးနွေးပွဲမှာ ပါလက်စတိုင်းဖက်က ညှိနှိုင်းဆွေးနွေးရေးမှူးအဖြစ် ဆောင်ရွက်နေတဲ့ ဆအဘ် အီရီကတ်က ထရမ့်ဟာ ငြိမ်းချမ်းရေးကို ဖျက်ဆီးပစ်လိုက်တာဖြစ်ပြီး ဒေသတွင်း ၀ရုန်းသုန်းကားဖြစ်အောင်၊ တိုက်ခိုက်မှုတွေဖြစ်လာအောင် လုပ်ဆောင်လိုက်တာလို့ ဝေဖန်ခဲ့ပါတယ်။
    “ဒေသတွင်း အလယ်အလတ်တွေအားလုံးကို ဖျက်ဆီးလိုက်တာဖြစ်ပြီး အစွန်းရောက်တွေကို တွန်းအားပေးလိုက်တာပါ။ ဒါဟာ အမေရိကန်သမ္မတတွေ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေထဲမှာ အန္တရာယ်အရှိဆုံး ဆုံးဖြတ်ချက်ပါပဲ” လို့ အီရီကတ်က ပြောကြားခဲ့ပါတယ်။
    ပါလက်စတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမေရိကန်ဟာ ယုံကြည်လို့မရတဲ့ နိုင်ငံဖြစ်အောင် ထရမ့်က လုပ်ဆောင်လိုက်တာလို့လည်း ညှိနှိုင်းရေးမှူးက ဆိုပါတယ်။
    ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်က အသိအမှတ်ပြုတာဟာ ဒေသတွင်း အခြေအနေတွေကို ပိုမိုဆိုးရွားစေလိမ့်မယ့်လို့ အရှေ့အလယ်ပပိုင်းခေါင်းဆောင်တွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေက ထရမ့်ကို သတိပေးခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။
    ပါလက်စတိုင်းပြည်သူတွေကို ဒီကိစ္စကို ဆန့်ကျင်တဲ့အနေနဲ့ ၃ ရက်တာ အကြီးအကျယ် ဆန္ဒပြရေးကို ယမန်နေ့မှာ စတင်ခဲ့ပါတယ်။
    Ref: Aljazeera
  • ခြစားမှုစွဲချက်တင်ခံရသူများ နိုင်ငံပိုင်ငွေ ပြန်ပေးရန် သဘောတူဟု ဆော်ဒီထုတ်ပြန်
    ခြစားမှုစွဲချက်တင်ခံရသူများ နိုင်ငံပိုင်ငွေ ပြန်ပေးရန် သဘောတူဟု ဆော်ဒီထုတ်ပြန်
    ဒီဇင်ဘာ ၆၊ ၂၀၁၇
    M-Media
    ခြစားမှုတိုက်ဖျက်ရေးကို ဦးဆောင်နေသည့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်
    – ခြစားမှုစွဲချက်ဖြင့် ဖမ်းဆီးခံထားရသူများနှင့် စစ်ဆေးခံရသူများထဲမှ အများစုမှာ နိုင်ငံပိုင် ငွေများနှင့် ပစ္စည်းများကို ပြန်ပေးခြင်းအားဖြင့် ပြေလည်အောင် ဖြေရှင်းရန် သဘောတူညီခဲ့သည်ဟု ဆော်ဒီရှေ့နေချုပ်က ပြောကြားလိုက်သည်။
    “ခြစားမှုစွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ လူအများစုဟာ ပြေလည်အောင်ဖြေရှင်းဖို့ သဘောတူခဲ့ပြီး လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြည့်စုံအောင် ဆောင်ရွက်နေပါတယ်။ တရားရေးဌာနဟာ သက်ဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းတွေအရ လွှဲပြောင်းရရှိထားတဲ့ ဖိုင်တွေကို စစ်ဆေးပြီး တစ်ချို့ကို ထိန်းသိမ်းထားကာ ကျန်တဲ့လူတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်” ဟု ရှေ့နေချုပ်က ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။
    ခြစားမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူများ၊ ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရသူ အရေအတွက်မှာ စုစုပေါင်း ၃၇၆ ဦး ရှိသည်ဟု ကြေငြာချက်က ဆိုသည်။
    ကော်မရှင်မှာ ဖမ်းဆီးထားသူများနှင့် ညှိနှိုင်းခြင်း၊ နိုင်ငံပိုင် ရန်ပုံငွေများ ပြန်ပေးရန် ကမ်းလှမ်းခြင်း၊ အချိန်ကြာမြင့်လေ့ရှိသည့် တရားရေး လုပ်ငန်းစဉ်များကို အချိန်တိုတိုဖြင့် ပြီးစီးအောင် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်နေသည်ဟုလည်း ရှေ့နေချုပ်၏ ကြေငြာချက်တွင် ဖော်ပြထားသည်။
    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် ဦးဆောင်သည့် အဆိုပါ ခြစားမှုတိုက်ဖျက်ရေး လုပ်ငန်းမှာ မင်းသား၏ အာဏာစုစည်းမှု တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။
    Ref: Alarabiya
  • ရိုဟင်ဂျာဒုက္ခသည်များအား လူမနေသည့်ကျွန်းသို့ ပို့မည့်အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်ရှေ့ဆက်
    ရိုဟင်ဂျာဒုက္ခသည်များအား လူမနေသည့်ကျွန်းသို့ ပို့မည့်အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်ရှေ့ဆက်
    ဒီဇင်ဘာ ၆၊ ၂၀၁၇
    M-Media
    ရိုဟင်ဂျာဒုက္ခသည်များကို ထားမည့် သန်ဂါချာကျွန်း မြင်ကွင်း
    – မြန်မာနိုင်ငံက အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားပင်လယ်အော်က ကျွန်းတစ်ကျွန်းမှာ သွားထားမယ့် အငြင်းပွားဖွယ် အစီအစဉ်ကို ဆက်လက်ဆောင်ရွက်တဲ့အနေနဲ့ အဲဒီကျွန်းမှာ မကြာခင် အဆောက်အဦးတွေ သွားရောက်ဆောက်လုပ်တော့မယ်လို့ ဘင်္ဂလားဒေ့ရှ်က ကြေငြာလိုက်ပါတယ်။
    ကန်ဒေါ်လာ ၂၇၈ သန်း ကုန်ကျမယ့် ဒီအစီအစဉ်နဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် စီမံကိန်းဝန်ကြီး မွတ်စ်တာဖာကမားလ်က ထုတ်ပြန်ရာမှာ ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ တစ်သန်းလောက်ရှိတဲ့ ရိုဟင်ဂျာတွေထဲက တစ်သိန်းခန့်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာမှာ သန်ဂါချာဆိုတဲ့ အဲဒီကျွန်းမှာ ပထမဆုံး နေရာချပေးသွားမယ်လို့ ဆိုပါတယ်။
    မြန်မာနိုင်ငံမှာ ညှင်းပမ်းနှိပ်စက်မှုတွေကြောင့် အရင်က ဘင်္ဂလားဒေ့ရှ်ဖက်ကို ရိုဟင်ဂျာ ဒုက္ခသည ၃ သိန်းလောက် ရောက်ရှိနေပြီး သြဂုတ်လနှောင်းပိုင်းက စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မတည်ငြိမ်မှုတွေကြောင့် နောက်ထပ် ၆ သိန်းကျော်လောက် ထပ်မံထွက်ပြေးခဲ့ရတာပါ။
