News @ M-Media

Author: Ko Lay

  • အိန္ဒိယ၀န်ကြီးချုပ်မိုဒီက ဂျပန်ဝန်ကြီးချုပ်ကို နိုင်ငံ၏ သမိုင်းဝင်ဗလီအား လိုက်လံပြသမည်

    အိန္ဒိယ၀န်ကြီးချုပ်မိုဒီက ဂျပန်ဝန်ကြီးချုပ်ကို နိုင်ငံ၏ သမိုင်းဝင်ဗလီအား လိုက်လံပြသမည်

    စက်တင်ဘာ ၁၂၊ ၂၀၁၇
    M-Media

    ‘ဆစ်ဒီဆိုင်ယစ် ကီ ဂျာလီ’

    – အိန္ဒိယနိုင်ငံကို လာရောက်ဖို့ ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို ၀န်ကြီးချုပ်မိုဒီက နိုင်ငံရဲ့ သမိုင်းနဲ့ ယဉ်ကျးမှုအမွေအနှစ်တစ်ခုဖြစ်တဲ့ ‘ဆစ်ဒီဆိုင်ယစ် ကီ ဂျာလီ’ ဗလီဝတ်ကျောင်းတော်ကို ခေါ်ဆောင် ပြသသွားမယ်လို့ သိရပါတယ်။

    ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ ဆောက်လုပ်မယ့် မွမ်ဘိုင်း-အဟ်မဒ်ဒါဘတ် ကီလိုမီတာ ၂၅၀ ရှိတဲ့ ကျည်ဆံရထားလိုင်း အုတ်မြစ်ချပွဲအတွက် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးဟာ မနက်ဖြန်မှာ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။

    အဟ်မဒ်ဒါဘတ်လေဆိပ်ကို ရောက်ရှိလာမယ့် အာဘေးကို မိုဒီက ကြိုဆိုကာ ပထမဆုံးအနေနဲ့ မဟတ္တမဂန္ဒီနေထိုင်ခဲ့တဲ့ နေရာကို သွားရောက်လည်ပတ်မှာပါ။

    ညနေပိုင်းမှာတော့ ခေါင်းဆောင်နှစ်ဦးဟာ နိုင်ငံရဲ့ သမိုင်းဝင် ‘ဆစ်ဒီဆိုင်ယစ် ကီ ဂျာလီ’ ကို သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ ၁၆ ရာစုက ဆောင်လုပ်ထားတဲ့ ဒီဗလီဝတ်ကျောင်းတော်ရဲ့ ကြွယ်ဝတဲ့ သမိုင်းအမွေအနှစ်၊ ဗိသုကာလက်ရာတွေကို မိုဒီကိုယ်တိုင် အာဘေးကို ရှင်းပြသွားမယ်လို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။

    ဘာဘေးနဲ့ မိုဒီတို့ဟာ ကြာသာပတေးနေ့မှာ မွမ်ဘိုင်း-အဟ်မဒ်ဒါဘတ် ကျည်ဆံရထားလမ်း အုတ်မြစ်ချပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။ အိန္ဒိယရူပီး ကုဋေ ၁၁၀,၀၀၀ ကုန်ကျမယ့် ဒီစီမံကိန်းအတွက် ဂျပန်နိုင်ငံက ကုဋေ ၈၈,၀၀၀ ကို အနည်းဆုံးအတိုးနှုန်းနဲ့ နှစ်ရှည် ထုတ်ချေးပေးမှာပါ။ စီမံကိန်းကိုတော့ ၂၀၂၃ ခုမှာ ပြီးစီးနိုင်ဖို့ မျှော်လင့်ထားပါတယ်။

    ‘ဆစ်ဒီဆိုင်ယစ် ကီ ဂျာလီ’ ကို သက္ကရာဇ် ၁၅၇၃ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဗလီဝတ်ကျောင်းတော် တစ်ခုလုံးမှာ ထွင်းထုထားတဲ့ ကနုတ်ပန်းလက်ရာတွေရဲ့ လှပမှု၊ အနုစိတ်မှု၊ ရုပ်လုံးကြွမှုတွေကြောင့် အဓိက ကျော်ကြားပါတယ်။

    Ref: ndtv

  • နက္ခတ္တဗေဒဦးသျှောင် အလယ်ခေတ် မွတ်စလင်ပညာရှင်ကြီးများ

    နက္ခတ္တဗေဒဦးသျှောင် အလယ်ခေတ် မွတ်စလင်ပညာရှင်ကြီးများ

    စက်တင်ဘာ ၁၂၊ ၂၀၁၇

    M-Media

    နက္ခတ္တဗေဒရဲ့ ဦးသျှောင်တွေဖြစ်တဲ့ အလယ်ခေတ် မွတ်စလင်ပညာရှင်ကြီးတွေ ဒီလို လေ့လာဖို့ နောက်ကွယ်မှာရှိနေတဲ့ တွန်းအားက ဘာလဲ

  • နျူကိစ္စ အီရန်အပေါ် အမေရိကန်၏ရန်လိုမှု IAEA တုန့်ပြန်

    နျူကိစ္စ အီရန်အပေါ် အမေရိကန်၏ရန်လိုမှု IAEA တုန့်ပြန်

    စက်တင်ဘာ ၁၂၊ ၂၀၁၇
    M-Media

    – အီရန်နိုင်ငံ၏ နျူအစီအစဉ်နှင်ပတ်သက်၍ ကမ္ဘာ့အတင်းကြပ်ဆုံး နည်းလမ်းများဖြင့် စစ်ဆေးနေပြီး အီရန်နိုင်ငံမှာ ယခုအချိန်အထိ သဘောတူညီချက်အား ချိုးဖောက်ခြင်း မရှိဟု နိုင်ငံတကာ အနုမြူအေဂျင်စီ (IAEA) က ပြောကြားလိုက်သည်။

    အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံနှင့် အီရန်တို့ ၂၀၁၅ ခုနှစ်က လက်မှတ်ရေးထိုးထားသော အဆိုပါ စာချုပ်တွင် အီရန်မှာ ၎င်းတို့၏ နျူလုပ်ငန်းစဉ်များကို အတိုင်းအတာတစ်ခုအထိ ရပ်တန့်ပေးရန်နှင့် အပြန်အလှန်အားဖြင့် အနောက်နိုင်ငံများက ပိတ်ဆို့မှု ဖယ်ရှားပေးရန် သဘောတူထားခြင်းဖြစ်သည်။

    ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးက အမေရိကန်မှာ အဆိုပါ သဘောတူညီချက်ကို ပယ်ဖျက်သွားမည်ဟု ပြီးခဲ့သည့်တစ်ပတ်က ပြောကြားခဲ့ပြီးနောက် IAEA က ယခုကဲ့သို့ တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

    IAEA အကြီးအကဲ ယူကီယာ အေမာနိုက မိမိတို့အနေဖြင့် အီရန်အား စစ်ဆေးမှုကို တိုးမြှင့်လုပ်ဆောင်နေကြောင်း၊ စစ်ဆေးမှုဓာတ်ပုံများကိုလည်း ပိုမိုထုတ်ပြန်နေကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အဆိုပါ ၂၀၁၅ သဘောတူညီချက်မှာ ‘ဆွေးနွေးညှိနှိုင်းမှုတွင် အဆိုးဝါးဆုံး သဘောတူညီချက်’ ဖြစ်သည်ဟု ယခင်က ပြောကြားထားသည်။

    အီရန်အနေဖြင့် သဘေတူညီချက်အား လိုက်နာခြင်း ရှိ၊ မရှိနှင့် အီရန်အပေါ် ပိတ်ဆို့မှု ထပ်မံပြုလုပ်ရေး ထရမ့်က အောက်တိုဘာလလယ်တွင် သုံးသပ်ရန် ရှိနေသည်။

    အီရန်သမ္မတ ဟာဆန်ရူဟာနီက နျူကလီးယား သဘောတူညီချက်ကို အမေရိကန်၏ ဖျက်ဆီးလိုသည့်ရန်မှ ကာကွယ်ရန်မှာ မိမိတို့ အစိုးရသစ်၏ ဦးစားပေး နိုင်ငံခြားရေး ပေါ်လစီဖြစ်သည်ဟု ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။

    Ref: Aljazeera

  • လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများ ထပ်မံပြုလုပ်

    လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများ ထပ်မံပြုလုပ်

    စက်တင်ဘာ ၁၂၊ ၂၀၁၇
    M-Media

    – ကုလ လုံခြုံရေးကောင်စီမှာ မြောက်ကိုရီးယား၏ ၆ ကြိမ်မြောက် နျူစမ်းသပ်မှုအတွက် စီးပွားရေးပိတ်ဆို့မှုများကို ယမန်နေ့တွင် ထပ်မံပြုလုပ်လိုက်သည်ဟု သိရသည်။

    မြောက်ကိုရီးယား၏ ချည်ထည်တင်ပို့မှုနှင့် ရေနံတင်သွင်းမှု အားလုံးကို ပစ်မှတ်ထားသည့် ပိတ်ဆို့မှုဖြစ်ပြီး အမေရိကန်က တင်သွင်းသော ဆုံးဖြတ်ချက်ကို တရုတ်နှင့် ရုရှားတို့ အပါအ၀င် အဖွဲ့ဝင် ၁၅ နိုင်ငံစလုံးက တစ်ညီတစ်ညွတ်တည်း သဘောတူခဲ့ကြသည်။

    ကနဦးမူကြမ်းတွင် ကင်ဂျုံအန်၏ ပိုဆိုင်မှုများကို သိမ်းဆည်းရန် ပါဝင်သော်လည်း မြောက်ကိုရီးယား၏ မဟာမိတ်များဖြစ်သော တရုတ်နှင့် ရုရှားတို့ကပါ ထောက်ခံနိုင်ရန်အတွက် တောင်းဆိုမှုတစ်ချို့ကို အမေရိကန်က လျှော့ပေးခဲ့ခြင်းဖြစ်သည်။

