News @ M-Media

Author: Ko Lay

  • မာရာဝီမြို့ အကြမ်းဖက်လက်မှ လွတ်မြောက်ကြောင်း ဖိလစ်ပိုင်ကြေငြာ

    မာရာဝီမြို့ အကြမ်းဖက်လက်မှ လွတ်မြောက်ကြောင်း ဖိလစ်ပိုင်ကြေငြာ

    အောက်တိုဘာ ၁၇၊ ၂၀၁၇
    M-Media

    မာရာဝီမြို့ မြင်ကွင်း

    – နိုင်ငံတောင်ပိုင်းရှိ မာရာဝီမြို့မှာ အကြမ်းဖက်သမားများလက်မှ လွတ်မြောက်သွားပြီဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ယနေ့ နေ့လည်ပိုင်းတွင် ကြေငြာလိုက်သည်။

    IS အကြမ်းဖက်အဖွဲ့ကို သစ္စာခံသည့် စစ်သွေးကြွများမှာ အဆိုပါမြို့အား မေလကတည်းက သိမ်းပိုက်ထားခြင်းဖြစ်ပြီး ဖိလစ်ပိုင်စစ်တပ်နှင့် အပြန်အလှန်တိုက်ပွဲများအတွင်း လူတစ်ထောင်ကျော် သေဆုံးကာ ၄ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    “လူကြီးမင်းများခင်ဗျာ၊ မာရာဝီမြို့ဟာ အကြမ်းဖက်သမားတွေရဲ့လက်ကနေ လွတ်မြောက်သွားပြီလို့ ကျွန်တော် ဒီနေရာကနေ ကြေငြာလိုက်ပါတယ်” ဟု ဒူတာတေးက ပြောကြားခဲ့သည်။

    ဖိလစ်ပိုင်စစ်တပ်က မာရာဝီမြို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်သွေးကြွ ၃၀ ခန့်နှင့် ဓာစားခံ ၂၀ ခန့် ကျန်ရှိနေသည်ဟု ပြောကြားခဲ့သည်။

    ၎င်းတို့၏ နောက်ဆုံးထိုးစစ်အတွင်း ဖိလစ်ပိုင်စစ်တပ်မှာ အမေရိကန်မှ အလိုရှိနေသည့် စစ်သွေးကြွခေါင်းဆောင် အစ္စနီလွန် ဟာပီလွန်ကို တနင်္လာနေ့က သုတ်သင်နိုင်ခဲ့သည်။

    သို့သော်လည်း မလေးရှားမှ စစ်သွေးကြွခေါင်းဆောင်တစ်ဦးဖြစ်သည့် မဟ်မူဒ် အဟ်မဒ်မှာ မြို့တွင်း ရှိနေလားဆိုသည်ကို အတိအကျမသိရသေဘဲ ရှာဖွေမှုများ ဆက်လက်ပြုလုပ်နေသည်။

    Ref: CNA

  • ပါလက်စတိုင်းပိုင် ဟီဘရွန်မြို့တွင် တရားမ၀င်အိမ်ယာဆောက်ရန် အစ္စရေး စီစဉ်

    ပါလက်စတိုင်းပိုင် ဟီဘရွန်မြို့တွင် တရားမ၀င်အိမ်ယာဆောက်ရန် အစ္စရေး စီစဉ်

    အောက်တိုဘာ ၁၇၊ ၂၀၁၇
    M-Media

    ဟီဘရွန်တွင် ပါလက်စတိုင်းအိမ်ယာများကို ဂျူးများက အပိုင်စီးထားသည့် မြင်ကွင်း

    – ပါလက်စတိုင်းပိုင် ဟီဘရွန်မြို့တွင် တရားမ၀င် အခြေချအိမ်ယာများ ဆောက်လုပ်ရန် အစ္စရေးအစိုးရက အတည်ပြုလိုက်ပြီး ဟီဘရွန်တွင် ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် ထိုသို့ဆောင်ရွက်ခြင်းဖြစ်သည်။

