News @ M-Media

Author: Ko Lay

  • နှစ် ၂၀ အရင်က လူမျိုးတုန်းသတ်ဖြတ်မှုအတွက် ဆာ့ဘ်စစ်ခေါင်းဆောင်ဟောင်း ထောင်ဒဏ်တစ်သက်ကျ

    နှစ် ၂၀ အရင်က လူမျိုးတုန်းသတ်ဖြတ်မှုအတွက် ဆာ့ဘ်စစ်ခေါင်းဆောင်ဟောင်း ထောင်ဒဏ်တစ်သက်ကျ

    နိုဝင်ဘာ ၂၂၊ ၂၀၁၇
    M-Media

    – လွန်ခဲ့သည့်နှစ် ၂၀ က ဖြစ်ပွားခဲ့သည့် ဘောလ်ကန်စစ်ပွဲအတွင်း လူမျိုးတုန်းသတ်ဖြတ်မှုနှင့် စစ်ရာဇ၀တ်မှု ကျူးလွန်မှုများအတွက် ဘောစနီးယားမှ ဆားဘီးယားတပ်မှူးဟောင်း ရက်ကို မလာဒစ်ကို နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ ခုံသမာဓိရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည်ဟု သိရသည်။

    အသက် ၇၄ နှစ်အရွယ် မလာဒစ်မှာ ဆရီဘရီနီကာတွင် ကျူးလွန်ခဲ့သည့် လူမျိုးတုန်းသတ်ဖြတ်မှုတွင် ‘ထင်ထင်ရှားရှား ပါဝင်ခဲ့သည်’ ဟု ခုံသမာဓိရုံးက ဆုံးဖြတ်ခဲ့သည်။

    ဆရီဘရီနီကာ လူမျိုးတုန်းသတ်ဖြတ်မှုတွင် မွတ်စလင် အမျိုးသားများနှင့် လူငယ် စုစုပေါင်း ၈၀၀၀ ခန့် သေဆုံးခဲ့သည်။

    တရားသူကြီး အလ်ဖွန် အိုရီက ဆရီဘရီနီကာတွင် ရာဇ၀တ်မှုကျူးလွန်သူများမှာ ထိုဒေသ၌ မွတ်စလင်များ နေထိုင်မှုကို ဖျောက်ပစ်ရန် ရည်ရွယ်ခဲ့ကြောင်း၊ မလာဒစ်မှာ အရပ်သားများအား သတ်ဖြတ်ခြင်း၊ ဆာရာယေဗိုမြို့ပေါ်သို့ ဗုံးကြဲချခြင်းတို့ကို ကြီးကြပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

    “သူကျူးလွန်တဲ့ ရာဇ၀တ်မှုအဆင့်အတန်းဟာ လူသားတွေကြုံဖူးသမျှ စက်ဆုပ်စရာအကောင်းဆုံးတွေထဲမှာ ပါဝင်ပါတယ်” ဟု တရားသူကြီးက ပြောကြားခဲ့သည်။

    “ဘော့စနီးယာမှ သားသတ်သမား” ဟု မကောင်းသတင်းဖြင့် ကျော်ကြားသည့် မလာဒစ်မှာ ၁၉၉၂ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ဖြစ်ပွားသော ဘော့စနီးယားစစ်ပွဲအတွင်း လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူသားထုအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများအပါအ၀င် စွဲချက်ပေါင်း ၁၁ ခုဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

    Ref: Aljazeera

  • မြောက်ကိုရီးယားကိစ္စ ညှိညှိနှိုင်းနှိုင်းလုပ်ရန် ကန်ကို တရုတ်တိုက်တွန်း

    မြောက်ကိုရီးယားကိစ္စ ညှိညှိနှိုင်းနှိုင်းလုပ်ရန် ကန်ကို တရုတ်တိုက်တွန်း

    နိုဝင်ဘဘာ ၂၂၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယား နျူအရေးကို ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် ဖြေရှင်းရေး ပိုမို ကြိုးစားအားထုတ်သင့်သည်ဟု တရုတ်က ယမန်နေ့တွင် ပြောကြားလိုက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားမှာ အကြမ်းဖက်ဝါဒကို အားပေးသည့် နိုင်ငံဟု တံဆိပ်ကပ်မှုကို တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

    အမေရိကန်အနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်အဖြစ် ပုံဖော်ခြင်းမှာ တင်းမာမှုများကို ပိုမိုမြင့်တက်လာစေနိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။ တရုတ်မှာ အဆိုပါပဋိပက္ခများအဆုံးသတ်ရေးအတွက် ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ ကြိမ်ဖန်များစွာ တိုက်တွန်းခဲ့သည်။

    “သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ကိုရီးယားကျွန်းဆွယ်အရေးနဲ့ ပက်သက်လို့ တင်းမာမှုတွေ လျှော့ချပြီး ညှိနှိုင်းဆွေးနွေးခြင်းအားဖြင့် မှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးရာ ၀န်ကြီး Lu Kang က ပြောသည်။

    တရုတ်က အမေရိကန်အနေဖြင့် တောင်ကိုရီးယားတွင် ပြုလုပ်နေသော စစ်ရေးလေ့ကျင့်မှုများ ရပ်တန့်ပေးပြီး မြောက်ကိုရီးယားကလည်း လက်နက်စမ်းသပ်မှုများ ဆက်မလုပ်ရန် စသဖြင့် နှစ်ဖက်ပြေလည်ရေးကို တိုက်တွန်းထားသော်လည်း လက်တွေ့တွင် မည်သည့်ဖက်ကမှ လက်ခံကျင့်သုံးခြင်း မရှိသေးပေ။

    ထရမ့်က အီရန်နှင့် ဆီးရီးယားကဲ့သို့ မြောက်ကိုရီးယားကို နာမည်ပျက်စာရင်းသို့ထည့်သွင်းခဲ့ပြီး မြောက်ကိုရီးယားအပေါ် အမေရိကန်၏ ဘဏ္ဍာရေးပိတ်ဆို့မှုများ ထပ်မံတိုးမြှင့်ရန် တနင်္လာနေ့က ကတိပြုခဲ့သည်။

    Ref : CNA

  • အာဏာရှင်မူဂါဘီ နှုတ်ထွက်ခဲ့သည့်အတွက် ဇင်ဘာဘွေပြည်သူများ အောင်ပွဲခံ

    အာဏာရှင်မူဂါဘီ နှုတ်ထွက်ခဲ့သည့်အတွက် ဇင်ဘာဘွေပြည်သူများ အောင်ပွဲခံ

    နိုဝင်ဘာ ၂၂၊ ၂၀၁၇
    M-Media

    – တိုင်းပြည်အား နှစ်ပေါင်း ၄၀ နီးပါး အုပ်စိုးခဲ့သည့် အာဏာရှင်မူဂါဘီ ယမန်နေ့က နှုတ်ထွက်စာတင်ခဲ့ပြီးနောက် ဇင်ဘာဘွေပြည်သူများမှာ လမ်းမများပေါ်တွင် အောင်ပွဲခံခဲ့သည်ဟု သိရသည်။

    ပြီးခဲ့သည့်တစ်ပတ် စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် နှုတ်ထွက်ရန်အတွက် ပြည်သူများနှင့် ၎င်း၏ပါတီ ZANU-PF တို့က ဆောင်းဆိုခဲ့ကြသော်လည်း သမ္မတမူဂါဘီမှာ ရာထူးမှ ဆင်းပေးရန် ငြင်းဆိုခဲ့သည်။

    ထို့ကြောင့် ZANU-PF ပါတီမှ အမတ်များက အယုံအကြည်မရှိအဆို လွှတ်တော်တွင်တင်သွင်းကာ မူဂါဘီအား ဖြုတ်ချရန် ယမန်နေ့တွင် စီစဉ်ခဲ့သည့်အချိန်တွင် မူဂါဘီက ယခုကဲ့သို့ နှုတ်ထွက်စာ တင်သွင်းခဲ့ခြင်းဖြစ်သည်။

    လွှတ်တော်ဥက္ကဌ ဂျာကော့ဘ် မူဒန်ဒါက မူဂါဘီ၏ နှုတ်ထွက်စာကို ဖတ်ကြားခဲ့ပြီး လွှတ်တော်တစ်ခုလုံးက သြဘာပေးခဲ့ကြသည်။

    “ကျွန်တော် ရောဘတ်မူဂါဘီအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၉၆ အရ ချက်ခြင်းသက်ရောက်စေမယ့် နှုတ်ထွက်စာကို တရားဝင် တင်သွင်းလိုက်ပါတယ်” ဟု အဆိုပါ နှုတ်ထွက်စာတွင် ဖော်ပြထားသည်။

    ထိုသတင်းထွက်လာပြီးနောက် မြို့တော် ဟာရာရီတွင် ဇင်ဘာဘွေပြည်သူများမှာ စုဝေးအောင်ပွဲခံခဲ့ကြပြီး သီဆိုကခုန်ခြင်းများ ပြုလုပ်ခဲ့သည်။

    ဟာရာရီရှိ Rainbow Towers အဆောက်အဦးတွင် မူဂါဘီ၏ ရုပ်ပုံကို ဖြုတ်ချသည့်အချိန်တွင်လည်း ပြည်သူများမှာ လက်ခုပ်လက်ဝါးများတီးကာ သြဘာပေးခဲ့ကြသည်။

