News @ M-Media
Author: Ko Lay
  • မော်ရိုကိုတွင် အာဖရိကတိုက်၏ အမြန်ဆုံးရထား ပြေးဆွဲတော့မည်
    မော်ရိုကိုတွင် အာဖရိကတိုက်၏ အမြန်ဆုံးရထား ပြေးဆွဲတော့မည်
    အောက်တိုဘာ ၁၀၊ ၂၀၁၇
    M-Media
    – အာဖရိက၏ အမြန်ဆုံးရထားလမ်းတစ်ခုကို အခုသီတင်းပတ်အတွင်း စမ်းသပ်ရန်အတွက် အင်ဂျင်နီယာများက စီစဉ်နေသည်ဟု မော်ရိုကို မီးရထား အာဏာပိုင်အဖွဲ့ ONCF က ပြောကြားလိုက်သည်။
    မော်ရိုကိုမှာ ယမန်နေ့က နိုင်ငံမြောက်ပိုင်း ကီနီထရာနှင့် တန်ဂီယာမြို့များကို ဆက်သွယ်ထားထားသည့် ရထားလမ်းတွင် တစ်နာရီ ၂၇၅ ကီလိုမီတာ နှုန်းဖြင့် မောင်းနှင်ခဲ့ကာ တစ်နာရီ ကီလိုမီတာ ၃၂၀ အထိ မောင်းနှင်ရန် စီစဉ်နေခြင်းဖြစ်သည်။
    “ဒါဟာ အာဖရိကတိုက်ရဲ့ အမြန်ဆုံး ရထားပါပဲ” ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က ပြောကြားခဲ့သည်။ ၎င်းမှာ ONCF နှင့် ‘ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီ’ တို့အကြား ချေးငွေ သဘောတူညီချက်ကို လက်မှတ်ထိုးရန် မော်ရိုကိုသို့ ရောက်ရှိနေသည်။
    မြို့တော် ရာဘတ်ကိုဖြတ်၍ ဖောက်လုပ်ထားသည့် ကီလိုမီတာ ၃၅၀ ရှည်လျားသော ကာဆာဘလန်ကာ-တန်ဂီယာ ရထားလမ်းပိုင်းမှာ မော်ရိုကို၏ စီးပွားရေးမြို့များအကြား ခရီးသွားလာမှု ကြာချိန်ကို ၃ ပုံ ၂ ပုံအထိ လျှော့ချပေးနိုင်မည်ဖြစ်သည်။
    TGV ဟု အမည်ပေးထားသည့် အဆိုပါ မီးရထားစီမံကိန်းမှာ ကန်ဒေါ်လာ ၂.၄ ဘီလီယံ ကုန်ကျခဲ့ပြီး ပြင်သစ်က ၅၀ ရာခိုင်နှုန်း နှစ်ရှည်ချေးငွေ ထုတ်ပေးထားခြင်းဖြစ်သည်။ စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် ၂၀၁၈ ခုနှစ် နွေရာသီတွင် စတင်ပြေးဆွဲရန် စီစဉ်ထားသည်။
    ရထားလမ်းသစ်ကြောင့် ပထမ ၃ နှစ်အတွင်း ခရီးသွား ၆ သန်းကို စွဲဆောင်နိုင်မည်ဟု ONCF က မျှော်လင့်နေသည်။
    Ref: middleeasteye
  • ပါလက်စတိုင်းပိုင်နက်တွင် ကျူးကျော်အိမ်ယာ ၄၀၀၀ အစ္စရေး ထပ်ဆောက်မည်
    ပါလက်စတိုင်းပိုင်နက်တွင် ကျူးကျော်အိမ်ယာ ၄၀၀၀ အစ္စရေး ထပ်ဆောက်မည်
    အောက်တိုဘာ ၁၀၊ ၂၀၁၇
    M-Media
    ပါလက်စတိုင်းပိုင်နက်ရှိ အစ္စရေး၏ တရားမ၀င်အိမ်ယာများ
