News @ M-Media

Author: Ko Lay

  • ပါကစ္စတန်မှ ကျောင်းသားအဖွဲ့ နိုင်ငံတကာ ထိပ်တန်းလူမှုထူထောင်ရေးဆု ရရှိ

    ပါကစ္စတန်မှ ကျောင်းသားအဖွဲ့ နိုင်ငံတကာ ထိပ်တန်းလူမှုထူထောင်ရေးဆု ရရှိ

    စက်တင်ဘာ ၁၉၊ ၂၀၁၇
    M-Media

    – ဒုက္ခသည်တွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးပြီး သွားရေးလာရေး လွယ်ကူအောင် သုံးဘီးကားကွန်ယက်တစ်ခု ထူထောင်ပေးခဲ့တဲ့ ပါကစ္စတန်-အမေရိကန် ကျောင်းသားလူငယ်အဖွဲ့တစ်ခုဟာ နိုင်ငံတကာ ထိပ်တန်းလူမှုထူထောင်ရေးဆု Hult Prize ကို ရရှိခဲ့တယ်လို့ သိရပါတယ်။

    Rutgers တက္ကသိုလ်က ကျောင်းသူ ကျောင်းသားတွေဖြစ်ကြတဲ့ ဟန်နာ လက်ဟနီ၊ မိုနီဒ် မီယန်၊ ဟာဆန် အွတ်စ်မာနီနဲ့ ဂရီယာ ဖာရူကီတို့အဖွဲ့ဖြစ်ပြီး ကရာချီ ဆင်ခြေဖုံး အော်ရန်ဂီမြို့က လူ ၂ သန်းခွဲလောက်ရှိတဲ့ ဒုက္ခသည်စခန်းမှာ Roshni Rides လို့ အမည်ပေးထားတဲ့ သုံးဘီးပို့ဆောင်ရေးကွန်ယက်တစ်ခုကို တည်ထောင်ပေးခဲ့တာပါ။

    အမေရိကန်အခြေစိုက် Hult Prize Foundation က ကမ္ဘာတစ်ဝှမ်း လူမှုထူထောင်ရေးလုပ်ငန်းတွေကို ရွေးချယ်ချီးမြှင့်တဲ့ ဒီဆုအတွက် အခုနှစ်မှာ နိုင်ငံပေါင်း ၁၀၀၀ ကျော်က လူမှုထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အဖွဲ့ပေါင်း ၅၀၀၀၀ လောက် စာရင်းပေးခဲ့ကြပြီး စကာတင် ၆ ဖွဲ့ကို ရွေးချယ်ပြီးတဲ့နောက် စက်တင်ဘာ ၁၇ ရက်နေ့မှာ Roshni Rides အဖွဲ့က ဆုရရှိခဲ့တာဖြစ်ပါတယ်။

    သူတို့အဖွဲ့ရဲ့ ကြိုးပမ်းမှုကြောင့် ဒုက္ခသည်တွေဟာ နေ့စဉ် ပုံမှန်ဝင်ငွေ ရရှိတဲ့အဖြစ် အခြားနေရာတွေကို အလွယ်တကူ သွားလာနိုင်တာကြောင့် ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိလာတယ်လို့အဖွဲ့ဝင်တွေက ပြောပါတယ်။

    ဆုကြေငြာပြီး ဆုချီးမြှင့်ခဲ့တဲ့ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်က “အများပြည်သူတွေရဲ့ ပြဿနာကို ဒီလိုဖြေရှင်းမှုဟာ အကျိုးကျေးဇူး တော်တော်ကြီးမားပါလိမ့်မယ်” ဆိုပြီး Roshni Rides အဖွဲ့ကို ချီးကျူးခဲ့ပါတယ်။

    “ဒီနွေရာသီ ပါကစ္စတန်ကို ကျွန်တော်တို့ ပြန်သွားတော့ ဒီလူတွေဟာ သူတို့ရဲ့ စခန်းမှာ သီးခြားလိုဖြစ်နေပြီး ဘယ်မှ သွားလို့ မရပါဘူး။ သူတို့သွားလိုတဲ့နေရာကို သွားနိုင်ဖို့ ကျွန်တော်တို့ ဘယ်လို စီစဉ်ပေးနိုင်မလဲဆိုတာကို စဉ်းစားခဲ့ပါတယ်” လို့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဟာဆန် အွတ်စမာနီက သူတို့ရဲ့ အစီအစဉ် စတင်မှုနဲ့ပတ်သက်လို့ ပြောကြားခဲ့ပါတယ်။