    ရိုဟင်ဂျာအရပ်သားတွေအပေါ် ညှင်းပမ်း၊ နှိပ်စက်၊ သတ်ဖြတ်မှုတွေ ရှိတယ်ဆိုတဲ့ နိုင်ငံတကာရဲ့ စွဲချက်တွေကို မြန်မာအစိုးရနဲ့ စစ်တပ်တို့က ငြင်းဆိုထားပါတယ်။
    ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားတဲ့အတွက် နိုင်ငံတကာက ချီးကျူးမှုတွေ ရှိနေပေမယ့် အမြဲတမ်း ရေမြုပ်လေ့ရှိတဲ့ ကျွန်းတစ်ကျွန်းမှာ သွားထားဖို့ အစီအစဉ်ကိုတော့ ကန့်ကွက်မှုတွေ ရှိနေပါတယ်။
    ဒီအစီအစဉ်ကို နိုဝင်ဘာ ၂၈ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက အတည်ပြုခဲ့တာဖြစ်ပြီး လူ့အခွင့်အရေးအဖွဲ့ Amnesty International က တော်တော်လေး မှားယွင်းတဲ့ ဆုံးဖြတ်ချက်လို့ ပြောကြားခဲ့ပါတယ်။
    သန်ဂါချာကျွန်းဟာ ဧက ၇၄၀၀၀ လောက် ကျယ်ဝန်းပြီး ကျွန်းမကြီးနဲ့ ၃၇ မိုင်ဝေးပါတယ်။ လက်ရှိမှာ လူသူနေထိုင်ခြင်းမရှိဘဲ အမြဲတမ်းလိုလို ရေကြီးရေလျှံလေ့ရှိတဲ့ နေရာပါ။
    ဝေဖန်မှုတွေရှိတာကြောင့် ဘင်္ဂလာဒေ့ရှ်ရေတပ်က လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပြီး ဒီကျွန်းကို ပြန်လည် ပြုပြင်တာမျိုးလုပ်ရင် လူနေထိုင်လို့ရမယ်လို့ ပြောကြားခဲ့ပါတယ်။
    လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ဒီနေရာမှာ တန်းလျား ၁၅၀၀ နီးပါးနဲ့၊ ကယ်ဆယ်ရေးစခန်း ၁၂၀ လောက် ဆောက်လုပ်ဖို့ စီစဉ်ထားပါတယ်။
    ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနဲ့ကပ်နေတဲ့ နယ်စပ်က ကူတူပါလောင် ဒုက္ခသည်စခန်းမှာ ဧက ၃၀၀၀ လောက်ကျယ်တဲ့ ဒုက္ခသည်စခန်းသစ်တစ်ခုကိုလညး ဆောက်လုပ်နေပါတယ်။
    Ref: CNN
  • အစ္စရေးရှသံရုံးကို ဂျေရုစလင်ရွှေ့မည့် ထရမ့်အစီအစဉ်အတွက် ပါလက်စတိုင်းပြည်သူများ စတင်ဆန္ဒပြ
    အစ္စရေးရှသံရုံးကို ဂျေရုစလင်ရွှေ့မည့် ထရမ့်အစီအစဉ်အတွက် ပါလက်စတိုင်းပြည်သူများ စတင်ဆန္ဒပြ
    ဒီဇင်ဘာ ၆၊ ၂၀၁၇
    M-Media
    – ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စီစဉ်နေမှုကို ဆန့်ကျင်သောအားဖြင့် ဂါဇာကမ်းမြှောင်ရှိ ပါလက်စတိုင်းပြည်သူများမှာ ၃ ရက်တာ အကြီးအကျယ် ဆန္ဒပြမှုကို ယနေ့တွင် စတင်လိုက်သည်ဟု သိရသည်။
    သိန်းနှင့်ချီသည့် ဂါဇာပြည်သူများမှာ ယနေ့တွင် လမ်းပေါ်သို့ ထွက်လာကာ ထရမ့်အား ရှုတ်ချသည့် စာတန်းများ ကိုင်ဆောင် ဆန္ဒပြခဲ့ကြသည်။
    ကမ္ဘာတစ်ဝှမ်းက ရှုတ်ချမှုများ ရှိနေသော်လည်း တယ်လ်အဗီးတွင် ရှိနေသည့် အမေရိကန်သံရုံအား ဂျေရုစလင်သို့ ရွှေ့မည့်အစီအစဉ်ကို ထရမ့်က ယနေ့နှောင်းပိုင်းတွင် ကြေငြာမည်ဖြစ်သည်။
