News @ M-Media

Author: Ko Lay

  • ဘင်္ဂလားဒေ့ရှ်-မြန်မာ လျှို့ဝှက်စာချုပ်တွင် ရိုဟင်ဂျာကို နိုင်ငံသားအဖြစ် မြန်မာက အသိအမှတ်ပြုထားကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာ ဖော်ပြ

    ဘင်္ဂလားဒေ့ရှ်-မြန်မာ လျှို့ဝှက်စာချုပ်တွင် ရိုဟင်ဂျာကို နိုင်ငံသားအဖြစ် မြန်မာက အသိအမှတ်ပြုထားကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာ ဖော်ပြ

    စက်တင်ဘာ ၄၊ ၂၀၁၇
    M-Media

    ၁၉၇၈ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ ချုပ်ဆိုခဲ့သည့် လျှို့ဝှက်စာချုပ်

    – ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံသားတွေမဟုတ်ဘူးလို့ မြန်မာအစိုးရက ကြေငြာနေပေမယ့် ၁၉၇၈ ခုနှစ် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့ရဲ့ လျှို့ဝှက်သဘောတူညီချက်မှာ မြန်မာအစိုးရဟာ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် တရားဝင် အသိအမှတ်ပြုထားတယ်လို့ ဘင်္ဂလားဒေ့ရှ် မီဒီယာတစ်ခုဖြစ်တဲ့ Dhaka Tribune က မနေ့မှာ ဖော်ပြလိုက်ပါတယ်။

    မြန်မာအစိုးရဟာ လူနည်းစု ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးရအောင် စနစ်တကျ အကြမ်းဖက်နေကြောင်း၊ အေဒီ ၈ ရာစုလောက်ကတည်းက ရှိခဲ့တဲ့ ရိုဟင်ဂျာတွေနဲ့ ရခိုင်ပြည်နယ်ရဲ့ သမိုင်းနဲ့ချီတဲ့ ဆက်စပ်မှုကို ဖျောက်လိုတဲ့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ ‘ရိုဟင်ဂျာ’ ဆိုတဲ့ စကားလုံးကို မသုံးဖို့အတွက် မြန်မာအစိုးရက တောင်းဆိုထားကြောင်း ၀ဘ်ဆိုက်က ဆိုပါတယ်။

    ‘မူလနိုင်ငံသို့ ပြန်ပို့ရေး သဘောတူညီချက်’ ဆိုတဲ့ခေါင်းစဉ်နဲ့ ၁၉၇၈ ခုနှစ်မှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ လျှို့ဝှက် လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်မှာ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံအတွင်းမှာ တရားဝင်နေထိုင်သူတွေအဖြစ် မြန်မာအစိုးရက ၀န်ခံထားတာကို Dhaka Tribune က ထောက်ပြခဲ့ပါတယ်။

    အဲဒီစာချုပ်ကို ၂၀၁၄ ခုနှစ်မှာ Princeton တက္ကသိုလ်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး Forbes က ဒီအကြောင်းကို ထပ်ဆင့်ဖော်ပြခဲ့တာဖြစ်ပါတယ်။

    Dhaka Tribune ကတော့ ၁၉၆၂ ခုနှစ်ကစလို့ မြန်မာအစိုးရဟာ ရိုဟင်ဂျာတွေကို ဖိနှိပ်ခဲ့ပြီး ၁၉၇၇ ခုနှစ်မှာ ‘နိုင်ငံခြားသား’ တွေကို ဖော်ထုတ်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံသားစီစစ်ရေးကို လုပ်ဆောင်ခဲ့ကြောင်း၊ အထူးသဖြင့် ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတာ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

    မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ်ကနေ ရုပ်သိမ်းတာ၊ အဓမ္မကျင့်တာ၊ သတ်ဖြတ်တာတွေကို လုပ်ဆောင်တယ်လို့ သတင်းတွေထွက်ခဲ့ပြီး ၁၉၇၈ ခုနှစ် မေလအတွင်းမှာ ရိုဟင်ဂျာ ၂ သိန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာခဲ့ရကာ နယ်စပ်က ကုလရဲ့ ဒုက္ခသည်စခန်း ၁၃ ခုမှာ နေထိုင်ခဲ့ရတယ်လို့လည်း Dhaka Tribune က ဆိုပါတယ်။

