News @ M-Media

Author: Ko Lay

  • နစ်မြစ်တွင် ရိုဟင်ဂျာဒုက္ခသည်စက်လှေမှောက်၍ ၁၀ ဦးသေဆုံး

    နစ်မြစ်တွင် ရိုဟင်ဂျာဒုက္ခသည်စက်လှေမှောက်၍ ၁၀ ဦးသေဆုံး

    အောက်တိုဘာ ၁၆၊ ၂၀၁၇
    M-Media

    ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးလာသည့် ရိုဟင်ဂျာအမျိုးသမီးတစ်ဦး

    – ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို သယ်ဆောင်လာတဲ့ စက်လှေတစ်စင်းဟာ ဒီနေ့မနက်ပိုင်းမှာ မှောက်ခဲ့တာကြောင့် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ပြီး တော်တော်များများလည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

    ရိုဟင်ဂျာ ၅၀ လောက် သယ်ဆောင်လာတဲ့ အဲဒီစက်လှေဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ခုတ်မောင်းနေစဉ် နတ်မြစ်ဝမှာ နစ်မြုပ်ခဲ့တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ၆ ပတ်အတွင်းမှာ ရခိုင်ပြည်နယ်ကနေထွက်ပြေးရင်း စက်လှေနစ်လို့ ရေနစ်သေဆုံးတဲ့ ရိုဟင်ဂျာအရေအတွက်ဟာ ၂၀၀ လာက် ရှိလာပြီဖြစ်ပြီး၊ အများစုဟာ ငါးဖက်စက်လှေငယ်လေးတွေမှာ လူတွေ ပြွတ်သိပ်တင်ရင်း မှောက်ကြတာ ဖြစ်ပါတယ်။

    ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ ဒုတိယဗိုလ်မှူးကြီး အရီဖူလ် အစ္စလာမ်က မှောက်သွားတဲ့ လှေကို ပြန်လှန်နိုင်ခဲ့ပြီး ၂၁ ဦးကို ကယ်တယ်တင်နိုင်ခဲ့ကာ ပျောက်ဆုံးနေသူတွေကို ကမ်းခြေစောင့်တပ်ဖွဲ့တွေ၊ နယ်ခြားစောင့်တပ်ဖွဲ့တွေက ရှာဖွေနေတယ်လို့ ဆိုပါတယ်။

    ရဲတပ်ဖွဲ့အကြီးတန်းတာဝန်ရှိသူ ရှိခ် အက်ရှ်ရာဖူဇမန်က ဆယ်ယူရရှိခဲ့တဲ့ အလောင်းတွေဟာ အမျိုးသမီး ၄ ဦးနဲ့ ကလေးငယ် ၆ ဦးတို့ရဲ့ အလောင်းတွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    သြဂုတ်လနှောင်းပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့ပြီးတဲ့နောက် တစ်ကျော့ပြန်ဖြစ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် ရိုဟင်ဂျာ ၅၃၇၀၀၀ လောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးလာတယ်လို့ ကုလက ပြောထားပါတယ်။

    ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး အစ်က္ကဘာလ် အဟ်မဒ်က ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရိုဟင်ဂျာ ၁၂၀၀၀ လောက် ထပ်ရောက်လာကြတယ်လို့ ဆိုပါတယ်။

    Ref: CNA

  • ရေနစ်နေသည့် ဖိလစ်ပိုင်နှစ်ဦးကို ယူအေအီးအမျိုးသားက ကယ်တင်

    ရေနစ်နေသည့် ဖိလစ်ပိုင်နှစ်ဦးကို ယူအေအီးအမျိုးသားက ကယ်တင်

    အောက်တိုဘာ ၁၆၊ ၂၀၁၇
    M-Media

    ဖိလစ်ပိုင် ၂ ဦးကို ကယ်တင်ခဲ့သည့် အိုစမန် အလီ စအစ် အလ် နက္ကဘီ

    – အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ရှိ Khor Fakkan မြို့ ပင်လယ်ကမ်းခြေတစ်ခု၌ ရေလွှာလျှောစီးယာဉ်ကို မောင်းကွေ့လိုက်စဉ် ရေထဲပြုတ်ကျကာ ရေနစ်သွားသည့် ဖိလစ်ပိုင်၂ ဦး၏ အသက်ကို ယူအေအီးနိုင်ငံသားတစ်ဦးက ကယ်ဆယ်ခဲ့သည်ဟု သိရသည်။

    အိုစမန် အလီ စအစ် အလ် နက္ကဘီဆိုသူဖြစ်ပြီး ၎င်း၏ ရဲစွမ်းသတ္တိနှင့် လူသားချင်းစာနာပေးမှုအတွက် အသိအမှတ်ပြုသောအားဖြင့် ရှာရ်ဂျာပြည်နယ် ရဲတပ်ဖွဲ့က ဂုဏ်ပြုခဲ့သည်။

    အလ် နက္ကဘီက ရေနစ်နေသူ ၂ ယောက် အော်ဟစ်အကူအညီတောင်းနေသည်ကို ကြားခဲ့ရပြီးနောက် အာဏာပိုင်အဖွဲ့အား ချက်ချင်းအသိပေးပြောကြားခဲ့ကာ ရေထဲသို့ ခုန်ဆင်း၍ ရေနစ်နေသူ ၂ ဦးကို ကယ်ဆယ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ကယ်ဆယ်ရေးအဖွဲ့မှာ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာခဲ့ပြီးနောက် ရေနစ်သူ ၂ ဦးအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ အလ် နက္ကဘီ၏ ထိုလုပ်ရပ်မှာ ၎င်း၏ ရဲစွမ်းသတ္တိ၊ ရဲတပ်ဖွဲ့နှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်နိုင်မှုကို ပြသခြင်းဖြစ်သည်ဟု ချီးကျူးပြောကြားခဲ့သည်။

    Ref : Khaleejtimes

  • အီရန်၏ နျူစာချုပ်အတိုင်း ဂျာမနီနှင့် ဗြိတိန်တို့ ဆက်လက်ရပ်တည်မည်

    အီရန်၏ နျူစာချုပ်အတိုင်း ဂျာမနီနှင့် ဗြိတိန်တို့ ဆက်လက်ရပ်တည်မည်

    အောက်တိုဘာ ၁၆၊ ၂၀၁၇
    M-Media

    ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေနှင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ်

    – အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့၏ နျူသဘောတူညီချက်အပေါ် အမေရိကန်က အတည်ပြုရန် ငြင်းဆန်သော်လည်း မိမိတို့အနေဖြင့် သဘောတူညီချက်အတိုင်း ဆက်လက်ရပ်တည်သွားမည်ဟု ဗြိတိန်နှင့် ဂျာမနီတို့က ပြောကြားလိုက်သည်။

    ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေနှင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကယ်တို့ ယမန်နေ့တွင် ဖုန်းဖြင့် ဆွေးနွေးပြီး နောက်ပိုင်း ယခုကဲ့သို့ သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

    “ယူကေနဲ့ ဂျာမနီတို့အနေနဲ့ အဲ့ဒီစာချုပ်အတိုင်း ခိုင်မာစွာဆက်လက်ရပ်တည်သွားမယ်လို့ သဘောတူခဲ့ကြပါတယ်။ သူတို့ (နှစ်နိုင်ငံ)အနေနဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေမှာ အီရန်ပါဝင်နေမှုကို ဖိအားပေးဖို့၊ ဒုံးကျည်စီမံကိန်းနဲ့ပက်သက်ပြီး စိုးရိမ်မှုတွေကို ဖြေရှင်းရေး နည်းလမ်းရှာဖွေပေးဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း သဘောတူခဲ့ကြပါတယ်” ဟု ခေါင်းဆောင်နှစ်ဦး၏ ဆွေးနွေးမှုနှင့်ပတ်သက်​၍ ဗြိတိန်ဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ပြောကြားခဲ့သည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်မှာ ၂၀၁၅ ခုနှစ်တွင် ရရှိခဲ့သည့် အဆိုပါ သဘောတူညီချက်၏ ရည်ရွယ်ချက်ကို ချိုးဖောက်သည်ဟု ပြီးခဲ့သည့်တစ်ပတ်တွင် ပြောဆိုခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုပြုလုပ်ရန်နှင့် စာချုပ်ဖျက်သိမ်းရန် ကြိုးစားလာခဲ့သည်။

    စာချုပ်တွင် ပါဝင်ထားသည့် ဥရောပသမဂ္ဂက ထရမ့်အနေဖြင့် ထိုစာချုပ်ကို ဖျက်သိမ်းနိုင်သည့် ပါဝါမျိုးမရှိဟု တုန့်ပြန်ထားသည်။

    Ref : Reuters

  • အကျိုးအမြတ်မယူသည့် ပညာရေးအဖွဲ့များကို ဂူးဂဲလ်က ဒေါ်လာ ၁ ဘီလီယံလှူမည်

    အကျိုးအမြတ်မယူသည့် ပညာရေးအဖွဲ့များကို ဂူးဂဲလ်က ဒေါ်လာ ၁ ဘီလီယံလှူမည်

    အောက်တိုဘာ ၁၅၊ ၂၀၁၇
    M-Media

    – ကမ္ဘာတစ်ဝှမ်း ပညာရေးအဆင့်အတန်းကို မြှင့်တင်ရန် ကူညီသည့်အနေဖြင့် အကျိုးအမြတ်မယူသည့် ပညာရေးအဖွဲ့အစည်းများကို လာမည့်ငါးနှစ်အတွင်း ဒေါ်လာ သန်းတစ်ထောင် လှူဒါန်းမည်ဟု Google က ပြောကြားလိုက်ပြီး ၎င်း၏၀န်ထမ်းများကိုလည်း စေတနာ့ဝန်ထမ်းအဖြစ် နာရီတစ်သန်း အသုံးပြုခွင့်ပေးမည်ဟု ဆိုသည်။

