News @ M-Media

Author: Ko Lay

  • Bollywood အထိရိုက်ခတ်လာတဲ့ အိန္ဒိယက အိမ်သာပြဿနာ

    Bollywood အထိရိုက်ခတ်လာတဲ့ အိန္ဒိယက အိမ်သာပြဿနာ

    သြဂုတ် ၃၀၊ ၂၀၁၇
    M-Media

    – သြဂုတ်လ ၁၁ ရက်နေ့မှာ ဘောလီးဝုဒ် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ Toilet: Ek Prem Katha ကို ရုံတင်ပြသခဲ့ပါတယ်။

    နိုင်ငံအတွင်း ရှေးရိုးစွဲ အစဉ်အလာကြောင့် အိမ်ထဲမှာ အိမ်သာမထားဘဲ အပေါ့အလေးကို အိမ်ပြင်ထွက်စွန့်ရတဲ့အနေအထားမှာ ပြည်သူတွေ အခက်အခဲတွေ့နေရပုံ၊ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်နေရပုံ စတာတွေကို မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

    လက်ရှိ ဒီပြဿနာကို ဦးဆောင်ဖြေရှင်းနေတဲ့ ၀န်ကြီးချုပ် မိုဒီကလည်း ဒီဇာတ်ကားကို ချီးကျူးခဲ့ပါတယ်။

    အိန္ဒိယပြည်သူတွေ ဘာအကြောင်းကြောင့် ဒီလို အိမ်သာပြဿနာကို ခံစားနေရလဲဆိုတာ Toilet: Ek Prem Katha က ဇာဝတ်ခန်းတစ်ချို့နဲ့အတူ ဒီဗီဒီယိုမှာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

    Source : Aljazeera

  • ကာ့ဒ်ဒေသခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူမှုတွင် အီရတ်မှ ပြည်နယ်တစ်ခု ထပ်မံပါဝင်လာ

    ကာ့ဒ်ဒေသခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူမှုတွင် အီရတ်မှ ပြည်နယ်တစ်ခု ထပ်မံပါဝင်လာ

    သြဂုတ် ၃၀၊ ၂၀၁၇
    M-Media

    အီရတ်နိုင်ငံနှင့် ကာ့ဒ်ဒေသ

    – အီရတ်နိုင်ငံ ကီရ်ကွတ်ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့က လာမည့်လတွင် ကျင်းပပြုလုပ်မည့် ကာ့ဒ်ဒေသ လွတ်လပ်ရေး ပြည်သူ့ဆန္ဒခံယူပွဲတွင် ပါဝင်ရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

    အီရတ်နိုင်ငံရှိ ကာဒစ္စတန်ဒေသမှာ ခွဲထွက်ရေးအတွက် စက်တင်ဘာ ၂၅ ရက်နေ့တွင် ပြည်သူ့ဆန္ဒခံယူရန် စီစဉ်ထားပြီး၊ ထိုရလဒ်မှာ လွတ်လပ်သော ကာ့ဒ်နိုင်ငံ ဖြစ်ပေါ်လာရေးအတွက် လမ်းစတစ်ခု ဖြစ်လာမည်ဖြစ်သည်။

    အီရတ် ပြည်ထောင်စုအစိုးရကမူ ထိုအစီအစဉ်ကို ဆန့်ကျင်ထားသည်။

    ရေနံအရင်းအမြစ်ပေါကြွယ်ဝသည့် ကီရ်ကွတ်ဒေသမှာ ကာဒစ္စတန်ဒေသတွင် မပါဝင်သော်လည်း ကာ့ဒ်လူမျိုး အများစုရှိရာ ဒေသဖြစ်သည်။

    ယမန်နေ့က မဲခွဲမှုအတွင်း ဒေသအုပ်ချုပ်ရေးကောင်စီဝင် ၂၄ ဦးတွင် ၂၂ ဦးက ပြည်သူ့ဆန္ဒ ခံယူမှုတွင် ပါဝင်ရန် မဲပေးခဲ့ကြသည်ဟု ကောင်စီဝင်တစ်ဦးဖြစ်သည့် ဟာလာ နူရ် အက်ဒင်းက ပြောကြားခဲ့သည်။ပြည်နယ်အုပ်ချုပ်ရေးကောင်စီတွင် ကာ့ဒ်လူမျိုး ၂၆ ဦး၊ တာ့ခ်မန်း ၉ ဦးနှင့် အာရပ် ၆ ဦးတို့ ပါဝင်ကာ ယမန်နေ့မဲခွဲမှုအတွင်း ကောင်စီဝင် ၂၄ ဦးသာ တက်ရောက်ခဲ့သည်။

    ကီရ်ကွတ်ရှိ တာ့ခ်မန်းများကမူ ထိုဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ပြီး လူမျိုးစုံရှိသည့် ဒေသမှာ အထူးခံစားခွင့်ကို ရရှိထားသည်ဟု ထောက်ပြခဲ့သည်။