    – နိုင်ငံတကာအသိုင်းအ၀ိုင်းက ဆန့်ကျင်မှုများ ရှိသော်လည်း အစ္စရေးမှာ ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းတွင် ကျူးကျော်အိမ်ယာ ၄၀၀၀ ခန့် ထပ်မံတည်ဆောက်ရန် စီစဉ်နေသည်ဟု သိရသည်။
    ထိုကဲ့သို့ တရားမ၀င်အိမ်ယာများ ထပ်မံဆောက်လုပ်မည့် အစီအစဉ်ကို ယခုတစ်ပတ်အတွင်း အစ္စရေးအစိုးရ အတည်ပြုရန် ရှိနေသည်ဟု တာဝန်ရှိသူများ၏ ပြောကြားမှုကို ကိုးကား၍ အစ္စရေးနေ့စဉ်သတင်းစာ Jerusalem Post က မနေ့တွင် ဖော်ပြခဲ့သည်။
    ယင်းစီမံကိန်း၌ ပါဝင်သောနေရာများမှာ ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းရှိ Negohot၊ Rehalim၊ Har Bracha၊ Kochav Ya’acov၊ Ma’aleh Michmash၊ Kfar Etzion, Beit El၊ Tekoa၊ Avnei Hefetz နှင့် Nofim ဒေသများဖြစ်သည်။
    ၁၉၆၇ ခုနှစ်တွင် ပါလက်စတိုင်းပိုင်နက်များကို ကျူးကျော်သိမ်းပိုက်ပြီးကတည်းက အစ္စရေမှာ တရားမ၀င် အခြေချအိမ်ယာ ၂၃၀ ကို ဆောက်လုပ်ခဲ့ပြီး အစ္စရေး ၆ သိန်းကျော် နေထိုင်နေသည်။
    ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက ထိုကဲ့သို့ အခြေချအိမ်ယာများ ဆက်လက် ဆောက်လုပ်နေမှုက အရှေ့အလယ်ပိုင် တည်ငြိမ်ရေးအတွက် အဟန့်အတား ဖြစ်နေသည်။
    Ref : Presstv
  • ချီကာဂိုတက္ကသိုလ်ပါမောက္ခ စီးပွားရေးဆိုင်ရာ နိုဘယ်ဆုရရှိ
    ချီကာဂိုတက္ကသိုလ်ပါမောက္ခ စီးပွားရေးဆိုင်ရာ နိုဘယ်ဆုရရှိ
    အောက်တိုဘာ ၁၀၊ ၂၀၁၇
    M-Media
    – အမေရိကန်စီးပွားရေးပညာရှင် ရစ်ချတ် တေလာသည် စီးပွားရေးနှင့် စိတ်ပညာအကြား လစ်လပ်နေသည့် ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ခဲ့သည့် ၎င်း၏လုပ်ဆောင်မှုအတွက် စီးပွားရေးဆိုင်ရာ နိုဘယ်ဆုကို ရရှိခဲ့ကြောင်း ရွေးချယ်ရေးအဖွဲ့က ယမန်နေ့တွင် ပြောကြားလိုက်သည်။
    “ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း အကန့်အသတ်၊ လူမှုရေးဆိုင်ရာ အလေးထားမှုနဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းကင်းမဲ့မှုတွေရဲ့ အကျိုးဆက်တွေကို ရှာဖွေဖော်ထုတ်နိုင်ခြင်းအားဖြင့် ဒီအချက်တွေက လူတစ်ဦးချင်းရဲ့ ဆုံးဖြတ်ချက်တွေနဲ့ စီးပွားရေးရလဒ်အပေါ် ဘယ်လိုသက်ရောက်နိုင်လဲဆိုတာကို သူက ပြသခဲ့ပါတယ်” ဟု အဖွဲ့မှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။
