News @ M-Media

Author: Ko Lay

  • အာဏာမက်သည့်အုပ်စုကြောင့် အရှေ့အလယ်ပိုင်းမှာ အမှောင်ခေတ်သို့ ဦးတည်နေပြီဟု ကာတာပြော

    အာဏာမက်သည့်အုပ်စုကြောင့် အရှေ့အလယ်ပိုင်းမှာ အမှောင်ခေတ်သို့ ဦးတည်နေပြီဟု ကာတာပြော

    နိုဝင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    – အရှေ့အလယ်ပိုင်းရှိ အိမ်နီးချင်းနိုင်ငံများမှာ ‘အန္တရာယ်ရှိသော အာဏာအားပြိုင်မှု’ တစ်စိတ်တစ်ပိုင်းအဖြစ် လုပ်ကြံဖန်တီး ၀ါဒဖြန့်နေကြပြီး ဒေသမှာ အမှောင်ခေတ်သို့ ဦးတည်နေသည်ဟု ကာတာနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။

    “ဒေသတွင်း အရေးပါတဲ့နိုင်ငံတွေဟာ တာဝန်မဲ့စွာ ဆောင်ရွက်နေကြပြီး ထွက်ပေါက်မရှိတဲ့ ဗျူဟာနဲ့ တစ်ခြားနိုင်ငံက ပြည်သူတွေရဲ့ အသက်ကိုရင်းကာ နိုင်ငံရေးကစားနေကြပါတယ်” ဟု ၀ါရှင်တန်အခြေစိုက် တတ်သိပညာရှင်များအဖွဲ့ Center for the National Interest တွင် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဘင် အဘ်ဒူလ် ရဟ်မန် အလ်-သာနီက ပြောဆိုခဲ့သည်။

    အလ်-သာနီမှာ နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်အပါအ၀င် အမေရိကန်အစိုးရ တာဝန်ရှိသူများနှင့် ပယ်လယ်ကွေ့ဒေသအရေး ဆွေးနွေးရန် ၀ါရှင်တန်သို့ ရောက်ရှိနေခြင်းဖြစ်သည်။

    ၎င်း၏ ယခုမှတ်ချက်မှာ အခုနှစ်အစောပိုင်းက ကာတာအား သံတမန်အဆက်အသွယ်ဖြတ်ကာ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည့် ဆော်ဒီ၊ ယူအေအီး၊ အီဂျစ်နှင့် ဘာရိန်းတို့ကို ရည်ညွှန်းခြင်းဖြစ်သည်။

    “၀ါဒဖြန့်မှုတွေ၊ သဘောထားကွဲလွဲမှုတွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်တော်တို့ဒေသရဲ့ သတင်းတွေ၊ အနေအထားတွေကို ကမ္ဘာကြီးက စောင့်ကြည့်နေပါတယ်။ စိတ်သဘောထားသေးသိမ်မှု၊ အာဏာပိုင်စိုးလိုမှု၊ ကျူးကျော်လိုမှုတွေနဲ့ အမှောင်ခေတ်ကြီး စတင်ဝင်ရောက်နေပါပြီ။ အရှေ့အလယ်ပိုင်းဟာ စည်းလုံးမှု၊ ထိုးထွင်းသိမြင်မှုရှိရာ အနေအထားကနေ ဖရိုဖရဲ ပရမ်းပတာ အနေအထားကို ရောက်နေပါပြီ။ ကျူးကျော်မှု၊ အစွန်းရောက်ဝါဒခေတ်လည်း အစပျိုးနေပါပြီ” ဟု အလ်-သာနီက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljzaeera

  • တရုတ်စက်ရုပ်တစ်ခု ဆေးကုသခွင့်လိုင်စင်စာမေးပွဲ အောင်မြင်ပြီး သမိုင်းသစ်ရေးထိုး

    တရုတ်စက်ရုပ်တစ်ခု ဆေးကုသခွင့်လိုင်စင်စာမေးပွဲ အောင်မြင်ပြီး သမိုင်းသစ်ရေးထိုး

    နိုဝင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    – တရုတ်နိုငံက ဉာဏ်ရည်တု (AI) ထည့်သွင်းထားတဲ့ စက်ရုပ်တစ်ရုပ်ဟာ ဆေးကုသခွင့်လိုင်စင် စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့ပြီး စက်ရုပ်လောကမှာ သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

