News @ M-Media

Author: Ko Lay

  • သီရိလင်္ကာဗိုလ်ချုပ်ဟောင်း စစ်ရာဇ၀တ်မှုဖြင့် တရားစွဲခံရ

    သီရိလင်္ကာဗိုလ်ချုပ်ဟောင်း စစ်ရာဇ၀တ်မှုဖြင့် တရားစွဲခံရ

    သြဂုတ် ၂၉၊ ၂၀၁၇
    M-Media

    စစ်ရာဇ၀တ်မှုဖြင့် တရားစွဲဆိုခံရသည့် သီရိလင်္ကာ ဗိုလ်ချုပ်ဟောင်း ဂျာယာသူရိယ

     

    – သီရိလင်္ကာ ပြည်တွင်းစစ်အတွင်း အစိုးရစစ်တပ်က ဆေးရုံများကို တိုက်ခိုက်ခဲ့ပြီး လူထောင်ပေါင်းများစွာကို သတ်ဖြတ်မှုအတွက် တာဝန်ရှိသူ ဗိုလ်ချုပ်ဟောင်းတစ်ဦးကို စစ်ရာဇ၀တ်မှုဖြင့် တောင်အမေရိက လူ့အခွင့်အရေးအဖွဲ့များက တရားစွဲဆိုလိုက်သည်။

    တရားစွဲဆိုခံရသူမှာ ဂျာဂသ် ဂျာယာသူရိယ ဆိုသူဖြစ်ပြီး လက်ရှိတွင် ၎င်းမှာ ဘရာဇီးလ်ဆိုင်ရာ သီရိလင်္ကာ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေသည်။

    ၂၀၀၉ ခုနှစ် ပြည်တွင်းစစ်ပြီးဆုံးကာနီး အချိန်တွင် သူရိယကြီးကြပ်သည့် တပ်ဖွဲ့များမှာ ဆေးရုံများကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လူထောင်ပေါင်းများစွာကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်းတို့ ပြုလုပ်ခဲ့သည်။

    တရားစွဲဆိုမှုကို တာဝန်ယူပြုလုပ်ခဲ့သည့် ရှေ့နေ ကားလို့ ကက်စ်ထရီဆာနာ ဖာနန်ဒက်ဇ်က ၎င်းတို့အနေဖြင့် တနင်္လာနေ့က ဘရာဇီးလ်နှင့် ကိုလံဘီယာနိုင်ငံတို့တွင် တရားစွဲဆိုခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ဂျာယာသူရိယမှာ လက်ရှိသံတမန်အဖြစ် ဆောင်ရွက်နေသည့် ဘရာဇီးလ်နိုင်ငံ၊ ယခင်က ဆောင်ရွက်ခဲ့ဖူးသည့် ကိုလံဘီယာ၊ ပီရူး၊ ချီလီ၊ အာဂျင်တီးနားနှင့် ဆူရီနမ်နိုင်ငံတို့တွင် သံတမန်အခွင့်အရေးအရ အရေးယူမှု ကင်းလွတ်ခွင့် ရရှိထားသည်။

    ၎င်းအား တရားစွဲဆိုမှုကို လာမည့်ရက်များတွင် အာဂျင်တီးနား၊ ချီလီနှင့် ပီရူးနိုင်ငံတို့တွင် ထပ်မံ ပြုလုပ်သွားရန် ရှိနေသည်။

    “ဒါဟာ မေ့လျော့ခံထားရတဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီနိုင်ငံတွေအနေနဲ့ ဒီအတွက် တစ်ခုခုလုပ်ဖို့ အားထုတ်ရပါမယ်။ ဒါဟာ တိုက်ပွဲရဲ့ အစပါပဲ” ဟု ဖာနန်ဒက်ဇ်က ပြောကြားခဲ့သည်။

    လက်ရှိတွင် ဂျာယာသူရိယ မည်သည့်နေရာသို့ ရောက်ရှိနေသည်ဆိုသည်ကို အတိအကျ မသိရှိရသေးပေ။

    Ref: Aljazeera

     

