News @ M-Media

Author: Ko Lay

  • အချက်အလက်ကာကွယ်ရေးဥပဒေ ချိုးဖောက်မှုကြောင့် စပိန်တွင် Facebook ဒဏ်ရိုက်ခံရ

    အချက်အလက်ကာကွယ်ရေးဥပဒေ ချိုးဖောက်မှုကြောင့် စပိန်တွင် Facebook ဒဏ်ရိုက်ခံရ

    စက်တင်ဘာ ၁၁၊ ၂၀၁၇
    M-Media

    – နောက်ပိုင်းမှာ ကြော်ငြာအတွက် အသုံးပြုနိုင်တဲ့ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို စုဆောင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ Facebook ကို စပိန်က ကန်ဒေါ်လာ ၁.၄ သန်း ဒဏ်ရိုက်လိုက်ပါတယ်။

    ဒီကိစ္စနဲ့ပဲ ဘယ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီနဲ့ နယ်သာလန်တို့ကလည်း Facebook ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး စပိန်နိုင်ငံက ပထမဆုံး အရေးယူလိုက်တာပါ။

    စပိန်အစိုးရရဲ့ နည်းပညာဆိုင်ရာ အာဏာပိုင်အဖွဲ့ AEPD က Facebook ဟာ လိင်၊ ဘာသာရေးသက်ဝင်မှု၊ တစ်ကိုယ်ရည်အချက်အလက်တွေလို အသေးစိတ်အချက်အလက်တွေကို စုဆောင်းခဲ့ပြီး ဘယ်လိုနေရာမျိုးမှာ သုံးစွဲမလဲဆိုတာ ကာယကံရှင်တွေကို အသိမပေးခဲ့ဘူးလို့ ဆိုပါတယ်။

    “Facebook ရဲ့ အချက်အလက် လုံခြုံရေးပေါ်လစီဟာ ယေဘူယျဆန်ပြီး၊ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ အထူးကာကွယ်ထားတဲ့ အချက်အလက်တွေကို သူတို့က ကြော်ငြာနဲ့ အခြားရည်ရွယ်ချက်တွေအတွက် အသုံးပြုပြီး အချက်အလက်ကာကွယ်ရေးဥပဒေက သတ်မှတ်ထားတဲ့ အသုံးပြုသူရဲ့ သဘောတူညီမှု ရမယ်ဆိုတဲ့အချက်ကို မလုပ်ဆောင်ပါဘူး။ ဒါဟာ ဆိုးရွားတဲ့ ကျူးလွန်ဖောက်ဖျက်မှုပါ” လို့ AEPD က ဆိုပါတယ်။

    Cookies တွေကို အသုံးပြုပြီးတော့ Facebook ဟာ အကောင့်မရှိသူတွေရဲ့ အချက်အလက်တွေကို သိမ်းဆည်းထားကြောင်း၊ တစ်ခြားဆိုက်တွေကို ၀င်ရောက်ကြည့်ရှုတဲ့အခါမှာလည်း အသုံးပြုသူတွေရဲ့ ဆောင်ရွက်မှုတွေကို Facebook က ခြေရာခံနိုင်ကြောင်း၊ အကောင့်တစ်ခု ပိတ်လိုက်ပေမယ့် အဲဒီသူရဲ့ အချက်အလက်ကို ၁၇ လကျော်အထိ Facebook ထိန်းသိမ်းထားကြောင်း စပိန်အာဏာပိုင်အဖွဲ့က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Reuters

  • ဗုဒ္ဓဘုရားရှင်သာရှိလျင် ဒုက္ခရောက်နေသည့် ရိုဟင်ဂျာများကို ကူညီလိမ့်မည်ဟု ဒလိုင်းလားမားပြော

    ဗုဒ္ဓဘုရားရှင်သာရှိလျင် ဒုက္ခရောက်နေသည့် ရိုဟင်ဂျာများကို ကူညီလိမ့်မည်ဟု ဒလိုင်းလားမားပြော

    စက်တင်ဘာ ၁၁၊ ၂၀၁၇
    M-Media

    – ဗုဒ္ဓမြတ်စွာဘုရားသာ သက်တော်ထင်ရှားရှိမယ်ဆိုရင် ရခိုင်ပြည်နယ် မတည်ငြိမ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ရိုဟင်ဂျာတွေကို ကူညီဖေးမပေးမှာ ဖြစ်တယ်လို့ တိဘက်က နာမည်ကျော် ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောကြားလိုက်ပါတယ်။

    သြဂုတ်လနှောင်းပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA က တိုက်ခိုက်ခဲ့ပြီးတဲ့နောက် တစ်ကျော့ပြန်ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုကြောင့် လူပါင်း ၄၀၀ ကျော်လောက် သေဆုံးခဲ့ပြီး အများစုက အကြမ်းဖက်သမားတွေဖြစ်တယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

