News @ M-Media

Author: Ko Lay

  • ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများ ပြည့်လျှံနေပြီဟု အကူအညီပေးရေးအဖွဲ့များ သတိပေး

    ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများ ပြည့်လျှံနေပြီဟု အကူအညီပေးရေးအဖွဲ့များ သတိပေး

    စက်တင်ဘာ ၃၊ ၂၀၁၇
    M-Media

    ရခိုင်ပြည်နယ်မှ ထွက်ပြေးလာကြသည့် ရိုဟင်ဂျာများ

    – ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာအရေအတွက်ဟာ ၇၅၀၀၀ နီးပါး ရှိနေပြီး၊ ကယ်ဆယ်ရေးစခန်းတွေလည်း ပြည့်လျှံနေပြီလို့ အကူအညီပေးရေး အဖွဲ့တွေက ပြောကြားလိုက်ပါတယ်။

    “ထွက်ပြေးလာသူအများစုဟာ တော်တော်လေး ထိခိုက်ခံစားနေရသူတွေပါ။ တစ်ချို့တွေက အစားအသောက် မစားရတာ ရက်အနည်းငယ် ရှိနေပြီလို့ ပြောပြီး၊ တစ်ချို့တွေကြတော့ သူတို့ရဲ့ အတွေ့အကြုံတွေကြောင့် စိတ်ထိခိုက်နေကြပါတယ်” လို့ UNHCR မှ ဒေသတွင်း ပြောရေဆိုခွင့်ရှိသူ ဗီဗီယန်တန်က ပြောကြားခဲ့ပါတယ်။

    သြဂုတ်လ ၂၅ ရက်နေ့မှာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ ARSA ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲစခန်းတွေကို တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး၊ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေ အပါအ၀င် လူပေါင်း ၄၀၀ လောက် သေဆုံးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

    သေဆုံးသူအများစုဟာ အကြမ်းဖက်သမားတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ ကူးစက်ရောဂါတွေနဲ့ အဟာရချို့တဲ့မှုအတွက် ဆေးဝါးကုသမှု ချက်ခြင်းလိုအပ်နေတယ်လို့ အကူအညီပေးရေးလုပ်သားတွေက ပြောကြားခဲ့ပါတယ်။

    ဘင်္ဂလာဒေ့ရှ်ကို ရောက်လာတဲ့ ရိုဟင်ဂျာ ၅၀ ကျော်လောက်မှာ သေနတ်ဒဏ်ရတွေကို တွေ့ရပြီး ကော့ဇ်ဘဇားက ဆေးရုံတွေမှာ ကုသမှုခံယူနေရတယ်လို့လည်း အခြား အကူအညီပေးရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    မတည်ငြိမ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ရခိုင်တိုင်းရင်းသားတွေကို အစိုးရက ကူညီကယ်ဆယ်ထားပါတယ်။ တိုက်ခိုက်မှုတွေဖြစ်ပွားပြီး တစ်ပတ်ကျော်အကြာ မနေ့ကတော့ ရိုဟင်ဂျာကျေးရွာတစ်ခုမှာ အခြေခံအစားအသောက်တွေ အစိုးရက ပေးအပ်တဲ့ဓာတ်ပုံ တက်လာပြီး အကြမ်းဖက်သမားတွေကို ရိုဟင်ဂျာတွေက ဖမ်းဆီးကာ ရဲလက်အပ်နှံတဲ့ ဖြစ်စဉ်တွေကိုလည်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။

    Ref: Aljazeera

  • ဗလီအားလုံးကို အချိန်မရွေးဝင်စစ်နိုင်သည်ဟု ဧရာဝတီတိုင်း အိုလမာအစ္စလာမ်အဖွဲ့မှ ပြောကြား

    ဗလီအားလုံးကို အချိန်မရွေးဝင်စစ်နိုင်သည်ဟု ဧရာဝတီတိုင်း အိုလမာအစ္စလာမ်အဖွဲ့မှ ပြောကြား

    စက်တင်ဘာ ၁၊ ၂၀၁၇
    M-Media

    – ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဗလီများတွင် ဧည့်သည်လက်မခံရန်နှင့် စစ်ဆေးလိုပါက အချိန်မရွေး စစ်ဆေးနိုင်ရန် ညွှန်ကြားထားကြောင်း ဧရာဝတီတိုင်းဒေသကြီး အိုလမာအစ္စလာမ်အဖွဲ့ချုပ်မှ သိရသည်။