    Hult Prize ဆုအဖြစ် ဆုကြေး ကန်ဒေါ်လာ ၁ သန်း ရရှိပြီး ဒီငွေတွေနဲ့ ပါကစ္စတန်တောင်ပိုင်းမှာ လူမှုထူထောင်ရေး လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ Roshni Rides အဖွဲ့က ဆိုပါတယ်။

    Ref: Geo.tv

  • ရိုဟင်ဂျာကိစ္စတွင် ဘင်္ဂလားဒေ့ရှ်ဖက်ကရပ်တည်မည်ဟု ကန်သမ္မတပြော

    ရိုဟင်ဂျာကိစ္စတွင် ဘင်္ဂလားဒေ့ရှ်ဖက်ကရပ်တည်မည်ဟု ကန်သမ္မတပြော

    စက်တင်ဘာ ၁၉၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာကိစ္စအတွက် မိမိအနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့အတူ ရှိနေပြီး ပြဿနာကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာ စဉ်းစားရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်တယ်လို့ Dhakatribune သတင်းဌာနက ဖော်ပြပါတယ်။

    “မြန်မာကိစ္စ (ရိုဟင်ဂျာကိစ္စ) နဲ့ပတ်သက်လာရင် ကျွန်တော်က ခင်ဗျားဘက်ကပါ” လို့ မနေ့က ကုလဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ အဆင့်မြင့်အစည်းအဝေး ‘Reforming the United Nations: Management, Security, and Development’ အပြီး ခေါင်းဆောင်နှစ်ဦး သီးခြားတွေ့ဆုံစဉ်မှာ ထရမ့်က ပြောကြားခဲ့တာပါ။

    ရိုဟင်ဂျာဒုက္ခသည်ပြဿနာကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ ကြည့်ရမှာဖြစ်ကြောင်း ထရမ့်က ထည့်သွင်းပြောကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ရှာဟီဒူလ် ဟက်က ဆိုပါတယ်။

    ဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး ပထမဆုံးမှတ်ချက်လည်းဖြစ်ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ စီးပွားရေး ကိစ္စတွေအကြောင်းလည်း ဆွေးနွေးခဲ့ပါတယ်။

    အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူရှ်မာ ဆွာရက်ဂ်ျကလည်း တနင်္ဂနွေနေ့က အဘူဒါဘီကနေ နယူးယောက်အသွား လေယာဉ်ပေါ်မှာ ၀န်ကြီးချုပ် ရှိခ်ဟာဆီနာနဲ့ ဆွေးနွေးခဲ့ပြီး ရိုဟင်ဂျာကိစ္စ ဖြေရှင်းရေးမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ ရပ်တည်ချက်အတိုင်း လုံးဝရှိနေမယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    UNHCR အကြီးအကဲ ဖိလစ်ပို ဂရန်ဒီက မြန်မာနိုင်ငံက ဒုက္ခသည်ပြဿနာကို ဖြေရှင်းရေးအတွက် ဘင်္ဂလားဒေ့ရှ်ကို ကူညီဖို့ စိတ်ဆန္ဒရှိတယ်လို့ ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်စစ်တပ်က စာရင်းကောက်ယူမှုတွေ လုပ်နေပါတယ်။

    Ref: Dhakatribune

  • မတူကွဲပြားမှုကို တန်ုဖိုးထားသော နိုင်ငံအဖြစ် တည်ထောင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

    မတူကွဲပြားမှုကို တန်ုဖိုးထားသော နိုင်ငံအဖြစ် တည်ထောင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

    စက်တင်ဘာ ၁၉၊ ၂၀၁၇
    M-Media

    Photo Credit – BBC

    – သံတမန်တွေကို အဓိကဦးတည်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနေ့မနက်မိန့်ခွန်းမှာ ရခိုင်ပြည်နယ်က အခြေအနေကို အဓိကထား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံက ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ၊ ပြဿနာတွေကို ဖြေရှင်းရမှာ ပါဝင်ကူညီဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို မေတ္တာရပ်ခံခဲ့ပါတယ်။