    ဟီဘရွန်မြို့ဟောင်း ဘီအစ် ရိုမာနိုရပ်ကွက်တွင် အစ္စရေးက ဘတ်စ်ကားရပ်နားစခန်းအဖြစ် အသုံးပြုခဲ့ဖူးသည့် ရှူဟာဒါလမ်း၌ အိမ်ယာပေါင်း ၃၁ ခု ဆောက်လုပ်ရန် စီစဉ်နေခြင်းဖြစ်ပြီး ထိုနေရာနှင့် ကပ်လျက်တွင်လည်း ယခင်က ပါလက်စတိုင်းကျောင်းတစ်ခုအား အစ္စရေးစစ်တပ်က သိမ်းယူ အသုံးပြုနေသည်။

    ဟီဘရွန်မြို့တော်ဟောင်း၏ စီးပွားရေးအသက်သွေးကြောတစ်ခုဖြစ်သည့် ရှုဟာဒါလမ်းမကို အစ္စရေးစစ်တပ်က ၁၉၉၄ မှစ၍ ပိတ်ခဲ့ပြီး ဈေးဆိုင်အများအပြားကိုလည်း ပိတ်ပစ်ရန် ဖိအားပေးခဲ့သည်။ ထို့ပြင် ပါလက်စတိုင်းပြည်သူများအား အဆိုပါလမ်းထဲ ၀င်ရောက်မှုကို ပိတ်ပင်ခဲ့သောကြောင့် ပါလက်စတိုင်းများမှာ အသက်မွေးလုပ်ငန်းအများအပြားနှင့် နေအိမ်စည်းစိမ်များ ဆုံးရှုံးခဲ့ရသည်။

    အဆိုပါ တရားမ၀င် အခြေချအိမ်ယာများ ဆောက်လုပ်ရေးအစီအစဉ်ကို ရွှေ့ဆိုင်းရန် ပါလက်စတိုင်းများအနေနှင့် အယူခံဝင်နိုင်သည်ဟု ဆိုသည်။

    ဟီဘရွန်မြို့တော်ဝန် တိုင်ဆီရ် အဘူ ဆနီနီဟ်က အစ္စရေး၏ ထိုဆုံးဖြတ်ချက်မှာ ဟီဘရွန်စည်ပင်ပိုင် နေရာကို ပြောင်ပြောင်တင်းတင်း ကျူးကျော်ခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့သည်။

    ဟီဘရွန်မြို့သည် ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းရှိ အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင် အစ္စရေးက နှစ်ပိုင်းပိုင်းကာ ထိန်းချုပ်ခဲ့သည်။

    နိုင်ငံတကာအသိုင်းအ၀ိုင်းက တားမြစ်မှုများ ရှိသော်လည်း ၁၉၆၇ ခုနှစ်နောက်ပိုင်း ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက တရားမ၀င်အခြေချအိမ်ယာများ ဆောက်လုပ်ခဲ့ပြီး လက်ရှိတွင် ထိုအိမ်ယာများတွင် အစ္စရေး သန်းဝက်ကျော် နေထိုင်နေသည်။

    Ref : Aljazeera

     

  • ရိုဟင်ဂျာဒုက္ခသည်များအတွက် ယူအေအီးက အကူအညီထပ်ပို့မည်

    ရိုဟင်ဂျာဒုက္ခသည်များအတွက် ယူအေအီးက အကူအညီထပ်ပို့မည်

    အောက်တိုဘာ ၁၇၊ ၂၀၁၇
    M-Media

    ယခင်ပေးပို့ခဲ့စဉ်က

    – ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည်များအတွက် ကယ်ဆယ်ရေးအကူအညီများကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံက လေယာဉ် ၃ စီးစာ ထပ်မံပေးပို့သွားမည်ဟု သိရသည်။

    ဒူဘိုင်းမှာ အောက်တိုဘာလ အစောပိုင်းမှစ၍ ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များ အသက်ရှင်သန်ရေးအတွက် လိုအပ်သော အကူအညီများကို လေကြောင်းဖြင့် ပို့ဆောင်ပေးနေသည်မှာ ၆ ကြိမ်ရှိနေပြီဖြစ်သည်။

    ပေးပို့ခဲ့သော အကူအညီများကို ကုလသမဂ္ဂဒုက္ခသည်ကူညီစောင့်ရှောက်ရေးအဖွဲ့ (UNHCR)၊ နိုင်ငံတကာကြက်ခြေနီအသင်း (IFRC)၊ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF)၊ ယူအေအီးလခြမ်းနီအဖွဲ့၊ နိုင်ငံတကာရွှေ့ပြောင်းဒုက္ခသည်များအဖွဲ့ချုပ် (IOM)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) စသည့် အဖွဲ့များက စီ
    မံခန့်ခွဲကာ မြန်မာနိုင်ငံမှ ညှင်းပန်းနှိပ်စက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသည့် ရိုဟင်ဂျာ ၂၃၀၀၀၀ ကျော်ဆီ တိုက်ရိုက်ပေးပို့နိုင်ခဲ့သည်။