    ရှောင်ယီ (Xiaoyi) လို့ခေါ်တဲ့ အဲဒီစက်ရုပ်ကို စက်ရုပ်ဖန်တီးမှုနယ်ပယ်မှာ နာမည်ကျော်တဲ့ တရုတ်ကုမ္ပဏီ iFlytek က တီထွင်ခဲ့တာဖြစ်ပါတယ်။ ရှောင်ယီဟာ ပြီးခဲ့တဲ့တစ်ပတ် ဆေးကုသခွင့်လိုင်စင် စာမေးပွဲမှာ ၄၅၆ မှတ် ရရှိခဲ့ပြီး လိုအပ်တဲ့အမှတ်ထက် ၉၆ မှတ် ကျော်လွန်ခဲ့တာဖြစ်ပါတယ်။

    iFlytek က ဒီစက်ရုပ်ကို လူသားဆရာဝန်တွေ အထောက်အကူဖြစ်စေဖို့ ဖန်တီးထားတာဖြစ်ပြီး ကနဦးမှာ လူနာတွေရဲ့ အချက်အလက်တွေကို မှတ်သားဖို့၊ ပြန်ထုတ်ပေးဖို့ ရည်ရွယ်ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ရှောင်ယီဟာ ဒီထက်ပိုပြီး လုပ်ဆောင်နိုင်စွမ်း ရှိနေပါတယ်။

    “ကျွန်တော်တို့အနေနဲ့ ၂၀၁၈ ခုနှစ် မတ်လမှာ ဒီစက်ရုပ်ကို တရားဝင် ထုတ်ပြမှာပါ။ ဆရာဝန်တွေနေရာကို အစားထိုးဖို့ ရည်ရွယ်တာမဟုတ်ဘဲ ဆေးကုသရာမှာ အဆင်ပြေစေဖို့အတွက် လူနဲ့စက်ရုပ် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်လာစေဖို့ ဖြစ်ပါတယ်” လို့ iFlytek ရဲ့ ဥက္ကဌ လျူကျင့်ဖန်က ကြေငြာချက်မှာ ပြော
    ကားခဲ့ပါတယ်။

    iFlytek ကုမ္ပဏီဟာ ကင်ဆာရောဂါကုသမှု နယ်ပယ်မှာ ဉာဏ်ရည်တုနည်းပညာကို အသုံးပြုနိုင်ဖို့လည်း ရည်ရွယ်ထားပါတယ်။

    တရုတ်နဲ့ ဒူဘိုင်းဟာ ဉာဏ်ရည်တုကို လက်တွေ့နယ်ပယ်တွေမှာ အသုံးပြုနိုင်ရေး တော်တော်လေးကို ကြိုးပမ်းအားထုတ်နေကြပြီး တရုတ်ကတော့ ၂၀၃၀ မှာ အကောင်အထည်ဖော်နိုင်ဖို့ ရည်မှန်းထားပါတယ်။

    Ref: interestingengineering.com

  • နိုက်ဂျီးရီးယားရှိ ဗလီဝတ်ကျောင်းတော်တစ်လုံး ဗုံးခွဲတိုက်ခိုက်ခံရ

    နိုက်ဂျီးရီးယားရှိ ဗလီဝတ်ကျောင်းတော်တစ်လုံး ဗုံးခွဲတိုက်ခိုက်ခံရ

    နိုဝင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    – နိုက်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း မူဘီမြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးတွင် ယမန်နေ့မနက်အစောပိုင်းက အသေခံဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅၀ သေဆုံးခဲ့သည်ဟု သိရသည်။