  • မလေးရှားဆီးဂိမ်းမှာ စတုတ္ထနဲ့သာ ကျေနပ်ခဲ့ရတဲ့ မြန်မာ ယူ ၂၂

    မလေးရှားဆီးဂိမ်းမှာ စတုတ္ထနဲ့သာ ကျေနပ်ခဲ့ရတဲ့ မြန်မာ ယူ ၂၂

    သြဂုတ် ၂၉၊ ၂၀၁၇
    M-Media

    photo credit – MFF

    – မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၉ ကြိမ်မြောက် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ တတိယလုပွဲကို ဒီနေ့ညနေမှာ ကစားခဲ့ပြီး မြန်မာအသင်းဟာ ဒုတိယပိုင်း ပေးဂိုးတွေနဲ့ အင်ဒိုနီးရှားကို ၃ ဂိုး ၁ ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။

    ပထမပိုင်းမှာ တော်တော်လေးကောင်းခဲ့တဲ့ မြန်မာအသင်းဟာ ၂၁ မိနစ်မှာ တိုက်စစ်မှူးသန်းပိုင်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီဂိုးမတိုင်ခင်နဲ့ ဒီဂိုးအပြီးမှာ မြန်မာအသင်းဟာ ဂိုးရနိုင်တဲ့ အခွင့်အရေး တော်တော်များများ ရရှိခဲ့ပြီး တိုင်ထိထွက်တာ အင်ဒိုဂိုးသမားနဲ့ နောက်တန်းတွင် ဖျက်ထုတ်ကာကွယ်ခဲ့တာကြောင့် တစ်ဂိုးတည်းနဲ့ ကျေနပ်ခဲ့ရတာပါ။

    ဒုတိယပိုင်းမှာတော့ အင်ဒိုနီးရှားက တိုက်စစ်မြှင့်ခဲ့ပါတယ်။ ၅၂ မိနစ်မှာ သန်းပိုင်ထိုးပေးတဲ့ဘောလုံးကို အောင်သူ ပိတ်သွင်းခဲ့ပေမယ့် အင်ဒိုဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။

    မြန်မာအသင်းဟာ ၅၅ မိနစ်နဲ့ ၅၈ မိနစ်တွေမှာ ၂ ဂိုးဆက်တိုက် ပေးလိုက်ရပြီး အင်ဒိုနီးရှားရဲ့တိုက်စစ်ဆင်မှုကို တောက်လျှောက်ခံခဲ့ရပါတယ်။

    ၇၆ မိနစ်မှာ တတိယဂိုးသွင်းပြီး နောက်ပိုင်း ကစားအားချလိုက်တဲ့ အင်ဒိုကို မြန်မာတို့ ပြန်ဖိနိုင်ခဲ့ပေမယ့် လိုအပ်နေတဲ့ဂိုးတွေကိုတော့ ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။

    ဒါ့ကြောင့် စင်ကာပူဆီးဂိမ်းမှာ ငွေတံဆိပ်ရခဲ့တဲ့ မြန်မာအသင်းဟာ အခုနှစ်မှာတော့ စတုတ္ထနေရာနဲ့ ကျေနပ်ခဲ့ရပါတယ်။

    အိမ်ရှင်မလေးရှားနဲ့ ထိုင်းတို့ဟာ ဒီနေ့ည ၇ နာရီ ၁၅ မှာ ရွှေလုဖို့ ရှိနေပါတယ်။

     

     

  • ထိုင်းနိုင်ငံမှ နှစ် ၃၀၀ ဗလီ (AD 1634) – အာရှမှ ရှေးဟောင်းသမိုင်းဝင်ဗလီများ (၅)

    ထိုင်းနိုင်ငံမှ နှစ် ၃၀၀ ဗလီ (AD 1634) – အာရှမှ ရှေးဟောင်းသမိုင်းဝင်ဗလီများ (၅)