    ဗလီများတွင် တရားအားထုတ်သူများမှလွဲပြီး ဆေးရုံလာတက်သူ၊ ပြက္ခဒိန်လာရောင်းသူနှင့် အလှူလာခံသည့်သူများ အပါအ၀င် ဧည့်သည်များကို တည်းခိုခန်းမှာသာ တည်းခိုင်းထားပြီး လက်ခံထားကြောင်း၊ သံသယရှိ၍ စစ်ဆေးလိုပါက အချိန်မရွေး စစ်ဆေးလို့ရကြောင်း ဧရာဝတီတိုင်းဒေသကြီး အိုလမာအစ္စလာမ်အဖွဲ့ချုပ် ဥက္ကဌ ဦးကိုလတ်ထံမှ သိရသည်။

    “ကျွန်တော်တို့ ညွှန်ကြားထားတာက ဗလီတွေမှာ တရားအားထုတ်တဲ့သူကလွဲလို့ ကျန်တဲ့ ဧည့်သည်ဆောင်သည်တွေကို ဘယ်သူမှ လက်မခံဖို့နဲ့ တစ်ချို့ကလည်း ဇဝေဇ၀ါတွေနဲ့ ဖြစ်နေလို့ဆိုရင် ကျွန်တော်တို့နဲ့ ဆက်သွယ်ပြီးတော့ ဧရာဝတီတိုင်းတစ်တိုင်းလုံးမှာရှိတဲ့ ဗလီတွေကို ကြိုက်တဲ့အချိန်မှာ ကြိုက်သလို စစ်မယ်ဆိုလို့ရှိရင်လည်း အစစ်ဆေးခံဖို့ အဆင်သင့်ရှိပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး အိုလမာ အစ္စလာမ်အဖွဲ့ချုပ်ဥက္ကဌ ဦးကိုလတ်က ပြောသည်။

    ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အစ္စလာမ်ဘာသာဝင်များအကြား မည်သည့်တစ်ခုမှ ပြောကြားထားခြင်းမရှိဘဲ ဘာသာပေါင်းစုံ ငြိမ်းငြိမ်းချမ်းချမ်းပင် နေထိုင်နေကြပြီး ကောလဟာလများ ထွက်ပေါ်နေသော်လည်း ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုမရှိဘဲ လိုအပ်ပါက ညသန်းခေါင်လည်း ဗလီများကို စစ်ဆေးနိုင်ကြောင်း သိရသည်။

    “ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့တိုင်းဆိုတော့ ဘာသာမတူသူတွေအချင်းချင်းကြားမှာ စိုးရိမ်မှုတွေ ရှိနေကြတာ သဘာဝပါ။ ဒါပေမယ့် ဧရာဝတီတိုင်းဟာ အမြဲတမ်းအေးချမ်းပြီး ဘာသာကြီးတွေကြားမှာလည်း ငြိမ်းချမ်းရေးအဖွဲ့အစည်းကြီးတွေ ခိုင်ခိုင်မာမာ ဖွဲ့စည်းထားတယ်။ ဘာသာမတူတဲ့သူတွေကြားမှာလည်း လက်တွဲဆောင်ရွက်မှုတွေ ခိုင်ခိုင်မာမာ ရှိနေတဲ့အတွက် ကောလဟာလသတင်းတွေကြောင့် ကြောက်လန့်နေတာ မဖြစ်သင့်ဘူး။ အခု အကျွန်တော်တို့လမ်းပဲကြည့် လမ်းထဲမှာ ဗလီရှိသလို၊ လမ်းထိပ်မှာလည်း ဘုန်းကြီးကျောင်းတွေ အများကြီးရှိနေတယ်။ လမ်းသူလမ်းသားတွေကလည်း ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာဝင်တွေ ရောနှောပြီး တစ်ယောက်နဲ့တစ်ယောက် ကူညီ အေးအေးချမ်းချမ်းနေနေကြတာပဲ။ ဘာပြဿနာမှ မရှိပါဘူး” ဟု ပုသိမ်မြို့၊ ကွင်းတန်းကုလားတန်းလမ်းတွင် နေထိုင်သူ ကိုယ်ဇော်ထိုက်က ပြောသည်။

    ဧရာဝတီတိုင်းဒေသကြီးတွင် ဗလီကျောင်း ၁၄၈ ကျောင်းရှိနေပြီး အများဆုံးမှာ ပုသိမ်မြို့နယ်တွင် တည်ရှိနေကြောင်း တိုင်းဒေသကြီး အိုလမာအစ္စလာမ်အဖွဲ့ချုပ်မှသိရသည်။

    မျိုးမင်းထွန်း (မြစ်မခ)

    (၂၀၁၇ ခုနှစ် စက်တင်ဘာ ၁-၇ ရက်နေ့ထုတ် Hot News ဂျာနယ်တွင် ဖော်ပြထားသည့်အတိုင်း ကူးယူဖော်ပြသည်။)

  • ရခိုင်ပြည်နယ်တွင် လတ်တလော မတည်ငြိမ်မှုကြောင့် ရိုဟင်ဂျာ ၄ သောင်းခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး

    ရခိုင်ပြည်နယ်တွင် လတ်တလော မတည်ငြိမ်မှုကြောင့် ရိုဟင်ဂျာ ၄ သောင်းခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး

    စက်တင်ဘာ ၁၊ ၂၀၁၇
    M-Media

    မတည်ငြိမ်မှုကြောင့် ထွက်ပြေးရသည့် ရိုဟင်ဂျာကလေးငယ်များ

    – လတ်တလော ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးရတဲ့ ရိုဟင်ဂျာအရေအတွက်ဟာ ၄၀၀၀၀ နီးပါးလောက် ရှိတယ်လို့ ကုလက ပြောကြားလိုက်ပါတယ်။

    သြဂုတ်လ ၂၅ ရက်နေ့မှာ ရိုဟင်ဂျာစစ်သွေးကြွတွေဟာ ပြည်နယ်မြောက်ပိုင်းက ရဲစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဖြစ်ပွားတဲ့ မတည်ငြိမ်မှုမှာ လူသေဆုံးမှုတွေလည်း ရှိခဲ့ပြီး ဒေသတွင်းက လူအဖွဲ့အစည်းအားလုံးဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    ရိုဟင်ဂျာတွေကတော့ နတ်မြစ်ကိုကျော်ကာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးဖို့ ကြိုးစားကြပြီး သောကြာနေ့မှာ နတ်မြစ်အတွင်း ရေနစ်သေဆုံးခဲ့တဲ့ အလောင်း ၁၆ လောင်း ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဒါ့ကြောင့်လတ်တလော ထွက်ပြေးမှုအတွင်း လှေနစ်သေဆုံးသူအရေအတွက်ဟာ အလောင်းတွေ့ရှိမှုအရ ၄၀ လောက်ရှိနေပြီ ဖြစ်ပါတယ်။

    ကုလ တာဝန်ရှိသူတွေကတော့ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်ကို ၀င်ရောက်လာသူ ရိုဟင်ဂျာအနေရအတွက်ဟာ ၃၈၀၀၀ လောက်ရှိနေပြီး ဒီအရေအတွက်ဟာ ခန့်မှန်းတွက်ချက်မှုသာဖြစ်တယ်လို့ ဆိုပါတယ်။

    “ကားလမ်းဘေးတွေမှာ တဲတွေထိုးနေတာကို ကျွန်မတို့မြင်နေရပါတယ်။ နေရာလွတ်တောင် မရှိတော့ပါဘူး” လို့ UNHCR ရဲ့ ဒေသဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဗီဗီယန်တန်က ပြောပါတယ်။

    ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကလည်း နယ်စပ်မှာ စောင့်နေတယ်လို့ သတင်းတွေကဖော်ပြပြီး၊ မစ္စတန်ကတော့ နယ်စပ်ထိန်းချုပ်မှုတွေဟာ တစ်နေရာကနေ တစ်နေရာကို အတည်တကျ မရှိဘူးလို့ ဆိုပါတယ်။

    မြန်မာအစိုးရကတော့ သူတို့အနေနဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်ပေါင်း ၁၁၀၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားတယ်လို့ ပြောကြားထားပါတယ်။

    ဂျာနယ်လစ်တွေကို ၀င်ခွင့်ကန့်သက်ထားတာကြောင့် မြေပြင်အခြေအနေ အတိအကျကို လွတ်လွတ်လပ်လပ် အတည်မပြုနိုင်သေးပါဘူး။

    Ref: BBC

  • IS ခေါင်းဆောင် အသက်ရှင်လျက်ရှိနိုင်သည်ဟု ကန်ဗိုလ်ချုပ်ပြော

    IS ခေါင်းဆောင် အသက်ရှင်လျက်ရှိနိုင်သည်ဟု ကန်ဗိုလ်ချုပ်ပြော

    စက်တင်ဘာ ၁၊ ၂၀၁၇
    M-Media

    IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဘဂ္ဂဒါဒီ

    – IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဘူဘာကာ အလ်-ဘဂ္ဂဒါဒီမှာ အသက်ရှင်လျက် ရှိကောင်းရှိနိုင်သည်ဟု IS ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့မှ တပ်မှူး အမေရိကန်ဗိုလ်ချုပ် စတီဖင် တောင်ဆန်က ပြောကြားလိုက်သည်။

    ဆီးရီးယားနိုင်ငံ ရက်ကာရှိ IS ထိပ်တန်းတပ်မှူးများကို ပစ်မှတ်ထားသည့် ၎င်းတို့၏ လေကြောင်းစစ်ဆင်ရေးတစ်ခုတွင် ဘဂ္ဂဒါဒီလည်း ထိခိုက်ခဲ့ပြီး သေဆုံးဖွယ်ရှိသည်ဟု ရုရှားက မေလတွင် ပြောကြားခဲ့သည်။

    တောင်ဆန်ကမူ ဘဂွဒါဒီမှာ အီရတ်နှင့် ဆီးရီးယားတို့တွင် IS အမာခံစခန်းများကို တိုက်ခိုက်ခံရပြီးနောက် နှစ်နိုင်ငံအကြား ဝေးလံခေါင်ဖျားသည့် ဒေသတွင် ပုန်းရှောင်နေခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။ သို့သော်မည်သည့်နေရာတွင် ရှိနေသည်ဆိုသည်ကို အတိအကျ မသိရှိသေးပေ။

    ဘဂ္ဂဒါဒီ သေဆုံးပြီဆိုသည့်သတင်းမှာ ယခင်ကလည်း မကြာခဏ ထွက်ပေါ်ခဲ့ဖူးပြီး ဗိုလ်ချုပ်တောင်ဆန်က ထောက်လှမ်းရေးသတင်းများတွင် ဘဂ္ဂဒါဒီ အသက်ရှင်လျက်ရှိကြောင်း ဖော်ပြသည့် အချက်များကို တွေ့ရသည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ သူ့ကို နေ့တိုင်း လိုက်ရှာနေတယ်။ သူသေသွားပြီလို့တော့ ကျွန်တော် မထင်ပါဘူး။ IS ရဲ့ နောက်ဆုံးနေရာက ယူဖရေးတီးမြစ်အလယ်ချို့င့်ဝှမ်းမှာ ဖြစ်မှာပါ။ ကျွန်တော်တို့ သူ့ကိုတွေ့ရင် ပထမဆုံး သတ်ဖို့ကြိုးစားမှာပါ။ သူ့ကို လက်ရဖမ်းဆီးဖို့ မထိုက်တန်ပါဘူး”

    သို့သော်လည်း ၎င်းတည်ရှိနေသည့် နေရာအတိအကျအတွက် အထောက်အထားမရှိဟု တောင်ဆန်က ဆိုသည်။

    Ref: BBC

  • တိုက်စစ်မှူးရူနီ အရက်မူးပြီး ကားမောင်းသည့်အတွက် အဖမ်းခံရ

    တိုက်စစ်မှူးရူနီ အရက်မူးပြီး ကားမောင်းသည့်အတွက် အဖမ်းခံရ

    စက်တင်ဘာ ၁၊ ၂၀၁၇
    M-Media

    – အဲဗာတန်အသင်း၏ တိုက်စစ်မှူး ၀ိန်းရူနီမှာ အရက်မူးပြီး ကားမောင်းသည့်အတွက်ကြောင့် တရားစွဲခံထားရသည်ဟု ချက်စ်ရှိုင်းယား ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    အနက်ရောင် ဗောက်စ်ဝဂွန် Beetle ကို မောင်းနှင်လာသည့် ရူနီမှာ ၀ီလ်မ်စလိုးဒေသတွင် ဒေသစံတော်ချိန် ယနေ့မနက် ၂ နာရီက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး သတ်မှတ်ထားသည့် ပမာဏထက် ကျော်လွန်၍ အရက်သောက်ထားခြင်းကြောင့် တရားစွဲဆိုခံခဲ့ရသည်။

    အသက် ၃၁ နှစ်အရွယ် မန်ယူတိုက်စစ်မှူးဟောင်းမှာ အာမခံဖြင့် လွတ်မြောက်လာခဲ့ပြီး ယခုလနှောင်းပိုင်းတွင် တရားရင်ဆိုင်ရမည်ဖြစ်သည်။

    အင်္ဂလန်လက်ရွေးစင်အသင်း၏ သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းနိုင်ခဲ့သည့် ရူနီမှာ ပြီးခဲ့သည့်လက နိုင်ငံအသင်းမှ အနားယူခဲ့သည်။ ကလပ်အသင်းတွင်လည်း မန်ယူမှ ဘောလုံးကစားသမားဘ၀ စတင်ရာ အဲဗာတန်အသင်းသို့ ယခုနှစ် ဘောလုံးရာသီအစတွင် ပြောင်းရွှေ့သွားခဲ့သည်။

    Ref: BBC