News @ M-Media
Author: Ko Lay
  • ခြေစွမ်းပြနိုင်ပေမယ့် နာကျင်အချိန်ပိုဂိုးနဲ့ ဗိုလ်လုပွဲတက်ခွင့် လွဲချော်ခဲ့ရတဲ့ မြန်မာ ယူ ၂၂
    ခြေစွမ်းပြနိုင်ပေမယ့် နာကျင်အချိန်ပိုဂိုးနဲ့ ဗိုလ်လုပွဲတက်ခွင့် လွဲချော်ခဲ့ရတဲ့ မြန်မာ ယူ ၂၂
    သြဂုတ် ၂၆၊ ၂၀၁၇
    M-Media
    – ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်အဖြစ် မြန်မာ ယူ ၂၂ နဲ့ ထိုင်း ယူ ၂၂ အသင်းတို့ ကစားခဲ့ကြရာမှာ ထိုင်းအသင်းက ဒုတိယပိုင်း နာကျင်အချိန်ပိုသွင်းဂိုးနဲ့ နောက်ဆုံးဗိုလ်ပွဲ တက်ရောက်သွားခဲ့ပါတယ်။
    မြန်မာအသင်းဟာ ပွဲအစ ၁၀ မိနစ်မှာပဲ ထိုင်းဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ဧရိယာထိပ်ကနေ အပြင်းကန်သွင်းမှုကို ထိုင်းဂိုးသမား ပုတ်ထုတ်ကာကွယ်သွားနိုင်ခဲ့ပါတယ်။
    နောက်ပိုင်းမှာ နှစ်သင်းစလုံးကိုက သတိထား ကစားခဲ့တာကြောင့် ပထမပိုင်းမှာ ဂိုးသွင်းခွင့် မယ်မယ်ရရ မရခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့ မြန်မာအသင်းက ပိုမို အချိတ်အဆက်မိလာပေမယ့် ထိုင်းအသင်း နောက်တန်းက အမှားအယွင်းမရှိ ဖြတ်ထုတ်နိုင်ခဲ့ပါတယ်။
    ထိုင်းအသင်းရဲ့ တန်ပြန်တိုက်စစ်ကလည်း ထိရောက်ခဲ့ပြီး ၆၀ ကျော်လေးမှာ မြန်မာဂိုးသမား ဆန်းဆက်နိုင်နဲ့ နောက်တန်းတို့က ထိုင်းရဲ့ အပိုင်ကန်သွင်းခွင့်နဲ့ တွဲလုံးတွေကို အသည်းအသန် ကာကွယ်ခဲ့ရပါတယ်။
    မြန်မာအသင်းဟာ အုပ်စုပွဲစဉ်တွေမှာ လျော့တိလျော့ရဲဖြစ်တဲ့ ခံစစ်ပိုင်းကို ကောင်းမွန်အောင် ပြင်ဆင်လာနိုင်ခဲ့ပေမယ့် အလယ်တန်းနဲ့ ရှေတန်းတို့ကတော့ အရင်ပွဲစဉ်တွေလို ချိတ်ဆက်နိုင်ခြင်း မရှိဘဲ တိုက်စစ်ပိုင်းကလည်း အတွဲအဖက် ပျောက်ဆုံးနေခဲ့ပါတယ်။
    ပွဲပြီးကာနီးမှာ ထိုင်းအသင်းရဲ့ တင်ကစားမှုကနေ ဂိုးရခဲ့ပြီး အသင်းခေါင်းဆောင် ဆမ်ဖာဘိုဒီက ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
    အခုတစ်ကြိမ် ထိုင်းအသင်းနဲ့ တွေ့ဆုံမှုမှာ မြန်မာအသင်းရဲ့ ကစားပုံဟာ ဒီဘက်ခေတ်ပိုင်းမှာ အကောင်းဆုံးလို့ ပြောလို့ရပေမယ့် မထင်မှတ်တဲ့အနေအထားကနေ ဂိုးပေးလိုက်ရတာကြောင့် နစ်နာခဲ့ရပါတယ်။
    မြန်မာအသင်းဟာ အခုညနေ အိမ်ရှင်မလေးရှားနဲ့ အင်ဒိုနီးရှားတို့ရဲ့ ဆီမီးဖိုင်းနယ်က ရှုံးနိမ့်တဲ့အသင်းနဲ့ တတိယနေရာ လုရမှာ ဖြစ်ပါတယ်။
  • တရုတ်နိုင်ငံရဲ့ အမျိုးသမီးလိုအပ်ချက်က မြန်မာမိန်းကလေးတွေကို ဘယ်လောက်ထိ ရိုက်ခတ်နေလဲ
