News @ M-Media

Author: Ko Lay

  • ရိုဟင်ဂျာပြဿနာကြောင့် မြန်မာမှာ IS အဖွဲ့၏ ပစ်မှတ် ဖြစ်လာနိုင်ကြောင်း မလေးရှားသတိပေး

    ရိုဟင်ဂျာပြဿနာကြောင့် မြန်မာမှာ IS အဖွဲ့၏ ပစ်မှတ် ဖြစ်လာနိုင်ကြောင်း မလေးရှားသတိပေး

    စက်တင်ဘာ ၆၊ ၂၀၁၇
    M-Media

    အေက်တိုဘာအကြမ်းဖက်တိုက်ခိုက်မှုအပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်သည့် နယ်မြေရှင်းလင်းရေး ပုံရိပ်တစ်ခု

    – အဖိနှိပ်ခံ ရိုဟင်ဂျာတွေအတွက် နိုင်ငံရပ်ခြား IS ထောက်ခံသူတွေရဲ့ တိုက်ခိုက်ခံရဖို့အန္တရာယ်ဟာ မြန်မာနိုင်ငံအတွက် မြင့်တက်လာနေပြီလို့ မလေးရှား အကြမ်းဖက်တိုက်ဖျက်ရေး အကြီးအကဲ အယွဘ်ခန်း မိုင်ဒင်း ပစ်ချေးက ပြောကြားလိုက်ပါတယ်။

    မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာအစိုးရကို ဦးဆောင်တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်ထားသူ IS အဖွဲ့ဝင် အင်ဒိုနီးရှားအမျိုးသားတစ်ဦးကို မလေးရှား အာဏာပိုင်တွေက ပြီးခဲ့တစ်ပတ်မှာ ထိန်းသိမ်းထားလိုက်ပြီး အကြမ်းဖက်အုပ်စုတွေနဲ့ ဆက်နွယ်မှုအတွက် ဒီနေ့မှာ တရားစွဲဆိုဖို့ ရှိပါတယ်။

    အယွဘ်ခန်းကတော့ ရိုဟင်ဂျာပြဿနာကြောင့် ဒီလိုထပ်လုပ်မယ့် စစ်သွေးကြွတွေ ထပ်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၉ ရက်နေ့က နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး မြန်မာအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီတိုက်ခိုက်မှုတွေမှာ IS တွေ ပါဝင်တာမျိုး၊ IS နဲ့ ဆက်စပ်တာမျိုး မရှိဘူးလို့ ပြောကြားထားတာပါ။

    လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ရခိုင်ပြည်နယ်ပြဿနာဟာ ဖိလစ်ပိုင်ကနေ အင်ဒိုနီးရှား၊ မလေးရှားတို့အထိ ကျယ်ပြန့်တဲ့ အစ္စလာမ့်မစ်ကွန်ယက်တွေ အသုံးချစရာ ဖြစ်လာမယ့် အန္တရာယ်ရှိနေတယ်လို့ သတိပေးထားပါတယ်။

    “IS ဒါမှမဟုတ် အခြားအဖွဲ့ကလူတွေဟာ ရိုဟင်ဂျာတွေကို ကူညီဖို့အတွက် နည်းလမ်းတွေရှာကာ မြန်မာနိုင်ငံကို သွားကြမယ့် ဖြစ်နိုင်ချေတွေ တော်တော်ရှိနေပါတယ်” လို့ အယွဘ်ခန်းက ပြောကြားခဲ့ပါတယ်။

    မတည်ငြိမ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေဟာ စစ်သွေးကြွအဖွဲ့တွေ လူသစ်စုဆောင်းလို့ကောင်းမယ့် အနေအထားမျိုးဖြစ်နေကြောင်း လုံခြုံရေးကျွမ်းကျင်သူတွေဟာ အရင်ကတည်းက သတိပေးထားတာပါ။

    သြဂုတ်လနှောင်းပိုင်းက ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း တစ်ကျော့ပြန်ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုကြောင့် လူပေါင်း ၄၀၀ လောက်သေဆုံးခဲ့ကာ အများစုက အကြမ်းဖက်သမားတွေဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ရခိုင်ပြည်နယ် ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှု ဆန့်ကျင်ရှုတ်ချရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ကမ္ဘာတစ်ဝှမ်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

    Ref: The Guardian

  • ရခိုင်ပြည်နယ်တွင် လူမျိုးစုလိုက်သုတ်သင်မှုအန္တရာယ် ရှိနေပြီဟု ကုလအတွင်းရေးမှူးပြော

    ရခိုင်ပြည်နယ်တွင် လူမျိုးစုလိုက်သုတ်သင်မှုအန္တရာယ် ရှိနေပြီဟု ကုလအတွင်းရေးမှူးပြော

    စက်တင်ဘာ ၆၊ ၂၀၁၇
    M-Media

    ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်

    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့အတွက် ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မြန်မာအစိုးရကို မေတ္တာရပ်ခံလိုက်ပြီး လူမျိုးစုလိုက် သုတ်သင်မှုအန္တရာယ်မျိုး ရှိနေပြီလို့လည်း သတိပေးလိုက်ပါတယ်။

    သြဂုတ်လနှောင်းပိုင်းက ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA ဟာ ပြည်နယ်မြောက်ပိုင်းက ရဲကင်းပေါင်း ၃၀ လောက်ကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီးတဲ့နောက် တစ်ကျော့ပြန်ဖြစ်လာတဲ့ မတည်ငြိမ်မှုအတွင်း ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    မြန်မာအစိုးရက ရခိုင်တိုင်းရင်းသားတွေကို ဘေးလွတ်ရာနေရာကို ပြောင်းရွှေ့ပေးထားပြီး တိုက်ခိုက်မှုအတွင်း လူ ၄၀၀ ကျော်လောက် သေဆုံးခဲ့ကာ အများစုက အကြမ်းဖက်သမားတွေဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

    မတည်ငြိမ်မှုတွေကြောင့် ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပြီး ပြီးခဲ့တဲ့ ၁၂ ရက်အတွင်း စုစုပေါင်း ၁၂၅၀၀၀ လောက်ရှိတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

    “ရိုဟင်ဂျာတွေ ဆင်းရဲဒုက္ခ ခံစားနေလာရတာဟာ တော်တော်လေးကြာညောင်းနေပြီဖြစ်ပြီး ဒါဟာ ဒေသတွင်း မတည်ငြိမ်မှုရဲ့ ငြင်းမရတဲ့ အကြောင်းအချက်တစ်ခု ဖြစ်ပါတယ်။ ဒီလို ဆိုးရွားရဲ့ အကြမ်းဖက်သံသရာကို အဆုံးသတ်ဖို့၊ လိုအပ်ချက်ရှိသူအားလုံးကို လုံခြုံရေးနဲ့ ကူညီထောက်ပံ့မှုတွေ ပြုလုပ်သွားဖို့အတွက် မြန်မာအာဏာပိုင်တွေဟာ ပြတ်သားတဲ့ ဆောင်ရွက်မှုတွေ မဖြစ်မနေ ဆောင်ရွက်ရပါတော့မယ်” လို့ မနေ့မှာ ဂူတာရက်စ်က နယူးယောက် ကုလရုံးချုပ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    အခြေအနေ တည်ငြိမ်လာရေးအတွက် ဖိအားပေးဖို့ ကုလ လုံခြုံရေးကောင်စီကို ဂူတာရက်စ်က တိုက်တွန်းခဲ့ပြီး၊ လုံခြုံရေးကောင်စီကို ပေးစာမှာ “ပြဿနာ ထပ်မံမကြီးထွားအောင် ခိုင်မာတဲ့ ကြိုးပမ်းမှုတွေ ဆောင်ရွက်ဖို့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ တာဝန်ရှိနေပြီ” လို့ ဖော်ပြခဲ့ပါတယ်။ ကုလအတွင်းရေးမှူးချုပ်က အဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ လုံခြုံရေးကောင်စီကို စာပို့တယ်ဆိုတာ ရှားပါးတဲ့ ဖြစ်ရပ်ပါ။

    ကုလအတွင်းရေးမှူးချုပ်ဟာ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ လူသားချင်းစာနာထောက်မှုဆိုင်ရာ ကပ်ဆိုး မဖြစ်အောင် ဆောင်ရွက်ဖို့ ပြီးခဲ့တဲ့တစ်ပတ်မှာ တိုက်တွန်းခဲ့ပြီး ဒီတစ်ပတ်မှာတော့ ပိုမို ဖိအားပေးလာတာဖြစ်ပါတယ်။

    လုံခြုံရေးကောင်စီဟာ ရခိုင်အရေးအတွက် ပြီးခဲ့တဲ့တစ်ပတ်မှာ တံခါးပိတ် ဆွေးနွေးခဲ့ကြပြီး တရားဝင် ကြေငြာချက်တော့ ထွက်မလာခဲ့ပါဘူး။

    ကုလသမ္မတ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးရဲ့ ရိုဟင်ဂျာတွေရဲ့ အန္တရာယ်ကင်းရှင်းရေးအတွက် အလွန်အမင်းစိုးရိမ်မိတယ်လို့ ပြောကြားထားပါတယ်။

    Ref: Aljazeera

  • ရခိုင်အရေး သမိုင်းဝင် ဘိုရိုဘုဒေါရ်ဘုရားတွင် ဆန္ဒပြရန်စီစဉ်မှု အင်ဒိုနီးရှား ခွင့်မပြု

    ရခိုင်အရေး သမိုင်းဝင် ဘိုရိုဘုဒေါရ်ဘုရားတွင် ဆန္ဒပြရန်စီစဉ်မှု အင်ဒိုနီးရှား ခွင့်မပြု

    စက်တင်ဘာ ၆၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေ ဖိနှိပ်ခံရမှုကို ဆန့်ကျင်ဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ ဂျာဗားကျွန်းအလယ်ပိုင်းက ဘိုရိုဘုဒေါရ် ဘုရားကြီးမှာ ဆန္ဒပြဖို့ စီစဉ်မှုကို ခွင့်ပြုသွားမှာ မဟုတ်ဘူးလို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

    ၉ ရာစုက တည်ထားပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ အမှတ်သညာလည်းဖြစ်တဲ့ ဒီဘုရားကြီအနီးမှာ အစ္စလာမ်အဖွဲ့တွေဟာ သောကြာနေ့မှာ ဆန္ဒပြဖို့ စီစဉ်ထားကြတာပါ။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် ဆက်ဆံမှုနဲ့ပတ်သက်ပြီး အင်းနီးရှားနဲ့ မလေးရှားတို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။

    “ဘိုရိုဘုဒေါရ်ဘုရားမှာ ပြုလုပ်မယ့် လုပ်ရပ်ကို ကျွန်တော်တို့ ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒါဟာ အင်ဒိုနီးရှားရဲ့ သမိုင်းအမွေအနှစ်သာမကဘဲ ကမ္ဘာ့ သမိုင်းအမွေအနှစ်လည်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားအစိုးရက ရိုဟင်ဂျာပြဿနာအတွက် ဆောင်ရွက်ပြီးဖြစ်တာကြောင့် ဒီကိစ္စအတွက် ဆန္ဒပြစရာ မလိုပါဘူး” လို့ အင်ဒိုရဲတပ်ဖွဲ့အကြီးအကဲ တီတို ကာရ်နာဗီယန်က ပြောကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က သွေးထွက်သံယိုမှုတွေကို ရပ်တန့်ဖို့အတွက် အင်ဒိုနိးရှားနိုင်ငံခြားရေးဝန်ကြီး မာဆူဒီဟာ တနင်္လာနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ခေါင်းဆောင်ပိုင်း ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မာဆူဒီဟာ အင်္ဂါနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။

    ဘိုရိုဘုဒေါရ်ဘုရားရှေ့မှာ ဆန္ဒပြဖို့ စီစဉ်သူကတော့ အင်ဒိုနီးရှားရဲ့ ဘာသာရေး သည်းခံနိုင်မှုကို ပြသတဲ့အနေနဲ့ ဘုရားနားမှာ ငြိမ်းချမ်းစွာ ဆန္ဒပြကြမှာဖြစ်တယ်လို့ ဆိုပါတယ်။

