News @ M-Media

Author: Ko Lay

  •  ကြယ်နက္ခတ်လေ့လာမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၆၁)

     ကြယ်နက္ခတ်လေ့လာမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၆၁)

    နိုဝင်ဘာ ၁၇၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    ‘အန်ဒရိုမီဒါ ဂလက်ဆီ’ (Andromeda)

    –  စူးစမ်းလေ့လာရေးစင်တာတွေ ပေါများလားမှု၊ ညဖက် ကောင်းကင်ယံကို စိတ်ဝင်စားမှု မြင့်တက်လာတာနဲ့အတူ ၉ ရာစုနဲ့ နောက်ပိုင်း မွတ်စလင်နက္ခတ္တဗေဒပညာရှင်တွေဟာ ကောင်းကင်ယံကြီးကို ထဲထဲဝင်ဝင် လေ့လာစူးစမ်းခဲ့ကြပြီး ကြယ်နက္ခတ်တွေ၊ ကြယ်စင်စုကြီးတွေအကြောင်းကို ဖော်ထုတ်ခဲ့ကြပါတယ်။ အဲဒီလို ဖော်ထုတ်မှုတွေထဲမှာ ၁၀ ရာစု ပါရှန် ပညာရှင်ကြီး အဘ်ဒဲလ် ရဟ်မန် အလ်-ဆူဖီ (Abd al-Rahman) လည်း ပါဝင်ပါတယ်။ အလ်-ဆူဖီဟာ တကယ့်ကို တစ်ဖက်ကမ်းခတ်တဲ့ နက္ခတ္တဗေဒသမားကြီးဖြစ်ပြီး သက္ကရာဇ် ၉၆၄ ခုနှစ်မှာ ကမ္ဘာနဲ့အနီးစပ်ဆုံးဖြစ်တဲ့ ‘အန်ဒရိုမီဒါ ဂလက်ဆီ’ (Andromeda) အကြောင်းကို ရေးသားခဲ့ပြီး ‘တိမ်မရှိတဲ့ ဂလက်ဆီ’လို့ ဖော်ညွှန်းခဲ့ပါတယ်။

    ဒီဖော်ပြချက်ဟာ မိမိတို့ရဲ့ ဂလက်ဆီအပြင်ဘက်က အရာတွေအကြောင်းကို ပထမဆုံးဖော်ပြချက်လည်း ဖြစ်ပါတယ်။ အလ်-ဆူဖီဟာ ကြယ်တွေရဲ့ အနေအထား၊ အရွယ်အစား၊ အရောင်အဆင်းတွေကို ခွဲခြမ်းစိတ်ဖြာပြီး ကြယ်အစုအဝေးတွေကို ဖော်ထုတ်ခဲ့ပါတယ်။ ကြယ်အစုအဝေး တစ်ခုချင်းစီအတွက်လည်း ကမ္ဘာကနေ မြင်ရတဲ့ပုံစံ၊ အာကာသကနေ မြင်ရတဲ့ပုံစံ စသဖြင့် နှစ်မျိုး ရေးဆွဲခဲ့ပါတယ်။ အလ်-ဆူဖီဟာ နက္ခတ္တအိမ်မြှောင်နဲ့ သူတို့ရဲ့ အသုံးဝင်ပုံတွေအကြောင်းကိုလည်း ရေးသားခဲ့ပါတယ်။

    ဒီလိုလေ့လာမှုတွေကြောင့် ကြယ်တွေနဲ့ ကြယ်အစုအဝေး တော်တော်များများကို ဖော်ထုတ်နိုင်ခဲ့ပြီး ဒါတွေအတွက် အခုအချိန်အထိ မူရင်းအာရဘီအမည်တွေကို သုံးစွဲနေကြတုန်းဖြစ်ပါတယ်။ မွတ်စလင် နက္ခတဗေဒပညာရှင်ကြီးတွေဟာ ကြယ်တွေကို နာမည်ပေးတာ၊ အကွာအဝေးသတ်မှတ်တာတွေ လုပ်ကြပြီး ဒီကနေ့မှာ ကြယ်တော်တော်များများကို မူရင်း အာရဘီအမည်ရဲ့ အငွေ့အသက်ပါတဲ့ အမည်တွေနဲ့ အခုအချိန်အထိ ခေါ်ဝေါ်နေကြတုန်း ဖြစ်ပါတယ်။

