News @ M-Media

Author: Ko Lay

  • ပုပ်ရဟန်းမင်းကြီး၏ မြန်မာနိုင်ငံခရီးစဉ်တွင် သံဃမဟာနာယက အဖွဲ့နှင့်ပါ တွေ့ဆုံမည်

    ပုပ်ရဟန်းမင်းကြီး၏ မြန်မာနိုင်ငံခရီးစဉ်တွင် သံဃမဟာနာယက အဖွဲ့နှင့်ပါ တွေ့ဆုံမည်

    အောက်တိုဘာ ၁၁၊ ၂၀၁၇
    M-Media

    – ပုပ်ရဟန်းမင်းကြီး ဖရန်စစ် နိုဝင်ဘာနှောင်းပိုင်းမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ကို လာရောက်မယ့် အစီအစဉ် အသေးစိတ်ကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။

    နိုဝင်ဘာ ၂၆ ရက်နေ့ကနေ ဒီဇင်ဘာ ၂ ရက်နေ့အထိ ကြာမြင့်မယ့် ပုပ်ရဟန်းမင်းကြီးရဲ့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံအတွက် ကက်သလစ်ခရစ်ယာန်ခေါင်းဆောင်တစ်ဦး ပထမဆုံးလာရောက်မှု ဖြစ်မှာပါ။

    ဖရန်စစ်ဟာ နိုဝင်ဘာ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်လာမှာဖြစ်ပြီး လူထုနဲ့ တွေ့ဆုံမှာပါ။ နောက်တစ်နေ့မှာတော့ နေပြည်တော်ကို သွားရောက်ကာ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သီးခြားစီတွေ့ဆုံကာ မြန်မာ့နိုင်ငံရေးအကြောင်းတွေကို ဆွေးနွေးကြမှာပါ။

    ဗာတီကန်တာဝန်ရှိသူတစ်ဦးက ပုပ်ရဟန်းမင်းကြီးဟာ စစ်တပ်အကြီးအကဲတွေ၊ သံတမန်တွေနဲ့ တွေ့ဆုံဖို့ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    နိုဝင်ဘာ ၂၉ ရက်နေ့မှာ ဖရန်စစ်ဟာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က တာဝန်ရှိတဲ့ ဘုန်းတော်ကြီးတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

    မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၁.၄ သန်းမှာ ရိုမန်ကက်သလစ်ဘာသာဝင် ၇ သိန်းလောက် ရှိတယ်လို့ ကာဒီနယ် ချားလ်စ်မောင်ဘိုက ပြောကြားထားပါတယ်။

    ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံကနေတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ကာ ပြည်သူလူထု၊ အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

    Ref: Reuters

  • ရခိုင်ကိစ္စအတွက် မြန်မာစစ်တပ်အပေါ် အီးယူက တစ်ဆင့်ချင်း ပိတ်ဆို့ရန် ရှိနေ

    ရခိုင်ကိစ္စအတွက် မြန်မာစစ်တပ်အပေါ် အီးယူက တစ်ဆင့်ချင်း ပိတ်ဆို့ရန် ရှိနေ

    အောက်တိုဘာ ၁၁၊ ၂၀၁၇
    M-Media

    ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

     

    – ရခိုင်ပြည်နယ်က ပြဿနာတွေကြောင့် မြန်မာစစ်တပ်အပေါ် ပိတ်ဆို့မှုတွေ တိုးမြှင့်ပြုလုပ်ရေး ပထမအဆင့်အနေနဲ့ ဥရောပသမဂ္ဂဟာ ထိပ်တန်း မြန်မာဗိုလ်ချုပ်တွေနဲ့ အဆက်အသွယ်ဖြတ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

    ဥရောပ ၂၈ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ အောက်တိုဘာ ၁၆ ရက်နေ့မှာ ပြုလုပ်မယ့် ဆွေးနွေးပွဲမှာ ပါဝင်မယ့် အကြောင်းအရာမူကြမ်းကို Reuters သတင်းဌာနက ရရှိခဲ့ပြီး အဲဒီအထဲမှာ ‘မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့ အခြား အကြီးတန်းအရာရှိတွေကို ဖိတ်ခေါ်မှုကို ရပ်ဆိုင်းမယ်’ လို့ ဖော်ပြထားပါတယ်။

