News @ M-Media

Author: Ko Lay

  • ရိုးရာကပွဲကြည့်ရှု၍ အိန္ဒိယတွင် ဇာတ်နိမ့်အမျိုးသားတစ်ဦးကို ဇာတ်မြင့်များက သတ်ဖြတ်

    ရိုးရာကပွဲကြည့်ရှု၍ အိန္ဒိယတွင် ဇာတ်နိမ့်အမျိုးသားတစ်ဦးကို ဇာတ်မြင့်များက သတ်ဖြတ်

    အောက်တိုဘာ ၄၊ ၂၀၁၇
    M-Media

    – အိန္ဒိယတွင် ရိုးရာအကဖျော်ဖြေပွဲကို တက်ရောက်ကြည့်ရှူခဲ့သည့်အတွက် ဇာတ်နိမ့်အမျိုးသားတစ်ဦးကို ဇာတ်မြင့်အမျိုးသားအုပ်စုတစ်ခုက သတ်ဖြတ်ပစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

    ဂူဂျာရတ်ပြည်နယ်တွင် အသက် ၂၁ နှစ်အရွယ် ဂျာယက်ရှ် ဆိုလန်ကီနှင့် ၎င်း၏ တစ်ဝမ်းကွဲဖြစ်သူ ပရာကရှ်တို့မှာ ၉ ရက်တာကျင်းပသော နဗ်ရာထရီ ဟိန္ဒူရိုးရာအကပွဲတော်ကို တနင်္ဂနွေညပိုင်းက သွားရောက်ကြည့်ရှုစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ဆိုလန်ကီမှာ သေဆုံးခဲ့သည်။

    ထိုအဖြစ်အပျက်မှာ ဒါလစ်ဇာတ်နိမ့်များကို ပစ်မှတ်ထားသည့် လတ်တလော တိုက်ခိုက်မှုများတွင် နောက်ဆုံး ပေါ်ထွက်လာခြင်းဖြစ်သည်။

    “ဘော်ဆက်မြို့နယ်မှာ ဂျာယက်ရှ်ဆိုလန်ကီကို သေဆုံးအောင် ရိုက်နှက်ခဲ့တယ်လို့ သံသယရှိတဲ့ လူရှစ်ယောက်ကို ဖမ်းဆီးထားပြီးပါပြီ” ဟု ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ အေနန် ဆူရဘ်ဆင်းက ပြောကြားခဲ့သည်။

    သေဆုံးသူ၏ ၀မ်းကွဲဖြစ်သူ ရာကရှ်က ၎င်းတို့အား ရိုက်နှက်ခဲ့သည့် လူအုပ်က အဘယ့်ကြောင့် ဤအကပွဲကို လာရောက်ကြည့်ရှုသလဲဟု မေးမြန်းခဲ့ကြောင်း၊ ဒါလစ်များမှာ အဆိုပါ ကပွဲကို ကြည့်ရှုခွင့်မရှိကြောင်း ပြောကြားခဲ့သည်ဟု ရဲတပ်ဖွဲ့သို့ တိုင်ကြားထားသည်။

    ပြီးခဲ့သည့်နှစ်ကလည်း ဟိန္ဒူအမျိုးသားရေးဝါဒီများမှာ နွားများကို သတ်ဖြတ်သည်ဟုဆိုကာ ဒါလစ်ဇာတ်နိမ့်များအား ရိုက်နှက်မှုကြောင့် အိန္ဒိယနိုင်ငံတစ်ဝှမ်း ဇာတ်နိမ့်များ အကြီးအကျယ် ဆန္ဒပြခဲ့ကြသည်။

    ထိုအဖြစ်အပျက်များ ဖြစ်ပေါ်လာခဲ့ပြီးနောက် ဟိန္ဒူအမျိုးသားရေးဝါဒီ ၀န်ကြီးချုပ် နရန်ဒရာမိုဒီက ဇာတ်နိမ့်များအပေါ် တိုက်ခိုက်မှုများ ရပ်တန့်ရန်နှင့် အမျိုးဇာတ်ခွဲခြားမှုစနစ်အားလုံးကို အဆုံးသတ်ရန် တိုက်တွန်းခဲ့သည်။

    Ref; Alarabiya.net

  • ချားလ်စ်မင်းသား၏ အာဆီယံခရီးစဉ် မြန်မာနိုင်ငံ မပါဝင်တော့

    ချားလ်စ်မင်းသား၏ အာဆီယံခရီးစဉ် မြန်မာနိုင်ငံ မပါဝင်တော့

    အောက်တိုဘာ ၄၊ ၂၀၁၇
    M-Media

    ချားလ်စ်မင်းသားနှင့် ကြင်ယာတော် ကာမီလာ

    – ဒီလနှောင်းပိုင်းမှာ အာဆီယံဒေသကို လာဖို့ရှိနေတဲ့ ဗြိတိန် အိမ်ရှေ့စံ ချားလ်စ်မင်းသားရဲ့ ခရီးစဉ်မှာ မြန်မာနိုင်ငံ မပါဝင်တော့ဘူးလို့ သိရပါတယ်။