    သြဂုတ် ၂၉၊ ၂၀၁၇
    M-Media

    နှစ် ၃၀၀ ဗလီဝတ်ကျောင်းတော်

    – ‘အလ်ဟူစိန်’ (Al-Hussein) ဗလီဝတ်ကျောင်းတော်လို့ ခေါ်ပြီး ‘နှစ် ၃၀၀’ ဗလီလို့ ကျော်ကြားတဲ့ ဒီဗလီဝတ်ကျောင်းတော်ဟာ ထိုင်းနိုင်ငံတောင်ပိုင်း နရာသီဝပ်ပြည်နယ်ရဲ့ မြို့တော် နရာသီဝပ်က ဘာချိုခရိုင် တာလိုမာနိုရွာမှာ တည်ရှိပြီး ထိုင်းနိုင်ငံအတွင်းနဲ့ မလေးကျွန်းဆွယ်က ရှေးဟောင်းသမိုင်းဝင် ဗလီဝတ်ကျောင်းတော်တွေထဲမှာ ပါဝင်ပါတယ်။

    ဗလီဝတ်ကျောင်းတော်ရဲ့ နောက်ထပ် အမည်တစ်မျိုးက ‘တာလို မာနို’ (Talo Mano) ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဗလီကို အခုထက်တိုင် ထိုင်းမွတ်စလင်တွေက အသုံးပြုနေကြပါတယ်။

    သမိုင်းကြောင်း

     

     

    အလ်ဟူစိန် ဗလီဝတ်ကျောင်းတော်ကို လက်ရှိ မလေးရှားနိုင်ငံမြောက်ပိုင်းနဲ့ ထိုင်းနိုင်ငံက ပတ္တာနီ၊ နရာသီဝပ်နဲ့ ယာလာပြည်နယ်တို့ပါဝင်ပြီး မလေးဆူလ်တန်က အုပ်ချုပ်တဲ့ ပတ္တာနီဘုရင့်နိုင်ငံ ဘုန်းတန်ခိုးအရှိန်အ၀ါကြီးမားတဲ့ ကာလအတွင်း ၁၆၃၄ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

    ၁၆၂၄ ခုနှစ်မှာ ပတ္တာနီဘုရင့်နိုင်ငံကို ပြောင်းရွှေ့လာတဲ့ အစ္စလာမ့်ဓမ္မပညာရှင် ၀မ် ဟူစိန် အဇ်-ဆာနာဝီ (Wan Husein Az-Sanawi) က ဦးစီးကာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဒေသတွင်းမှာရှိနေတဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေက ကူညီပေးခဲ့ကြတယ်လို့ အဆိုရှိပါတယ်။

    ဒီဗလီဝတ်ကျောင်းတော်မှာ ကုရ်အာန်ကျမ်းတော်မြတ် လက်ရေးမူတစ်ခုနဲ့ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ခဲ့တဲ့ ရှေးဟောင်း စာရွက်စာတမ်းတွေကို ထိန်းသိမ်းထားပါတယ်။

    ဗိသုကာ

    ဗလီအတွင်းပိုင်း

    ဗလီဝတ်ကျောင်းတော်ကို ကံ့ကော်သားနဲ့ ဆောက်လုပ်ထားတာဖြစ်ပြီး အိမ်ရိုက်သံ မပေါ်သေးတဲ့ အဲဒီအချိန်မှာ သစ်သားသပ်တွေကို အသုံးပြုထားပါတယ်။

    အပြင်ပိုင်းကြည့်ရင် ဘုန်းကြီးကျောင်းတစ်ခုနဲ့ ဆင်တူပြီး ဗိသုကာလက်ရာမှာတော့ တရုတ်၊ ထိုင်းနဲ့ မလေး လက်ရာတွေကို ပေါင်းစပ်ထားပါတယ်။

    ဗလီဝတ်ကျောင်းတော်ဟာ အဆောင် ၂ ခုကို ဆက်ထားတာပါ။ ပထမအဆောင်ကို ‘မဟ်ရဘ်’ လို့ခေါ်တွင်ပြီး ၀တ်ပြုဆုတောင်းရာမှာ ဦးဆောင်မယ့် ရှေ့ဆောင်အီမာမ်နေရာ၊ တရားဒေသနာ ဟောကြားတဲ့ တရားဟောစင်မြင့်တစ်ခုတို့ ပါဝင်ပါတယ်။

    ‘ဘာလိုင်း’ လို့ခေါ်တဲ့ ဒုတိယအဆောင်ကတော့ ၀တ်ပြုခန်းမဖြစ်ပြီး ထိုင်း ဗိသုကာလက်ရာ လွှမ်းမိုးတဲ့ အဆောက်အဦးဖြစ်ပါတယ်။