    ‘ပြည်တွင်းမှာ ဖိနှိပ်ဖို့ အသုံးပြုနိုင်တယ်’ ဆိုတဲ့ အကြောင်းအရင်းနဲ့ မြန်မာစစ်တပ်အပေါ် လက်နက်ခဲယမ်းတွေ ရောင်းချတင်ပို့မှု အီးယူက ပိတ်ပင်ထားတာကို ထောက်ခံတယ်လို့လည်း မူကြမ်းမှာ အတည်ပြုထားပါတယ်။

    ဒီမူကြမ်းမှာပါဝင်တဲ့ အကြောင်းအရာတွေအပြင် လတ်တလော မြန်မာနိုင်ငံအတွင်းက ကောင်းမွန်တဲ့ ပြောင်းလဲတိုးတက်မှုတွေနဲ့ပတ်သက်ပြီး တုန့်ပြန်သွားဖို့အတွက် ဥရောပသမဂ္ဂအဖွဲ့ဝင်တွေက ဆွေးနွေးဖို့ ရှိနေပါတယ်။

    ရခိုင်ပြည်နယ်က မတည်ငြိမ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားရတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံကို တိုက်တွန်းထားပြီး ဘင်္ဂလားဒေ့ရှ်ရဲ့ ဆောင်ရွက်မှုတွေအတွက်တော့ ချီးကျူးခဲ့ပါတယ်။

    သြဂုတ်လ ၂၅ ရက်နေ့မှာ ရိုဟင်ဂျာလက်နက်ကိုင်တွေက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းတွေကို တိုက်ခိုက်ပြီးတဲ့နောက်ပိုင်း မြန်မာစစ်တပ်က ပြုလုပ်တဲ့ စစ်ဆင်ရေးတွေအတွင်းမှာ စစ်သားတွေနဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေဟာ ရိုဟင်ဂျာအရပ်သားတွေကို သတ်ဖြတ်တာ၊ နေအိမ်တွေကိုမီးရှို့ကာ မနေနိုင်အော
    င်လုပ်တာတွေ ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ထွက်ပြေးလွတ်မြောက်သွားသူတွေက ပြောကြားထားပါတယ်။

    မြန်မာအစိုးရနဲ့ စစ်တပ်ကတော့ ဒီသတင်းတွေကို ငြင်းဆိုထားပါတယ်။

    အီးယူရဲ့ အခုမူကြမ်းမှာ ရခိုင်ပြည်နယ်ပြဿနာဟာ ‘အလွန့်အလွန် ဆိုးရွားတဲ့ကိစ္စ’ ဖြစ်ပြီး၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေက အခြေအနေတွေကလည်း အလွန်စိုးရိမ်စရာကောင်းတယ်လို့လည်း ဖော်ပြထားပါတယ်။

    ရခိုင်ပြည်နယ်ကိစ္စမှာ ပါဝင်တဲ့ အဖွဲ့တွေအနေနဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့၊ စစ်တပ်အနေနဲ့ သူတို့ရဲ့ စစ်ဆင်ရေးကို ရပ်တန့်ကာ အရပ်သားအားလုံးကို ကာကွယ်ပေးဖို့၊ ထိခိုက်ခံစားရတဲ့ ဒေသတွေမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ၀င်ခွင့်ပြုဖို့ မူကြမ်းမှာ တိုက်တွန်းထားပါတယ်။

    NLD အစိုးရအဖွဲ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနနဲ့ စစ်တပ်အပေါ်မှာ သြဇာမရှိဘူးဆိုတာကို အီးယူခေါင်းဆောင်တွေကလက်ခံထားပြီး၊ အခုလုပ်ရပ်ဟာ စစ်ခေါင်းဆောင်တွေအပေါ် ဖိအားပေးဖို့ အနောက်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုတစ်ခု ဖြစ်ပါတယ်။

    ရခိုင်ကိစ္စကြောင့် ယူကေဟာ ပြီးခဲ့တဲ့လအတွင်းမှာ မြန်မာစစ်တပ် အရာရှိတစ်ချို့ကို သင်တန်းပေးနေမှု ရပ်ဆိုင်းခဲ့ပါတယ်။