    မွတ်စလင်ပညာရှင်ကြီးတွေဟာ ကြယ်ပြမြေပုံတွေကိုလည်း တီထွင်ရေးဆွဲခဲ့ကြပြီး ဒါတွေကို ဥရောပနဲ့ အရှေ့တိုင်းမှာ ရာစုနှစ်နဲ့ချီ အသုံးပြုခဲ့ကြပါတယ်။ အာကာသကောင်းကင်ကို ဖော်ကျူးရေးဆွဲမှုတွေဟာ မွတ်စလင်ကမ္ဘာမှာ အနုပညာတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ၈ ရာစုက ဆောက်လုပ်ခဲ့တဲ့ ဂျော်ဒန်နန်းတော်ကြီး ‘ကူဆီရ် အမ်ရာ’ (Qusayr’ Amra) ရဲ့ ရေချိုးခန်းအမိုးခုံးမှာ အင်မတန် လက်ရာမြောက်တဲ့ စက်လုံးသဏ္ဍာန် မိုးကောင်းကင်ပြမြေပုံ ရေးချယ်ထားပါတယ်။ အဲဒီရေးဆွဲထားမှုထဲက အကောင်းပကတိအတိုင်းရှိနေတဲ့ အစိတ်အပိုင်းတွေမှာ ကြယ်အစုအဝေး ၃၇ ခုနဲ့ ကြယ်ပေါင်း ၄၀၀ လောက်ကို တွေ့မြင်နိုင်ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

  • ရိုဟင်ဂျာအမျိုးသမီးများ လိင်စော်ကားခံရမှုကို အိန်ဂျလီနာဂျိုလီ ရှုတ်ချ

    ရိုဟင်ဂျာအမျိုးသမီးများ လိင်စော်ကားခံရမှုကို အိန်ဂျလီနာဂျိုလီ ရှုတ်ချ

    နိုဝင်ဘာ ၁၇၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာအမျိုးသမီးတွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လိင်အကြမ်းဖက်မှု ကျူးလွန်တယ်ဆိုတဲ့ သတင်းတွေအတွက် ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီး အိန်ဂျလီနာ ဂျိုလီက ရှုတ်ချပြောဆိုလိုက်ပါတယ်။

    ကနေဒါက ဗန်ကူးဗားမြို့မှာ ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့နဲ့ မနေ့က တွေ့ဆုံစဉ် UNHCR ရဲ့ အထူးသံတမန်ဖြစ်တဲ့ ဂျိုလီက ဒီလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။

    “ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာအမျိုးသမီးအားလုံးနီးပါး ရင်ဆိုင်ခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအကြောင်းကို သူ့ရဲ့ စကားထဲမှာ ထည့်သွင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခတွေကိုလည်း ရှုတ်ချခဲ့ပါတယ်” လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့မှာ ထုတ်ပြန်တဲ့ ကြေငြာချက်က ဆိုပါတယ်။

    ဂျိုလီဟာ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေထံကို သွားရောက်လည်ပတ်ဖို့ရှိနေပြီး အသေးစိတ်အချက်အလက်ကို ကြေငြာချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။

    ရခိုင်ပြည်နယ်အတွင်း လတ်တလောပြုလုပ်တဲ့ စစ်ဆင်ရေးတွေမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့တယ်လို့ ကြာသာပတေးနေ့က လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က စွပ်စွဲခဲ့ပါတယ်။

    သြဂုတ်လနှောင်းပိုင်းက ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ရဲ့ ရဲကင်းစခန်းတွေကို တိုက်ခိုက်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်က ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ နေအိမ်တွေမီးရှို့တာ အဓမ္မကျင့်တာတွေ ရှိတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ေ
    တွက စွပ်စွဲထားပြီး မြန်မာအစိုးရနဲ့ စစ်တပ်တို့က ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

    မတည်မငြိမ်မှုအတွင်း ရိုဟင်ဂျာ ၆ သိန်းကျော်လောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတယ်လို့ ကုလက ထုတ်ပြန်ပါတယ်။