    ပြည်နယ်အုပ်ချုပ်ရေးမှူး နဂျမ် အက်ဒင်း ကရင်မ်က ထိုကဲ့သို့ မဲပေးဆုံးဖြတ်မှုမှာ သမိုင်းဝင် အဖြစ်အပျက်တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အီရတ်နိုင်ငံမှ ကာ့ဒ်ဒေသခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူမည့် အစီအစဉ်ကို အိမ်နီးချင်း တူရကီနှင့် အီရန်နိုင်ငံတို့ကလည်း ကန့်ကွက်ထားသည်။ ထိုနိုင်ငံများတွင် ကာ့ဒ်လူမျိုးများမှာ လူနည်းစုအနေဖြင့် ရှိနေကြသည်။

    Ref: Aljazeera

  • အစ္စရေးကျူးကျော်အိမ်ယာများက ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်နေသည်ဟု ကုလပြော

    အစ္စရေးကျူးကျော်အိမ်ယာများက ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်နေသည်ဟု ကုလပြော

    သြဂုတ် ၃၀၊ ၂၀၁၇
    M-Media

    ပါလက်စတိုင်းပိုင်နက်အတွင်းမှ အစ္စရေး၏ ကျူကျော်အိမ်ယာ မြင်ကွင်းတစ်ခု

    – ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက ကျူးကျော်အိမ်ယာများ ဆောက်လုပ်နေခြင်းမှာ ငြိမ်းချမ်းရေးအတွက် အဓိက အဟန့်အတား ဖြစ်နေသည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားလိုက်သည်။

    ပါလက်စတိုင်းဝန်ကြီးချုပ် ရာမီ ဟမ်ဒါလာနှင့် မနေ့က အနောက်ဖက်ကမ်း ရာမာလာမြို့၌ တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံတည်ရှိရေးထက် အခြားအဖြေမရှိဟုလည်း ဆိုသည်။

    “ကျူးကျော် သိမ်းပိုက်ထားတာတွေကို အဆုံးသတ်ပြီး၊ ပါလက်စတိုင်းတွေရဲ့ ထိခိုက်ခံစားရတာတွေကို နိဂုံးချုပ်စေမယ့် နှစ်နိုင်ငံတည်ရှိရေး အဖြေသည်သာ ငြိမ်းချမ်းမှု တည်ဆောက်ရေး အာမခံနိုင်မယ့် တစ်ခုတည်းသောနည်းလမ်း ဖြစ်ပါတယ်” ဟု ကုလအတွင်းရေးမှူးက ထည့်သွင်း ပြောဆိုခဲ့သည်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ ကျူးကျော်အိမ်ယာများကို မည်သည့်အခါမှ ဖယ်ရှားသွားမည်မဟုတ်ဟု ပြောကြားခဲ့ပြီး တစ်ရက်အကြာတွင် ဂူတာရက်စ်၏ ယခုမှတ်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။

    အမေရိကန်ကိုယ်စားလှယ်အဖွဲ့တစ်ခုမှာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လည်စတင်ရန်အတွက် ပြီးခဲ့သည့် ရက်အနည်းငယ်က ဒေသတွင်းသို့ ရောက်ရှိလာခဲ့သည်။

    နေတန်ယာဟု၏ မှတ်ချက်ကို တုန့်ပြန်သည့်အနေဖြင့် ဂူတာရက်စ်က အစ္စရေးနှင့် ပါလက်စတိုင်း အာဏာပိုင်များမှာ ငြိမ်းချမ်းသော သဘောတူညီချက်ကို ပျက်ဆီးစေမည့် လုပ်ရပ်များကို ရှောင်ရှားရမည်ဟု ပြောကြားခဲ့သည်။

    အစ္စရေးမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းက ပါလက်စတိုင်းပိုင်နက်ဟု သတ်မှတ်ပေးထားသည့် နယ်မြေများကို ကျူးကျော်သိမ်းပိုက်ကာ တရားမ၀င်အိမ်ယာ အများအပြား ဆောက်လုပ်ထားပြီး ထိုလုပ်ရပ်အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ရှုတ်ချမှုကို ခံထားရသည်။

    Ref : Aljazeera

  • အိမ်ရှင်မလေးရှားကို အနိုင်ယူပြီး ထိုင်း ဆီးဂိမ်း ၃ ကြိမ်ဆက် ချန်ပီယံဖြစ်

    အိမ်ရှင်မလေးရှားကို အနိုင်ယူပြီး ထိုင်း ဆီးဂိမ်း ၃ ကြိမ်ဆက် ချန်ပီယံဖြစ်

    သြဂုတ် ၂၉၊ ၂၀၁၇
    M-Media

    – ၂၉ ကြိမ်မြောက် ဆီးဂိမ်းရဲ့ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် အိမ်ရှင် မလေးရှားအသင်းနဲ့ ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားရာမှာ ထိုင်းအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ရွှေတံဆိပ်ဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

    မလေးရှားအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပေမယ့် ပြိုင်ပွဲတစ်လျှောက် ခံစစ်အကောင်းဆုံး ထိုင်းကို ဂိုးရအောင် ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ထိုင်းကတော့ တန်ပြန်တိုက်စစ်ကိုသာ အဓိက အားပြုကစားသွားတာပါ။

    ထိုင်းအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပထမပိုင်းမှာ ရရှိခဲ့တာဖြစ်ပြီး ထောင့်ကန်ဘော ကန်တင်ပေးပို့မှုကို မလေးရှားဂိုးသမား ထွက်ပုတ်ရာကနေ ဂိုးထဲဝင်သွားတာဖြစ်ပါတယ်။

    အရှေ့တောင်အာရှ ဘောလုံးလောကမှာ အအောင်မြင်ဆုံးထိုင်းဟာ နောက်ဆုံး ၃ နှစ်ဆက်တိုက် ဆီးဂိမ်းချန်ပီယံ ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

    ငွေတံဆိပ်ကို အိမ်ရှင်မလေးရှားက ရရှိခဲ့ပြီး ကြေးတံဆိပ်ကိုတော့ စောစောပိုင်းပွဲမှာ မြန်မာကို အနိုင်ယူခဲ့တဲ့ အင်ဒိုနီးရှားက ရရှိသွားခဲ့ပါတယ်။

  • မြန်မာနိုင်ငံမှ တိုက်ပွဲကြောင့်ထွက်ပြေးလာရသူများကို လက်ခံရန် စီစဉ်နေသည်ဟု ထိုင်းပြော

    မြန်မာနိုင်ငံမှ တိုက်ပွဲကြောင့်ထွက်ပြေးလာရသူများကို လက်ခံရန် စီစဉ်နေသည်ဟု ထိုင်းပြော

    သြဂုတ် ၂၉၊ ၂၀၁၇
    M-Media

    ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ

    – မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသူတွေကို လက်ခံဖို့ စီစဉ်နေတယ်လို့ ထိုင်းဝန်ကြီးချုပ် ရာယွတ်ချန်အိုချာက ဒီနေ့မှာ ပြောကြားလိုက်ပြီး ပြန်ဖို့ အဆင့်သင့်ဖြစ်တဲ့အချိန်ကျရင် ပြန်ပို့ပေးသွားမယ်လို့ ဆိုပါတယ်။

    နိုင်ငံမြောက်ပိုင်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်သမားတွေနဲ့ အစိုးရတပ်ဖွဲ့ဝင်တွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာ ထိုင်းဝန်ကြီးချုပ်က ဒီလိုပြောကြားလိုက်တာဖြစ်ပါတယ်။

    “ထိုင်း ကာကွယ်ရေးနဲ့ လုံခြုံရေးဝန်ကြီးဌာနဟာ မြန်မာနိုင်ငံက အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသူတွေကို လက်ခံထာဖို့ စီစဉ်နေပါတယ်။ အရင်တုန်းကလိုပဲ သူတို့ကို ကျွန်တော်တို့ နေစရာပေးထားမယ်။ သူတို့အဆင်သင့်ဖြစ်ရင် ပြန်ပို့ပေးသွားမှာပါ”

    ဒါပေမယ့် မြန်မာနိုင်ငံဘက်က အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ ထိုင်းနိုင်ငံကို ရောက်လာသလားဆိုတာကို မပြောခဲ့သလို၊ ရခိုင်ပြည်နယ် မတည်မငြိမ်ဖြစ်မှုမှာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးနေရတဲ့ ရိုဟင်ဂျာတွေကိုလည်း ရည်ညွှန်းခြင်း မရှိခဲ့ပါဘူး။

    ထိုင်းနိုင်ငံဟာ ရခိုင်ပြည်နယ်က ပြဿနာတွေကြောင့် ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေ တစ်ထောက်နားခိုရာနေရာအဖြစ် ကျော်ကြားပါတယ်။

    ၂၀၁၅ ခုနှစ်အတွင်းမှာ ထိုင်းနိုင်ငံက လူကုန်ကူးမှုတွေကို ပြင်းပြင်းထန်ထန် နှိမ်နှင်းခဲ့ပေမယ့် မြန်မာနိုင်ငံကနေ ထိုင်းကို လူကုန်ကူးမှုဟာ မြင့်တက်နေဆဲဖြစ်တယ်လို့ ထိုင်း လူဝန်မှုကြီးကြပ်ရေးဌာနက မေလအတွင်းမှာ Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    Ref: usnews