    ထို့ပြင် လက်တွေ့ကျသည့် ထိုတွေ့ရှိချက်များ၊ သီအိုရီပိုင်းဆိုင်ရာ အယူအဆများက စီးပွားရေးနယ်ပယ်ကို ကျယ်ပြောလာစေခဲ့ပြီး သုတေသနနှင့် ပေါ်လစီဆိုင်ရာများတွင် သိသိသာသာ ရိုက်ခတ်မှုများ ရှိခဲ့သည်ဟုလည်း ဆိုသည်။
    တေလာက နိုဘယ်ဆုရရှိခဲ့သည့်အတွက် ၀မ်းသာပီတိ ဖြစ်ရသည်ဟု ဗီဒီယိုမှတစ်ဆင့် နိုဘယ်ဆု ချီးမြှင့်ရေး ကော်မတီကို ပြောကြားခဲ့သည်။
    အသက် ၇၂ နှစ်အရွယ်ရှိ တေလာသည် ဆုငွေအဖြစ် ခရိုနာ ၉ သန်း (ကန်ဒေါ်လာ ၁.၁ သန်း) ကို ရရှိမည် ဖြစ်သည်။
    တေလာမှာ စီးပွားရေးဆိုင်ရာ နိုဘယ်ဆုအရများသည့် ချီကာဂိုတက္ကသိုလ်မှ ပါမောက္ခတစ်ဦးလည်းဖြစ်သည်။ လက်ရှိအချိန်အထိ နိုဘယ်ဆုရှင် စုစုပေါင်း ၇၉ ဦးတွင် ၃ ပုံ ၁ ပုံကျော်မှာ ချီကာဂိုတက္ကသိုလ် စီးပွားရေးဌာနနှင့် ဆက်နွယ်နေသည်။
    Source: AFP
  • ရင်သားကင်ဆာအကြောင်းအသိပညာပေးရေး ဆော်ဒီက သမိုင်းဝင်နေရာတစ်ခုကို ပန်းရောင်မီးထွန်း
    ရင်သားကင်ဆာအကြောင်းအသိပညာပေးရေး ဆော်ဒီက သမိုင်းဝင်နေရာတစ်ခုကို ပန်းရောင်မီးထွန်း
    အောက်တိုဘာ ၁၀၊ ၂၀၁၇
    M-Media
    – ရင်သားကင်ဆာရောဂါအကြောင်း အသိပေးလှုံ့ဆော်မှုကာလကို အားပေးထောက်ခံသည့်အနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံ အလ်မဒီနာပြည်နယ် မာဒါအင် ဆွာလေ ရှေးဟောင်းသမိုင်းဝင် နေရာတစ်ခုအား ပန်းရောင်မီးအလှ ထွန်းညှိခဲ့ကြောင်း သိရသည်။
    ရင်သားကင်ဆာအန္တရာယ်ကို စောစီးစွာ သတိထားမိကာ ကုသနိုင်စေရန် ရည်ရွယ်၍ “သင်၏တိုက်ပွဲများကို ပြီးဆုံးအောင်တိုက်ပါ” ဟူသော ခေါင်းစဉ်ဖြင့် မာဒါအင်သမိုင်းဝင်နေရာ တည်ရှိရာ အလ်အူလာခရိုင်အတွင်းရှိ ကျန်းမာရေးဌာနများတွင် အခမ်းအနားအမျိုးမျိုးကိုလည်း ကျင်းပခဲ့ကြသည်။
    ယင်းလှုပ်ရှားမှုသည် ရင်သားကင်ဆာအန္တရာယ်ကို သတိပြုရန်နှင့် ကြိုတင်ကာကွယ်ထားရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။
    နိုင်ငံတကာ လေ့လာတွေ့ရှိချက်များအရ အမျိုးသမီး ရှစ်ဦးအနက် တစ်ဦးမှာ ရင်သားကင်ဆာရောဂါကို ခံစားနေရပြီး ၎င်းဝေဒနာ၏ ၉၅ ရာခိုင်နှုန်းမှာ စောစီးစွာ တွေ့ရှိပါက ပျောက်ကင်းအောင် ကုသနိုင်သည်။
    Ref : Alarabiya