    Ref: Reuters

  • ဇင်ဘာဘွေ စစ်အာဏာသိမ်းမှုပြဿနာကို ဒေသတွင်းနိုင်ငံများ ကူညီဖြေရှင်းမည်

    ဇင်ဘာဘွေ စစ်အာဏာသိမ်းမှုပြဿနာကို ဒေသတွင်းနိုင်ငံများ ကူညီဖြေရှင်းမည်

    နိုဝင်ဘာ ၁၆၊ ၂၀၁၇
    M-Media

    မြို့တော် ဟာရာရီရှိ လမ်းမတွင် နေရာယူထားသည့် ဇင်ဘာဘွေစစ်သားများ

    – ဇင်ဘာဘွေတွင် စစ်တပ်က သမ္မတ ရောဘတ်မူဂါဘီကို ဖမ်းဆီးကာ တိုင်းပြည်အား ချုပ်ကိုင်မှုကိစ္စနှင့် ပတ်သက်၍ ပတ်ဝန်းကျင်နိုင်ငံများက ဖြေရှင်းရန် ကြိုးစားနေကြသည်ဟု သိရသည်။

    အင်္ဂါနေ့တွင် ဇင်ဘာဘွေစစ်တပ်မှာ နိုင်ငံပိုင်အသံလွှင့်ဌာနနှင့် အစိုးရရုံးများကို သိမ်းပိုက်လိုက်ပြီး သမ္မတ ရောဘတ်မူဂါဘီနှင့် မိသားစုကိုလည်း နေအိမ်အကျယ်ချုပ် ချထားလိုက်သည်။ ထိုအဖြစ်အပျက်မှာ အာဏာသိမ်းသည့်ပုံစံ ဖြစ်နေသော်လည်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူက မိမိတို့မှာ အာဏာသိမ်းခြင်းမဟုတ်ဟု ငြင်းဆိုခဲ့သည်။

    ထိုကဲ့သို့ နိုင်ငံရေးမတည်မငြိမ်ဖြစ်မှု ပြေလည်ရန်အတွက် နိုင်ငံအတွင်း အစိုးရတာဝန်ရှိသူ ၂ ဦးနှင့် ကသလစ်ဘုန်းတော်ကြီးတစ်ဦး ပါဝင်သော အဖွဲ့မှာ ဆွေးနွေးနေကြသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

    အာဖရိကတောင်ပိုင်း ဖွံ့ဖြိုးရေးအဖွဲ့ (SADC) ကလည်း အဖွဲ့ဌာနချုပ်ရှိရာ ဘော့စ်ဝါနာတွင် ဇင်ဘာဘွေပြဿနာအတွက် ဆွေးနွေးရန် စီစဉ်ထားသည်။

    SADC ၏ လက်ရှိဥက္ကဌမှာ တောင်အာဖရိကဖြစ်ပြီး သမ္မတ ဂျာကော့ဘ်ဇူးမားက ကာကွယ်ရေးဝန်ကြီးနှင့် လုံခြုံရေးဝန်ကြီးတို့အား အစည်းအဝေးအတွက် စေလွှတ်မည်ဖြစ်ကာ မူဂါဘီ၊ စစ်တပ်မှ ဗိုလ်ချုပ်များနှင့် ယနေ့တွင် တွေ့ဆုံဆွေးနွေးဖွယ် ရှိနေသည်။

    Ref: Aljazeera

  • အစိမ်းရောင်ဗလီစီမံကိန်းကို အင်ဒိုနီးရှား စတင်မည်

    အစိမ်းရောင်ဗလီစီမံကိန်းကို အင်ဒိုနီးရှား စတင်မည်

    နိုဝင်ဘာ ၁၆၊ ၂၀၁၇
    M-Media

    ဂျကာတာမှာ အစ္စတစ်ကယ် ဗလီကြီး

    – ၂၀၂၀ ခုနှစ်အရောက်မှာ သဘာပတ်ဝန်းကျင်နဲ့ သင့်လျော်မယ့် ဗလီဝတ်ကျောင်းတော်ပေါင်း ၁၀၀၀ အထိရှိရေး စီမံကိန်းကို ကမ္ဘာ့အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်ငံက ထုတ်ပြန်လိုက်ပါတယ်။