    မူဂါဘီနှုတ်ထွက်မှုအတွက် တောင်အာဖရိကရောက် ဇင်ဘာဘွေပြည်သူများက မြို့တော် ဂျိုဟန်နစ္စဘတ် မြို့လယ်ကောင်တွင် စုဝေးကာ အောင်ပွဲခံခဲ့ကြသည်။

    Ref: Aljazeera

  • သက်တော်ရှည်အာဏာရှင်ကို ဇင်ဘာဘွေ ဖြုတ်ချတော့မည်

    သက်တော်ရှည်အာဏာရှင်ကို ဇင်ဘာဘွေ ဖြုတ်ချတော့မည်

    နိုဝင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    – ၃၇ နှစ်ကြာ တိုင်းပြည်အား အုပ်စိုးခဲ့သည့် အာဏာရှင် ရောဘတ်မူဂါဘီကို ဖြုတ်ချရေးအတွက် ဇင်ဘာဘွေ အာဏာရပါတီ ZANU-PF က ယနေ့တွင် စတင်ဆောင်ရွက်သွားမည်ဟု သိရသည်။

    ပြီးခဲ့သည့်တစ်ပတ်က ဇင်ဘာဘွေစစ်တပ်မှာ အစိုးရရုံးများကို သိမ်းပိုက်ကာ မူဂါဘီနှင့် မိသားစုကို ထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း ပြည်သူလူထုက မူဂါဘီဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ပြီး၊ အာဏာရပါတီကလည်း နိုဝင်ဘာ ၂၁ ရက်နေ့ နေ့လယ်ကို နောက်ဆုံးထား၍ ရာထူးမှ ဆင်းပေးရန် ၎င်းတို့အကြီးအကဲ မူဂါဘီကို တိုက်တွန်းခဲ့သည်။

    သို့သော်လည်း မူဂါဘီကလက်မခံခဲ့ပေ။ ထို့ကြောင့် ZANU-PF ပါတီမှ အမတ်များမှာ ယနေ့တွင် လွှတ်တော်၌ အယုံအကြည်မရှိအဆို တင်သွင်းကာ မူဂါဘီအား ဖြုတ်ချရေး ဆောင်ရွက်ရန် စီစဉ်ထားသည်။

    မူဂါဘီမှာ အစိုးရအတွင်း ‘မတည်မငြိမ်ဖြစ်စေသည့် ရင်းမြစ်’ ဖြစ်ကြောင်း၊ ၎င်း၏ ဇနီးဖြစ်သူ ဂရေ့စ်မူဂါဘီကို ‘အခြေခံဥပဒေနှင့်ဆန့်ကျင်ကာ အာဏာပေးထားကြောင်း’ အမတ်များက လွှတ်တော်တွင် ထောက်ပြသွားမည်ဖြစ်သည်။

    ဇင်ဘာဘွေ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၉၇ (ဂ) အရ သမ္မတအား ရာထူးမှဖယ်ရှားသင့်သည်ဆိုသော ဆုံးဖြတ်ချက်ကို လွှတ်တော်နှစ်ရပ်မှ အတည်ပြုနိုင်ပါက မူဂါဘီ၏ နှစ် ၃၀ ကျော်ကြာ အာဏာစွဲကိုင်ထားမှု အဆုံးသတ်မည်ဖြစ်သည်။

    Ref: Aljazeera

  • ရိုဟင်ဂျာများကို ခေတ်အဆက်ဆက်ဖိနှိပ်မှု လူသားထုအပေါ်ကျူးလွန်မှုမြောက်ဟု ထိပ်တန်းလူ့အခွင့်အရေးအဖွဲ့ ပြော

    ရိုဟင်ဂျာများကို ခေတ်အဆက်ဆက်ဖိနှိပ်မှု လူသားထုအပေါ်ကျူးလွန်မှုမြောက်ဟု ထိပ်တန်းလူ့အခွင့်အရေးအဖွဲ့ ပြော

    နိုဝင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသည့် ရိုဟင်ဂျာဒုက္ခသည်များ

    – ရိုဟင်ဂျာတွေအပေါ် စစ်အာဏာရှင်တွေက နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်မှုဟာ ‘ခွဲခြားရေးဝါဒ’ မြောက်နေပြီလို့ ၂ နှစ်တာကြာမြင့်ခဲ့တဲ့ သုတေသနကိုအခြေခံပြီး လူ့အခွင့်အရေးအဖွဲ့ Amnesty International က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    သြဂုတ်လနှောင်းပိုင်းကစလို့ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ မတည်ငြိမ်မှုကြောင့် ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး ဒီကိစ္စဟာ ကမ္ဘာ့အသိုင်းအ၀ိုင်းရဲ့ အာရုံစူးစိုက်မှုကို ခံခဲ့ရပါတယ်။