    မိန့်ခွန်းအစမှာ ဒေါ်အောင်ဆန်းစုကြည်က သူတို့အစိုးရဟာ ရာစုနှစ်တစ်ဝက်လောက် အာဏာရှင် အုပ်စိုးမှုစနစ်ကို အမွေခံခဲ့ရပြီး လက်ရှိ ဒီမိုကရေစီဟာ မပြည့်စုံသေးတဲ့ ဒီမိုကရေစီဖြစ်ကြောင်း၊ မြန်မာနိုင်ငံဟာ ရှုပ်ထွေးတဲ့နိုင်ငံတစ်ခုဖြစ်ပြီး မိမိတို့အစိုးရ သက်တမ်းဟာ ၁၈ လသာ ရှိသေးတဲ့အတွက် ဒီအချိန်အတွင်း ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေအားလုံးကို ကျော်ဖြတ်နိုင်မယ်လို့ မျှော်လင့်၍မရကြောင်း၊ ဒါပေမယ့် အစိုးရအနေနဲ့ အခက်အခဲတွေကို ကျော်ဖြတ်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဆိုလိုတာမဟုတ်ကြောင်း၊ အခု မိန့်ခွန်းဟာ မိမိတို့ရဲ့ အခက်အခဲတွေကို မိတ်ဆွေများကို တင်ပြပြီး မိမိတို့အပေါ် စာနာနားလည်စေဖို့ ပြင်ဆင်လာတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    နောက်ပိုင်းမှာတော့ ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အဓိကထား ပြောကြားသွားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က ကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ စောင့်ကြည့်နေမှုကို မိမိတို့အနေနဲ့ ကြောက်ရွံ့နေမှာမဟုတ်ကြောင်း၊ ပြည်နယ်အတွင်းမှာ လူ့အဖွဲ့အစည်းနှစ်ခုအကြား ပြေလည်မှုရစေဖို့၊ လူ့အသိုင်းအ၀ိုင်းအားလုံးအတွက် ရေရှည်ခံတဲ့ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို နှစ်မြုပ်ဆောင်ရွက်နေကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီတစ်ခု၊ ကုလအတွင်းရေးမှူးဟောင်း ကိုဖီအန်နန်ဦးဆောင်တဲ့ ကော်မရှင်တစ်ခုတို့ကို ဖွဲ့စည်းပေးခဲ့ပြီး ဒီကော်မရှင်က တင်ပြတဲ့ အကြံပြုချက်တစ်ချို့ကို လက်ရှိမှာ ဆောင်ရွက်နေကြောင်း၊ တစ်ချို့အကြံပြုချက်တွေဟာ အချိန်ပေးပြီး ဆောင်ရွက်ရမှာဖြစ်ကာ အတတ်နိုင်ဆုံး မြန်မြန် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလနဲ့ အခုနှစ် သြဂုတ်လတွေမှာ ရဲစခန်းတွေကို ရိုဟင်ဂျာလက်နက်ကိုင်တွေက တိုက်ခိုက်မှုဟာ အချိန်တစ်ခုအထိ ရှိခဲ့တဲ့ တည်ငြိမ်အေးချမ်းမှု၊ အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ပျက်ဆီးစေပြီး အသက်ဆုံးရှုံးတာ၊ အိုအိမ်စွန့်ခွာ ထွက်ပြေးရတာတွေ ဖြစ်လာကြောင်း၊ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့အညီ အစိုးရဟာ ARSA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာခဲ့ကြောင်း၊ မိမိတို့အစိုးရအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဥပဒေပ အကြမ်းဖက်မှုအားလုံးကို ရှုတ်ချပြီး ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို အလေးထားဆောင်ရွက်နေကြောင်း၊ လုံခြုံရေးတပ်ဖွဲ့တွေကိုလည်း နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေမှာ ကျင့်ဝတ်တွေကို တိတိကျကျလိုက်နာဖို့၊ အပြစ်မဲ့ အရပ်သားတွေပါ ထိခို
    က်တာမျိုး မရှိအောင် ဆောင်ရွက်ဖို့ ညွှန်ကြားထားကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တရားဥပဒေအတိုင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း အတိုင်ပင်ခံက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    မတည်ငြိမ်မှုကြောင့် ထွက်ပြေးရသူတွေရဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရခိုင်နဲ့ မွတ်စလင်တွေသာမကဘဲ ဒိုင်းနက်၊ မြို၊ သက်၊ မရမာကြီးနဲ့ ဟိန္ဒူတွေလို လူမျိုးစုငယ်လေးတွေလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဒါကို နိုင်ငံတကာသတင်းဌာနတွေက လစ်လျူရှုထားကြောင်း၊ အဲဒီလို ထွက်ပြေးရသူတွေကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဦးဆောင်တဲ့အဖွဲ့ဟာ ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးနေကြောင်း ပြောကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်မှာ စက်တင်ဘာ ၅ ရက်နေ့နောက်ပိုင်း လက်နက်ကိုင်တိုက်ခိုက်မှုတွေ မရှိတော့သလို၊ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေလည်း မရှိတော့ပေမယ့် မွတ်စလင်တွေဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးနေဆဲဖြစ်ကြောင်း၊ သူတို့ ဘာ့ကြောင့် ဒီလိုထွက်ပြေးရတယ်ဆိုတဲ့ အကြောင်းအရင်းကို ရှာဖွေရမှာဖြစ်ပြီး၊ ပြည်နယ်ထဲမှာ ကျန်နေတဲ့သူတွေကိုလည်း မေးမြန်းရမှာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်က မွတ်စလင်အများစုဟာ ဒီလိုထွက်ပြေးထာမျိုးမလုပ်ဘဲ စုစုပေါင်း လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ သူတို့ရဲ့ နဂိုနေရာမှာပဲ ရှိနေကြောင်း၊ မိမိတို့အနေနဲ့ ပြဿနာတွေကိုသာမကဘဲ ပြဿနာမဖြစ်တဲ့အချက်တွေကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ကြောင်း၊ ပြဿနာမဖြစ်ဘဲ ကျန်နေသေးတဲ့ မွတ်စလင်တွေဆီ အစိုးရနဲ့အတူ လေ့လာဖို့ ဖိတ်ခေါ်ကြောင်း၊ အဲဒီအတွက် ခရီးသွားဖို့ စီစဉ်ပေးမှာဖြစ်ပြီး ဘာဖြစ်လို့ ထွက်မပြေးတာလဲဆိုတာ မေးနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်အတွင်းမှာ လူမျိုး၊ ဘာသာ မခွဲခြားဘဲ လူမှုဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေကို မိမိတို့အနေနဲ့ ဆက်လက်လုပ်ဆောင်နေကြောင်း၊ အလုပ်အကိုင်ရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ အခြေခံအဆောက်အဦးတည်ဆောက်ရေး လုပ်ဆောင်ပေးနေပြီး ပညာရေး၊ အသက်မွေးဝမ်းကြောင်းအတတ်ပညာနဲ့ ကျန်းမာရေးမှာလည်း ခွဲခြားမှုမရှိဘဲ မွတ်စလင်တွေ ရယူခံစားခွင့်ရှိနေကြောင်း၊ နောက်ထပ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်း ထပ်မံပေးသွားဖို့ စီစဉ်နေတယ်လို့လည်း သူမက ပြောကြားခဲ့ပါတယ်။