    Ref: Reuters

  • ကန်-တောင်ကိုရီးယား စစ်ရေးအစီအမံများကို မြောက်ကိုရီးယား ခိုးယူ

    ကန်-တောင်ကိုရီးယား စစ်ရေးအစီအမံများကို မြောက်ကိုရီးယား ခိုးယူ

    အောက်တိုဘာ ၁၀၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို လုပ်ကြံဖို့ အစီအစဉ်အပါအ၀င် စစ်ဖက်ဆိုင်ရာ စာရွက်စာတမ်း တော်တော်များများကို မြောက်ကိုရီးယား ဟက်ကာတွေက တောင်ကိုရီးယားထံကနေ ခိုးယူသွားတယ်လို့ တောင်ကိုရီးယား လွှတ်တော်အမတ် ရီချိုဟီးက ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဒီကိစ္စကို ကာကွယ်ရေးဝန်ကြီးဌာနကနေတစ်ဆင့် သိရတာဖြစ်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ရေးဆွဲထားတဲ့ စစ်ရေးမဟာဗျူဟာတွေ၊ မာဟာမိတ် အကြီးတန်းတပ်မှူးတွေရဲ့ အစီရင်ခံစာတွေ၊ တောင်ကိုရီးယား အထူးတပ်ဖွဲ့ဝင်တွေရဲ့ အစီအမံတွေ၊ တောင်ကိုရီးယားက အရေးပါတဲ့ ဓာတ်အားပေးစက်ရုံတွေ၊ စ
    စ်ဖက်အဆောက်အဦး အချက်အလက်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

    တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီကိစ္စအတွက် မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။

    မစ္စတာရီက ခိုးယူခံလိုက်ရတဲ့ ပမာဏဟာ ၂၃၅ ဂီဂါဘိုက်ရှိပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်စင်တာကနေ ပါသွားတာဖြစ်ကာ ၈၀ ရာခိုင်နှုန်းက ဘာတွေလည်းဆိုတာ မဖော်ထုတ်ရသေးဘူးလို့ ဆိုပါတယ်။

    ဆိုက်ဘာတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာက ဖြစ်ပွားခဲ့တာဖြစ်ပြီး မေလမှာ တောင်ကိုရီးယားက သူတို့ရဲ့ အချက်အလက်တွေ ခိုးယူခံလိုက်ရပြီး မြောက်ကိုရီးယားလက်ချက်ဖြစ်မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

    မြောက်ကိုရီးယားက ဒီပြောကြားချက်တွေကို ငြင်းဆိုထားပါတယ်။

    Ref: BBC

  • လူငယ်များမူးယစ်ဆေးစွဲသည့်ကိစ္စကို ဘီယာပွဲတော်ထက် ပိုမိုပူပန်ရမည်ဟု မလေးဝန်ကြီးချုပ်ဟောင်းပြော

    လူငယ်များမူးယစ်ဆေးစွဲသည့်ကိစ္စကို ဘီယာပွဲတော်ထက် ပိုမိုပူပန်ရမည်ဟု မလေးဝန်ကြီးချုပ်ဟောင်းပြော

    အောက်တိုဘာ ၁၀၊ ၂၀၁၇
    M-Media

    – မွတ်စလင်မဟုတ်သူတွေ ဘီယာသောက်တဲ့အပေါ် ပူပန်တာထက် မိမိတို့ရဲ့ လူငယ်တွေ မူးယစ်ဆေးဝါးကျေးကျွန်ဖြစ်နေတာ၊ လူသတ်မှုတွေ ကျူးလွန်နေတာတွေကို မွတ်စလင်တွေအနေနဲ့ ပိုပြီး စိုးရိမ်သင့်တယ်လို့ မလေးရှားဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ကွာလာလမ်ပူမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဘီယာပွဲတော်ကို ဘာသာရေးသဘောထားတင်းမာသူတွေ ကန့်ကွက်မှုကြောင့် အာဏာပိုင်တွေက ပိတ်ပစ်ခဲ့မှုကို တုန့်ပြန့်တဲ့အနေနဲ့ သူ့ရဲ့ ဘလော့ဂ်မှာ မဟာသီက ပြောကြားခဲ့တာပါ။

    အများပြည်သူသွားနေတဲ့ လမ်းမပေါ်မှာမဟုတ်ဘူး၊ တစ်ခြားလူတွေကို အနှောက်အယှက်မဖြစ်စေဘူးဆိုရင် မွတ်စလင်မဟုတ်သူတွေ အရက်သောက်ယုံမက မှောက်သွားလည်း ကိုယ့်ကိစ္စမဟုတ်ဘူးလို့ ၀န်ကြီးချုပ်ဟောင်းက ဆိုပါတယ်။