    ဂူဂဲလ်အမှုဆောင်ချုပ် စန်ဒါ ပီချိုင်က ပစ်တ်ဘာ့ဂ်မြို့၌ ကြာသပတေးနေ့က ပြောကြားခဲ့ခြင်းဖြစ်ပြီး အမေရိကန်များ အလုပ်ရရှိရေးနှင့် စီးပွားရေးထူထောင်ရေး လေ့ကျင့်ပေးမည့် Grow with Google အစီအစဉ်ကိုလည်း ထုတ်ပြန်ကြေငြာခဲ့သည်။

    အဆိုပါအစီအစဉ်မှာ လူငယ်များအား ကွန်ပျူတာနှင့် စွန့်ဦးစီးပွားရေးလုပ်ငန်း တည်ထောင်ရေးဆိုင်ရာ ကျွမ်းကျင်မှုများ ရရှိလာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

    Google သည် အွန်လိုင်းပညာရေးအသင်းအဖွဲ့များဖြစ်သည့် Udacity နှင့် Coursera စသည်တို့နှင့်လည်းကောင်း၊ ပရဟိတအဖွဲ့အစည်းများဖြစ်သည့် Goodwill နှင့် 4-H တို့နှင့် လည်းကောင်း ချိတ်ဆက်ကာ ကူညီပံ့ပိုးပေးလျက် ရှိနေသည်။

    Ref; english.alarabiya.net

  • ရိုဟင်ဂျာဒုက္ခသည်စခန်းကို ဆင်ရိုင်းများတိုက်ခိုက်၍ ၃ ဦးသေဆုံး

    ရိုဟင်ဂျာဒုက္ခသည်စခန်းကို ဆင်ရိုင်းများတိုက်ခိုက်၍ ၃ ဦးသေဆုံး

    အောက်တိုဘာ ၁၅၊ ၂၀၁၇
    M-Media

    – ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းက ရိုဟင်ဂျာဒုက္ခသည်စခန်းသစ်တစ်ခုကို ဆင်ရိုင်းတွေ ၀င်ရောက်တိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ် ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    အူခီယာမြို့က ဘာလူခါလီဒုက္ခသည်စခန်းမှာ စနေနေ့မနက်အစောပိုင်း ဒုက္ခသည်တွေ အိပ်နေတဲ့အချိန် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရသူ ၄ ဦးရှိတယ်လို့ ခရိုင်သစ်တောအရာရှိ မိုဟာမက် အလီ ကာဘီရ်က ပြောကြားခဲ့ပါတယ်။ ဆင်ရိုင်းတွေတိုက်ခိုက်မှုကြောင့် ဒုက္ခသည်တစ်ချို့လည်း ထွက်ပြေးခဲ့ရပါတယ်။

    ကော့စ်ဘဇားခရိုင်မှာ ရိုဟင်ဂျာဒုက္ခသည်တွေ ဆင်ရိုင်းတွေရဲ့ တိုက်ခိုက်မှုကိုခံရတာ ဒီတစ်ကြိမ်ပါနဲ့ဆို ၃ ကြိမ်မြောက်ရှိသွားပြီဖြစ်ပြီး အရင်နှစ်ကြိမ်မှာ အနည်းဆုံး ၇ ဦး သေဆုံးခဲ့ပါတယ်။

    မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်အရေအတွက် များပြားလာတာကြောင့် စီမံခန့်ခွဲဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက အခက်အခဲရှိနေတဲ့အချိန် ဒီလို ဆင်ရိုင်းတွေရဲ့ တိုက်ခိုက်မှုက ပတ်ဝန်းကျင်းမှာ စိုးရိမ်မှုတွေကို ပိုပြီး တိုးလာစေခဲ့ပါတယ်။

    သြဂုတ်လနှောင်းပိုင်းမှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်နယ်မြောက်မှာရှိတဲ့ ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း တစ်ကျာ့ပြန်ဖြစ်ပွားလာတဲ့ မတည်ငြိမ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို ရိုဟင်ဂျာ ၅၃၀,၀၀၀ ကျော်လောက် ထွက်ပြေးခဲ့ရတယ်လို့ ကုလကဆိုပြီး လူမျိုးစုလိုက် သုတ်သင်မှုလို့လည်း သုံးနှုန်းခဲ့ပါတယ်။

    Ref: Aljazeera