    မြန်မာအာဏာပိုင်တွေကတော့ ဒီလို ထွက်ပြေးသွားသူတွေဟာ တရားမ၀င် နေထိုင်သူတွေဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း Forbes ရဲ့ ဖော်ပြမှုကို Dhaka Tribune က ကိုးကားထားပါတယ်။

    ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ဟာ ဒီဒုက္ခသည်တွကို မြန်မာဖက်က ပြန်ခေါ်ဖို့ တိုက်တွန်းခဲ့ပြီး ကုလရဲ့ အကူအညီနဲ့အတူ မြန်မာနိုင်ငံနဲ့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

    ‘မူလနိုင်ငံသို့ ပြန်ပို့ရေး သဘောတူညီချက်’ ဆိုတဲ့ အဲဒီစာချုပ်ရဲ့ အပိုဒ် ၁(က) မှာ

    “ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေပြီး အမျိုးသားမှတ်ပုံတင်ကတ်ပြားရှိတဲ့ မြန်မာနိုင်ငံမှာ တရားဝင်နေထိုင်သူတွေကို သူတို့ရဲ့ ခင်ပွန်း၊ ဇနီး၊ မိဘ၊ ယောက္ခထီးယောက္ခမ၊ သားသမီးအရင်း၊ မွေးစားသားသမီး၊ မြေး၊ သားမက်၊ ချွေးမနဲ့ မုဆိုးမဖြစ်နေတဲ့ အစ်မ၊ ညီမတွေနဲ့အတူ ပထမဆုံးအသုတ်အနေနဲ့ ပြန်လည်လက်ခံဖို့ ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံက သဘောတူပါတယ်” လို့ ဖော်ပြထားပါတယ်။

    ၁၉၉၁ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်အတွင်း ဖိနှိပ်မှုနဲ့ ဘာသာရေးချုပ်ချယ်မှုတွေကြောင့် နောက်ထပ် ရိုဟင်ဂျာ ၂ သိန်းခွဲလောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးလာရပြီး ၁၉၉၂ ခုနှစ် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ “Joint statement by the foreign ministers of Bangladesh & Myanmar issued at the conclusion of the official visit of the Myanmar Foreign Minister to Bangladesh 23-28 April 1992″ ဆိုတဲ့ ခေါင်းစဉ်နဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်မှာလည်း မြန်မာဖက်က ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် ထပ်မံ အသိအမှတ်ပြုထားတယ်လို့ Dhaka Tribune က ထည့်သွင်း ဖော်ပြထားပါတယ်။

    နောက်ဆုံးမှာတော့ မြန်မာနိုင်ငံအနေနဲ့ ယခင်က သဘောတူညီချက်တွေကို ဖောက်ဖျက်မှု၊ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းက သိရှိဖို့လိုပြီး၊ လက်ရှိ ဖြစ်နေတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေအတွက် စီးပွားရေးနဲ့ သံတမန်ရေးဆိုင်ရာ ပိုမိုဖိအားပေးဖို့ တိုက်တွန်းထားပါတယ်။

    Ref: Dhaka Tribune

    ၁၉၇၈ ခုနှစ် ‘မူလနိုင်ငံသို့ ပြန်ပို့ရေး သဘောတူညီချက်’ စာချုပ် စာမျက်နှာ ၁
    ၁၉၇၈ ခုနှစ် ‘မူလနိုင်ငံသို့ ပြန်ပို့ရေး သဘောတူညီချက်’ စာချုပ် စာမျက်နှာ ၂
    ၁၉၇၈ ခုနှစ် ‘မူလနိုင်ငံသို့ ပြန်ပို့ရေး သဘောတူညီချက်’ စာချုပ် စာမျက်နှာ ၃
  • ရခိုင်ပြဿနာတွင် ဒေါ်အောင်ဆန်းစုကြည် ကြားဝင်ဆောင်ရွက်ချိန် တန်ပြီဟု ယန်ဟီးလီပြော

    ရခိုင်ပြဿနာတွင် ဒေါ်အောင်ဆန်းစုကြည် ကြားဝင်ဆောင်ရွက်ချိန် တန်ပြီဟု ယန်ဟီးလီပြော

    စက်တင်ဘာ ၄၊ ၂၀၁၇
    M-Media

    ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာရသည့် ရိုဟင်ဂျာများ

    – ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေကို ကာကွယ်မပေးနိုင်ဘူးလို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ယန်ဟီးလီက ဝေဖန်လိုက်ပြီး ဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မဖြစ်မနေ ကြားဝင်ဆောင်ရွက်ရမယ်လို့ ပြောဆိုလိုက်ပါတယ်။

    သြဂုတ်လ နှောင်းပိုင်းက ရိုဟင်ဂျာလက်နက်ကိုင်တွေ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းတွေနဲ့ ရဲစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် ရိုဟင်ဂျာ ၉ သောင်းနီးပါးလောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးလာရတယ်လို့ ကုလက ပြောကြားပြီးနောက်ပိုင်းမှာ ယန်းဟီးလီရဲ့ ဒီမှတ်ချက် ပေါ်ထွက်လာတာပါ။

    အခုလက်ရှိ ပျက်ဆီးမှုပမာဏဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်တပ်ကလုပ်တဲ့ စစ်ဆင်ရေးမှာ ပျက်ဆီးဆုံးရှုံးမှုထက် ပိုမိုကြီးမားတယ်လို့လည်း ယန်ဟီးလီက ဆိုပါတယ်။

    “ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ကိုယ်ရဲ့ တရားစီရင်ပိုင်ခွင့်ရှိတဲ့ နယ်နမိတ်အတွင်းမှာ ဘယ်သူ့ကိုမဆို ကာကွယ်ပေးဖို့ဆိုတာ ဘယ်အစိုးရမှာမဆို ကျွန်မတို့မျှော်လင့်တဲ့ ကိစ္စပါပဲ” လို့ ယန်းဟီလီက ပြောကြားခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေက စစ်သားတွေနဲ့ ရခိုင်အုပ်စုတွေဟာ သူတို့ရဲ့ရွာတွေကို မီးရှို့ဖျက်ဆီးပြီး အရပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    စစ်တပ်ကတော့ သူတို့အနေနဲ့ ရိုဟင်ဂျာ စစ်သွေးကြွတွေကို တိုက်ခိုက်နေတာသာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

    ဂြိုဟ်တုဓာတ်ပုံတွေအရ ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်လျှောက် မီးလောင်ပြင်ဖြစ်နေတာကို တွေ့ရပြီး Human Rights Watch အဖွဲ့ကလည်း ရိုဟင်ဂျာရွာတစ်ရွာမှာ အိမ်ခြေ ၇၀၀ ကျော်လောက် မီးလောင်နေတဲ့ ဓာတ်ပုံတစ်ခုကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြခဲ့ပါတယ်။

    ယန်းဟီးလီက ဒေါ်အောင်ဆန်းစုကြည်ဟာ ‘ဆုပ်လည်းဆူး၊ စားလည်းရူမယ့် အခြေအနေမျိုး’ ဖြစ်နေတယ်ဆိုတာ သူသိပေမယ့် ‘အဲဒီအနေအထားကနေ ရုန်းထွက်ဖို့အတွက် အချိန်ကျပြီ’ လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    Ref : BBC

  • ဂျပန်နိုင်ငံတွင် ဟာလာလ်ထုတ်ကုန်ကဏ္ဍကို အရှိန်မြှင့်လာ

    ဂျပန်နိုင်ငံတွင် ဟာလာလ်ထုတ်ကုန်ကဏ္ဍကို အရှိန်မြှင့်လာ

    စက်တင်ဘာ ၄၊ ၂၀၁၇
    M-Media

    ၂၀၁၄ ဂျပန်အိတ်စပို ကုန်စည်ပြပွဲတွင် ပါကစ္စတန်သံအမတ်က ဟာလာလ်အစားအသောက်များကို မြည်းစမ်းနေစဉ်

    – မွတ်စလင်တွေအပါအ၀င် နိုင်ငံခြားခရီးသွားတွေ ဂျပန်နိုင်ငံကို အုံလိုက်ကျင်းလိုက် ၀င်ရောက်လာတဲ့အချိန်မှာ သူတို့တွေရဲ့ ဘာသာရေးဆိုင်ရာ အစားအသောက် ကန့်သတ်ချက်တွေ၊ အခြား လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံက ဘယ်လို ပြင်ဆင် ဆောင်ရွက်ပေးရမလဲဆိုတဲ့ ဆွေးနွေးမှုတွေ ဖြစ်လာခဲ့ပါတယ်။

    ‘ဂျပန် အမျိုးသား ခရီးသွားလာရေးအဖွဲ့’ က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ကမ္ဘာ့ အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ အင်ဒိုနိးရှားနိုင်ငံက လာရောက်တဲ့ ခရီးသွားအရေအတွက်ဟာ ၂၀၁၆ ခုနှစ်မှာ ၂၇၀,၀၀၀ ကျော်လွန်ခဲ့ပြီး ၂၀၁၅ ခုနှစ်ထက်စာရင် ၃၂.၁ ရာခိုင်နှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။

    ကျောင်းသားပေါင်း ၃၀၀ လောက် အာရဘီဘာသာစကားကို သင်ယူနေတဲ့ တိုကျိုအခြေစိုက် Arabic Islamic Institute အသင်းရဲ့ ဒါရိုက်တာ နာဆီရ် မိုဟာမက် အလိုမင်က အစားအသောက် ကန့်သတ်ချက်တွေအပါအ၀င် အစ္စလာမ့် ဓလေ့ထုံးတမ်းတွေကို စိတ်ဝင်စားမှုဟာ ဂျပန် ပြည်သူလူထုအတွင်းမှာ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

    ဟာလာလ်ဆိုတာဘာလဲ၊ ဂျပန်လူ့အဖွဲ့အစည်းမှာ ဒါက ဘယ်လောက်အထိ အမြစ်တွယ်နေလဲ ဆိုတာတွေကို မသိသေးတဲ့ ဂျပန်ပြည်သူတွေ အများကြီး ရှိပါသေးတယ်။

    ဟာလာလ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးသူတွေ၊ ဘာသာတရား အဆုံးအမအတိုင်း နေထိုင်လိုသူတွေဟာ ဂျပန်နိုင်ငံမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

    “သူမ အလုပ်လုပ်တဲ့ စားသောက်ဆိုင်တစ်ခုမှာ စားသုံးသူတွေက ဟာလာလ်အကြောင်း တော်တော်များများ မေးတာကြောင့် အာရဘီဘာသာစကားသင်တန်းတက်ဖို့ စိတ်ဝင်စားလာရတာဖြစ်တယ်လို့ ကျွန်တော့် ကျောင်းသူတစ်ယောက်က ပြောပါတယ်” လို့ အလိုမင်က ဆိုပါတယ်။

    အလိုမင်တို့အသင်းဟာ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ လူ့အဖွဲ့အစည်းတွေအကြား ဆက်နွယ်မှုဆိုင်ရာ ဟောပြောပွဲတွေ၊ ပြပွဲတွေကို ကျင်းပပြုလုပ်ပေးပြီး အဲဒီအထဲမှာ အစ္စလာမ့်ဓလေ့နဲ့ အစားအသောက်တွေအကြောင်းလည်း ပါဝင်ပါတယ်။ ဒီပွဲတွေကို ဂျပန်လူမျိုးတွေအပါအ၀င် လူတော်တော်များများ တက်ရောက်ကြောင်း၊ အရှေ့အလယ်ပိုင်းကို ပစ္စည်းတွေတင်ပို့ရေး စိတ်ဝင်စားတဲ့ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပါဝင်ကြောင်း အလိုမင်က ပြောပါတယ်။

    ဟာလာလ်ဆိုတဲ့ စကားလုံးဟာ အစ္စလာမ့်ထုံးတမ်းအရ ခွင့်ပြုထားတဲ့၊ ဒါမှမဟုတ် ပြင်ဆင်ချက်ပြုထားတဲ့ အစားအသောက်ဖြစ်ပါတယ်။ အစားအသောက်အတွက်ဆိုရင် ထုတ်လုပ်တဲ့အဆင့် တစ်ခုလုံးမှာပါ ကန့်သတ်ချက်တွေ ရှိနေပါတယ်။ ဒီကန့်သတ်ချက်တွေကတော့ နိုင်ငံတွေ၊ ဒေသတွေကိုလိုက်ပြီး ကွဲပြားခြားနားပါတယ်။

    ရမ်ဇာန်ဥပုသ်လရဲ့ တစ်ညနေမှာ အသက် ၂၇ နှစ်အရွယ် မလေးရှား အင်ဂျင်နီယာတစ်ဦးနဲ့ သူရဲ့ ဇနီးသည်တိုဟာ တိုကျိုက Panga စားသောက်ဆိုင်က အသားကင်ကို သွားရောက်စားသောက်ခဲ့ပါတယ်။

    မွတ်စလင်တွေ စားလို့ရတဲ့ ဟင်းအမယ်တွေ၊ ထင်းကနဲမြင်နေရတဲ့ ဟာလာလ် လိုဂိုတွေက သောင်ဖစ်က်လို့ခေါ်တဲ့ ဒီမလေးအင်ဂျင်နီးယာကို စွဲဆောင်စေခဲ့ပြီး ဂျပန်မှာ နေထိုင် အလုပ်လုပ်ကိုင်တဲ့ ၇ နှစ်တာ သက်တမ်းတစ်လျှောက်မှာ အပြင်ထွက်ပြီး စားသောက်ဖို့အတွက် ဒီအချက်တွေက အထောက်အကူ ဖြစ်ခဲ့ပါတယ်။

    “ကျွန်တော် စားသောက်မယ့် အသားဟာ ဟာလာလ် ဟုတ်၊ မဟုတ် ဆန်းစစ်ပါတယ်” လို့ သောင်ဖစ်က်က ဆိုပြီး အခြားစားသုံးသူတွေအတွက် အရက်ရောင်းပေးတာမျိုးတွေကို သိပ်ပြီး ဂရုမထားဘူးလို့ ပြောကြားခဲ့ပါတယ်။

    တိုကျိုက ‘ဂျပန်မွတ်စလင်အသင်း’ ဟာ အစ္စလာမ့်မစ်နိုင်ငံတွေကို တင်ပို့ဖို့ ရည်ရွယ်တဲ့ ဂျပန်ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေကို ဟာလာလ် အသိအမှတ်ပြုလက်မှတ်တွေ ထုတ်ပေးနေပါတယ်။

    မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဆော်ဒီအာရေဗျတွေလို နိုင်ငံတွေကကို ဂျပန်စားသောက်ကုန်တွေ တင်ပို့မှုနဲ့ ပတ်သက်ပြီး အဲဒီနိုင်ငံတွေက အစိုးရအဖွဲ့အစည်းတွေနဲ့ အခြားအဖွဲ့အစည်းတွေက ဟာလာလ် ဟုတ်၊ မဟုတ်၊ သူတို့ သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ ညီ၊ မညီ စစ်ဆေးတယ်လို့ သိရပါတယ်။

    ပြည်တွင်းဈေးကွက်အတွက်တော့ ဂျပန်မွတ်စလင်အသင်းက အစားအသောက်တွေ၊ ၀န်ဆောင်မှုတွေ၊ အသုံးအဆောင်တွေဟာ မွတ်စလင်တွေရဲ့ ကန့်သတ်ချက်တွေနဲ့ ကိုက်ညီလားဆိုတာကို စစ်ဆေးပြီးထုတ်ပေးတာ ဖြစ်ပါတယ်။

    လက်ရှိမှာတော့ ထုတ်ကုန်တွေ၊ ၀န်ဆောင်မှုတွေနဲ့ပတ်သက်ပြီး ဟာလာလ်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သတ်မှတ်ထားခြင်း မရှိသေးဘဲ၊ လက်မှတ်ထုတ်ပေးတဲ့ အဖွဲ့အစည်းတွေအပေါ်လိုက်ပြီး ကွဲပြားပါတယ်။

    မွတ်စလင်တွေ၊ အထူးသဖြင့် ဘာသာရေးကိုင်းရှိုင်းတဲ့ မွတ်စလင်တွေကြားထဲမှာ အမှတ်မှားမှုတွေ ဖြစ်နိုင်တာကြောင့် ကဖေးတွေနဲ့ စားသောက်ဆိုင်တွေမှာ ဘာသာရေးအမှတ်အသားဖြစ်တဲ့ ဟာလာလ်လိုဂို အသုံးပြုတာကို တစ်ချို့က မေးခွန်းထုတ်ကြပြီး ကန့်ကွက်တာမျိုးတွေလည်း ရှိပါတယ်။

    ဂျပန်မွတ်စလင်အသင်းရဲ့ အမှုဆောင်ဒါရိုက်တာ တိုရှီယိုအန်ဒိုက ‘မွတ်စလင်တွေအတွက် သင့်လျော်သည့် အစားအသောက်များ ရသည်’ ‘မွတ်စလင်ဟင်းလျာများကို ၀န်ဆောင်မှုပေးသည်’ ဆိုတဲ့ ကြော်ငြာမျိုး ချိတ်ထားသင့်တယ်လို့ အကြံပြုပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ လာရောက်လည်ပတ်သူတွေက ဟာလာလ်လို့ဆိုတဲ့ စားသောက်ဆိုင်တွေမှာ စားသောက်ကြတဲ့အခါ ပါဝင်ပစ္စည်းတွေသာ ဟာလာလ်ဖြစ်တာကို ရည်ညွှန်းကြတာဖြစ်ပြီး၊ ပြင်ဆင်ချက်ပြုတ်တာတွေလို ကဏ္ဍတွေမှာ ကန့်သတ်ချက်နဲ့ မညီတဲ့အတွက် တစ်ချို့တွေက စိတ်ကသိကအောက် ဖြစ်ကြတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

    “ဘာသာရေး အသင်းအဖွဲ့တစ်ခုအနေနဲ့ ပြောရရင် ဒီလိုအဖြစ်အပျက်မျိုးတွေက ဂျပန်ပြည်သူတွေရဲ့ ပုံရိပ်ကို ပျက်ဆီးစေမှာ ကျွန်တော်တို့ စိုးရိမ်ပါတယ်”

    ဂျပန်နိုင်ငံက အစ္စလာမ်ဘာသာဝင်တွေနဲ့ နိုင်ငံအတွင်း လာရောက်လည်ပတ်ကြတဲ့ မွတ်စလင်ခရီးသွားအတွက် ဟာလာလ် သတင်းအချက်အလက်တွေကို ဖြန့်ဖြူးပေးနေတဲ့ Halal Media Japan Co ကို ပူးတွဲတည်ထောင်သူ အကီဟီရို ရှူဂိုက အခုလို ပြောကြားခဲ့ပါတယ်။

    “(၂၀၂၀) မှာ ဂျပန်နိုင်ငံဟာ ခရီးသွား သန်း ၄၀ လောက်ကို စွဲဆောင်ချင်တယ်ဆိုရင် ကမ္ဘာ့လူဦးရေရဲ့ ၄ ပုံတစ်ပုံရှိတဲ့ မွတ်စလင်ခရီးသွားတွေအတွက် သင့်လျော်တဲ့ အစီအမံ မရှိဘဲနဲ့ ဒီရည်ရွယ်ချက် အထမြောက်မှာ မဟုတ်ပါဘူး”

    Ref: Japantimes

    (Japantimes မွ Japan’s halal industry gathers pace but experts say there’s more to do ေ
    ဆာင်းပါးကို လေးမောင်က ကောက်နှုတ်ပြန်ဆိုသည်။)

  • ပြင်းထန်သည့် စစ်ရေးတုန့်ပြန်မှုကို ရင်ဆိုင်ရမည်ဟု မြောက်ကိုရီးယားကို ကန်သတိပေး

    ပြင်းထန်သည့် စစ်ရေးတုန့်ပြန်မှုကို ရင်ဆိုင်ရမည်ဟု မြောက်ကိုရီးယားကို ကန်သတိပေး

    စက်တင်ဘာ ၄၊ ၂၀၁၇
    M-Media

    အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မာတစ်

    – မြောက်ကိုရီးယား၏ မည်သည့်ခြိမ်းခြောက်မှုမျိုးမဆို ကြီးမားသည့် စစ်ရေးတုန့်ပြန်မှုဖြင့် ရင်ဆိုင်ရမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မာတစ်က သတိပေး ပြောကြားလိုက်သည်။

    နိုင်ငံသမိုင်းတစ်လျှောက်တွင် စွမ်းအားအပြင်းဆုံးဖြစ်သည့် ၆ ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကို မြောက်ကိုရီးယားက ပြုလုပ်ခဲ့ပြီး နာရီအနည်းငယ်အကြာတွင် အမေရိကန်က ယခုကဲ့သို့ တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

    “အမေရိကန် ဒါမှမဟုတ် ဂူအမ်အပါအ၀င် နိုင်ငံရဲ့ ပိုင်နက်တွေ၊ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ မဟာမိတ်တွေအပေါ် ဘယ်လိုခြိမ်းခြောက်မှုမျိုးမဆို ကြီးမားပြင်းထန်တဲ့ စစ်ရေးတုန့်ပြန်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်” ဟု မာတစ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အနေဖြင့် လုံခြုံရေးကောင်စီ၏ ပြောကြားမှုကို ဂရုစိုက်ရန် လိုအပ်ကြောင်းလည်း ၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့သည်။

    လုံခြုံရေးကောင်စီမှ အဖွဲ့ဝင်အားလုံးမှာ ယမန်နေ့ အရေးအပေါ်အစည်းအဝေးတွင် မြောက်ကိုရီးယားက ခြိမ်းခြောက်မှုပြုလုပ်နေသည်ဟု တစ်ညီတစ်ညွတ်တည်း သဘောတူခဲ့ကြပြီး၊ ကိုရီးယားကျွန်းဆွယ် နျူကင်းရှင်းရေး သဘောထားကိုလည်း ဆက်လက်ဆုပ်ကိုင်ထားခဲ့ကြသည်။

    ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက KCNA က ကင်ဂျုံအန်၏အမိန့်ဖြင့် ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲမှုကို ယမန်နေ့မနက်ပိုင်းတွင် ပြုလုပ်ခဲ့ပြီး၊ ခြွင်းချက်မရှိသော အောင်မြင်မှုဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။

    ထိုစမ်းသပ်မှုမှာ သမ္မထရမ့် တက်လာပြီးနောက်ပိုင်း မြောက်ကိုရီးယား၏ ပထမဆုံး နျူစမ်းသပ်မှုဖြစ်သည်။

    မာတစ်က ၎င်းအနေဖြင့် သမ္မတထရမ်ပါဝင်သည့် ထိပ်ပိုင်းခေါင်းဆောင်များ၏ အမျိုးသားလုံခြုံရေး အစည်းအဝေးကို တက်ရောက်ခဲ့သည်ဟု ပြောကြားခဲ့ပြီး သမ္မတမှာ စစ်ရေးတုန့်ပြန်မှု နည်းလမ်းတစ်ခုချင်းစီအကြောင်း အသေးစိတ်ကို သိရှိလိုသည်ဟု ဆိုသည်။

    Ref: Aljazeera

  • လူပေါင်း ၂.၃ သန်း လာရောက်ခဲ့သည့် ယခုနှစ် ဟဂ်ျကျင့်စဉ် အောင်မြင်စွာပြီးဆုံး

    လူပေါင်း ၂.၃ သန်း လာရောက်ခဲ့သည့် ယခုနှစ် ဟဂ်ျကျင့်စဉ် အောင်မြင်စွာပြီးဆုံး

    စက်တင်ဘာ ၄၊ ၂၀၁၇
    M-Media

    – အခုနှစ် ဟဂ်ျကျင့်စဉ်ကို ဆောက်တည်ကြတဲ့ ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင် ၂ သန်းလောက်ဟာ မနေ့က နောက်ဆုံး ၀တ်ပြုဆုတောင်းမှုကို ပြုလုပ်ဖို့အတွက် မက္ကာမြို့ကို ပြန်လည် ရောက်ရှိလာခဲ့ကြပါတယ်။

    ယခင်က အခုလိုရာသီမှာ လူတိုးဝှေ့မှုတွေ၊ မီးလောင်မှုတွေ၊ ဆန္ဒပြမှုလိုမျိုး ကိစ္စတွေ ရှိခဲ့ပေမယ့် အခုနှစ်မှာတော့ ဒီလို အဖြစ်အပျက်မျိုးတွေ မဖြစ်ခဲ့ဘဲ အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးခဲ့ပါတယ်။

    ဟဂ်ျကော်မတီအကြီးအကဲဖြစ်တဲ့ မက္ကာအုပ်ချုပ်ရေးမှူး မင်းသား ခါလစ် အလ်-ဖိုင်ဆယ်က ဒီနှစ် ဟဂ်ျရာသီဟာ အောင်မြင်စွာ ပြီးဆုံးခဲ့ပြီလို့ ဆိုပါတယ်။

    “ဒီလိုဝန်ဆောင်မှုမျိုး ပေးအပ်နိုင်တဲ့အတွက် ကျွန်တော့်အနေနဲ့ ဂုဏ်ယူမိသလို၊ ဟဂ်ျကျင့်စဉ်ကို ဆောက်တည်ခဲ့ကြတဲ့ ညီအစ်ကို မောင်နှမအားလုံးအတွက် ဂုဏ်ယူမိပါတယ်။ ဒီ မြင့်မြတ်ရာနယ်မြေကို လာရောက်ပြီး၊ ဟဂ်ျရာသီကို အောင်မြင်စွာပြီးဆုံးအောင် စည်းကမ်းသေ၀ပ်ခဲ့ကြတဲ့ ဘုရားဖူးတိုင်းကိုလည်း ကျွန်တော် ကျေးဇူးတင်ပါတယ်” လို့ မင်းသား ခါလစ်က မက္ကာမြို့အရှေ့ဖက် မီနာမှာ ပြောကြားခဲ့ပါတယ်။

    ဟဂ်ျကျင့်စဉ်မှာ ဂျူး၊ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာတို့ မြစ်ဖျားခံရာ တမန်တော်ကြီး အီဗရာဟင်သခင်၊ ကြင်ယာတော် ဟာဂျရာ သခင်မနဲ့ သားတော် အစ္စမာအီလ်သခင်တို့ရဲ့ ဘုရားသခင်အပေါ် အမိန့်နာခံမှု၊ စွန့်လှူဒါနပြုမှု၊ ခန္တီတရားထားရှိမှု စတာတွေကို အမှတ်ရစေတဲ့ ကျင့်စဉ်တွေ ပါဝင်ပါတယ်။

    ဟဂ်ျကျင့်စဉ်ကို ဆောက်တည်သူတွေဟာ မက္ကာမြို့မှာရှိတဲ့ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်က ကအ်ဘာ ကျောင်းတော်ကို လက်ယာရစ် လှည့်ပတ်တာ၊ ၀တ်ပြုဆုတောင်းတာတွေကိုလည်း လုပ်ဆောင်ရပါတယ်။

    မနေ့ကတော့ ဟဂ်ျကျင့်စဉ်ရဲ့ နောက်ဆုံးအဖြစ် ကမ္ဘာတစ်ဝှမ်းက သန်းနဲ့ချီတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ မက္ကာက မတ်စ်ဂျစ်ဟရမ် ဗလီဝတ်ကျောင်းတော်မှာ ၀တ်ပြုဆုတောင်းခဲ့ကြပါတယ်။

    ဒီနှစ် ဟဂ်ျရာသီအတွင်း နိုင်ငံပေါင်းစုံက အစ္စလာမ်ဘာသာဝင် ၂.၃ သန်းဟာ ဆော်ဒီကို လာရောက်ခဲ့ကြပါတယ်။ ၅ ရက်တာကြာမြင့်တဲ့ ဟဂ်ျကျင့်စဉ်ဟာ အစ္စလာမ့်ရဲ့ ခ၀ပ်ကိုးကွယ်မှု မဏ္ဍိုင် ၅ ခုထဲက တစ်ခုဖြစ်ပြီး ငွေကြေးတတ်နိုင်သူတွေအနေနဲ့ တစ်သက်မှာတစ်ခါ ဆောင်ရွက်ရမယ့် ကျင့်စဉ်အဖြစ် သတ်မှတ်ထားတာပါ။

    ဒီနှစ် ဟဂ်ျရာသီအတွက် ဆော်ဒီဟာ လုံခြုံရေးတပ်ဖွဲ့ပေါင်း ၁ သိန်းကျော်နဲ့ ကျန်းမာရေးဝန်ထမ်းပေါင်း ၃ သောင်းလောက်ကို ဘုရားဖူးတွေရဲ့ လုံခြုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် တာဝန်ပေးခဲ့ပါတယ်။

    Ref: Reuters