News @ M-Media

Author: Ko Lay

  • စကားနားမထောင်လျှင် ဖျက်ဆီးပစ်မည်ဟု မြောက်ကိုရီးယားကို ကန်ခြိမ်းခြောက်

    စကားနားမထောင်လျှင် ဖျက်ဆီးပစ်မည်ဟု မြောက်ကိုရီးယားကို ကန်ခြိမ်းခြောက်

    စက်တင်ဘာ ၁၈၊ ၂၀၁၇
    M-Media

    မြောက်ကိုရီးယားက စမ်းသပ်ပစ်လွှတ်ခဲ့သည့် ဒုံးကျည်မြင်ကွင်း

    – လက်ရှိ နမော်နမဲ့ လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်နေပါက မြောက်ကိုရီးယားကို ဖျက်ဆီးပစ်မည်ဟု ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးက ခြိမ်းခြောက်ပြောဆိုလိုက်သည်။

    ယမန်နေ့ ကုလလုံခြုံရေးကောင်စီ အစည်းအဝေးတွင် ထိုကဲ့သို့ ပြောကြားလိုက်ဖြစ်ပြီး မြောက်ကိုရီးယား၏ နျူအစီအစဉ်ကို ရပ်တန့်ရေး ရွေးချယ်စရာ မရှိတော့ဘဲ စစ်ရေးဖက်သို့ လှည့်ရမည်ဟု ဆိုသည်။

    “ကျွန်မတို့မှာရှိတဲ့ ဖြစ်နိုင်ချေတွေကို ကြိုးစားနေပါတယ်။ ဒါပေမယ့် စစ်ရေးနည်းလမ်းအားလုံးကို ထည့်သွင်းထားပါတယ်” ဟု ဟာလေးက ပြောကြားခဲ့သည်။

    မြောက်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေး မခ် မာစတာကလည်း ကင်ဂျုံအန်အနေဖြင့် နျူလက်နက်ကို စွန့်လွှတ်ရမည်ဖြစ်ပြီး သမ္မတက မိမိတို့အနေဖြင့် ဆက်လက်၍ သည်းခံသွားတော့မည်မဟုတ်ဟု ပြောကြားထားကြောင်း သတိပေးထားသည်။

    မြောက်ကိုရီးယားမှာ ပြီးခဲ့သည်တစ်ပတ်က ဂျပန်ပိုင် ဟိုကိုင်းဒိုးကျွန်းကိုကျော်၍ ပစိဖိသမုဒ္ဒရာထဲသို့ ဒုံးကျည် ပစ်လွှတ်ခဲ့ပြီး ထိုလုပ်ရပ်ကို လက်တုန့်ပြန်သည့်အနေဖြင့် အမေရိကန်နှင့် တောင်ကိုရီးယားတို့မှာ ကိုရီးယားကျွန်းဆွယ်ပေါ်၌ ဗုံးကြဲစစ်ရေးလေ့ကျင်မှုကို ယနေ့တွင် ပြုလုပ်နေသည်။

    Ref: Aljazeera

  • ရိုဟင်ဂျာများအပေါ် ကျူးလွန်မှုကို ရပ်တန့်ရမည်ဟု အိန်ဂျလီနာဂျိုလီ ပြော

    ရိုဟင်ဂျာများအပေါ် ကျူးလွန်မှုကို ရပ်တန့်ရမည်ဟု အိန်ဂျလီနာဂျိုလီ ပြော

    စက်တင်ဘာ ၁၈၊ ၂၀၁၇
    M-Media

    – ဟောလီးဝုဒ်က နာမည်ကျော်သရုပ်ဆောင် အိန်ဂျလီနာ ဂျိုလီက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုကို ရှုတ်ချလိုက်ပြီး၊ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ တိုက်တွန်းခဲ့ပါတယ်။

    ဂျာမနီအပတ်စဉ်သတင်းစာ Welt am Sonntag နဲ့ အင်တာဗျူးမှာ ဒီလိုပြောကြားလိုက်တာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာအစိုးရအနေနဲ့ ဒီကိစ္စမှာ နှုတ်ဆိတ်မနေဖို့လည်း ပြောကြားခဲ့ပါတယ်။

    “စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်ပစ်ရမယ်ဆိုတာ လုံးဝ ရှင်းပါတယ်။ ဒုက္ခသည်တွေ ပြန်လာမှုကို ခွင့်ပြုရမယ်၊ ရိုဟင်ဂျာတွေကို နိုင်ငံသားအခွင့်အရေး ပေးရပါမယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီကိစ္စမှာ လူ့အခွင့်အရေးရဲ့အသံ ဖြစ်လာဖို့ ကျွန်မတို့အားလုံး ဆန္ဒရှိပါတယ်”

    သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ နယ်ခြားစောင့်စခန်းတွေကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA က တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း တစ်ကျော့ပြန်ဖြစ်ပွားလာတဲ့ မတည်ငြိမ်မှုတွေကြောင့် ရိုဟင်ဂျာ ၄ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးရတယ်လို့ ကုလက ပြောကြားထားပါတယ်။

    ဒီကစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဝေဖန်မှုတွေကို ခံနေရပြီး နိုဘယ်ဆုရှင်တွေဖြစ်တဲ့ တောင်အာဖရိကဘုန်းတော်ကြီး ဒက်စမွန်တူးတူး၊ ပါကစ္စတန်က မာလာလာ၊ ဘင်္ဂလားဒေ့ရှ်က မိုဟာမက် ယူနွတ်စ်တို့ကလည်း နှုတ်ဆိတ်မနေဖို့ သူမကို တိုက်တွန်းခဲ့ပါတယ်။

    Ref: abc

     

  • နယူးယောက်တွင် အစ္စလာမ့်ဓမ္မပညာရှင်များညီလာခံ ကျင်းပ

    နယူးယောက်တွင် အစ္စလာမ့်ဓမ္မပညာရှင်များညီလာခံ ကျင်းပ

    စက်တင်ဘာ ၁၈၊ ၂၀၁၇
    M-Media

    – အမေရိကန်နှင့် အစ္စလာမ်ကမ္ဘာအကြား ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေး ပိုမို ကောင်းမွန်လာစေရန်အတွက် အစ္စလာမ့်ဓမ္မပညာရှင်များ ညီလာခံတစ်ခုကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် စနေနေ့က ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

    Civilizational Communication between the United States and the Islamic World ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အဆိုပါ ညီလာခံကို ကမ္ဘာ့မွတ်စလင်လိဂ် (MWL) က စီစဉ်ခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂမှ တာဝန်ရှိသူများ၊ နိုင်ငံပေါင်း ၅၆ နိုင်ငံမှ အစ္စလာမ့် ဓမ္မပညာရှင်များ၊ ဒဿနပညာရှင်များ၊ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ စုစုပေါင်း ၄၅၀ ခန့် တက်ရောက်ခဲ့ကြသည်။

    MWL ၏ အထွေထွေအတွင်းရေးမှူး ရှိခ် ဒေါက်တာ ဘင် အဘ်ဒူလ်-ကရင်မ်က အမေရိကန်နှင့် အစ္စလာမ်ကမ္ဘာအကြား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ၊ ပညာရေး၊ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်များမှာ သမိုင်းနှင့်ချီ ရှိခဲ့ကြောင်း၊ မုန်းတီးမှု၊ လူမျိုးရေးခွဲခြားမှုတို့ကို အခြေခံ၍ ဖြစ်ပေါ်လာသည့် ‘ယဉ်ကျေးမှုများပွတ်တိုက်ခြင်း’ ဆိုသည့် ခေါင်းစဉ်က တကယ်မရှိသည့် အဆီးအတားများကို ဖြစ်လာစေကြောင်း ပြောကြားခဲ့သည်။

    “ဒါပေမယ့် အရေးကြီးတာက အပြန်အလှန် အကျိုးစီးပွားအတွက်သာမဟုတ်ဘဲ လူသားထုတစ်ရပ်လုံးအတွက်ဖြစ်စေဖို့၊ လူမှုငြိမ်းချမ်းရေး၊ ပညာရပ်လုံခြုံရေး၊ အဆိုးတွေကိုဖယ်ရှားရေး ဆောင်ရွက်ရမယ်ဆိုတဲ့ နားလည်မှုနဲ့အတူ အတူယှဉ်တွဲနေထိုင်ရေး လိုအပ်တယ်ဆိုတာကို အသိအမှတ်ပြုဖို့ ဖြစ်ပါတယ်။ ပြီးတော့ ဘာသာ၊ လူမျိုး၊ နိုင်ငံရေး၊ အသိပညာနဲ့ အခြားသော မတူညီမှုတွေကို ထည့်မတွက်ဘဲ တရားမျှတမှုနဲ့ ပရဟိတတွေကိုလည်း ဌာပနာရပါမယ်”

    ကမ္ဘာ့ ဘာသာရေးခေါင်းဆောင်များကောင်စီမှ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဘာဝါဂျာအင်က မိမိတို့၏ လုပ်ငန်းစဉ်မှာ အခြားသူကို လက်ခံမှုမှတစ်ဆင့် လေးစားမှုဆီသို့ သွားရမည်ဖြစ်ကြောင်း၊ မကောင်းသည့် အင်အားများကို တိုက်ဖျက်ရေးတွင် အစ္စလာမ့်မစ်နိုင်ငံများနှင့် အမေရိကနိုင်ငံများမှာ စည်းစည်းလုံးလုံးနှင့် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