    နိုင်ငံသားစီစစ်ရေးလုပ်ငန်းအတွက် အချိန်တစ်ခုသတ်မှတ်ကာ ဆောင်ရွက်နေပြီး၊ မွတ်စလင်ခေါင်းဆောင်တစ်ချို့ဟာ ဒီလိုစီစစ်ရေးလုပ်ငန်းကို လက်မခံတာကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ သူတို့ကို ဖျောင်းဖျပေးမယ်ဆိုရင် မိမိတို့အနေနဲ့ ကျေနပ်မှာဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းတွေ သဟဇာတ ဖြစ်စေရေးအတွက် ဘာသာပေါင်းစုံအဖွဲ့က ဆောင်ရွက်ပေးနေကြောင်း၊ သတင်းအချက်အလက် ရရှိဖို့အတွက် ရခိုင်၊ ဘင်္ဂါလီနဲ့ မြန်မာဘာသာစကားတွေနဲ့ FM ရေဒီယို ထုတ်လွှင့်ပေးနေကြောင်း၊ အီးယူ၊ ကုလအေဂျင်စီတွေနဲ့ပူးပေါင်းပြီး လုံခြုံရေးတပ်ဖွဲ့တွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးနေကြောင်း၊ ဒေသတွင်းနဲ့ နိုင်ငံတကာ သတင်းအေဂျင်စီတွေကိုလည်း ရခိုင်ဒေသမှာ သတင်းယူနိုင်ဖို့အတွက် လုပ်ဆောင်ပေးနေပြီး၊ ပြဿနာကို ဖြေရှင်းဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးနဲ့လည်း မိမိတို့ဟာ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ဒုက္ခသည်တွေကို ပြန်လည်စီစစ်လက်ခံရေးကို ၁၉၉၃ ခုနှစ်ကတည်းက နှစ်နိုင်ငံက သဘောတူညီချက်တွေနဲ့ ဆောင်ရွက်ခဲ့ပြီး အခုအချိန်မှာလည်း ဒီလို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