    ဒုတိယသမ္မတ ဂျူဆွဖ် ကယ်လာက အခုတစ်ပတ်အတွင်းမှာ စီမံကိန်းကို ကြေငြာလိုက်တာဖြစ်ပြီး ဗလီဝတ်ကျောင်းတော်တွေမှာ ပြည့်ဖြိုးမြဲစွမ်းအင်တွေ အသုံးပြုနိုင်ဖို့၊ ရေနဲ့ အစားအသောက်တွေအတွက် လျှော့ချရေး၊ ပြန်လည်အသုံးချရေး နည်းလမ်းတွေအသုံးပြုဖို့၊ သဘာပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး အစီအစဉ်တွေ
    ဆောင်ရွက်ဖို့ ပြုလုပ်သွားမှာဖြစ်ပါတယ်။

    စီမံကိန်းကို ဘာသာရေးအဖွဲ့ အင်ဒိုနီးရှားအိုလမာကောင်စီ (MUI) က ဦးစီးမှာဖြစ်ပြီး အစိုးရရဲ့ ကျန်းမာရေးနဲ့ စီမံကိန်း ၀န်ကြီးဌာန၊ တက္ကသိုလ်တွေ၊ အခြားဘာသာရေးအဖွဲ့တွေက ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။

    လူဦးရေ သန်းပေါင်း ၂၅၀ လောက်ရှိတဲ့ အင်ဒိုနီးရှားဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာမှတ်တမ်းမှာ အကောင်းရော အဆိုးပါ ရောပြွမ်းနေပါတယ်။

    ကမ္ဘာ့ထိပ်တန်း ကျောက်မီးသွေးတင်ပို့တဲ့နိုင်ငံဖြစ်သလို ဆီအုန်းထုတ်လုပ်တဲ့နိုင်ငံလည်းဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကြောင့် နိုင်ငံတစ်ဝှမ်းက သစ်တောတွေ ပြုန်းတီးရပြီး ဒါတွေကို လျှော့ချဖို့အတွက် နိုင်ငံတကာရဲ့ ဖိအားပေးမှုကို ခံနေရပါတယ်။

    ဗလီဝတ်ကျောင်းတော်တွေကို သဘာပတ်ဝန်းကျင်နဲ့ လျော်ညီတဲ့နေရာ ဖြစ်လာရေး အခုစီမံကိန်းမှာ ဗလီဆရာတွေဟာ ၀တ်ပြုသူတွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ တရားတွေလည်း ဟောကြားမှာ ဖြစ်ပါတယ်။

    အင်ဒိုနီးရှား အိုလမာကောင်စီရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဆောင်ရွက်မှုမှာ အခုစီမံကိန်းက ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ အရင်ကလည်း တောမီးရှို့တာ၊ သတ္တုတွင်းတူးတာနဲ့ပတ်သက်ပြီး အလွန်အကျွံမဆောင်ရွက်ဖို့ ဓမ္မသတ်ထုတ်ပြန် တားမြစ်ခဲ့တာတွေ ရှိပါတယ်။

    နိုင်ငံတစ်ဝှမ်းမှာ ဗလီဝတ်ကျောင်းတော်ပေါင်း ၈ သိန်းလောက်ရှိပြီး ရှေ့ပြေးအနေနဲ့ ၁၀၀၀ လောက်ကို သဘာဝပတ်ဝန်းကျင်နဲ့ လျော်ညီအောင်ဆောင်ရွက်ပြီးရင် နောက်ထပ်ဗလီတွေလည်း ဒီလို ဆောင်ရွက်မှာ ဖြစ်ပါတယ်။

    ကမ္ဘာတစ်ဝှမ်း ဗလီဝတ်ကျောင်းတော်တွေကို သဘာဝတ်ပတ်ဝန်းကျင်နဲ့ လျော်ညီအောင် ပြောင်းလဲရာမှာ ဒီလောက် အရေအတွက်များများဆောင်ရွက်မှုဟာ ပထမဆုံးပါ။