    ညီလာခံသို့ မက္ကာရှိ မတ်စ်ဂျစ်ဒ် ဟရမ် ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်အီမာမ်ကြီး ရှိခ်-အဘ်ဒူလ်ရဟ်မန် အလ်-ဆော်ဒီအပါဝင် ထင်ရှားသည့် အစ္စလာမ့် ဓမ္မပညာရှင်ကြီးများလည်း တက်ရောက်ခဲ့ကြသည်။

    Ref: Alarabiya

     

  • မာရာဝီမှ ဗလီတစ်လုံးနှင့် အစ္စလာမ့်စာသင်ကျောင်းတစ်ခု IS လက်မှ လွတ်မြောက်

    မာရာဝီမှ ဗလီတစ်လုံးနှင့် အစ္စလာမ့်စာသင်ကျောင်းတစ်ခု IS လက်မှ လွတ်မြောက်

    စက်တင်ဘာ ၁၈၊ ၂၀၁၇
    M-Media

    မာရာဝီမှ ဗလီဝတ်ကျောင်းတော်တစ်လုံးနှင့် အိုးအိမ်အပျက်အဆီးများ မြင်ကွင်း

    – IS သစ္စာခံသည့် မောက်တေ လက်နက်ကိုင်များလက်ထဲမှ ဖိလစ်ပိုင်စစ်တပ်မှာ ဗလီဝတ်ကျောင်းတော်နှင့် အစ္စလာမ့် ဓမ္မသင်တန်းကျောင်းတစ်ခုကို ပြန်လည်သိမ်းပေးခဲ့သည်ဟု သိရသည်။

    ‘ဘာတို ဗလီဝတ်ကျောင်းတော်’ နှင့် ‘အေမိုင်သွလ် အစ္စလာမ်မီယာ မာရာဝီ ဖောင်ဒေးရှင်း’ တို့ ဖြစ်ပြီး ထိုအဆောက်အဦးများအား ခြေကုပ်ယူထားသည့် လက်နက်ကိုင်များနှင့် တိုက်ခိုက်မှုမှာ ၅ နာရီ ကြာမြင့်ခဲ့ကာ စနေနေ့ညနေ ဒေသစံတော်ချိန် ညနေ ၅ နာရီ၌ ပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း၊ ထိုကဲ့သို့ သိမ်းယူရရှိမှုမှာ အကြမ်းဖက်များကို အားနည်းစေရေး ဆောင်ရွက်နေသည့် ဖိလစ်ပိုင်စစ်တပ်၏ ကြီးမားသည့် အောင်ပွဲဖြစ်ကြောင်း စနေနေ့တွင် ဖိလစ်ပိုင် စစ်တပ်မှ ထုတ်ပြန်သော ကြေငြာချက်၌ ဖော်ပြထားသည်။

    “ရှင်းလင်းရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ရန်သူတွေ သိမ်းထားတဲ့ နေရာတွေကို ပိုပြီး သိမ်းနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ဒါဟာ မတိုက်ခိုက်ဘဲနဲ့တော့ မရနိုင်ပါဘူး။ ဒီအတွက်လည်း ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ” ဟု ကြေငြာချက်က ဆိုသည်။

    ထို့ပြင် အကြမ်းဖက်သမားများ၏ ဖမ်းဆီးခံရပြီးနောက် လက်နက်ကိုင်အဖြစ် ခိုင်းစေခံရသူများအနေဖြင့် စစ်တပ်နှင့် ဆက်သွယ်ရန်လည်း ကြေငြာချက်က တိုက်တွန်းထားသည်။

    လွန်ခဲ့သည့် ၄ လအရင် IS သစ္စာခံသည့် မောက်တေ လက်နက်ကိုင်အဖွဲ့က မာရာဝီမြို့ကို သိမ်းယူခဲ့ပြီးနောက်ပိုင်း ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်သမား အများစုပါအ၀င် ၈၄၅ ဦး သေဆုံးခဲ့ပြီး၊ လူသိန်းနှင့်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    ဖိလစ်ပိုင်စစ်တပ်မှာ ပြီးခဲ့သည့် သီတင်းနှစ်ပတ်အတွင်း အဓိက ဗလီ ၃ လုံးခန့်ကို IS လက်မှ ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး အောင်ပွဲအထိမ်းအမှတ်အဖြစ် စစ်သည်များဦးဆောင်သည့် ၀တ်ပြုဆုတောင်းမှုများကို အဆိုပါဗလီဝတ်ကျောင်းများတွင် ပြုလုပ်ခဲ့သည်။