    အဆိုပါဆုံးဖြတ်ချက်မှာ မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်အတွက် ၂၀၀၆ ခုနှစ်မှစတင်ကာ ကုလလုံခြုံရေးကောင်စီက ပြုလုပ်သည့် ၉ ကြိမ်မြောက် ဆုံးဖြတ်ချက် ဖြစ်သည်။

    ကုလသမဂ္ဂ၏ အမေရိကန်ဆိုင်ရာသံအမတ် နစ်ကီဟာလေးက မိမိတို့မှာ မြောက်ကိုရီးယားနှင့် စစ်ဖြစ်အောင် ဆောင်ရွက်နေခြင်းမဟုတ်ဟု ယမန်နေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

    မြောက်ကိုရီးယးမှာ ပြီးခဲ့သည့်တစ်ပတ်က ၆ ကြိမ်မြောက် နျူလက်နက် စမ်းသပ်မှုကို ပြုလုပ်ခဲ့ပြီး နိုင်ငံသမိုင်းတွင် အင်အားအပြင်းဆုံး စမ်းသပ်မှုဖြစ်သည်။ ပိတ်ဆို့မှု ထပ်လုပ်ရန် စီစဉ်မှုအတွက် ထိုက်တန်သည့် တန်ဖိုးကို ပြန်လည်ပေးဆပ်ရမည်ဟုလည်း အမေရိကန်ကို မြောက်ကိုရီးယားက ခြိမ်းခြောက်ထားသည်။

    Ref: Aljazeera

  • မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ ဆွီဒင်နှင့် ဗြိတိန် တောင်းဆို

    မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ ဆွီဒင်နှင့် ဗြိတိန် တောင်းဆို

    စက်တင်ဘာ ၁၂၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဆိုးရွားလာတဲ့ အခြေအနေတွေအတွက် ကုလ လုံခြုံရေးကောင်စီ အစည်အးဝေး ထပ်လုပ်ဖို့ ဆွီဒင်နဲ့ ဗြိတိန်တို့က မနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

    ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ ARSA က ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို သြဂုတ်လ ၂၅ ရက်နေ့က တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း တစ်ကျော့ပြန် ဖြစ်ပေါ်လာတဲ့ ရခိုင်ပြည်နယ်အတွင်းက မတည်မငြိမ်မှုတွေအပေါ် ကမ္ဘာရဲ့ တုန့်ပြန်မှုက အခုရက်ပိုင်းမှာ ပိုပြီး ပြင်းထန်လာပါတယ်။

    ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇီအစ် ရာအဒ် အလ်-ဟူစိန်က ဂျီနီဗာမှာ မနေ့ကပြုလုပ်တဲ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ခံစားနေရတဲ့ ကိစ္စဟာ ‘လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းခံရမှု ဥပမာ’ မျိုး ဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။

    ရိုဟင်ဂျာတွေဟာ ကိုယ့်အိမ်ကိုယ် မီးရှို့တယ်၊ ကိုယ့်ရွာတွေကို ကိုယ်တိုင် ဖျက်ဆီးတယ်လို့ မြန်မာအစိုးရရဲ့ လီဆယ်ပြောဆိုမှုတွေ ရပ်တန့်သင့်တယ်လို့လည်း ဟူစိန်က တိုက်တွန်းခဲ့ပါတယ်။

    အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးကလည်း ရိုဟင်ဂျာတွေဟာ လူမျိုးတုန်း သတ်ဖြတ်ခံနေရတယ်လို့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပြီး ရခိုင်ပြဿနာ ဖြစ်ပွားလာတဲ့တစ်လျှောက် ဘင်္ဂလားဒေ့ရှ်ရဲ့ အပြင်းထန်ဆုံး မှတ်ချက်လည်း ဖြစ်ပါတယ်။

    မတည်ငြိမ်မှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ရခိုင်တိုင်းရင်းသားတွေကို အစိုးရအစီအစဉ်နဲ့ ကယ်ဆယ်စောင့်ရှောက်ထားပါတယ်။

    ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး ပြီးခဲ့တဲ့ ၂ ပတ်အတွင်း ရောက်ရှိလာတဲ့ ရိုဟင်ဂျာပေါင်း ၂၇၀၀၀၀ လောက်ရှိတယ်လို့ ကုလ သတင်းထုတ်ပြန်ထားပါတယ်။

    ဆွီဒင်နဲ့ ယူကေတို့ရဲ့ တောင်းဆိုမှုနဲ့ မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ အစည်းအဝေးကို မနက်ဖြန်မှာ ကျင်းပဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့လနှောင်းပိုင်းက ဒီလိုအစည်းအဝေးမျိုးတစ်ခု ကျင်းပခဲ့ပေမယ့် တရားဝင် ထုတ်ပြန်ချက်တွေတော့ မပြုလုပ်ခဲ့ပါဘူး။

    Ref: news.com.au, Aljazeera