    မဟ်ရဘ်အဆောင်မှာ တရုတ်လက်ရာနဲ့ တည်ဆောက်ထားတဲ့ မင်နာရတ် နိဗ္ဗာန်ဆော် မျှော်စင်တစ်ခု ရှိပါတယ်။

    ဗလီဝတ်ကျောင်းတော်ရဲ့ ကနဦးအမိုးဟာ သက်ကယ်ဖြစ်ပြီး နောက်ပိုင်းမှာ အုပ်ကြွပ်တွေနဲ့ အစားထိုးထားပါတယ်။

    ဗလီတစ်ခုလုံးရဲ့ နံရံတွေမှာ ဂျာဗား၊ တရုတ်နဲ့ ထိုင်းစတိုင် သစ်သားထွင်း ကနုတ်လက်ရာတွေကို တွေ့မြင်နိုင်ပါတယ်။

    အလ်-ဟူစိန်ဗလီဝတ်ကျောင်းတော်ဟာ ၀တ်ပြုရာနေရာတစ်ခုအပြင် ဒေသတွင်း လူ့အဖွဲ့အစည်းအတွက် လူမှုစင်တာတစ်ခုအဖြစ်လည်း အသုံးတော်ခံနေပါတယ်။

    နိဗ္ဗာန်ဆော်ဗုံ

    တရုတ်ဗိသုကာလက်ရာနှင့် မင်နာရတ်မျှော်စင်

    ဗလီဝတ်ကျောင်းတော်အတွင်းမှာ ‘ဂဒုက်’ (Geduk) လို့ခေါ်တဲ့ ဗုံအပျက်တစ်လုံးလည်း ရှိပါတယ်။ အသံချဲ့စက်တွေမပေါ်ခင်က ၀တ်ပြုချိန် နှိုးဆော်ဖို့အတွက် ဒီဗုံကြီးကို အသုံးပြုခဲ့ပါတယ်။

    သစ်ပင်ပင်စည်ကို ထွင်းထားပြီး တစ်ဖက်ကို ကျွဲသားရေနဲ့ အုပ်ချည်ကာ နောက်တစ်ဖက်ကို ဟောင်းလောင်းပေါက်ထားတဲ့ ဒီဗုံးကို မုအ်ဇင် (နိဗ္ဗာန်ဆော်) က ၀တ်ပြုဖို့ နှိုးဆော်သံ မဟစ်ကြွေးမီ စည်းချက်အနှေးကနေ စည်းချက်အမြန်အထိရောက်အောင် တီးခတ်လေ့ရှိပါတယ်။

    တိတ်ဆိတ်နေတဲ့ မနက်ပိုင်းမှာဆိုရင် ဒီဗုံသံဟာ ဗလီတစ်ဝိုက်က ရွာရဲ့ မိုင်ဝက်လောက်အထိ ကြားနိုင်ပါတယ်။ အခုအချိန်မှာတော့ သားရေဟာ ဆုတ်ပြဲသွားခဲ့ပြီး ဗုံကိုလည်း အမှတ်တရအနေနဲ့ ထိန်းသိမ်းထားပါတယ်။

    သမိုင်းအမွေအနှစ်

    နိုင်ငံရဲ့ သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ နှစ် ၃၀၀ ဗလီကြီးကို ပြန်လည် ပြုပြင်မွမ်းမံဖို့၊ ကမ္ဘာလှည့်ခရီးသွားတွေကို စွဲဆောင်နိုင်ဖို့နဲ့ ယဉ်ကျေးမှုစင်တာတစ်ခု ဖြစ်လာဖို့ ရည်ရွယ်ပြီး ထိုင်းအစိုးရက ၂၀၁၄ ခုနှစ်မှာ ဘတ် သန်း ၂၀၀ ထောက်ပံ့ခဲ့ပြီး ပြုပြင်ရေးလုပ်ငန်းတွေကို ထိုင်း နယ်စပ် စီမံခန့်ခွဲရေးစင်တာက ဦးစီး ဆောင်ရွက်ခဲ့ပါတယ်။

    Ref : travelogdidi, wiki

     

    တရားဟောစင်မြင့်
    တရုတ်လက်ရာ ကနုတ်ပန်း

     

     

    ဗလီဆောက်လုပ်ခဲ့သည့် ၀မ် ဟူစိန် အဇ်-ဆာနာဝီ၏ အုတ်ဂူ
    သစ်သားထွင်း အာရဘီလက်ရာ

     

  • စင်ကာပူသမ္မတ ရွေးကောက်ပွဲအတွက် ဆောင်ပုဒ်နှင့် မဲဆွယ်ရေးအဖွဲ့စာရင်းကို ဟာလီမာယာကွဘ် ထုတ်ပြန်

    စင်ကာပူသမ္မတ ရွေးကောက်ပွဲအတွက် ဆောင်ပုဒ်နှင့် မဲဆွယ်ရေးအဖွဲ့စာရင်းကို ဟာလီမာယာကွဘ် ထုတ်ပြန်

    သြဂုတ် ၂၉၊ ၂၀၁၇
    M-Media

    – လာမည့်လတွင် ပြုလုပ်မည့် စင်ကာပူသမ္မတ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ဥက္ကဌဟောင်း အမျိုးသမီး ဟာလီမာ ယာကွဘ်မှာ ရွေးကောက်ပွဲ ကြွေးကြော်သံနှင့် မဲဆွယ်ရေးအဖွဲ့ကို ယနေ့တွင် ကြေငြာလိုက်သည်။

    ဟာလီမာမှာ သမ္မတရွေးကောက်ပွဲကို ယှဉ်ပြိုင်ရန်အတွက် ယခုလအစောပိုင်းတွင် လွှတ်တော်ဥက္ကဌ ရာထူးမှ နှုတ်ထွက်ခဲ့သည်။

    သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရေးအတွက် NTUC စင်တာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်ပွဲ၌ ဟာလီမာမှာ ‘စုပေါင်းညီညာ အောင်ကြောင်းဖြာ’ ဆိုသည့် ရွေးကောက်ပွဲ ဆောင်ပုဒ်ကို ထုတ်ပြန်ခဲ့သည်။

    “လူတစ်ဦးချင်းစီဟာ စည်းစည်းလုံးလုံးနဲ့ လူ့အဖွဲ့အစည်းအတွက်၊ တိုင်းပြည်အတွက် ကောင်းမွန်တဲ့အရာကို ဆောင်ရွက်ဖို့ ရည်ရွယ်ပါတယ်။ ဒါဟာ အရေးကြီးဆုံး အစိတ်အပိုင်းလို့ ကျွန်မ ထင်ပါတယ်” ဟု ဟာလီမာက သူမ၏ ဆောင်ပုဒ်အကြောင်း ပြောကြားခဲ့သည်။

    “လူမျိုး၊ ဘာသာစကား၊ ဘာသာတရားမရွေး စုပေါင်းညီညာအောင်ကြောင်းဖျာပြီး ကျွန်မတို့အားလုံး ဂုဏ်ယူလောက်တဲ့ စင်ကာပူနိုင်ငံဖြစ်အောင် ဆောင်ရွက်ရပါမယ်”

    ဟာလီမာမှုာ ၎င်း၏ မဲဆွယ်ရေးအဖွဲ့ကိုလည်း ပြည်သူနှင့် မိတ်ဆက်ပေးခဲ့ပြီး စေတနာ့ဝန်ထမ်း ဆောင်ရွက်ပေးကြမည့် ၎င်းတို့မှာ မိမိ၏ မိတ်ဆွေကောင်းများဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထိုအဖွဲ့တွင် Sheng Siong ကုမ္ပဏီမှ အမှုဆောင်အကြီးအကဲ Lim Hock Chee၊ လွှတ်တော်အမတ် Chia Yong Yong၊ လွှတ်တော်အမတ်ဟောင်း Mary Liew နှင့် စင်ကာပူနိုင်ငံတကာရေးရာ အင်စတီကျုမှ Simon Tay တို့ ပါဝင်သည်။