    အရှေ့ဂျေရုစလင်အပါအ၀င် ကုလက ပါလက်စတိုင်းပိုင်နက်အဖြစ် သတ်မှတ်ပေးထားသည့် ဒေသများကို အစ္စရေးက ၁၉၆၇ ခုနှစ် နောက်ပိုင်းတွင် တစ်စတစ်စ ကျူးကျော် သိမ်းပိုက်ခဲ့ပြီး ဂျေရုစလင်ကို ၎င်းတို့၏ မြို့တော်အဖြစ် ကြေငြာရန် ဆောင်ရွက်လာခဲ့ခြင်းဖြစ်သည်။
    ပါလက်စတိုင်းသမ္မတ မဟ်မူဒ် အဘတ်စ်အပါအ၀င် အာရပ်ခေါင်းဆောင်များ၊ ဥရောပသမဂ္ဂတို့က ထရမ့်၏ ထိုဆုံးဖြတ်ချက်မှာ ဒေသတွင်း မတည်မငြိမ်ဖြစ်မှုကို ပိုမို ဆိုးရွားသွားစေနိုင်သည်ဟု သတိပေးထားသည်။
    အစ္စရေးရှိ နိုင်ငံတကာ သံရုံးများမှာ ဂျေရုစလင်တွင် တစ်ခုမှ မရှိဘဲ ဂျေရုစလင်အား အစ္စရေးက စိုးမိုးအုပ်ချုပ်နေမှုကို အမေရိကန်အပါအ၀င် ကမ္ဘာ့ မည်သည့်နိုင်ငံကမှ အသိအမှတ်ပြုထားခြင်း မရှိပေ။
    ပါလက်စတိုင်းများ၏ ယခုဆန္ဒပြမှုမှာ ပိုမိုကြီးထွားလာဖွယ် ရှိနေပြီး ဂါဇာရှိ ဟားမက်စ်အဖွဲကလည်း ဂျေရုစလင်ကိစ္စမှာ ပါလက်စတိုင်းများအပေါ် စည်းဖောက်ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လုံးဝ လက်ခံသွားမည်မဟုတ်ကြောင်း ကြေငြာချက် ထုတ်ပြန်ထားသည်။
    အီရန်အဓိပတိ အယာတိုလာ ခါမေနီက ထရမ့်၏ ထိုအစီအစဉ်ကို ရှုတ်ချခဲ့ပြီး အမေရိကန်မှာ ယှဉ်ပြိုင်နိုင်စွမ်းမရှိမှု၊ ကျဆုံးမှုကြောင့် ထိုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ပုပ်ရဟန်းမင်းကြီးကလည်း ဂျေရုစလင်ရှိ အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်မှာ ပါလက်စတိုင်းနှင့်သာ ဆိုသည်ဆိုသည့် အချက်ကို အလေးထားရမည်ဟု ၎င်း၏ တစ်ပတ်တာ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
    ဂျေရုစလင်ရှိ မွတ်စလင်နှင့် ခရစ်ယာန်တို့၏ ဘာသာရေးအဆောက်အဦးများကို ၁၉၉၄ ခုနှစ်ကတည်းက ဂျော်ဒန်မှ တာဝန်ယူစောင့်ရှောက်နေခြင်းဖြစ်သည်။
    Ref: Aljazeera
  • အာရပ်နွေဦးတော်လှန်ရေးကြောင့် အာဏာရှင် ဘယ်နှစ်ယောက် ဇာတ်သိမ်းသွားလဲ
    အာရပ်နွေဦးတော်လှန်ရေးကြောင့် အာဏာရှင် ဘယ်နှစ်ယောက် ဇာတ်သိမ်းသွားလဲ
    ဒီဇင်ဘာ ၆၊ ၂၀၁၇
    M-Media
    (၀ဲမှယာ) အာဆတ်၊ မူဘာရက်၊ ဆာလေဟ်၊ ဘင်အလီ ဂဒါဖီ
    – ယီမင်သမ္မတဟောင်း အလီ အဘ်ဒူလာ ဆာလေဟ်ကို ဟူသီသူပုန်တွေက တနင်္လာနေ့မှာ သတ်ဖြတ်လိုက်နိုင်တာဟာ ၂၀၁၁ ခုနှစ် အစောပိုင်းကတည်းက စတင်ခဲ့တဲ့ အာရပ်နွေဦး တော်လှန်ရေးကြောင့် နိဂုံးချုပ်သွားတဲ့ နောက်ထပ် အာရပ်ခေါင်းဆောင်တစ်ဦးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
    ဟူသီသူပုန်တွေကို တိုက်ခိုက်နေတဲ့ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့မှာ ပါဝင်တဲ့ ယူအေအီးရဲ့ စည်းရုံးမှုကြောင့် ဟူသီသူပုန်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်လိုက်တယ်လို့ ဆာလေဟ်က စနေနေ့မှာ ကြေငြာပြီးနောက်ပိုင်း ၂ ရက်အကြာမှာပဲ ဒီလို ဇီဝိန်ကြွေသွားတာ ဖြစ်ပါတယ်။
    တောင်နဲ့မြောက် ကွဲနေတဲ့ ယီမင်ဟာ ၁၉၉၀ ပြည့်နှစ်မှာ ပြန်လည်မပေါင်းစည်းခင်အရင် ၁၉၇၈ ခုနှစ်ကတည်းက ဆာလေဟ်ဟာ မြောက်ယီမင်ကို အုပ်စိုးခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ညီညွတ်တဲ့ တစ်ပြည်ထောင်ယီမင်ရဲ့ သမ္မတဖြစ်လာပါတယ်။ ၂၀၁၂ ခုနှစ်အထိ အာဏာကို ဆုပ်ကိုင်ထားခဲ့ပြီးတဲ့နောက် ဆာလေဟ်ဟာ ဆော်ဒီကျောထောက်နောက်ခံပြု အဘ်-ရာဘူ မန်ဆူရ် ဟာဒီကို တရားဝင် အာဏာလွှဲပေးခဲ့ပါတယ်။
    ၂၀၁၁ ခုနှစ်မှာ တူနီးရှားက အစပြုခဲ့တဲ့ အာဏာရှင်ဖြုတ်ရေး လူထုအုံကြွမှုကြောင့် ယီမင်မှာလည်း ဆာလေဟ်ကို ပုန်ကန်မှု ပေါ်လာခဲ့ပြီး နောက်ဆုံး ရာထူးကနေ ဆင်းပေးရတဲ့အထိ ဖြစ်လာခဲ့တာပါ။
    ‘အာရပ်နွေဦး’ တော်လှန်ရေးကြောင့် အာရပ်ဒေသက အာဏာရှင်တွေ ဘယ်နှစ်ယောက် ပြုတ်သွားကြပြီလဲ
    ၁။ ဇိုင်နီ အလ် အဘီဒင် ဘင်အလီ – တူနီးရှား
    ဘင်အလီကို တူနီရှားပြည်သူတွေက ပြင်းပြင်းထန်ထန် ဆန္ဒပြခဲ့တဲ့ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလမှာ အာရပ်နွေဦးတော်လှန်ရေး အစပြိုးလာတာ ဖြစ်ပါတယ်။
    ၁၉၈၇ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက ဘင်အလီဟာ ဆင်းမပေးတော့ဘဲ အာဏာရှင်တို့ရဲ့ ထုံးစံအတိုင်း ပြည်သူတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှု၊ ငွေတန်ဖိုးကျလာမှု၊ အလုပ်လက်မဲ့များလာမှုတွေဟာ ပြည်သူတွေ အုံကြွလာဖို့အတွက် အကြောင်းအရင်းတွေ ဖြစ်ခဲ့ပါတယ်။
    အာရပ်နွေဦးစတင်တဲ့ လှုပ်ရှားမှုက မြို့တော်တူနစ်တောင်ပိုင်းမှာ နေထိုင်ပြီး အလုပ်တွေ မနေမနား ကြိုးစားနေပေမယ့် မိသားစုကို ၀မ်းဝ၊ ခါးလှအောင် မကျွေးမမွေးနိုင်တဲ့ မိုဟာမက် ဘော်ဇီဇီတစ်ယောက် တိုင်းပြည်ရဲ့ ဆင်းရဲတွင်းနက်မှုကို ဆန့်ကျင်တဲ့အနေနဲ့ မိမိကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့မှုပါ။ ဘော်ဇီဇီဟာ ပညာတတတ်တစ်ယောက် ဖြစ်ပေမယ့် အစိုးရက အလုပ်မပေးနိုင်တာကြောင့် သစ်သီးရောင်းကာ အသက်မွေးရသူပါ။
    လူထုအုံကြွမှုတွေဖြစ်ပြီး ၃ ပတ်ကြာတဲ့အချိန်မှာ ဘင်အလီဟာ ရာထူးကနေ နှုတ်ထွက်သွားပြီး ခြာစားမှု၊ ပြည်သူပိုင်ပစ္စည်း ခိုးယူမှု၊ နိုင်ငံပိုင်ငွေနဲ့ ကျောက်မြတ်ရတနာတွကို တရားမ၀င် ပိုင်ဆိုင်ထားမှုတွေနဲ့ တရားစွဲဆိုမှုကို ရှောင်ရှားဖို့အတွက် သူနဲ့ သူ့ဇနီး လိုင်လာတို့ဟာ ဆော်ဒီကို ထွက်ပြေးသွားပါတယ်။ သူတို့နှစ်ယောက်ကို အပြစ်ရှိကြောင်း တွေ့ရှိတဲ့အတွက် ၂၀၁၁ ခုနှစ် ဇွန်လမှာ တူနီးရှားက ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခဲ့ပါတယ်။