    မိန့်ခွန်းနောက်ဆုံးမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်က ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ပိုမိုပါဝင်နိုင်ပြီး ပါဝင်ဖို့လည်း ဖိတ်ခေါ်ကြောင်း၊ မိမိတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြုစေချင်ကြောင်း၊ ဒုက္ခသည်တွေ ထွက်ပြေးနေရတာ၊ ရွာတွေ မီးလောင်တာ စတင်တဲ့ သတင်းတွေကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက မိတ်ဆွေတွေရဲ့ စိုးရိမ်မှုကို မိမိနားလည်းပါကြောင်း၊ မိမိတို့အနေနဲ့လည်း ဒီကိစ္စတွေအတွက် စိုးရိမ်မိပြီး စွပ်စွဲချက်တွေ၊ တန်ပြန်စွပ်စွဲချက်တွေအတွက် အဖြေရှာချင်ကြောင်း၊ အထောက်အထားခိုင်လုံမယ်ဆိုရင် ဘာသာ၊ လူမျိုး မခွဲခြားဘဲ အရေးယူသွားမှာဖြစ်ကြောင်း၊ မိမိတို့အစိုးရဟာ လူ့အခွင့်အရေးကို ကာကွယ်ဖို့အတွက် ပေါ်ထွက်လာတဲ့ အစိုးရဖြစ်ပြီး အုပ်စုတစ်ခုအတွက်မဟုတ်ဘဲ နိုင်ငံနယ်နိမိတ်အတွင်းမှာ နေထိုင်တဲ့ သူတွေအားလုံးရဲ့ အခွင့်အရေးတွေကို ကာကွယ်သွားမှာဖြစ်ကြောင်း ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးရပ်တည်ချက်တွေကိုလိုက်ပြီး သွေးကွဲနေတဲ့ တိုင်းပြည်မျိုးကို မလိုလားဘဲ မတူကွဲပြားမှုကို တန်ဖိုးထားကာ ဥပဒေစိုးမိုးတဲ့၊ သာယာဝပြောတဲ့ နိုင်ငံတစ်ခုအဖြစ် ထူထောင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

  • အမျိုးသမီးများအား ပစ်မှတ်ထားသတ်ဖြတ်မှုကို မက္ကဆီကိုပြည်သူများ ဆန့်ကျင်ဆန္ဒပြ

    အမျိုးသမီးများအား ပစ်မှတ်ထားသတ်ဖြတ်မှုကို မက္ကဆီကိုပြည်သူများ ဆန့်ကျင်ဆန္ဒပြ

    စက်တင်ဘာ ၁၈၊ ၂၀၁၇
    M-Media

    – အမုန်းဓာတ်ခံဖြင့် အမျိုးသမီးများအား လိုက်လံသတ်ဖြတ်နေမှုကို ဆန့်ကျင်သည့်အနေဖြင့် မက္ကဆီကို ပြည်သူများမှာ ယမန်နေ့တွင် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    နိုင်ငံအလယ်ပိုင်း ပူအဘ်လာပြည်နယ်တွင် အသက် ၁၉ နှစ်အရွယ် အမျိုးသမီး မာရာ ဖာရ်နန်ဒါ ကက်စတီလာ အသတ်ခံရမှုနောက်ပိုင်းတွင် ယခုကဲ့သို့ ဆန္ဒပြမှုများ ပြုလုပ်လာခြင်းဖြစ်သည်။

    ကက်စတီလာမှာ တက္ကဆီအငှားဆော့ဖ်ဝဲ Cabify ကို အသုံးပြုကာ ကားစီးသွားပြီးနောက် ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး တစ်ပတ်ကျော်ကြာ ပြီးခဲ့သည့် သောကြာနေ့ကမှ ၎င်း၏ အလောင်းကို ပြန်တွေ့ခဲ့သည်။

    ရဲတပ်ဖွဲ့က ကက်စတီလာမှာ ယာဉ်မောင်း၏ သတ်ဖြတ်ခြင်းခံကို ခံခဲ့ရသည်ဟု ယုံကြည်ကြောင်း၊ အဆိုပါယာဉ်မောင်းကို လူသတ်မှုဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ထိုအဖြစ်အပျက်ဖြစ်ပွားပြီးနောက် မက္ကဆီကိုပြည်သူများ၊ အရပ်ဖက်အဖွဲ့စည်းများမှာ အမုန်းဓာတ်ခံဖြင့် အမျိုးသမီးများ သတ်ဖြတ်မှုကို ဆန့်ကျင်သည့်ဆန္ဒပြမှုကို ယမန်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

    ထောင်ပေါင်းများစွာသော ပြည်သူများမှာ ‘နောက်ထပ်အဖြစ်မခံ’ ‘ငါတို့ရဲ့ အမှားမဟုတ်’ ဆိုသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ချီတက်ခဲ့ကြသည်။

    “အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုဟာ ပျောက်မသွားဘဲ မက္ကဆီကိုမှာ နေ့စဉ်လိုလို ဖြစ်နေပါတယ်။ ကျွန်မတို့ဟာ မာရာတစ်ယောက်တည်းအတွက် ချီတက် ဆန္ဒပြတာမဟုတ်ပါဘူး။ အသတ်ခံခဲ့ရတဲ့ အမျိုးသမီးတွေအားလုံးအတွက်ပါ” ဟု လူ့အခွင့်အရေးအဖွဲ့ Amnesty International ၏ မက္ကဆီကိုဆိုင်ရာ ဒါရိုက်တာ တာနီယာ ရီနေယမ်က ပြောကြားခဲ့သည်။

    ပူအဘ်လာပြည်နယ်တစ်ခုတည်းတွင် ယခုနှစ်အစပိုင်းကတည်းက သတ်ဖြတ်ခံခဲ့ရသည့် အမျိုးသမီး အရေအတွက်မှာ အနည်းဆုံး ၈၃ ဦးရှိနေသည်။

    အစိုးရ၏ ကိန်းဂဏန်းများအရ အသက် ၁၅ နှစ်ကျော် အမျိုသမီးများ၏ ၆၆ ရာခိုင်နှုန်းမှာ အနည်းဆုံး လိင်ပိုင်းဆိုင်ရာ တစ်ကြိမ်စော်ကားခံရသည်ကို တွေ့ရကြောင်း ရီနေယမ်က ဆိုသည်။

    Ref: Aljazeera

  • ဘိုကိုဟရမ်လက်မှ ဓားစားခံများကယ်ထုတ်ရေးကြိုးပမ်းသူ နိုက်ဂျီးရီးယားရှေ့နေကို ကုလ ဂုဏ်ပြု

    ဘိုကိုဟရမ်လက်မှ ဓားစားခံများကယ်ထုတ်ရေးကြိုးပမ်းသူ နိုက်ဂျီးရီးယားရှေ့နေကို ကုလ ဂုဏ်ပြု

    စက်တင်ဘာ ၁၈၊ ၂၀၁၇
    M-Media

    ၎င်း၏ ပညာဒါန စာသင်ကျောင်းရှေ့တွင် တွေ့ရသည့် မူစတာဖာ

    – ဘိုကိုဟရမ် အကြမ်းဖက်အဖွဲ့က ပြန်ပေးဆွဲသွားခဲ့တဲ့ ကျောင်းသူတွေ ပြန်လည်လွတ်မြောက်လာရေး ကြိုးပမ်းပေးခဲ့တဲ့ နိုက်ဂျီးရီးယားရှေ့နေတစ်ဦးဟာ ကုလရဲ့ ထိပ်တန်းဂုဏ်ပြုဆုတစ်ခု ရရှိခဲ့ပါတယ်။

    ဇန်နာ မူစတာဖာဆိုသူဖြစ်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင် မဟာမင်းကြီးရုံး (UNHCR) က ချီးမြှင့်တဲ့ Nansen Refugee Award ဆုကို ရရှိကြောင်း ကုလက ဒီနေ့မှာ ကြေငြာခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ်က နိုက်ဂျီးယားနိုင်ငံမြောက်ပိုင်း ချီဘွတ်မြို့မှာ ကျောင်းသူ ၂၀၀ ကျော်ကို ဘိုကိုဟရမ် အကြမ်းဖက်အဖွဲ့က ပြန်ပေးဆွဲသွားခဲ့တာဖြစ်ပြီး ဒီကျောင်းသူထဲက ၁၀၀ ကျော် လွတ်မြောက်ရေး မူစတာဖာက ကြားဝင်ညှိနှိုင်းပေးခဲ့ပါတယ်။

    ဒါတင်မကဘဲ မူစတာဖာဟာ ပညာဒါန စာသင်ကျောင်းနှစ်ခုကို ဖွင့်လှစ်ထားပြီး ကျောင်းသူကျောင်းသားတွေကို အစားသောက်ကျွေးမွေးတာ၊ ကျန်းမာရေးစစ်ဆေးပေးတာတွေလည်း သူ့ကျောင်းမှာ လုပ်ဆောင်ပေးပါတယ်။ Nansen Refugee Award ဆုအတွက် ဆုကြေးဟာ ကန်ဒေါ်လာ တစ်သိန်းခွဲဖြစ်ပါတယ်။

    “အရမ်းပျော်ရွှင်ပြီး ဒီဆုက ကျွန်တော့အတွက် တွန်းအားတစ်ခုပါပဲ။ ကျွန်တော့်ရဲ့ ကြိုးပမ်းမှုတွေကို တိုးမြှင့်သွားမှာပါ။ ကျွန်တော့်ကျောင်းမှာ တက်ခဲ့တဲ့ ကျောင်းသားတစ်ချို့ဆိုရင် ဘွဲ့တွေဘာတွ ရသွားကြပြီ။ တစ်ချို့တွေက တက္ကသိုလ်တက်နေပါတယ်။ ဒီဆုကြေးကို သူတို့လေးတွေဘ၀အတွက် အသုံးပြုသွားမှာပါ” လို့ မူစတာဖာက ပြောကြားခဲ့ပါတယ်။

    Future Prowess ဆိုတဲ့ သူ့ရဲ့ အခမဲ့ စာသင်ကျောင်းကို လွန်ခဲ့တဲ့ ၁၀ စုနှစ်အရင်က ဖွင့်ထားတာဖြစ်ပြီး ဘိုကိုဟရမ်တွေ ၂၀၀၉ ခုနှစ်မှာ ထကြွပြီးနောက်ပိုင်း နိုင်ငံမြောက်ဖက် ဘိုနိုပြည်နယ်မှာ လက်ရှိအချိန်အထိ ဖွင့်လှစ်ထားနိုင်တဲ့ တစ်ခုတည်းသော စာသင်ကျောင်းဖြစ်ပါတယ်။

    UNHCR အကြီးအကဲ ဖိလစ်ပို ဂရန်ဒီကလည်း မူစတာဖာရဲ့ ငြိမ်းချမ်းရေး မြှင့်တင်ပေးမှု၊ အကြမ်းဖက်မှုကြောင့် ပျက်ဆီးနေနဲ့ လူ့အဖွဲ့အစည်းကို ပြန်လည်တည်ဆောက်မှုတို့အတွက် ချီးကျူးခဲ့ပါတယ်။

    Ref: Reuters