    ရဲတပ်ဖွဲ့က ဆယ်ကျော်သက် ဗုံးခွဲသမားတစ်ဦးမှာ မနက်အာရုဏ်တက်ဝတ်ပြုချိန်တွင် ဗလီဝတ်ကျောင်းတော်သို့ ၀င်ရောက်ကာ ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    နိုင်ငံမြောက်ပိုင်းတွင် လှုပ်ရှားနေသည့် ဘိုကိုဟရမ်အကြမ်းဖက်အဖွဲ့မှာ ထိုကဲ့သို့ ဗလီဝတ်ကျောင်းတော်များကို ပစ်မှတ်ထား၍ တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိပြီး ယခုတိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်း မရှိသေးပေ။

    ဖောက်ခွဲမှုအတွင်း လူအများအပြား ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူအရေအတွက် တိုးလာဖွယ်ရှိနေသည်။

    Ref: Aljazeera

  • ပျောက်ဆုံးအာဂျင်တီးနားရေငုပ်သင်္ဘောမှ သင်္ဘောသားများ အသက်ရှင်သန်နိုင်မှု မျှော်လင့်ချက်နည်း

    ပျောက်ဆုံးအာဂျင်တီးနားရေငုပ်သင်္ဘောမှ သင်္ဘောသားများ အသက်ရှင်သန်နိုင်မှု မျှော်လင့်ချက်နည်း

    နိုဝင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    ပျောက်ဆုံးသွားသည့် ARA San Juan ရေငုပ်သင်္ဘော

    – ပြီးခဲ့သည့် ၅ ရက်အရင်က ပျောက်ဆုံးသွားခဲ့သည့် အာဂျင်တီးနားရေတပ်မှ ရေငုပ်သင်္ဘောအား ရှာဖွေမှုမှာ ယနေ့အချိန်အထိ မတွေ့ရှိသေးဘဲ လိုက်ပါသွားသည့် သင်္ဘောသားများမှာလည်း အသက်ရှင်သန်နိုင်ခွင့် အလွန်နည်းပါးသွားပြီ ဖြစ်သည်။

    ရေတပ်သား ၄၄ ဦး ပါဝင်သည့် အဆိုပါ ARA San Juan ရေငုပ်သင်္ဘောမှာ နိုင်ငံတောင်ပိုင်း ၎င်း၏ အခြေစိုက်စခန်း Mar del Plata သို့ ခုတ်မောင်းနေစဉ် အဆက်အသွယ် ပြက်တောက်သွားခဲ့ခြင်းဖြစ်သည်။

    အာဂျင်တီးယားရေတပ်က ရေငုပ်သင်္ဘောမှာ ဗုဒ္ဓဟူးနေ့တွင် လျှပ်စစ်လိုင်း ပြဿနာရှိနေသည်ဟု သတင်းပေးပို့ပြီးနောက်ပိုင်း အဆက်အသွယ်မရတော့ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဂြိုဟ်တုဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိသော်လည်း အဆိုပါဖုန်းမှာ ပျောက်ဆုံးနေသည်ဟု ရေငုပ်သင်္ဘောမှ မဟုတ်ဟု အာဂျင်တီးနားရေတပ်က ထုတ်ပြန်ခဲ့သည်။

    ဂျာမနီနိုင်ငံလုပ် အဆိုပါ ရေငုပ်သင်္ဘော ပျောက်ဆုံးသွားသည့် အတ္တလန်တိတ်သမုဒ္ဒရာတောင်ပိုင်းမှ အသံတစ်ခု ယမန်နေ့တွင် ကြားခဲ့ရပြီး သင်္ဘောထဲတွင် ပိတ်မိနေသည့် သင်္ဘောသားများက ကယ်ဆယ်ရေးအဖွဲ့ကို အချက်ပြသည်ဟု ယူဆဲ့သော်လည်း နောက်ပိုင်းတွင် ထိုသို့မဟုတ်ဟု အာဂျင်တီးနားအာဏာပိုင်များကြေ
    ပာဆိုခဲ့သည်။

    လက်ရှိတွင် ပစိဖိတ်သမုဒ္ဒရာအတွင်း ရှာဖွေရေကယ်ဆယ်ရေးလုပ်ငန်းများကို အာဂျင်တီးနား၊ အမေရိကန်၊ ဗြိတိန်၊ ချီလီနှင့် ဘရာဇီးလ်တို့က ပူးပေါင်းဆောင်ရွက်နေပြီး ဝေဟင်မှလည်း သမုဒ္ဒရာတစ်ခုလုံးအား စကန်ဖတ်မှု ပြုလုပ်လျက်ရှိနေသည်။