    Ref: abs-cbn.com

  • IS အကြမ်းဖက်အဖွဲ့က ရိုဟင်ဂျာကိစ္စကို အသုံးချကာ လူသူစုဆောင်း

    IS အကြမ်းဖက်အဖွဲ့က ရိုဟင်ဂျာကိစ္စကို အသုံးချကာ လူသူစုဆောင်း

    စက်တင်ဘာ ၁၈၊ ၂၀၁၇
    M-Media

    ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာရွာတစ်ရွာ မီးလောင်နေပုံ

    – ဆီးရီးယားမှာ IS နဲ့ သွားပေါင်းနေတဲ့ မလေးနိုင်ငံသားတွေဟာ ရခိုင်ပြည်နယ်က အဖိနှိပ်ခံ ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ ပုံရိပ်တွေကို အသုံးပြုပြီးတော့ လှုံ့ဆော်ကာ လူသစ်စုဆောင်းမှုတွေ ပြုလုပ်နေတယ်လို့ စင်ကာပူသတင်းဌာန The Straits Times က ဒီနေ့မှာ ဖော်ပြလိုက်ပါတယ်။

    ဖက်ဒရယ်ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဌာနက လက်ထောက်ဒါရိုက်တာ ဒါတွတ်ဆရီ အယွဘ် ခန်း မိုင်ဒင်း ပစ်ချေးက IS အဖွဲ့ဟာ အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်နိုင်ရေး လူသူစုဆောင်းဖို့အတွက် ရိုဟင်ဂျာပြဿနာကို အသုံးချနေတယ်ဆိုတာ မှန်ကန်ကြောင်း အတည်ပြုခဲ့ပါတယ်။

    ငြှင်းပမ်းနှိပ်စက်ခံရတဲ့၊ ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေရဲ့ ဓာတ်ပုံတွေကို အွန်လိုင်းစာမျက်နှာတွေမှာ လွှင့်တင်ပြီး ဂရုဏာသက်အောင်လုပ်ကာ သူတို့အဖွဲ့ထဲ ၀င်ဖို့ သွေးဆောင်နေတယ်လို့လည်း ပစ်ချေးက ဆိုပါတယ်။

    “အင်ဒိုနီးရှားတွေဟာ သူတို့နိုင်ငံက စစ်သွေးလှုပ်ရှားမှုတွေမှာ ပါဝင်နိုင်ချေ ရှိနေတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းတွေကိုလည်း ကျွန်တော်တို့ ရရှိထားပါတယ်” လို့ မနေ့က IS Threat to Youths Awareness Seminar ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ နှီးနှောဖလှယ်ပွဲမှာ သူက ပြောကြားခဲ့ပါတယ်။

    အဲဒီ နှီးနှောဖလှယ်ပွဲကို မလာကာပြည်နယ် ၀န်ကြီးချုပ် ဒါတွတ်ဆရီ အီဒရစ် ဟာရွန်က ဦးဆောင် ပြုလုပ်ခဲ့တာပါ။

    မြန်မာနဲ့ မလေးရှား နီးကပ်နေမှုဟာ IS တွေ သူတို့ရဲ့ သြဇာကို ရခိုင်မှာ ဖြန့်ကျက်နိုင်ရေးအတွက် အခွင့်အလမ်းတစ်ခု ဖြစ်နေတယ်လို့လည်း ပစ်ချေးက ပြောပါတယ်။

    စက်တင်ဘာ ၁၀ ရက်နေ့မှာ မလာကာက လမ်းဘေးဈေးသည်တစ်ယောက်ကို IS အလံတွေ ပုံနှိပ်ဖြန့်ချီမှုနဲ့ ဖမ်းဆီးခဲ့ပြီး အသက် ၃၈ နှစ်အရွယ် ဒီအမျိုးသားဟာ ဖိလစ်ပိုင်နဲ့ ရခိုင်တို့မှာ ဆောင်ရွက်မယ့် IS ရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့အတွက် စီစဉ်နေတယ်လို့ ပစ်ချေးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အရှေ့တောင်အာရှမှာ လှုပ်ရှားနေတဲ့ IS အဖွဲ့ခေါင်းဆောင် မိုဟာမက် ၀မ်ဒီ ဂျီဒီ ဆီးရီးယားမှာ သေဆုံးသွားပေမယ့် ဒေသတွင်း IS ရဲ့ လူသူစုဆောင်းမှုဟာ ဆက်လက် ဖြစ်ပွားနေကြောင်း၊ လက်ရှိ ဆီးရီးယားမှာ ရောက်နေတဲ့ မလေးရှားနိုင်ငံသား ၄ ဦးဟာ မလေးနိုင်ငံသားတွေအကြား လူသစ်စုဆောင်းမှုတွေကို တက်ကြွစွာ လုပ်ဆောင်နေကြောင်းလည်း သူက ဆိုပါတယ်။

    Ref: Straitstimes