    ဘင်အလီနဲ့ သူ့ဇနီးကို လွှဲပြောင်းပေးဖို့ တူနီးရှားက ဆော်ဒီကို တောင်းဆိုထားပေမယ့် ဆော်ဒီက မသိကျိုးကျွန်ပြုနေပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ အခုအချိန်အထိ ဆော်ဒီမှာ ရှိနေပါတယ်။
    ၂။ ဟိုစနီမူဘာရက် – အီဂျစ်
    တူနီးရှားက တော်လှန်ရေးဟာ အီဂျစ်ကို ကူးလာခဲ့ပြီး ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၂၅ ရက်နေ့ကစလို့ အီဂျစ်ပြည်သူတွေဟာ ဟိုစနီမူဘာရက်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ လုပ်လာခဲ့ပါတယ်။
    မူဘာရက်ဟာ ၁၉၈၁ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ တိုင်းပြည်ကို အုပ်စိုးခဲ့ပြီး ဆန္ဒပြမှုတွေကို နှိမ်နှင်းဖို့ စစ်တပ်ကို အမိန့်ပေးခဲ့တာကြောင့် လက်နက်မဲ့ ဆန္ဒပြသူ ၈၀၀ ကျော်လောက် သေဆုံးခဲ့ရပါတယ်။ ဒါပေမယ့် မူဘာရက်ဟာ သက်ဆိုးမရှည်ဘဲ ဆန္ဒပြပြီး သီတင်းပတ်အနည်းငယ်မှာ ရာထူးက ဆင်းပေးလိုက်ပါတယ်။
    နောက်ပိုင်းမှာ စွဲချက်ပေါင်းများစွာနဲ့ တရားစွဲဆိုခံခဲ့ရပြီး၊ တိုင်းပြည်ရဲ့စီးပွားရေးကို ပျက်ဆီးအောင် လုပ်ရာမှာ အပြစ်ရှိတယ်လို့ ၂၀၁၁ ခုနှစ် မေလ ၂၈ ရက်နေ့မှာ တွေ့ရှိခဲ့ပြီး ကန်ဒေါ်လာ ၃၃.၆ သန်း ဒဏ်ရိုက်ခံခဲ့ရပါတယ်။
    လက်နက်မဲ့ အရပ်သားတွေကို လုံခြုံရေးတပ်ဖွဲ့တွေက သတ်ဖြတ်မှုကို မတားဆီးတဲ့အတွက် တရားရုံးက မူဘာရက်ကို အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။
    ဒါပမယ့် အဲဒီပြစ်ဒဏ်ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှာ ပယ်ဖျက်ပြီး ပြန်လည်စစ်ဆေးဖို့ အလ်စီစီဦးဆောင်တဲ့ အာဏာသိမ်း စစ်အစိုးရက အမိန့်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အလွဲသုံးစားပြုတယ်ဆိုတဲ့ ပြစ်ဒဏ်အတွက် သူ့နဲ့ သူ့သားနှစ်ယောက်ကို ထောင်ဒဏ် ၃ နှစ်စီသာ ချမှတ်ခဲ့ပါတယ်။
    ၂၀၁၇ ခုနှစ် မတ်လ ၂ ရက်နေ့မှာ အီဂျစ်ရဲ့ ထိပ်တန်း အယူခံခုံရုံးက ၂၀၁၁ ခုနှစ် လူထုအုံကြွမှုအတွင်း ဆန္ဒပြသူတွေ သေဆုံးမှုနဲ့ ဆက်စပ်တဲ့ စွဲချက်အားလုံးကနေ မူဘာရက်ကို တရားသေလွှတ်ပေးခဲ့ပါတယ်။
    အသက် ၈၉ နှစ်အရွယ် မူဘာရ်ကဟာ အီဂျစ်မှာရှိနေပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားမှုကို ရင်ဆိုင်နေရပါတယ်။
    ၃။ ဘာရှာ အလ်-အာဆတ် – ဆီးရီးယား
    ဆီးရီးယားအာဏာရှင် အာဆတ်ကို တော်လှန်မှုဟာ ၂၀၁၁ ခုနှစ် မတ်လမှာ စတင်ခဲ့တာပါ။ သူ့အဖေ သမ္မတဟောင်း ဟာဖိဇ် အလ်-အာဆတ် သေတဲ့ ၂၀၀၀ ခုနှစ်ကတည်းက အာဆတ်ဟာ တိုင်းပြည်ကို အုပ်စိုးလာခဲ့တာ ဖြစပါတယ်။