    Ref: Reuters

  • ရိုဟင်ဂျာများကို နိုင်ငံသားစီစစ်ရေး မြန်မာအစိုးရကို ကုလ ကူညီမည်

    ရိုဟင်ဂျာများကို နိုင်ငံသားစီစစ်ရေး မြန်မာအစိုးရကို ကုလ ကူညီမည်

    နိုဝင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသည့် ရိုဟင်ဂျာဒုက္ခသည်များ

    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို နိုင်ငံသားစီစစ်ရေးလုပ်ရာမှာ မိမိတို့အနေနဲ့ မြန်မာအစိုးရကို နည်းလမ်းပိုင်းဆိုင်ရာ အကူအညီတွေ ပေးသွားမယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီက ယမန်နေ့မှာ ပြောကြားလိုက်ပါတယ်။

    တိုကျိုမြို့က Japan National Press Club မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာဖြစ်ပြီး ရိုဟင်ဂျာပြဿနာဟာ ၁၉၉၀ ပြည့်နှစ်တွေက ဖြစ်ပွားခဲ့တဲ့ ဘောလ်ကန်စစ်ပွဲက လူမျိုးစုလိုက်သုတ်သင်မှု၊ ရ၀မ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှုနောက်ပိုင်း အဆိုးဝါးဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။

    “အကြမ်းဖက်မှုတွေကို လုံးဝ ရပ်တန့်ရမှာဖြစ်ပြီး သူတို့ရဲ့ နိုင်ငံသားပြဿနာကို ဖြေရှင်းပေးရမှာပါ။ အနာဂတ်မှာ နေရပ်ပြန်လည်ပို့ဆောင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံအကြား ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဆိုတာကိုလည်း ကျွန်တော်တို့ သိရှိထားပါတယ်”

    ဘင်္ဂလားဒေ့ရှ်ဖက်က ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ခေါ်ဖို့အတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးချင်တယ်ဆိုတဲ့အကြောင်း မြန်မာအစိုးရက ရန်ကုန်မှာရှိတဲ့ UNHCR ရုံးကို ဆက်သွယ်အကြောင်းကြားထားတယ်လို့လည်း ဂရန်ဒီက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စမှာ အကြံဉာဏ်ပေးဖို့ နှစ်နိုင်ငံစလုံးကို ဂရန်ဒီက ကမ်းလှမ်းထားပြီး မြန်မာအစိုးရဟာ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် စီစဉ်ဖို့ ရည်ရွယ်ချက်ရှိပေမယ့် သူတို့အများစုမှာ အထောက်အထားတွေ မရှိကြောင်း၊ UNHCR အနေနဲ့ ဒီကိစ္စမှာ အတွေ့အကြုံရှိတာကြောင့် မြန်မာအစိုးရကို ကူညီသွားမှာဖြစ်ကြောင်းလည်း ဂရန်ဒီက ဆိုပါတယ်။

    “မြန်မာနိုင်ငံကရောက်လာတဲ့ ရိုဟင်ဂျာတွေကို မှတ်ပုံတင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်ကို ကျွန်တော်တို့ လက်ရှိမှာ ကူညီပေးနေပါတယ်”

    ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်း ၃၀ လောက်ကို သြဂုတ်လနှောင်းပိုင်းမှာ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်တပ်ကပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်းမှာ ရိုဟင်ဂျာ ၆ သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတယ်လို့ ကုလက ပြောကြားထားပါတယ်။

    အဲဒီမတိုင်ခင် အရင်တုန်းကလည်း စစ်အာဏာရှင်အစိုးရရဲ့ အဓမ္မမောင်းထုတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးရတဲ့ ရိုဟင်ဂျာအရေအတွက်ဟာ သိန်းချီရှိနေပါတယ်။

    Ref: Nikkei