    ဗြိတိန်အစိုးရကို ကိုယ်စားပြုတဲ့ အဲဒီခရီးစဉ်နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့လက သတင်းတွေမှာ ချားလ်စ်မင်းသားဟာ မြန်မာနိုင်ငံကိုပါ လာရောက်ဖို့ စီစဉ်ထားတယ်လို့ ဖော်ပြခဲ့ကြတာပါ။

    ဒါပေမယ့် ဒီနေ့မနက်အစောပိုင်း တရားဝင်ထုတ်ပြန်မှုမှာတော့ စင်ကာပူ၊ မလေးရှားနဲ့ အိန္ဒိယတို့ကိုသာ သွားရောက်မယ်လို့ ဆိုပါတယ်။ ချားလ်စ်မင်းသားနဲ့ ကြင်ယာတော် ကာမီလာတို့ဟာ အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

    “အခြေအနေ တော်တော်များများကို ထည့်သွင်း တွက်ချက်ခဲ့ရပြီး စင်ကာပူနဲ့ မလေးရှားကို သွားရောက်မယ်လို့ ကျွန်တော်တို့ ကြေငြာလိုပါတယ်” ဟု ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယရုံးက လက်ထောက်အကြီးအကဲ ဖိလစ် မာလိုနီက ပြောကြားခဲ့ပါတယ်။

    မာလိုနီနဲ့ တော်ဝင်အသိုင်းအ၀ိုင်းက တာဝန်ရှိသူတွေဟာ အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းတွေကြောင့် မြန်မာအစိုးရ၏ လတ်တလောမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဝေဖန်မှုကို ခံနေရတာပါ။

    ဒီကိစ္စကြောင့် ဗြိတိန်ဟာ မြန်မာစစ်တပ်က အရာရှိတစ်ချို့ကို သင်တန်းပေးနေတာတွေကို ပြီးခဲ့တဲ့လမှာ ရပ်ဆိုင်းခဲ့ပြီး၊ အောက်စဖို့ဒ်တက္ကသိုလ်ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီ အမှတ်တရ ချိတ်ဆွဲထားမှုကို ဖြုတ်ချခဲ့ပါတယ်။

    အောက်စဖို့ဒ်မြို့ မြို့တောင်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၇ ခုနှစ်မှာ ချီးမြှင့်ထားတဲ့ Freedom of the Oxford ဆုကို ရုပ်သိမ်းဖို့ တနင်္လာနေ့မှာ မဲခွဲအတည်ပြုခဲ့ပါတယ်။

    Ref: The Guardian

  • နေ့စဉ် ဇီဝရုပ်ပြောင်းလဲမှုကို ရှင်းပြနိုင်သည့် သိပ္ပံပညာရှင်များ နိုဘယ်ဆုရ

    နေ့စဉ် ဇီဝရုပ်ပြောင်းလဲမှုကို ရှင်းပြနိုင်သည့် သိပ္ပံပညာရှင်များ နိုဘယ်ဆုရ

    အောက်တိုဘာ ၃၊ ၂၀၁၇
    M-Media

    – လူသား၏ ‘ဇီဝရုပ် ပြောင်းလဲမှု’ ကို ထိန်းချုပ်နေသည့် မော်လီကျူးလုပ်ငန်းစဉ်ကို ရှာဖွေတွေ့ရှိခဲ့သည့်အတွက် အမေရိကန် သိပ္ပံပညာရှင် ၃ ဦးမှာ ၂၀၁၇ ခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို ရရှိခဲ့သည်ဟု သိရသည်။

    ဂျက်ဖရီဟောလ်၊ မိုက်ကယ်ရို့စ်ဘက်ရှ်နှင့် မိုက်ကယ်ယန်းတို့ဖြစ်ပြီး ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို ရရှိခဲ့ကြောင်း နိုဘယ်ဆုရွေးချယ်ချီးမြှင့်ရေးအဖွဲ့က ယမန်နေ့တွင် ကြေငြာခဲ့သည်။

    အဆိုပါရှာဖွေတွေ့ရှိမှုက အချိန်သတ်မှတ်ဇုန်မတူညီသော ဒေသများသို့ လူအများခရီးထွက်သည့်အခါ အိပ်ပျော်ရန်ခက်ခဲမှုဖြစ်ပေါ်ရခြင်းနှင့် အချို့သော ရောဂါဝေဒနာဖြစ်ပေါ်နိုင်ချေ မြင့်မားလာမှုနှင့်ပတ်သက်၍ ရှင်းပြနိုင်ခဲ့သည်။