    နယ်မြေမတည်ငြိမ်မှုကြောင့် ဒေသခံပြည်သူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ရခိုင်တိုင်းရင်းသားတွေကိုတော့ အစိုးရက ကယ်ဆယ်စောင့်ရှောက်ထားပါတယ်။

    ရိုဟင်ဂျာ အရပ်သားတွေဟာ နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး အခုအချိန်အထိ ၃ သိန်းလောက် ရောက်ရှိနေတယ်လို့ ကုလက ပြောကြားထားပါတယ်။ အဲဒီ ဒုက္ခသည်တွေအတွက် အကူအညီတွေပေးအပ်ဖို့လည်း ကုလက နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး သောကြာနေ့က ဂျာနယ်လစ်တွေရဲ့ မေးမြန်းမှုမှာ ဘုန်းတော်ကြီး ဒလိုင်းလားမားက “မွတ်စလင်တွေကို အရှက်ရစေတဲ့သူတွေအနေနဲ့ ဗုဒ္ဓမြတ်စွာကို သတိရသင့်ပါတယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးသာ သက်တော်ထင်ရှား ရှိမယ်ဆိုရင် ဒုက္ခရောက်နေတဲ့ ဒီမွတ်စလင်တွေကို မုချ ကူညီဖေးမမှာပါ။ ဘုန်းကြီး ဒီလိုပဲ ခံစားရပါတယ်။ အရမ်းလည်း ၀မ်းနည်းမိပါတယ်” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

    Ref: Telegraph

  • ဟိန္ဒူနတ်ဘုရားကို စော်ကားသည့် ကြော်ငြာအတွက် အိန္ဒိယက သြဇီကို ကန့်ကွက်

    ဟိန္ဒူနတ်ဘုရားကို စော်ကားသည့် ကြော်ငြာအတွက် အိန္ဒိယက သြဇီကို ကန့်ကွက်

    စက်တင်ဘာ ၁၁၊ ၂၀၁၇
    M-Media

    – ဟိန္ဒူနတ်ဘုရားတစ်ပါးဖြစ်သည့် Ganesha သိုးသားစားနေသည်ကို ဖော်ကျူးထားသော ကြော်ငြာတစ်ခုကြောင့် အိန္ဒိယက သြစတေးလျကို သံတမန်နည်းလမ်းဖြင့် ဆန့်ကျင်ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

    သြစတေးလျ အသားလုပ်ငန်းတစ်ခုမှ ရိုက်ကူးထုတ်လွှင့်သော အဆိုပါကြော်ငြာတွင် ဘာသာပေါင်းစုံမှ နတ်ဘုရားများ တစ်ဝိုင်းတည်းထိုင်၍ အသားစာနေပုံကို ဖော်ကျူးထားခြင်းဖြစ်ပြီး၊ နတ်ဘုရား Ganesha မှာ မည်သည့်အခါမှ အသားစားခြင်း မရှိခဲ့သောကြောင့် ဟိန္ဒူဘာသာဝင်များမှာ ထိုကြော်ငြာအတွက် ဒေါသထွက်ခဲ့ကြသည်။

    ကန်ဘာရာရှိ အိန္ဒိယကော်မရှင်ရုံးက ၎င်းတို့အနေဖြင့် သြစတေးလျအစိုးရ၏ ဌာန ၃ ခုကို သံတမန်နည်းလမ်းဖြင့် ဆန့်ကျင်ကန့်ကွက်ထားကြောင်း၊ လူအများ၏ ‘ဘာသာရေးယုံကြည်ချက်ကို စော်ကားနာကျင်စေသည့်’ အတွက်ကြောင့် အဆိုပါကြော်ငြာကို ဖယ်ရှားပေးရန် သြစတေးလျ မွေးမြူရေးဌာန (MLA) ကို တိုက်တွန်းထားကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

    “လူ့အဖွဲ့အစည်း တော်တော်များများကလည်း ဒီကြော်ငြာကို ဆန့်ကျင်ကန့်ကွက်ကြောင်း သြဈေးလျအစိုးရနဲ့ MLA ကို အသိပေးထားပါတယ်” ဟု အဆိုပါ ကြေငြာချက်တွင် ဖော်ပြထားသည်။

    သြစတေးလျ ကြော်ငြာအရည်အသွေးဆိုင်ရာ ဗျူရိုက အဆိုပါကြော်ငြာမှာ ဘာသာအယူဝါဒ အများအပြားမှ တိုင်ကြားမှုပေါင်း ၃၀ ကျော် ရရှိထားသည်ဟု ပြောကြားခဲ့သည်။