    မိမိအနေဖြင့် သမ္မတဖြစ်လာပါက တိုင်းပြည်စည်းလုံးညီညွတ်ရေး လုပ်ဆောင်သွားမည်ဟု ဟာလီမာက ပြောကြားခဲ့သည်။

    “သမ္မတဆိုတာ တိုင်းပြည်ကို စည်းလုံးညီညွတ်အောင် လုပ်ဆောင်ရမှာဖြစ်ပြီး၊ ကျွန်မတို့အားလုံး မျှဝေခံစားနေကြတဲ့ တန်ဖိုးတွေကို တိုင်းပြည် ကောင်းစားရေးအတွက် အသုံးချဖို့ ဦးဆောင်ရွက်ဦးရွက်ပြုရမှာ ဖြစ်ပါတယ်။ ပြီးတော့ စင်ကာပူနိုင်ငံနဲ့ စင်ကာပူပြည်သူတွေအတွက် စိတ်ရောကိုယ်ပါ အလုပ်အကျွေးပြုရမှာ ဖြစ်ပါတယ်”

    ယခုတစ်ကြိမ် စင်ကာပူသမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် အလှည့်ကျသည့် လူ့အဖွဲ့အစည်းမှာ မလေးလူ့အဖွဲ့အစည်းဖြစ်သည်။

    သမ္မတရွေးကောက်ပွဲကို စက်တင်ဘာ နှောင်ပိုင်းတွင် ကျင်းပပြုလုပ်ရန် ရှိနေပြီး ဟာလီမာယာကွဘ်မှာ မစ္စတာ ဖာရစ်ခန်း၊ မစ္စတာ မိုဟာမက် ဆာလေဟ် မာရီကန်တို့နှင့် ယှဉ်ပြိုင်ရဖွယ် ရှိနေသည်။

    Ref: CNA

  • အမေရိကန်ကို အာခံသည့်အနေဖြင့် ဂျပန်နိုင်ငံကိုကျော်ကာ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်

    အမေရိကန်ကို အာခံသည့်အနေဖြင့် ဂျပန်နိုင်ငံကိုကျော်ကာ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်

    သြဂုတ် ၂၉၊ ၂၀၁၇
    M-Media

    မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှု မြင်ကွင်းတစ်ခု

    – မြောက်ကိုရီးယားမှာ ယနေ့မနက်ပိုင်းတွင် ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ဂျပန်နိုင်ငံကို ကျော်ကာ ပစိဖိတ်သမုဒ္ဒရာ၏ မြောက်ဖက်ပိုင်းကို ကျသွားခဲ့သည်ဟု သိရသည်။

    ယခုစမ်းသပ်ပစ်လွှတ်မှုမှာ ၂၀၀၉ ခုနှစ်နောက်ပိုင်း ဂျပန်နိုင်ငံကိုကျော်က ပစ်လွှတ်သည့် ပထမဆုံး ဒုံးကျည်ဖြစ်ပြီး၊ အမေရိကန်၏ အနီးကပ် မဟာမိတ်နိုင်ငံတစ်ခုအပေါ် ထိုကဲ့သို့ ဆောင်ရွက်ခြင်းက အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးပေါင်းဆောင်ရွက်သော စစ်ရေးလေ့ကျင့်မှုအပေါ် မနှစ်မြို့ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်ခြင်းလည်း ဖြစ်သည်။

    တောင်ကိုရီးယား စစ်ဦးစီးအရာရှိချုပ်က ဒုံးကျည်မှာ ၂၇၀၀ ကီလိုမီတာအထိ ပျံသန်းသွားပြီး အမြင့်ဆုံး ၅၅၀ ကီလိုမီတာအထိ ရောက်ရှိခဲ့ကာ ဂျပန်နိုင်ငံမြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်းကို ကျော်၍ ပင်လယ်ပြင်ထဲ ကျဆင်းသွားသည်ဟု ပြောကြားခဲ့သည်။

    ဂျပန်အစိုးရက ဒုံးခွင်းစနစ်ဖြင့် အဆိုပါဒုံးကျည်ကို ဖျက်ဆီးမှု မပြုလုပ်ခဲ့ဘဲ နိုင်ငံမြောက်ပိုင်းရှိ ပြည်သူများ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် သတိပေးထားသည်။

    Ref: Aljazeera