    ၂၀၁၄ ခုနှစ် ဒူဘိုင်းမှာဆောက်လုပ်ခဲ့တဲ့ ဗလီဝတ်ကျောင်းတော်တစ်လုံးဟာ အမေရိကန် Green Building Council ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစံတွေနဲ့ ကိုက်ညီကြောင်း အသိအမှတ်ပြု ခံခဲ့ရပါတယ်။ ဗြိတိန်၊ အမေရိကန်၊ မော်ရိုကိုနဲ့ မလေးရှားတို့က ဗလီဝတ်ကျာင်းတော်တွေဟာလည်း ဒီလို စီမံကိန်းမျိုးတွေကို
    ဆောင်ရွက်လာခဲ့ပါတယ်။

    Ref: Reuters

     

  • သက်ရှိများနေထိုင်နိုင်မည့် ဂြိုဟ်သစ်တစ်လုံး ထပ်တွေ့

    သက်ရှိများနေထိုင်နိုင်မည့် ဂြိုဟ်သစ်တစ်လုံး ထပ်တွေ့

    နိုဝင်ဘာ ၁၆၊ ၂၀၁၇
    M-Media

    – ချီလီနိုင်ငံက အာကာသ စူးစမ်းရေးစင်တာကို အသုံးပြုပြီး လေ့လာတဲ့ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ ကမ္ဘာနဲ့တူတဲ့ ဂြိုဟ်တစ်လုံးကို နေအဖွဲ့အစည်းကနေ အလင်းနှစ် ၁၁ နှစ် အကွာအဝေးမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

    ဥရောပတောင်ဘက်ခြမ်း စူးစမ်းလေ့လာရေးဌာန (ESO) ဒီတွေ့ရှိမှုကို မနေ့မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး ၁၀ နှစ်ကျော်ကြာ စောင့်ကြည့်ခဲ့တဲ့ ဒီဂြိုဟ်ကို Ross 128 b လို့ အမည်ပေးထားပါတယ်။

    ဂြိုဟ်ဟာ ပူနွေးကာ ကျောက်ဆောင်တွေရှိတဲ့ ပတ်ဝန်းကျင်မျိုးဖြစ်ပြီး သက်ရှိတွေ နေထိုင်နိုင်တဲ့ အနေအထားရှိတယ်လို့ သိပ္ပံပညာရှင်တွေက ယူဆနေပါတယ်။

    Ross 128 b ဟာ ကမ္ဘာပါဝင်တဲ့ နေအဖွဲ့အစည်းအပြင်ဘက်မှာတွေ့ပြီး ကမ္ဘာနဲ့တူတဲ့ အပူချိန်ရှိနိုင်တဲ့ ဂြိုဟ်တွေထဲမှာ ဒုတိယမြောက် အနီးဆုံးဂြိုဟ်လည်း ဖြစ်ပါတယ်။

    အရွယ်အစားနဲ့ အပူချိန်မှာ ကမ္ဘာလောက်နီးပါး ရှိနေပြီး ‘တည်ငြိမ်တဲ့ကြယ်’ ပတ်ဝန်းကျင်မှာ လှည့်ပတ်နေတာဖြစ်ပါတယ်။ ဒါ့ကြောင့် အန္တရာယ်ရှိတဲ့ ဓာတ်ရောင်ခြည်သင့်တာမျိုး မရှိပါဘူး။

    ဒီဂြိုဟ်ကို တိုက်ရိုက်တွေ့ရှိတာမျိုးမဟုတ်တာကြောင့် လေထု ဒါမှမဟုတ် ရေရှိလားဆိုတာကို မပြောနိုင်ပေမယ့် သိပ္ပံပညာရှင်တွေကတော့ နေအဖွဲ့အစည်းအပြင်ဘက်မှာ သက်ရှိတွေ နေထိုင်နိုင်မယ့် အနေအထားတွေကို ဒီဂြိုဟ်မှာ တွေ့ရတယ်လို့ ဆိုပါတယ်။

    အခုနှစ်အစောပိုင်းမှာ နာဆာက ကမ္ဘာအရွယ် ဂြိုဟ် ၇ လုံးပါဝင်တဲ့ နေအဖွဲ့အစည်းတစ်ခုကို တွေ့ရှိကြောင်း ကြေငြာခဲ့ပြီး ကြယ်တစ်ခုကို လှည့်ပတ်နေတဲ့ ဒီဂြိုဟ်တွေဟာ သက်ရှိတွေ ရှင်သန်နိုင်တဲ့ အခြေအနေမျိုး တွေ့ရတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera