News @ M-Media

Author: Ko Lay

  • အမေရိကန်၏ စွပ်စွဲမှုများမှာ အသိဉာဏ်ကင်းနေဟု အီရန်သမ္မတ တုန့်ပြန်

    အမေရိကန်၏ စွပ်စွဲမှုများမှာ အသိဉာဏ်ကင်းနေဟု အီရန်သမ္မတ တုန့်ပြန်

    စက်တင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    ကုလတွင် မိန့်ခွန်းပြောကြားနေသည့် အီရန်သမ္မတ ရူဟာနီ

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်အပေါ် စွပ်စွဲချက်များမှာ ‘အသိဉာဏ်ကင်းသော၊ ယုတ္တိမတန်သာ၊ အမုန်းဆောင်သော’ ပြောကြားချက်များဖြစ်ပြီး အခြေအမြစ်မရှိသည့် စွပ်စွဲချက်များကို အခြေခံသည်ဟု အီရန်သမ္မတ ဟာဆန်ရူဟာမီက တုန့်ပြန်ပြောကြားလိုက်သည်။

    ယမန်နေ့တွင် ကုလ လုံခြုံရေးကောင်စီ မိန့်ခွန်း၌ ရူဟာနီက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အင်အားကြီး ၆ နိုင်ငံနှင့် အီရန်တို့ သဘောတူထားသည့် နျူစာချုပ်အား ချိုးဖာက်သူ မည်သူ့ကိုမဆို ‘ပြတ်ပြတ်သားသား’ တုန့်ပြန်သွားမည်ဟုလည်း ဆိုသည်။

    အင်္ဂါနေ့ ကုလမိန့်ခွန်းတွင် ထရမ့်က အီရန်မှာ အကြမ်းဖက်မှုကို တင်ပို့နေပြီး အရှေ့အလယ်ပိုင်းတွင် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေကြောင်း၊ အီရန်နှင့် ချုပ်ဆိုခဲ့သည့် အမေရိကန်၏ နျူသဘောတူစာချုပ်မှာ ရှက်ဖွယ်ရာဖြစ်ပြီး ဖျက်သိမ်းရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ရူဟာနီက အမေရိကန်အစိုးရသစ်မှာ နိုင်ငံတကာ သဘောတူညီချက်များကို ချိုးဖောက်ကာ ၎င်းတို့၏ ဂုဏ်သိက္ခာကို ၎င်းတို့ကိုယ်တိုင် ချနေကြောင်း၊ အီရန်အနေဖြင့် နျူလက်နက် ထုတ်လုပ်မည်မဟုတ်ဆိုသည့် သဘောတူညီချက် ကတိက၀တ်ကို ထပ်လောင်း အာမခံကြောင်း ပြောကြားခဲ့သည်။

    အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံနှင့် အီရန်တို့၏ ၂၀၁၅ ခုနှစ်က ရရှိခဲ့သော သဘောတူညီချက်အရ အီရန်မှာ ၎င်းတို့၏ နျူအစီအစဉ်ကို လက်နက်ထုတ်လုပ်သည့်အဆင့် မရောင်အောင် ထိန်းချုပ်ရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် နိုင်ငံတကာက အီရန်အပေါ် ပြုလုပ်ထားသော ပိတ်ဆို့မှုများကို ဖယ်ရှားပေးရမည်ဖြစ်သည်။

    သို့သော်လည်း ထရမ့်အာဏာရလာပြီးနောက် ထိုသဘောတူညီချက်ကို ဝေဖန်ခဲ့ပြီး ဖျက်သိမ်းရန် ကြိုးစားလာခဲ့သည်။

    နိုင်ငံတကာ နျူစွမ်းအင်အေဂျင်စီ IAEA က မိမိတို့အနေဖြင့် စာချုပ်အချက်အလက်များကို အီရန်က လိုက်နာခြင်း ရှိ၊ မရှိကို အတင်းကျပ်ဆုံး နည်းလမ်းများဖြင့် စစ်ဆေးနေပြီး အီရန်မှာ သဘောတူညီချက်ကို ချိုးဖောက်ခြင်းမရှိဟု ပြီးခဲ့သည့်တစ်ပတ်တွင် ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ရခိုင်အရေး လုံခြုံရေးကောင်စီက ထိထိရောက်ရောက်ဖြေရှင်းရန် ထရမ့်လိုလား

    ရခိုင်အရေး လုံခြုံရေးကောင်စီက ထိထိရောက်ရောက်ဖြေရှင်းရန် ထရမ့်လိုလား

    စက်တင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    ကုလ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောနေသည့် ထရမ့်

    – မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ကုလ လုံခြုံရေးကောင်စီအနေနဲ့ ‘ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန်’ အရေးယူဖို့ သမ္မတထရမ့်က လိုလားနေတယ်လို့ ကန် ဒုတိယသမ္မတ မိုက်ပန့်စ်က ပြောကြားလိုက်ပါတယ်။

    စက်တင်ဘာ ၁၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကုလလုံခြုံရေးကောင်စီ အစည်းအဝေးမှာ မိုက်ပန့်စ်က ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ရိုဟင်ဂျာ လက်နက်ကိုင်တွေရဲ့ ရဲစခန်းတိုက်ခိုက်မှုကို မြန်မာစစ်တပ်ဟာ ‘တော်တော်လေး ရိုင်းရိုင်းစိုင်းစိုင်း တုန့်ပြန်တာ၊ ရွာတွေမီးတင်ရှို့တာ၊ ရိုဟင်ဂျာတွေကို သူတို့အိမ်တွေကနေ မောင်းထုတ်တာ’ တွေ လုပ်နေတယ်လို့လည်း သူက ဆိုပါတယ်။

    မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုကို ရပ်တန့်ဖို့၊ ရိုဟင်ဂျာတွေအတွက် ရေရှည်အဖြေတစ်ခု ရရှိရေးသံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံဖို့ အမေရိကန်က ထပ်မံတိုက်တွန်းတယ်လို့လည်း ဒုတိယသမ္မတက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    သြဂုတ်လ ၂၅ ရက်နေ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းတွေကို ရိုဟင်ဂျာလက်နက်ကိုင်တွေက တိုက်ခဲ့ပြီးတဲ့နောက် တစ်ကျော့ပြန်ဖြစ်လာတဲ့ ရခိုင်ပြည်နယ်ကိစ္စအတွက် လုံခြုံရေးကောင်စီဟာ နှစ်ကြိမ်တိုင်တိုင် တံခါးပိတ်အစည်းအဝေး လုပ်ခဲ့ပြီး တိုက်ခိုက်မှုတွေကို ရှုတ်ချကြောင်း၊ မြန်မာအာဏာပိုင်တွေနေနဲ့ အကြမ်းဖက်မှုကို ရပ်တန်ဖို့ တိုက်တွန်းကြောင်း ကြေငြာချက်တစ်စောင်ကို ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

    “အကြမ်းဖက်မှု မရပ်တန့်မချင်း၊ တောင်းဆိုနေတဲ့ တရားမျှတမှုမျိုး မရမချင်း အခြေအနေက ပိုဆိုးမှာပါ။ ပြီးတော့ ဒါဟာ ကသောာင်းကနင်းဖြစ်မှုနဲ့ အမုန်းမျိုးစေ့ကို ချပေးလိုက်တာဖြစ်ပြီး ဒေသတွင်းက မျိုးဆက်များစွာဟာ ဒါကို ရိပ်သိမ်းရမှာဖြစ်ကာ ကျွန်တော်တို့အားလုံးရဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာပါလိမ့်မယ်” လို့ မိုက်ပန့်စ်က ပြောကြားခဲ့ပါတယ်။

    သမ္မတထရမ့်နဲ့ ဒုတိယသမ္မတ မိုက်ပန့်စ်တို့ရဲ့ အခုလိုပြောကြားမှုဟာ ရခိုင်အရေးနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ ယခုအချိန်အထိ အပြင်းထန်ဆုံး ပြောကြားမှုလည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • ရခိုင်ပြည်နယ်တွင် တိုက်ခိုက်ခဲ့သည့် ARSA အဖွဲ့ကို Facebook က ပိတ်ပင်

    ရခိုင်ပြည်နယ်တွင် တိုက်ခိုက်ခဲ့သည့် ARSA အဖွဲ့ကို Facebook က ပိတ်ပင်

    စက်တင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    ARSA အဖွဲ့ခေါင်းဆောင်ဆိုသူ၏ ပုံရိပ်

    – ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရဲစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA အဖွဲ့ကို ‘အန္တရာယ်ရှိတဲ့အဖွဲ့’ အဖြစ် Facebook က သတ်မှတ်ကာ ပိတ်ပင်လိုက်ပြီး၊ ဒီအဖွဲ့ကို ချီးကျူးအားပေးတဲ့ မှတ်ချက်တွေ အားလုံးကို ဖျက်ပစ်ဖို့ တာဝန်ရှိသူတွေကို အမိန့်ပေးထားတယ်လို့ သိရပါတယ်။