    “ဘိုရိုဘုဒေါရ်ဘုရားဟာ ဘာသာရေးသည်းခံမှုရဲ့ အံ့ချီးဖွယ် အမှတ်ညာဖြစ်ပါတယ်။ ဒီဘုရားကြီးဟာ မွတ်စလင်အများစုရှိရာနိုင်ငံမှာ ရှိနေပေမယ့် လုံခြုံအေးချမ်းနေတယ်ဆိုတာ ကမ္ဘာကြီးကို ပြချင်တာပါ။ ဒီမှာ ဘုန်းကြီးတွေလည်း အန္တရာကင်းနေပါတယ်” လို့ အေနန် အီမာမူဒင်က ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • ရခိုင်ပြည်နယ် အကြပ်အတည်းကို ကြားဝင်ပေးရန် ဘင်္ဂလားဒေ့ရှ် နိုဘယ်ဆုရှင်က ကုလကို တောင်းဆို

    ရခိုင်ပြည်နယ် အကြပ်အတည်းကို ကြားဝင်ပေးရန် ဘင်္ဂလားဒေ့ရှ် နိုဘယ်ဆုရှင်က ကုလကို တောင်းဆို

    စက်တင်ဘာ ၆၊ ၂၀၁၇
    M-Media

    ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မိုဟာမက် ယူနွတ်စ်

    – မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာရှိတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းကို အဆုံးသတ်ရေး ချက်ခြင်း ကြားဝင်ဆောင်ရွက်ပေးဖို့အတွက် ဘင်္ဂလားဒေ့ရှ်က ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မိုဟာမက် ယူနွတ်စ်က ကုလ လုံခြုံရေးကောင်စီကို မနေ့မှာ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ပါတယ်။

    “မြန်မာနိုင်ငံရဲ့ ရခိုင်ဒေသမှာ လူသားထုဆိုင်ရာ ဖြစ်ရပ်ဆိုးကြီးနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေဟာ အန္တရာယ်ရှိတဲ့ အနေအထား ဖြစ်လာနေတာဆိုတာကို ခင်ဗျားတို့လည်း သိရှိထားပါတယ်” လို့ အဲဒီစာမှာ ဘင်္ဂလားဒေ့ရှ် စီးပွားရေးပညာရှင် ယူနွတ်စ်က ရေးသားခဲ့ပါတယ်။

    ပြည်နယ်အတွင်းမှာ လတ်တလော မြန်မာစစ်တပ်ရဲ့ ထိုးစစ်တွေကြောင့် လူတွေ သေဆုံးရမှုကိုလည်း သူက ထောက်ပြခဲ့ပါတယ်။

    “သိန်းနဲ့ချီတဲ့လူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ရွာတွေလည်း မီးရှို့ခံရပြီး အမျိုးသမီးတွေ အဓမ္မကျင့်ခံရတာ၊ အရပ်သားတော်တော်များများ တရားလက်လွတ် ဖမ်းဆီးခံရတာ၊ ကလေးတွေ သတ်ဖြတ်ခံရတာတွေ ရှိနေပါတယ်။ အရေးအကြီးဆုံးက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေဟာ လုံးဝ ၀င်ရောက်ခွင့်မရတာဖြစ်ပြီး ဒါဟာ တော်တော်လေး ဆင်းရဲတဲ့ အဲဒီဒေသအတွင်း ဆိုးဝါးတဲ့ လူသားချင်းစာနထောက်ထားမှုဆိုင်ရာ အကြပ်အတည်းကို ဖြစ်စေပါတယ်” လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

    သြဂုတ်လနှောင်းပိုင်းက ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA ဟာ ပြည်နယ်မြောက်ပိုင်းက ရဲကင်းပေါင်း ၃၀ လောက်ကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီးတဲ့နောက် တစ်ကျော့ပြန်ဖြစ်လာတဲ့ မတည်ငြိမ်မှုအတွင်း ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    မြန်မာအစိုးရက ရခိုင်တိုင်းရင်းသားတွေကို ဘေးလွတ်ရာနေရာကို ပြောင်းရွှေ့ပေးထားပြီး တိုက်ခိုက်မှုအတွင်း လူ ၄၀၀ ကျော်လောက် သေဆုံးခဲ့ကာ အများစုက အကြမ်းဖက်သမားတွေဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