    သြစတေးလျ ဟိန္ဒူကောင်စီက သိုးသားရောင်းချမှုအတွက် နတ်ဘုရား Ganesha ပုံကို အသုံးပြုထားသော အဆိုပါကြေငြာမှာ ‘ရိုင်းစိုင်းပြီး ဆိုးရွားသည့် လုပ်ရပ်’ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ထိုကြော်ငြာကို ဖယ်ရှားပေးရေးအတွက် အွန်လိုင်းတောင်းဆိုလွှာတစ်ခုလည်း ပေါ်ထွက်နေပြီး လက်မှတ်ထိုးသူ ၄၄၀၀ ကျော် ရှိနေပြီဖြစ်သည်။

    Ref: BBC

  • သြစတေးလျ နိုင်ငံရေးသမိုင်းတွင် မွတ်စလင်အမျိုးသမီးတစ်ဦး မှတ်တမ်းသစ် ရေးထိုး

    သြစတေးလျ နိုင်ငံရေးသမိုင်းတွင် မွတ်စလင်အမျိုးသမီးတစ်ဦး မှတ်တမ်းသစ် ရေးထိုး

    စက်တင်ဘာ ၉၊ ၂၀၁၇
    M-Media

    လက်ဘနွန်နွယ်ဖွား နာဒီယာဆာလေဟ်

    – သြစတေးလျက လူနေအထူထပ်ဆုံး မြို့တစ်ခုရဲ့ မြို့တော်ကောင်စီအဖွဲ့ ရွေးချယ်ပွဲမှာ မွတ်စလင် ၄ ဦး ရွေးတောက်တင်မြှောက်ခံရပြီး မွတ်စလင်အမျိုးသမီးတစ်ဦးဟာ ပုဝါဆောင်းတဲ့ ပထမဆုံး သြဇီ မြို့တော်ကောင်စီဝင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    မြို့တော်ဆစ်ဒနီက ကန်တာဘူရီ ဘန့်စ်တောင်းမြို့ဖြစ်ပြီး သြဇီနိုင်ငံရေးသမိုင်းမှာ မှတ်တမ်းသစ် ရေးထိုးခဲ့သူကတော့ လက်ဘနွန်နွယ်ဖွား နာဒီယာဆာလေဟ်ဆိုတဲ့ အမျိုးသမီး ဖြစ်ပါတယ်။

    သူဟာ Riverwood Community Center ရဲ့ စီအီးအိုအဖြစ် ၁၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး မြို့တော်ကောင်စီ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တာပါ။

    ခင်ပွန်းဖြစ်သူ ခီဒါရ် ဆာလေဟ်ကလည်း ဘန့်စ်တောင်းမြို့ရဲ့ ဒုတိယ မြို့တော်ဝန်အဖြစ် ၃ ကြိမ်ဆက် ၁၃ နှစ်ကြာ တာဝန်ထမ်းဆာင်ခဲ့သူဖြစ်ပါတယ်။ မြို့အတွင်းမှာ အာရပ်နွယ်ဖွား ၁၅၀၀၀၀ လောက်ရှိပြီး အများစုဟာ လက်ဘနွန်က ဖြစ်ပါတယ်။

    ခီဒါရ်ဟာ ဘန့်စ်တောင်း မြို့တော်ကောင်စီဝင်အဖြစ် အရွေးခံရတဲ့ ပထမဆုံး အာရပ်လူမျိုး အစ္စလာမ်ဘာသာဝင်ဖြစ်ပါတယ်။

    နာဒီယာဆာလေဟ်ဟာ အဖွဲ့ဝင် ၁၅ ဦးပါအ၀င်တဲ့ မြို့တော်ကောင်စီမှာ အခြား မွတ်စလင် ၃ ဦးနဲ့အတူ အရွေးခံခဲ့ရတာပါ။

    ကျန်တဲ့ ၃ ဦးမှာ မိုဟာမက် ဟူဒါနဲ့ မိုဟာမက် ဇာမန်တို့ဟာ ဘင်္ဂလားဒေ့ရှ်နွယ်ဖွားတွေ ဖြစ်ပါတယ်။ စတုတ္ထတစ်ဦးက လက်ဘနွန်နွယ်ဖွား ဘီလာလ် အလ် ဟာယက် ဖြစ်ပါတယ်။

    ခီဒါရ်က ဇနီးဖြစ်သူ အခုလို ရွေးကောက်တင်မြှောက်ခံရတာဟာ အရေးပါတဲ့ အောင်မြင်မှုဖြစ်ကြောင်း၊ နိုင်ငံရေး သြဇာရှိသူတွေ၊ ပါတီတွေနဲ့ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး၊ အစ္စလာမ်ကို ဆန့်ကျင်တိုက်ခိုက်သူတွေ၊ လူမျိုးရေးခွဲခြားသူတွေရဲ့ နှောက်ယှက်မှုတွေကိုလည်း ခံခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Alarabiya