    ရုံးတွင်း သုံးသပ်မှုတွေ ပြလုပ်ပြီးတဲ့နောက် ဒီလိုဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ Facebook က ပြောပါတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် စစ်တပ်ရဲ့ ရက်စက်မှုနဲ့ပတ်သက်တဲ့ ပို့စ်တွေကို Facebook က ဖြုတ်ချမှုတွေရှိနေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဝေဖန်တာတွေ ရှိနေတဲ့အချိန် Facebook ရဲ့ ဒီလိုဆောင်ရွက်ချက် ထွက်ပေါ်လာတာပါ။

    ARSA အဖွဲ့ဟာ အကြမ်းဖက်ဝါဒ၊ စနစ်တကျ အကြမ်းဖက်မှု၊ ရာဇ၀တ်မှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ အမုန်းတရားဖြန့်ဖြူးမှုတွေနဲ့ ဆက်စပ်နေတာကြောင့် Feacook ရဲ့ လူ့အဖွဲ့အစည်း စံနှုန်းတွေနဲ့ မညီဘဲ သူတို့ရဲ့ ပို့စ်တွေ၊ သူတို့ကို ထောက်ခံတဲ့ ရေးသားမှုတွေကို ပိတ်ပင်လိုက်တာလို့ ဆိုပါတယ်။

    ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကတော့ လွန်ခဲ့တဲ့ သီတင်းပတ်အနည်းအငယ်ကတည်းက ဒီအဖွဲ့ကို အန္တရာယ်ရှိတဲ့ အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: The Guardian

  • မွတ်စလင်ဆန့်ကျင်ရေး ဘုန်းကြီးတစ်ပါးကို ထိုင်းဖမ်းဆီး

    မွတ်စလင်ဆန့်ကျင်ရေး ဘုန်းကြီးတစ်ပါးကို ထိုင်းဖမ်းဆီး

    စက်တင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    မွတ်စလင်ဆန့်ကျင်ရေးဘုန်းကြီး Apichart Punnajanto

    – အစ္စလာမ်သာသနာကို စော်ကားတဲ့ ဗီဒီယိုကို လွှင့်တင်ခဲ့တဲ့ မွတ်စလင်ဆန့်ကျင်ရေး ဘုန်းကြီးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

    ထိုင်းတောင်ပိုင်း ဆွန်ခလာပြည်နယ်က ရဲတပ်ဖွဲ့ ဗိုလ်မှူးကြီး ဒူဆစ် ပရွမ်ဆင်က ဘုန်းကြီးတစ်ပါးဖြစ်တဲ့ Apichart Punnajanto ကို ရာဇ၀တ်မှုနှိမ်နှင်းရေး ဌာနက ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

    ဌာန တာဝန်ရှိသူတွေကတော့ ဒီလိုဖမ်းဆီးမှုဟာ အွန်လိုင်းမှာ လွှင့်တင်ခဲ့တဲ့ ဗီဒီယိုကြောင့် ဖြစ်တယ်လို့ ဆိုပြီး အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

    Apichart Punnajanto ဟာ မွတ်စလင်ဆန့်ကျင်ရေး စကားတွေ တော်တော်များများ ပြောဆိုသူဖြစ်ပြီး နိုင်ငံတောင်ပိုင်းမှာ မွတ်စလင်ခွဲထွက်ရေးသမားတွေက ဘုန်းကြီးတစ်ပါးကိုသတ်ရင် ဗလီတစ်လုံး ဖြိုရမယ်လို့ ပြောဆိုမှုကြောင့် သူ့ကို လူသိများလာတာဖြစ်ပါတယ်။

    Ref : Bangkokpost

  • ဆစ်ခ်လူမျိုးများအား ခေါင်းပေါင်းဆောင်း၍ ကျောင်းတက်ခွင့်ပေးရမည်ဟု သြဇီ ဆုံးဖြတ်

    ဆစ်ခ်လူမျိုးများအား ခေါင်းပေါင်းဆောင်း၍ ကျောင်းတက်ခွင့်ပေးရမည်ဟု သြဇီ ဆုံးဖြတ်

    စက်တင်ဘာ ၂၀၊ ၂၀၁၇
    M-Media

    ခေါင်းပေါင်းကြောင့် ကျောင်းတက်ခွင့် ငြင်းပယ်ခံရသည့် ဆစ်ခ်ကလေးငယ်

    – ဆစ်ခ်ဘာသာဝင် ကလေးငယ်အား ခေါင်းပေါင်းဝတ်ဆင်၍ ကျောင်းတက်ခွင့်မပေးခြင်းမှာ ခွဲခြားဆက်ဆံခြင်းဖြစ်ပြီး၊ ခေါင်းပေါင်း ၀တ်ဆင်ခွင့်ပေးရမည်ဟု သြစတေးလျ နိုင်ငံသား အခွင့်အရေးဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ခဲ့သည်။