    “သူတို့သုံးယောက်ရဲ့ ရှာဖွေတွေ့ရှိမှုက အပင်၊ လူနဲ့ တိရစ္ဆာန်တွေအနေနဲ့ ကမ္ဘာလည်ပတ်မှုနဲ့ လိုက်လျော်ညီထွေဖြစ်အောင် ဇီဝညီညွတ်မှုဟာ ဘယ်လိုသင့်လျော်စွာ ပြုပြင်နေထိုင်သွားနိုင်လဲဆိုတာကို ရှင်းပြနိုင်ခဲ့ပါတယ်” ဟု နိုဘယ်ဆု ချီးမြှင့်ရေး ကော်မတီက ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ၎င်းတို့ ၃ ဦးမှာ နေ့စဉ် ပုံမှန် ဇီဝရုပ်ညီညွတ်မှုကို ထိန်းချုပ်ထားသော ဗီဇတစ်ခုကို ယင်ကောင်များမှ ထုတ်ယူကာ အဆိုဗီဇမှာ ညပိုင်းတွင် ဆဲလ်အတွင်း ပရိုတိန်းများကို စုစည်းခြင်း၊ နေ့ပိုင်းတွင် လျှော့ချခြင်းတို့ ပြုလုပ်မှုကို သက်သေပြခဲ့သည်။

    ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို နှစ်စဉ် ပထမဆုံး ချီးမြှင့်လေ့ရှိပြီး ဆုကြေးမှာ ကန်ဒေါ်လာ ၁.၁ သန်းဖြစ်သည်။

    Ref; Khaleejtimes

  • ရဲတပ်ဖွဲ့၏ကျူးလွန်မှုအား ဖော်ထုတ်သူကို ဖိလစ်ပိုင်ကက်သလစ်အသင်းတော် ကာကွယ်မည်

    ရဲတပ်ဖွဲ့၏ကျူးလွန်မှုအား ဖော်ထုတ်သူကို ဖိလစ်ပိုင်ကက်သလစ်အသင်းတော် ကာကွယ်မည်

    အောက်တိုဘာ ၃၊ ၂၀၁၇
    M-Media

    – ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ မူးယစ်ဆေးတိုက်ဖျက်ရေးတွင် တရားလက်လွတ် သတ်ဖြတ်မှုနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ထုတ်ဖော်ပြောဆိုရန် ဆန္ဒရှိသည့် ရဲတပ်ဖွဲ့ဝင်များကို ကာကွယ်မှုနှင့် တရားဥပဒေဆိုင်ရာ အကူအညီများ ပေးသွားမည်ဟု ဖိလစ်ပိုင် ကက်သလစ်အသင်းတော်က ကြေငြာလိုက်သည်။

    ပြီးခဲ့သည့်နှစ် ဒူတာတေး အာဏာရပြီးကတည်းက ဆောင်ရွက်ခဲ့သည့် အဆိုပါ မူးယစ်နှိမ်နှင်းမှုအတွင်း လူထောင်ချီ သေဆုံးခဲ့ပြီး လူ့အခွင့်အရေးအဖွဲ့များက ဖိလစ်ပိုင်လုံခြုံရေးတပ်ဖွဲ့များမှာ ကျူးလွန်မှုများရှိသည်ဟု စွပ်စွဲခဲ့ကြသည်။

    ဖိလစ်ပိုင်ပြည်သူ ၈၀ ရာခိုင်နှုန်းခန့် ယုံကြည်ကြသည့် ကက်သလစ်အသင်းတော်မှာ ဒူတာတေး၏ အဆိုပါစစ်ဆင်ရေးကို ပြင်းပြင်းထန်ထန် ကန့်ကွက်သူများထဲတွင် ထိပ်တန်းမှ ပါဝင်ခဲ့ပြီး၊ တရားလက်လွတ်သတ်ဖြတ်မှုများကို ရပ်တန့်ရန် နောက်ထပ်ကြိုပမ်းမှုအဖြစ် ယမန်နေ့တွင် ထိုကဲ့သို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

    အမည်မဖော်လိုသည့် တစ်ချို့သော ရဲအရာရှိများမှာ စစ်ဆင်ရေးအတွင်း ၎င်းတို့ ကျူးလွန်ခဲ့မှုများအတွက် လွတ်မြောက်မှုရရင် ကက်သလစ်အသင်းတော်ထံ ချဉ်းကပ်မှုများ ရှိခဲ့သည်ဟု ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဆိုခရေးတီးစ် ဗီလီဂက်စ်က ပြောကြားခဲ့သည်။

    ဖိလစ်ပိုင်ရဲတပ်ဖွဲ့ကမူ ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။

    ဒူတာတေးအစိုးရက မူးယစ်နှိမ်နှင်းရေး အစီအစဉ်နှင့် ပတ်သက်၍ စွပ်စွဲမှုများအားလုံးကို ငြင်းဆိုထားသည်။

    Ref : CNA