    ယူနွတ်စ်က ပြီးခဲ့တဲ့ ၁၂ ရက်တာအတွင်းမှာ ရိုဟင်ဂျာ ၁ သိန်း ၂ သောင်းကျော်လောက်က ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာရတယ်လို့ ဆိုပါတယ်။

    “ခင်ဗျားတို့ရဲ့ ဆောင်ရွက်မှုတွေ ရှိနေပေမယ့် အခြေအနေက တိုးတက်မလာပါဘူး။ ဒီတစ်ကြိမ်မှာတော့ အပြစ်မဲ့အရပ်သားတွေအပေါ် အကြမ်းဖက်မှုကို ရပ်တန့်ရေး ပြတ်သားတဲ့ ဆောင်ရွက်မှုတွေလုပ်ဖို့၊ ရခိုင်ပြည်နယ်မှာ ရေရှည်ခံတဲ့ ငြိမ်းချမ်းရေး ဆောင်ကျဉ်းပေးဖို့ ခင်ဗျားတို့ကို ကျွန်တော် တိုက်တွန်းပါတယ်။ ဒီဒေသအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖြစ်ဆိုးတွေကို ရပ်တန့်ကာ၊ ငြိမ်းချမ်းမှု တည်ဆောက်ဖို့ ကုလလုံခြုံရေးကောင်စီရဲ့ ပါဝင်ဆောင်ရွက်မှုကို ကမ္ဘာကြီးက စောင့်မျှော်နေပါတယ်” လို့ ယူနွတ်စ်က စာထဲမှာ ရေးသားခဲ့ပါတယ်။

    ရခိုင်ပြည်နယ် မတည်ငြိမ်မှုနဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝှမ်းမှာ ဆန္ဒပြမှုတွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ရှုတ်ချမှုတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ခပ်စိတ်စိတ်ဖြစ်လာခဲ့ပြီး နိုဘယ်ဆုရှင် မာလာလာ၊ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီတို့ကလည်း မြန်မာအစိုးရရဲ့ တုန့်ပြန်ဆောင်ရွက်မှုအတွက် မေးခွန်းထုတ်ခဲ့ကြပါတယ်။

    မိုဟာမက် ယူနွတ်စ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ဆင်းရဲနွမ်းပါးသူ ပပျောက်ရေး ထိရောက်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်မှုကြောင့် ကမ္ဘာကျော်လာခဲ့ပြီး ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

    Ref : Daily Star

  • လေကြောင်းနယ်ပယ်က မွတ်စလင်တွေရဲ့ ပညာအမွေအနှစ်တစ်ခု

    လေကြောင်းနယ်ပယ်က မွတ်စလင်တွေရဲ့ ပညာအမွေအနှစ်တစ်ခု

    စက်တင်ဘာ ၆၊ ၂၀၁၇
    M-Media

    – ဒီနေ့ခေတ် လေယာဉ်ပျံသန်းမှု ပညာရပ်မှာ အရေးပါတဲ့ ဟန်ချန်ထိန်းညှိမှုဆိုင်ရာ အခြေခံအချက်တွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၀၀ အရင်က အုတ်မြစ်ချခဲ့တယ်ဆိုရင် အံ့သြနေမလား။

    ဒီထက်ပိုအံ့သြစရာကောင်းတာကတော့ လေကြောင်းနယ်ပယ်ရဲ့ အသက်သွေးကြော ဖြစ်တဲ့ ဒီအုတ်မြစ်တွေကို ချပေးခဲ့သူဟာ မွတ်စလင်ပညာရှင်ကြီးတစ်ဦး ဖြစ်နေတာပါ။

    သူကဘယ်သူလဲ၊ ဘယ်မှာ ပညာဆည်းပူးခဲ့သလဲ၊ သူ့ရဲ့ ဘယ်လက်ရာက လကြောင်းနယ်ပယ်အတွက် အရေးပါခဲ့သလဲ၊ သိပ္ပံနယ်ပယ်မှာ သူ့ရဲ့ ဘွဲ့ထူးက ဘာလဲဆို ဒီဗီဒီယိုမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

    Source – Aljazeera