    မဲလ်ဘုန်းမှ Melton Christian စာသင်ကျောင်းမှာ အသက် ၅ နှစ်အရွယ် ဆစ်ခ်ကလေးငယ် ဆစ်ဒ်ဟက်၏ ကျောင်းအပ်မှုကို လက်မခံခဲ့ဘဲ ၎င်းမှာ ခေါင်းပေါင်းဝတ်ထားသောကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထို့ကြာင့် ကလေးငယ်၏ဖခင် ဆာဂါဒီပ် ဆင်း အေရိုရာက ထိုသို့ ငြင်းပယ်မှုမှာ သွယ်ဝိုက်၍ ခွဲခြားခြင်းဖြစ်သည်ဟု မှတ်ယူခဲ့ပြီး ဗစ်တိုးရီးယားပြည်နယ် နိုင်ငံသားနှင့် အုပ်ချုပ်ရေးဆိုင်ရာ ခုံသမာဓိရုံးသို့ တိုင်ကြားခဲ့သည်။

    ဆစ်ခ်ဘာသာဝင်များမှာ ဘာသာရေးထုံးစံအရ ဆံပင်မညှပ်ရဘဲ ‘ပက်တ်ကာ’ ဟုခေါ်သည့် ခေါင်းပေါင်း ၀တ်ဆင်ခြင်းမှာလည်း ဘာသာရေးကျင့်သုံးမှု၏ အရေးပါသည့် ကျင့်ဝတ်ဖြစ်သည်။

    သို့သော်လည်း Melton ကျောင်းက ထိုကျင့်သုံးမှုကို လက်မခံခဲ့ပေ။

    “သြစတေးလျလို တိုးတက်နေတဲ့ နိုင်ငံမျိုးမှာ ဒီလိုဖြစ်တာဟာ တုန်လှုပ်စရာပါပဲ။ သြစတေးလျရဲတပ်ဖွဲ့နဲ့ စစ်တပ်မှာ ခေါင်းပေါင်းဆောင်းထားတဲ့ ဆစ်ခ်လူမျိုးတွေရှိတယ်။ ဒါပေမယ့် ကျွန်တော့်သားကျတော့ ကျောင်းတောင်သွားလို့မရဘူး” ဟု မစ္စတာ အေရိုရာက ပြောကြားခဲ့သည်။

    စာသင်ကျောင်းက ပြည်နယ်၏ ခွဲခြားဆက်ဆံမှုဆိုင်ရာ ဥပေဒအရ ကျောင်းများမှာ လူ့အဖွဲ့အစည်းနှင့် တိုင်ပင်ဆွေးနွေးပြီးနောက်ပိုင်းတွင် ကျောင်းသားများအတွက် သင့်လျော်သည့် ကျောင်းဝတ်စုံကို သတ်မှတ်၍ ရသည်ဆိုသည့်အချက်ကို ထောက်ပြခဲ့သည်။

    သို့သော်လည်း ခုံသမာဓိရုံးက Melton ၏ ကျောင်ဝတ်စုံသတ်မှတ်ချက်မှာ သင့်လျော်မှုမရှိကြောင်း၊ ခရစ်ယာန်မဟုတ်သည့်အတွက် ကျောင်းသားတစ်ဦးကို ကျောင်းအပ်လက်မခံခြင်းမှာ လက်ခံနိုင်စရာ ချက်မဟုတ်ကြောင်း၊ ဆစ်ဒ်ဟက်အား ကျောင်းဝတ်စုံနှင့် တူညီသည့် ခေါင်းပေါင်းကို ၀တ်ဆင်ခွင့်ပေးရမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

    မစ္စတာ အေရိုရာက ဆုံးဖြတ်ချက်အတွက် ပျော်ရွှင်မိသည်ဟု ပြောကြားခဲ့သည်။

    “ဒါဟာ သြစတေးလျက ဆစ်ခ် လူ့အဖွဲ့အစည်းအတွက် တော်တော်လေး ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုပြီး ကျောင်းအာဏာပိုင်များနှင့် မကြာခင်ဆွေးနွေးကာ လာမည့်နှစ် ကျောင်းတက်ခွင့်ရရေး ကြိုးပမ်းသွားမည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။

    Ref: BBC