  • လွှတ်တော်ဥက္ကဌဟောင်း ဟာလီမာယာကွဘ် စင်ကာပူ၏ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာ

    လွှတ်တော်ဥက္ကဌဟောင်း ဟာလီမာယာကွဘ် စင်ကာပူ၏ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာ

    စက်တင်ဘာ ၁၁၊ ၂၀၁၇
    M-Media

    – စင်ကာပူလွှတ်တော်ဥက္ကဌဟောင်း မွတ်စလင်အမျိုးသမီး ဟာလီမာယာကွဘ်ဟာ နိုင်ငံရဲ့ နောက်တက်မယ့်သမ္မတ ဖြစ်လာတော့မှာဖြစ်ပြီး စင်ကာပူရဲ့ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

    စင်ကာပူနိုင်ငံရဲ့ သမ္မတအဖြစ် အခုတစ်ကြိမ် တာဝန်ထမ်းဆောင်ဖို့ အလှည့်ကျတဲ့ လူ့အဖွဲ့အစည်းဟာ မလေးလူ့အဖွဲ့အစည်းဖြစ်ပြီး ဟာလီမာ ယာကွဘ်၊ စီးပွားရေးသမား မိုဟာမက် ဆာလေဟ် မာရီကန်နဲ့ ဖာရစ်ခန်းတို့က သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းခဲ့တာပါ။

    စင်ကာပူ ရွေးကောက်ပွဲဌာနက သူတို့ ၃ ဦးကို စီစစ်မှုတွေ လုပ်ပြီးတဲ့နောက်မှာတော့ မာရီကန်နဲ့ ဖာရစ်ခန်းတို့ဟာ သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ အရည်အချင်းပြည့်မီခြင်းမရှိဘူးလို့ ဆုံးဖြတ်ကြောင်း ဒီနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ဒါ့ကြောင့် အရည်အချင်းပြည့်မီတဲ့ တစ်ဦးတည်းသောသူဖြစ်တဲ့ ဟာလီမာယာကွဘ်ဟာ ရွေးကောက်ခံစရာမလိုဘဲ သမ္မတဖြစ်လာခဲ့ကာ လာမယ့် ဗုဒ္ဓဟူးနေ့ သမ္မတအဖြစ် တရားဝင်တင်မြှောက်တဲ့ အခမ်းအနားပြီးတဲ့နောက် ကြာသာပတေးနေ့မှာ စတင် တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။

    အသက် ၆၈ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဟာလီမာ ယာကွဘ်ဟာ နိုင်ငံရဲ့ ၈ ဦးမြောက် သမ္မတလည်း ဖြစ်ပါတယ်။

    သမ္မတဟောင်း တိုနီတန်ရဲ့ ၆ နှစ်တာ သက်တမ်းဟာ သြဂုတ်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးခဲ့ပြီး လက်ရှိမှာ သမ္မတအကြံပေးကောင်စီရဲ့ ဥက္ကဌ ဂျေ ၀ိုင် ပီလေးက ခေတ္တသမ္မတာဝန် ရယူထားပါတယ်။

    သမ္မတရာထူးဟာ စင်ကာပူနိုင်ငံမှာ တိုင်းပြည်ရဲ့ အမှတ်သညာတစ်ခုဖြစ်ပြီး နိုင်ငံရဲ့ ပထမဆုံး သမ္မတအဖြစ် မလေးမွတ်စလင် ယူစွဖ် အစ္စဟက်က သူကွယ်လွန်ချိန် ၁၉၇၀ အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

    ဟာလီမာယာကွဘ်ဟာ ၁၉၇၈ ခုနှစ်မှာ ဥပဒေဘာသာရပ်ကို ဂုဏ်ထူးတန်းကနေ အောင်မြင်ခဲ့တာဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာ အာဏာရ People’s Action Party ပါတီရဲ့ အမတ်အဖြစ် နိုင်ငံရေးလောကထဲကို ၀င်ရောက်လာတာဖြစ်ပါတယ်။

    လူ့အဖွဲ့အစည်း၊ လူငယ်နှင့် အာကစား ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနက ၀န်ကြီး၊ လူမှုဖူလှုံရေးဝန်ကြီးဌာန ၀န်ကြီး စတဲ့ ရာထူးတွေအပါအ၀င် စင်ကာပူနိုင်ငံရေးနယ်ပယ်မှာ ထိပ်တန်းတာဝန်တွေကို ရယူခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှာ စင်ကာပူ လွှတ်တော်ဥက္ကဌအဖြစ် တင်မြှောက်ခံခဲ့ရကာ ၂၀၁၇ ခုနှစ် သြဂုတ်လအထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

    Ref: CNA,Todyaonline