News @ M-Media

Author: Ko Lay

  • ပါကစ္စတန်ရှိ မွတ်စလင်သူတော်စဉ်တစ်ဦး၏ ဂူဗိမာန်တွင် အသေခံဗုံးခွဲမှုဖြစ်

    ပါကစ္စတန်ရှိ မွတ်စလင်သူတော်စဉ်တစ်ဦး၏ ဂူဗိမာန်တွင် အသေခံဗုံးခွဲမှုဖြစ်

    အောက်တိုဘာ ၆၊ ၂၀၁၇
    M-Media

    – ပါကစ္စတန်နိုင်ငံ ဘာလိုချစ္စတန်ပြည်နယ်ရှိ မွတ်စလင် ဆူဖီသူတော်စဉ်တစ်ဦး၏ ဂူဗိမာန်တွင် ယမန်နေ့က အသေခံဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၈ ဦးသေဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ဂျဟာလ် မဂ်ဆီခရိုင်ရှိ Fateh Pur ဗိမာန် အ၀င်အ၀တွင် အသေခံဗုံးခွဲသမားတစ်ဦးက အထဲသို့ ၀င်ရောက်ရန် ကြိုးစားခဲ့ပြီး ရဲတပ်ဖွဲ့ အစောင့်များက တားဆီးရာမှ ဗုံးခွဲခဲ့ခြင်းဖြစ်သည်။

    ဆူဖီသူတော်စဉ် ပီရ် ရာခဲလ် ရှားကို ဂုဏ်ပြုသောအားဖြင့် တည်ဆောက်ထားသည့် အဆိုပါ ဂူဗိမာန်တွင် ၂၀၁၅ ခုနှစ် မတ်လ ၁၉ ရက်နေ့ကလည်း အသေခံဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၃၅ ဦး သေဆုံးခဲ့သည်။

    ယမန်နေ့ ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိသူ ၂၅ ဦး၌ ၂၀ မှာ စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသောကြောင့် သေဆုံးသူ အရေအတွက်မှာ တိုးလာဖွယ် ရှိနေသည်။

    ယခုတိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်း မရှိသေးပေ။

    ပါကစ္စတန်မှာ တာလီဘန်အဖွဲ့ (TTP)၊ အခြားသော လက်နက်ကိုင်အဖွဲ့များနှင့် ၂၀၀၇ ခုနှစ်ကတည်းက တိုက်ခိုက်လာခဲ့ရပြီး ပြီးခဲ့သည့် ၃ နှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများမှာ မြင့်တက်လာခဲ့သည်။

    ၂၀၁၆ ခုနှစ်မှစ၍ IS ၏ ခြိမ်းခြောက်မှုကိုလည်း တိုးမြှင့်ခံစားလာရပြီး ၎င်းတို့အဖွဲ့မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုများစွာကို ပြုလုပ်ခဲ့ကာ အထူးသဖြင့် မွတ်စလင်သူတော်စဉ်များ၏ ဂူဗိမာန်ကို တိုက်ခိုက်မှုများလည်း ပါဝင်သည်။

    နိုဝင်ဘာလက ဘာလိုချစ္စတန်ပြည်နယ် ဂျဟာလ် မဂ်ဆီတောင်ဘက်ရှိ ဆူဖီသူတော်စဉ်တစ်ဦး၏ ဂူဗိမာန်တွင် IS က ဗုံးခွဲမှုကြောင့် အနည်းဆုံး ၅၂ ဦး သေဆုံးခဲ့သည်။

    Ref: Aljazeera

  • ရခိုင်ကိစ္စက နိုင်ငံတကာ အကြမ်းဖက်သမားများအား ဖိတ်ခေါ်သလိုဖြစ်မည်ဟု ကန်သတိပေး

    ရခိုင်ကိစ္စက နိုင်ငံတကာ အကြမ်းဖက်သမားများအား ဖိတ်ခေါ်သလိုဖြစ်မည်ဟု ကန်သတိပေး

    အောက်တိုဘာ ၆၊ ၂၀၁၇
    M-Media

    ၎င်းတို့ကြုံတွေ့ခဲ့ရမှုကို ရိုဟင်ဂျာကလေးငယ်တစ်ဦးက သရုပ်ဖော်ရေးဆွဲထားမှု

    – မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ သန်းဝက်လောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးရတာဟာ ဒေသတွင်း မတည်ငြိမ်မှု ဖြစ်စေနိုင်ပြီး နိုင်ငံတကာက အကြမ်းဖက်သမားတွေကို ဖိတ်ခေါ်သလို ဖြစ်လာနိုင်တယ်လို့ အမေရိကန်အစိုးရက မနေ့မှာ သတိပေးလိုက်ပါတယ်။

    အရှေ့တောင်အာရှဆိုင်ရာ အမေရိကန်ရဲ့ အကြီးတန်း တာဝန်ရှိသူ ပက်ထရစ်မာဖီက အောက်လွှတ်တော်ရဲ့ နိုင်ငံခြားရေးရာ ကော်မတီကို တင်ပြမှုမှာ ဒီလို ပြောကြားလိုက်တာဖြစ်ပြီး ထရမ့်အစိုးရက မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုတွေ လုပ်မလားဆိုတာကိုတော့ မပြောခဲ့ပါဘူး။

    လွန်ခဲ့တဲ့ ၆ ပတ်အရင် ရိုဟင်ဂျာ လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုကိုမှုကို ‘သင့်လျော်မှုမရှိတဲ့ တုန့်ပြန်မှု’ အတွက် မြန်မာလုံခြုံရေးတပ်ဖွဲ့ကို အပြစ်တင်ရမယ်လို့လည်း မာဖီက ဆိုပါတယ်။ ဒါပေမယ့် ‘လူမျိုးစုလိုက် သုတ်သင်ရှင်လင်းမှု’ ဖြစ်နေပြီလားဆိုတဲ့ အမေးကိုတော့ မာဖီက ရှောင်ခဲ့ပြီး ‘လူသားဖြစ်ရပ်ဆိုးကြီး’ လို့သာ သုံးနှုန်းခဲ့ပါတယ်။

    ဒီလိုသုံးနှုန်းမှုအတွက် တစ်ချို့ လွှတ်တော်အမတ်တွေက မကျေနပ်ပါဘူး။

    ဘင်္ဂလားဒေ့ရှ်ဖက်ကို လူ သန်းဝက်လောက် ထွက်သွားတဲ့အပြင်၊ ရခိုင်ပြည်နယ်အတွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူအရေအတွက်ဟာ ၂ သိန်းလောက်ရှိကြောင်း၊ လွန်ခဲ့တဲ့ တစ်လအရင်ကတည်းက စစ်ဆင်ရေးတွေ ရပ်တန့်ထားတယ်လို့ အစိုးရက အာမခံထားပေမယ့် ရွာသားတွေဟာ ရိုဟင်ဂျာတွေရဲ့ အိမ်တွေကို မီးဆက်ရှို့နေတာ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို နှောက်ယှက် ဟန့်တားနေတာတွေ ရှိနေကြောင်း မာဖီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အာရုဏ်ဦးဟာ အလှည့်အပြောင်းတစ်ခုမှာ ရှိနေပြီး၊ အလွန်အကျွံ တုန့်ပြန်မှုတွေက နိုင်ငံတကာ အကြမ်းဖက်သမားတွေကို ဖိတ်ခေါ်သလိုဖြစ်ကာ၊ အခြားအိမ်နီးချင်းနိုင်ငံတွေအတွက် စိန်ခေါ်မှုတွေ ဖြစ်လာပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။

    ထရမ့်အစိုးရအနေနဲ့ ဒီကိစ္စ အပြောင်းအလဲဖြစ်အောင် ဖြစ်နိုင်တဲ့ နည်းလမ်းအားလုံးကို ရှာဖွေနေပြီး၊ အမေရိကန်ဟာ မြန်မာစစ်တပ်အပေါ် ကန့်သတ်မှုတစ်ချို့ ပြုလုပ်ထားကာ၊ စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေအပေါ် ဗီဇာထုတ်ပေးတာမျိုး တော်တော်နည်းတယ်လို့ မာဖီက ပြောကြားခဲ့ပါတယ်။

    အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့အတွက် ကာကွယ်ရေးဦးချုပ်မှာ အဓိကတာဝန်ရှိပြီး၊ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုကို သင့်လျော်တဲ့နည်းလမ်းနဲ့ ဖြေရှင်းရမယ်လို့လည်း မာဖီက ဆိုပါတယ်။

    Ref: Foxnews

     

  • ဘရူနိုင်းဘုရင် နန်းသက် နှစ် ၅၀ ပြည့် ရွှေရတုအခမ်းအနား ကျင်းပ

    ဘရူနိုင်းဘုရင် နန်းသက် နှစ် ၅၀ ပြည့် ရွှေရတုအခမ်းအနား ကျင်းပ

    အောက်တိုဘာ ၅၊ ၂၀၁၇
    M-Media

    – ဘရူနိုင်းဘုရင် ဆူလ်တန် ဟာဆန်နလ် ဘိုလ်ကိုင်းယားရဲ့ နန်းသက် နှစ် ၅၀ ပြည့် ရွှေရတုအခမ်းအနားကို ဒီနေ့မှာ ကျင်းပခဲ့ပါတယ်။

    အသက် ၇၁ နှစ်အရွယ် ဘိုလ်ကိုင်းယားဟာ ဘော်နီယိုကျွန်းပေါ်က နိုင်ငံငယ်လေးဖြစ်တဲ့ ဘရူနိုင်းမှာ ၁၉၆၇ က နန်းတက်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ဒုတိယမြောက် သက်တမ်းအကြာဆုံး ရှင်ဘုရင်လည်း ဖြစ်ပါတယ်။

    ဘုရင်နဲ့ မိဘုရားဟာ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးမှုနဲ့ ရွှေရတုအခမ်းအနားကို စတင်ခဲ့ပြီး တော်ဝင်အစောင့်တပ်ရဲ့ သေနတ်ပစ်ဖောက် ဂုဏ်ပြုမှုကိုလည်း ခံယူခဲ့ပါတယ်။

    အခန်းပေါင်း ၁၈၀၀ ပါတဲ့ နန်းတော်မှာ အခမ်းအနားကျင်းပပြီး နောက်ပိုင်းမှာတော့ ဘုရင်ကြီးနဲ့ တော်ဝင်မိသားစုဟာ စစ်ရထားနဲ့ ဒီနေ့မနက်မှာ မြို့တော် ဘန်ဒါဆရီ ဘဂ်ဝမ်မှာ လှည့်လည်ခဲ့ပြီး ပြည်သူတွေက လမ်းဘေးဝဲယာကနေ ကြိုဆိုနှုတ်ခွန်းဆက်ခဲ့ပါတယ်။

    လှည့်လည်မှုအတွင်းမှာ ဘင်ခရာတီးဝိုင်းတွေ၊ စစ်ရေးပြတပ်ဖွဲ့တွေလည်း ပါဝင်ခဲ့ပါတယ်။

    မနက်ဖြန်မှာ ရွှေရတုအထမ်းအမှတ် စားပွဲကျင်းပမှာဖြစ်ပြီး အရှေ့အလယ်ပိုင်းက တော်ဝင်အသိုင်းအ၀ိုင်းနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အရှေ့တောင်အာရှက ခေါင်းဆောင်တွေက တက်ရောက်ဖို့ ရှိနေပါတယ်။

    Ref: CNA

     

  • ကားပိတ်မှုကြောင့် ၂ ကီလိုမီတာလောက် လမ်းလျှောက်ခဲ့ရတဲ့ အင်ဒိုသမ္မတ

    ကားပိတ်မှုကြောင့် ၂ ကီလိုမီတာလောက် လမ်းလျှောက်ခဲ့ရတဲ့ အင်ဒိုသမ္မတ

    အောက်တိုဘာ ၅၊ ၂၀၁၇
    M-Media

    – အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဟာ ဒီနေ့မနက်မှာ စစ်ရေးပြ အခမ်းအနားတစ်ခုကိုအသွား ကားလမ်းပိတ်တဲ့အတွက် ၂ ကီလိုမီတာကျော်ကျော်လောက် လမ်းလျှောက်သွားခဲ့ရတယ်လို့ သိရပါတယ်။

    စစ်တပ်တည်ထောင်တဲ့ ၇၂ နှစ်ပြည့်အဖြစ် ပြုလုပ်တဲ့ အခမ်းအနားကို တက်ရောက်ဖို့ မြို့တော် ဂျကာတာကနေ ၂ နာရီခွဲလောက် ကားမောင်းရတဲ့ ဆိပ်ကမ်းမြို့ ဆီလီဂွန်ကို အသွားမှာ ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အင်ဒိုနီးရှား သမ္မတနန်းတော်က သတင်းထုတ်ပြန်ပါတယ်။

    မြို့နားရောက်ကာနီးမှာ ကားပိတ်နေတာကြောင့် သမ္မတနဲ့ ထိပ်တန်းတာဝန်ရှိသူတွေရဲ့ ယာဉ်တန်းဟာ နာရီဝက်လောက် စောင့်ဆိုင်းခဲ့ပြီးတဲ့နောက် မထူခြားတဲ့အတွက် သမ္မတဟာ လမ်းလျှောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

    အဲဒီကားလမ်းမှာ ပိတ်မိနေတဲ့ ရဲတပ်ဖွဲ့ဝင်အကြီးအကဲ တီတို ကာရ်နာဗီယန်ဟာလည်း သမ္မတနဲ့အတူ လမ်းလျှောက်ခဲ့ပါတယ်။

    ဆိုရှယ်မီဒီယာတွေအပေါ် ရောက်ရှိလာတဲ့ ဗီဒီယိုမှာ လုံခြုံရေးအစောင့်အရှောက်တွေ ကာရံမှုအတွင်း သမ္မတ၀ီဒိုဒို လမ်းလျှောက်သွားတာကို တွေ့မြင်ခဲ့ရပြီး ဘေးနားမှာရပ်နေတဲ့ ပြည်သူတွေ သမ္မတရဲ့ နာမည်ကို ဟစ်အော်ချီးကျူးနေတဲ့ အသံကိုလည်း ကြားနေရပါတယ်။

    အင်ဒိုနီးရှားနိုင်ငံဟာ အာရှမှာ ကားပိတ်မှုအမြင့်ဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပြီး နိုင်ငံက မြို့ကြီးတော်တော်များများမှာ ကားပိတ်မှုဟာ ပုံမှန်လိုလို ဖြစ်နေပါတယ်။

    Ref: CNA

  • ၂၀၁၇ ခုနှစ် စာပေနိုဘယ်ဆုကို ယူကေစာရေးဆရာ ရရှိ

    ၂၀၁၇ ခုနှစ် စာပေနိုဘယ်ဆုကို ယူကေစာရေးဆရာ ရရှိ

    အောက်တိုဘာ ၅၊ ၂၀၁၇
    M-Media

    ၂၀၁၇ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆုရှင် ကာဇူအို အီရီဂူရို

    – ၂၀၁၇ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆုကို ဗြိတိသျှ စာရေးဆရာ ကာဇူအို အီရီဂူရိုက ရရှိသွားခဲ့သည်ဟု သိရသည်။

    “ဒီစာရေးဆရာဟာ ကမ္ဘာကြီးနဲ့ ဆက်သွယ်မှုမှာ ကျွန်တော်တို့ရဲ့ အသိအောက်က တိမ်မြှုပ်နေတဲ့ နက်ရှိုင်းမှုကို ခံစားမှုအား ကြီးကြီးမားမား ပါဝင်တဲ့ ၀တ္ထုတွေနဲ့ ဖော်ထုတ်သူပါ” ဟု နိုဘယ်ဆုချီးမြှင့်ရေးကော်မတီက ယနေ့တွင်ထုတ်ပြန်သော ကြေငြာချက်၌ ဖော်ပြထားသည်။

    အသက် ၆၂ နှစ်အရွယ် အီရီဂူရိုမှာ ဂျပန်တွင် မွေးဖွားခဲ့သူဖြစ်ပြီး အသက် ၅ နှစ်အရွယ်တွင် မိသားစုနှင့်အတူ အင်္ဂလန်သို့ ပြောင်းရွှေ့လာခဲ့သည်။ Kent တက္ကသိုလ်မှ အင်္ဂလိပ်နှင့် ဒဿနိကဗေဒ အထူးပြုဖြင့် ဘွဲ့ရခဲ့သည့် အီရှီဂူရိုမှာ နောက်ပိုင်းတွင် ‘ဆန်းသစ်သောရေးဟန်’ ဖြင့် East Anglia တက္ကသိုလ်မှ မဟာဘွဲ့ ရရှိခဲ့သည်။

    ၎င်းရေးသားခဲ့သည့် ၀တ္ထုများတွင် Never Let Me Go နှင့် ၄ ပတ်အတွင်း ပြီးစီးအောင် ရေးခဲ့သည်ဆိုသည့် The Remains of the Day စာအုပ်တို့မှာ ကျော်ကြားသည်။ ၎င်းမှာ ပြဇာတ်များကိုလည်း ရေးသားလေ့ရှိသည်။

    ၎င်း၏ နောက်ဆုံးစာအုပ်မှာ The Bured Giant ဖြစ်တဲ့ ၂၀၁၅ ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့သည်။

    Ref: Aljazeera