    ဆန္ဒပြမှုကို နှိမ်နှင်းဖို့ အာဆတ်က စစ်တပ်ကို လျင်လျင်မြန်မြန်ပဲ ချထားလိုက်တာကြောင့် ဆန္ဒပြမှုကနေ ပြည်တွင်းစစ်အထိ ဖြစ်လာပြီး သူပုန်တွေက တိုင်းပြည်ရဲ့ အစိတ်အပိုင်းတော်တော်များများကို ထိန်းချုပ်လိုက်တာကြောင့် ၂၀၁၅ ခုနှစ်မှာ အာဆတ်ဟာ စစ်ရှုံးလုနီးနီး ဖြစ်လာခဲ့ပါတယ်။
    ၂၀၁၅ ခုနှစ် စက်တင်ဘာမှာ ရုရှားက အာဆတ်ဘက်ကနေ ၀င်တိုက်ပေးခဲ့ပြီး အဲဒီအချိန်ကစလို့ အာဆတ်ရဲ့တပ်ဖွဲ့၊ အီရန်နဲ့နွယ်တဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ ဟစ်ဇ်ဘိုလာနဲ့ ရုရှားတို့ ပေါင်းကာ သူပုန်တွေကို ချေမှုန်းခဲ့တာကြောင့် အာဏာာရှင်အာဆတ်လည်း အခုအချိန်အထိ သက်ဆိုးရှည်နေတာ ဖြစ်ပါတယ်။
    ၇ နှစ် အတွင်း ၀င်ရောက်နေပြီဖြစ်တဲ့ ဆီးရီးယားစစ်ပွဲအတွင်း လူ ၄ သိန်းကျော် သေဆုံးခဲ့ပြီး နိုင်ငံအတွင်းမှာရော၊ ပြင်ပကိုပါ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ လူပါင် ၁၀ သန်းကျော် ရှိပါတယ်။
    အာဆတ်က အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ဆဲဖြစ်ပေမယ့် တိုင်းပြည်ရဲ့ အနာဂတ်ကတော့ ပျောက်ဆုံးနေဆဲပါ။
    ၅။ မွမ်မာ ဂဒါဖီ – လစ်ဗျား
    ယီမင်က ဆာလေဟ်လိုပဲ သူပုန်တွေရဲ့လက်ထဲမှာ အသက်ဆုံးခဲ့ရတဲ့ နောက်ထပ် အာရပ်အာဏာရှင်တစ်ယောက်က ဂဒါဖီဖြစ်ပါတယ်။
    တိုင်းပြည်ကို ၄၂ နှစ်ကြာအုပ်စိုးခဲ့ပြီးတဲ့နောက် သူ့ရဲ့ဇာတိမြို့ ဆီရ်တီမှာ အမျိုးသား အသွင်ကူးပြောင်းရေးကောင်စီက တပ်ဖွဲ့တွေရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။
    နိုင်ငံအရှေ့ပိုင်း ဘန်ဂါဇီမြို့မှာ ဂဒါဖီကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုဟာ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီမှာ စတင်ခဲ့ပြီး သူကလည်း စစ်တပ်ကိုအသုံးပြုကာ ပြင်းပြင်းထန်ထန် နှိမ်နှင်းခဲ့ပါတယ်။
    ဒီကနေတစ်ဆင့် တိုက်ပွဲတွေ ဖြစ်လာခဲ့ပြီး ပြင်သစ်တိုက်လေယာဉ်တွေ၊ အမေရိကန်ဒရုန်းတွေနဲ့အတူ နေတိုးအဖွဲ့လည်း တိုက်ခိုက်မှုမှာ ပါဝင်လာခဲ့ပါတယ်။
    ဂဒါဖီသေဆုံးသွားပေမယ့် လစ်ဗျားဟာ ၂၀၁၄ ခုနှစ် မှာ ပြည်တွင်းစစ်စခဲ့ပြီး မြို့တော် ထရီပိုလီနဲ့ နိုင်ငံအရှေ့ပိုင်းမှာ စင်ပြိုင်အစိုးရနှစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေ မှိုလိုပေါက်လာပြီး IS လိုအကြမ်းဖက်အဖွဲ့တွေက ဒေသတစ်ချို့ကို ထိန်းချုပ်နိုင်တဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။
    လက်ရှိအထိလည်း လစ်ဗျားတဲ့အခြေအနေဟာ ရုန်းကန်နေရဆဲပါ။
    Ref: Aljazeera