    “ဘီယာပွဲတော်ဆန့်ကျင်တဲ့ကိစ္စမှာ မပါတဲ့အတွက် လူတော်တော်များများက ကျွန်တော့်ကို စိတ်ဆိုးနေတယ်ဆိုတဲ့အသံတွေ ကြားရပါတယ်။ ကျွန်တော့်သဘောက မွတ်စလင်မဟုတ်တဲ့သူတွေ အရက် ဒါမှမဟုတ် ဘီယာသောက်လို့ မှောက်သွားသွား- ဒါဟာ သူတို့ကိစ္စဗျ။ အရေးကြီးတာက တစ်ခြားလူတွေအတွက် အနှောက်အ
    ယှက်မဖြစ်စေဖို့နဲ့ မူးပြီး ကားမမောင်းဖို့ပါပဲ”

    “ကျွန်တော် တကယ်ဝမ်းနည်းတာက မွတ်စလင်လူငယ်လေးတွေ မူးယစ်ဆေးသုံးပြီး ကုရ်အာန်သင်ကျောင်းကို မီးရှို့လို့ ၂၃ ဦးသေဆုံးသွားတာပါ” လို့ မဟာသီက ရေးသားခဲ့ပါတယ်။

    ဒီလိုသေဆုံးမှုဟာ ကံကြမ္မာကြောင့်ဖြစ်တာဖြစ်ပြီး ကျောင်းက ဆရာတွေရဲ့အဆိုအရ ဒီကလေးငယ်တွေဟာ သူတို့ရဲ့ မိဘတွေကို ကောင်းကင်ဘုံရဲ့ တံခါးဝမှာ စောင့်နေမယ်ဆိုပြီး ပြောကြားမှုတွေ ရှိနေတာကိုလည်း ဒေါက်တာက ထောက်ပြခဲ့ပါတယ်။

    “ကျွန်တော်ကတော့ ဘာ့ကြောင့် မလေးမွတ်စလင်လူငယ်လေးတွေဟာ ဆေးသုံးရလဲဆိုတာပဲ မေးခွန်းထုတ်မိတယ်။ တရုတ်နဲ့ အိန္ဒိယကလေးတွေကျတော့ ဘာဖြစ်လို့ ဒါတွေမလုပ်လဲ။ ဒါဟာလည်း ကံကြမ္မာကြောင့်ပဲလား။ မလေးမွတ်စလင်ကလေးငယ်တွေ ဆေးမသုံးအောင် ကျွန်တော်တို့ တားဆီးလို့ မရဘူးလား – ဆိုတဲ့
    မေးခွန်းတွေပါပဲ”

    Ref : TodayOnline

  • ‘ပါလီယာ ဂျွမ္မာ ပါလီ’ ဗလီ (AD 628-630) – အာရှမှ ရှေးဟောင်းသမိုင်းဝင်ဗလီများ (၆)

    ‘ပါလီယာ ဂျွမ္မာ ပါလီ’ ဗလီ (AD 628-630) – အာရှမှ ရှေးဟောင်းသမိုင်းဝင်ဗလီများ (၆)

    အောက်တိုဘာ ၁၀၊ ၂၀၁၇
    M-Media

    (ကိုတင်ရီ တင်ဆက်သည်)

    – ‘ပါလီယာ ဂျွမ္မာ ပါလီ’ (Palaiya Jumma Palli) လို့ ခေါ်တွင်တဲ့ ဒီဗလီဝတ်ကျောင်းတော်ဟာ အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူးပြည်နယ်မှာ တစ်ချိန်က ဆိပ်ကမ်းမြို့ဖြစ်ခဲ့တဲ့ ကီလာကာရိုင်းမြို့မှာ တည်ရှိပါတယ်။

    သက္ကရာဇ် ၆၂၈-၆၃၀ မှာ တည်ဆောက်ခဲ့တယ်လို့ အဆိုရှိပြီး တမန်တော်မုဟမ္မဒ်သခင် အာရေဗျမှာ သက်တော်ထင်ရှားရှိနေစဉ်ကတည်းက အစ္စလာမ်သာသနာဟာ အိန္ဒိယတိုက်ငယ်ကို ရောက်ရှိခဲ့တယ်ဆိုတဲ့ အထောက်အထားတစ်ခုပါပဲ။

    ကီရာလာပြည်နယ် ကိုဒွန်ဂါလူရ်မှာတည်ရှိပြီး အိန္ဒိယတိုက်ငယ်ရဲ့ ပထမဆုံး ဗလီလို့ မှတ်ယူခံထားရတဲ့ ‘ချရာမန် ဂျွမ္မာ ဗလီ’ နဲ့အတူ ‘ပါလီယာ ဂျွမ္မာ ပါလီ’ ဟာလည်း ဒေသတွင်းမှာ ရှေးအကျဆုံး ဗလီဝတ်ကျောင်းတော်တွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ ကမ္ဘာ့အဆင့်မှာတော့ စတုတ္ထမြောက် သက်တမ်းအရင့်ဆုံး ဗလီဖြစ်ပါတယ်။