    Amnesty International ကတော့ ခေတ်အဆက်ဆက် အစိုးရက ဦးဆောင်ကာ ရိုဟင်ဂျာတွေရဲ့ ဘ၀ရှင်သန်မှုနည်းလမ်းအားလုံးနီးပါးကို ကန့်သတ်ခဲ့ပြီး၊ အကျဉ်းစခန်းလိုနေရာမျိုးမှာ စုပြုံပြွတ်သိပ် ထားခဲ့ကြောင်း၊ ဒီလို ဖိနှိပ်ချုပ်ချယ်မှုက အခုလို အခြေအနေမျိုးကို ဦးတည်ခဲ့တာဖြစ်ကြောင်း စာမျက်နှာပေါင်း ၁၀၀ လောက်ပါဝင်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ၂ နှစ်တာ သုတေသန ပြုလုပ်ပြီးနောက်ပိုင်းမှာ ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေရဲ့ ရိုဟင်ဂျာတွေအပေါ် ပြုလုပ်ခဲ့တဲ့ နည်းမျိုးစုံနဲ့ ထိန်းချုပ်ကန့်သတ်မှုဟာ ‘ခွဲခြားရေးဝါဒဆိုင်ရာ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှု’ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီနေတယ်လို့လည်း ဆိုပါတယ်။

    “ရခိုင်ပြည်နယ်ဟာ ရာဇ၀တ်မှုဖြစ်တဲ့ နေရာကြီးပါ။ လွန်ခဲ့တဲ့ ၃ လအရင် စစ်တပ်က ဆိုးဆိုးဝါးဝါး အကြမ်းဖက်မှု မကျူးလွန်ခင် အချိန်အတော်ကြာကတည်းက ဒီနေရာမှာ ဒါတွေဖြစ်ခဲ့တာပါ” လို့ Amnesty ရဲ့ သုတေသနဆိုင်ရာ အကြီးတန်းဒါရိုက်တာ အန်နာ နီစ်တတ်က ပြောကြားခဲ့ပါတယ်။

    မြန်မာအာဏာပိုင်တွေဟာ ‘ရိုဟင်ဂျာ အမျိုးသမီးတွေ၊ အမျိုးသားတွေ၊ ကလေးတွေကို သီးသန့်ခွဲခြားဆက်ဆံရေးကာ၊ လူ့ဂုဏ်သိက္ခာကင်းမဲ့စေတဲ့ ခွဲခြားရေးဝါဒနဲ့ ချည်နှောင်ထားတယ်’ လို့လည်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    စစ်အာဏာရှင်က ပြဌာန်းခဲ့တဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဟာ သိန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေကို နိုင်ငံမဲ့ဖြစ်သွားအောင် ‘တမင်လုပ်ထားတာ’ ဖြစ်ပြီး၊ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံမှာ ရှင်သန်နေထိုင်ခွင့်ကို ငြင်းပယ်ဖို့သာဖြစ်ကြောင်း၊ ရိုဟင်ဂျာတွေကို အာမခံချက်မရှိတဲ့ ကဒ်တွေပေးပြီး မျှော်လင့်ချက်မဲ့သွားအောင် ဖန်တီးထားကြောင်း
    Amnesty ရဲ့ မြန်မာနိုင်ငံရေးရာသုတေသီ လော်ရာဟိုက်က ပြောကြားခဲ့ပါတယ်။

    စစ်အာဏာရှင်အဆက်ဆက် ရိုဟင်ဂျာတွေကို လွတ်လပ်စွာသွားလာခွင့်မပေးတာ၊ တရားလက်လွတ်ဖမ်းဆီးတာ၊ ညှမ်းပမ်းတာ၊ အရှက်ခွဲတာမျိုးတွေ လုပ်ဆောင်ခဲ့ကြောင်း၊ ၂၀၁၂ အကြမ်းဖက်မှုပြီးတဲ့နောက် ရခိုင်ပြည်နယ်အလယ်ပိုင်းက ရိုဟင်ဂျာတွေကို မြို့ပြဒေသတွေကနေ မောင်းထုတ်ပြီး သံဆူးကြိုးကာထားတဲ့ ‘အမိုး
    ဖွင့်အကျဉ်းထောင်တွေ’ မှာ ရဲအစောင့်အကြပ်နဲ့ ပိတ်လှောင်ထားကြောင်း၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူခွင့်မပေးဘဲ ဗလီဝတ်ကျောင်းတော်တွေကိုလည်း ချိတ်ပိတ်ထားကြောင်း Amnesty အဖွဲ့ရဲ့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

    Ref: CNA