    ဒုက္ခသည်စခန်းများအတွင်း ရိုဟင်ဂျာများ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေများမှာ ဆိုးရွားလျက်ရှိနေပြီး အရေးကြီးလိုအပ်ချက်များဖြစ်သော အစားအစာ၊ အမိုးအကာ၊ ရေနှင့် အ၀တ်အစားများ လုံလုံလောက်လောက် မရရှိချေ။

    Ref : Khaleejtimes

  • အရှေ့တောင်အာရှ ထိပ်တန်း စစ်သွေးကြွနှစ်ဦးကို ဖိလစ်ပိုင် သုတ်သင်နိုင်

    အရှေ့တောင်အာရှ ထိပ်တန်း စစ်သွေးကြွနှစ်ဦးကို ဖိလစ်ပိုင် သုတ်သင်နိုင်

    အောက်တိုဘာ ၁၇၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု၏ အလိုရှိဆုံးစာရင်းဝင် ထိပ်တန်း စစ်သွေးကြွခေါင်းဆောင် အစ္စနီလွန် ဟာပီလွန်သည် မာရာဝီမြို့ ပြန်လည်သိမ်းပိုက်ရေးတိုက်ပွဲတွင် မိမိတိုတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်သုတ်သင်မှုကို ခံခဲ့ရသည်ဟု ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ကျွမ်းကျင်သူများက ဟာပီလွန်မှာ အီရတ်နှင့် ဆီးရီးယားတွင် နယ်မြေများဆုံးရှုံးခဲ့ပြီးနောက် အာရှတွင် ခါလီဖိတ်ထူထောင်လိုသည့် IS အကြမ်းဖက်အဖွဲ့၏ အရှေ့တောင်အာရှ ခေါင်းဆောင်ဖြစ်သည်ဟု ပြောကြားထားသည်။

    “အစ္စနီလွန်ဟာပီလွန်နဲ့ အိုမရ် မောက်တေကို ကျွန်တော်တို့တပ်သားတွေ သတ်ပစ်နိုင်ခဲ့ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး ဒဲလ်ဖင် လော်ရင်ဇာနာက သတင်းထောက်များကို ပြောခဲ့သည်။ အိုမရ်မောက်တေသည် ဟာပီလွန်နှင့်အတူ မာရာဝီတွင် တိုက်ခိုက်မှုများ ပြုလုပ်နေသူ ဖြစ်သည်။

    အသက် ၅၁ အရွယ် ဟာပီလွန်မှာ ဖိလစ်ပိုင်တောင်ပိုင်း အခြေစိုက် အဘူ ဆယက်ဖ်အဖွဲ့၏ အကြီးတန်း ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၎င်းအား ဖမ်းနိုင်ရန် သတင်းပေးသူကို ဒေါ်လာ ၅ သန်းပေးမည်ဟု အမေရိကန်အစိုးရက ကြေငြာထားသည်။ အမေရိကန်မှာ အဘူ ဆယက်ဖ်အဖွဲ့ကိုလည်း နိုင်ငံရပ်ခြား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည်။

    လော်ရင်ဇာနာက ဖိလစ်ပိုင်စစ်တပ်မှာ မာရာဝီမြို့ကို သိမ်းပိုက်ထားသော စစ်သွေးကြွများကို နောက်ဆုံးအဆင့် ထိုးစစ်ဆင်နေစဉ် ဟာပီလွန်နှင့် အိုမာရ်ခေယမ် မောက်တေတို့အား သုတ်သင်နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

    အမေရိကန်နှင့် ဖိလစ်ပိုင်အစိုးရတို့မှ ဆုငွေထုတ်ထားသောကြောင့် ၎င်းစစ်သွေးကြွနှစ်ဦး၏ အလောင်းကိုယ်ထည်များကို DNA စစ်ဆေးရန် လွှဲပြောင်းပေးမည်ဖြစ်သည်။

    Ref : CNA