    လက်ရှိမှာ တမီလ်နာဒူးရဲ့ ကမ္ဘာ့လှည့်ခရီးသွားများ စိတ်ဝင်စားရာ မသွားမဖြစ်နေရာတစ်ခု ဖြစ်နေပါတယ်။

    သမိုင်းကြောင်း

    ဗလီဝတ်ကျောင်းတော် အတွင်းပိုင်း

    တမန်တော်မုဟမ္မဒ်သခင် သက်တော်ထင်ရှားရှိစဉ် အေဒီ ၆၂၅-၆၂၈ မှာ ယီမင်ပြည်သူတွေ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်လာခဲ့ပြီးတဲ့နောက် ပါရှားဘုရင်လက်အောက်က ယီမင်အုပ်ချုပ်ရေးမှူး ဘာဇန် အစ်ဗနေ့ ဆာဆန် (Baza ibn Sasan) ရဲ့မေတ္တာရပ်ခံမှုနဲ့ တမီလ်မင်းဆက်အုပ်ချုပ်တဲ့ ပန်ဒီယာဘုရင့်နိုင်ငံ (Pandiya Kingdom) – ယခု တမီလ်နာဒူး – ကို ရောက်ရှိနေတဲ့ ယီမင် ကုန်သည်တွေ၊ အခြေချေသူတွေက ဒီဗလီဝတ်ကျောင်းတော်ကို တည်ဆောက်ခဲ့တာလို့ အဆိုရှိပါတယ်။

    စစ်ပွဲတွေကြောင့် ပျက်ဆီးသွားတဲ့ ဒီဗလီကို သက္ကရာဇ် ၁၀၃၆ ခုနှစ်မှာ ပြန်လည်တည်ဆောက်ခဲ့ရပြီး လက်ရှိမှာတော့ ဒေသတွင်းက တမီလ်လူမျိုး အစ္စလာမ်ဘာသာဝင်တွေ သုံးစွဲနေတဲ့ ၀တ်ပြုရာအဆောက်အဦးတစ်ခု ဖြစ်ပါတယ်။

    ဗိသုကာ

    ‘ပါလီယာ ဂျွမ္မာ ပါလီ’ ဗလီကို အပြင်ကကြည့်ရင် ဟိန္ဒူဘုရားကျောင်းနဲ့ ဆင်တူပေမယ့် ကနုတ်တွေမှာ ဘုရားကျောင်းကလို နတ်ဘုရားရုပ်တုတွေ မရှိပါဘူး။ အတွင်းပိုင်းမှာတော့ တစ်ခြားသော ဗလီဝတ်ကျောင်းတော်တွေလိုပဲ ၀တ်ပြုချိန် မျက်နှာမူရာအရပ်ကို သိရှိဖို့အတွက် ‘မဟ်ရဘ်’ တစ်ခု ရှိနေပါတယ်။

    ဗလီဝတ်ကျောင်းတော် အတွင်းပိုင်းမှာလည်း အနုစိတ် ကနုတ်ပန်းလက်ရာတွေကို တွေ့မြင်နိုင်ပြီး တမီလ်လူမျိုးတွေရဲ့ ပြောင်မြောက်တဲ့ ဗိသုကာအစွမ်းကို ထင်ဟပ်ပြသနေပါတယ်။

    ဗလီဝတ်ကျောင်းတော်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်က အစ္စလာမ်မွေအနှစ်တွေကို တွေ့မြင်နိုင်ပြီးဒေသတွင်း ဟိန္ဒူနဲ့ အစ္စလာမ့်ဗိသုကာ (Dravidian Islam architecture) လက်ရာ ပေါင်းစပ်တည်ဆောက်ထားတဲ့ အဆောက်အဦးတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ အိန္ဒိယတောင်ပိုင်းတစ်ခွင်မှာတော့ အေ
    ကာင်းဆုံး အစ္စလာမ့်ဗိသုကာလက်ရာ ဖြစ်ပါတယ်။

    Ref: wiki,navrangindia

    (တင်ဆက်ပြီးသမျှ အပိုင်းများကို ဤနေရာတွင် သွားရောက်ဖတ်ရှုနိုင်ပါတယ်)