    တရုတ်နိုင်ငံရဲ့ အမျိုးသမီးလိုအပ်ချက်က မြန်မာမိန်းကလေးတွေကို ဘယ်လောက်ထိ ရိုက်ခတ်နေလဲ
    သြဂုတ် ၂၆၊ ၂၀၁၇
    M-Media
    တရုတ်ပြည်သို့ လူကုန်ကူးခံရပြီး ၁၃ နှစ်တိုင်တိုင် တရုတ်ဇနီးအဖြစ် နေခဲ့ရသည့် မေခိုင်ဦး
    – မေခိုင်ဦးဆိုတဲ့ အမျိုးသမီးငယ်လေးတစ်ယောက်ရဲ့ အိပ်မက်ဆိုးကြီးဟာ အဘွားအိမ်ကနေ အိမ်ပြန်လာတဲ့အချိန်မှာ စတင်ခဲ့ပြီး ၁၃ နှစ်နီးပါး ကြာမြင့်ခဲ့ပါတယ်။
    မွန်ပြည်နယ်တောင်ပိုင်းက အဖွားဖြစ်သူအိမ်ကို သွားရောက်လည်ပတ်ခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် သူမဟာ မိဘများရှိရာ မုဒုံကို ပြန်ဖို့အတွက် ပြည်နယ်မြို့တော် မော်လမြိုင်ကနေ ရထားစီးခဲ့ပါတယ်။
    ရထားပေါ်က စုံတွဲတစ်တွဲက သူမကို အလုပ်တစ်ခု ကမ်းလှမ်းခဲ့ပြီး သူမက ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် သူတို့ပေးတဲ့ ရေတစ်ခွက်ကို သောက်ပြီးနောက်ပိုင်း အိပ်ချင်လာတာကြောင့် အိပ်ပျော်သွားခဲ့ပြီး ဆင်းမယ့် ဘူတာကို ကျော်သွားခဲ့ပါတယ်။ ပြန်ဖို့အတွက် သူမမှာ စားရိတ်မရှိတော့ပါဘူး။
    အဲဒီစုံတွဲက သူမလိုအပ်နေတဲ့ ရထားလက်မှတ်ဝယ်မယ့် ငွေရဖို့ အလုပ်တစ်ခု ရှာပေးမယ်လို့ ဆိုပါတယ်။
    “အိမ်ပြန်ဖို့ငွေလိုတာကြောင့် ကျွန်မ သူတို့ရဲ့အလုပ်ကို လက်ခံခဲ့ပါတယ်” လို့ မေခိုင်ဦးက ပြောခဲ့ပြီး သူမသောက်ခဲ့တဲ့ ရေထဲမှာ ဆေးခပ်ခံလိုက်ရတယ်ဆိုတာလည်း သူမ သိခဲ့ပါတယ်။
    အဲဒီစုံတွဲက သူမကို စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်သွင်းပေးခဲ့ပြီး ၃ လတာ ကြာမြင့်ခဲ့ပေမယ့် မိဘအိမ်ကို ပြန်မပို့ပေးဘဲ ပွဲစားတစ်ဦးလက်ကိုအပ်ကာ သူမဟာ တရုတ်ပြည်ကို ပို့ဆောင်ခြင်း ခံလိုက်ရပါတယ်။
    နောက်ထပ် ၁၃ နှစ်အတွင်းမှာ သူမဟာ နှစ်ကြိမ်တိုင်တိုင် အတင်းအဓမ္မ လက်ထပ်ခြင်းခံခဲ့ရတယ်လို့ မေခိုင်ဦးက ပြောကြားခဲ့ပါတယ်။ ပထမခင်ပွန်းနဲ့ ကလေးနှစ်ယောက် ရခဲ့ပြီး၊ ဒုတိယ အိမ်ထောင်နဲ့ ကိုယ်ဝန်ရှိနေတဲ့အချိန် WeChat ကနေတစ်ဆင့် ကျောင်းသားအဖွဲ့တစ်ခုနဲ့ ဆက်သွယ်မိပြီး ထွက်ပြေးလွတ်မြောက်လာတာပါ။
    “ထွက်ပြေးဖို့ ကြိုးစားတာ အကြိမ်ကြိမ်အခါခါပါပဲ။ ဒါပေမယ့် တရုတ်လူ့အဖွဲ့အစည်းမှာ တစ်စိမ်းတစ်ယောက်လို ဖြစ်နေတာကြောင့် ထွက်ပြေးဖို့ မလွယ်ကူပါဘူး။ ကျွန်မအခြေအနေဟာ ဒီ့ထက် ပိုဆိုးသွားမလားဆိုတဲ့ စိုးရိမ်စိတ်ကလည်း ရှိနေပါတယ်” လို့ သူမက ဆိုပါတယ်။
    မေခိုင်ဦးရဲ့ ဒုက္ခသုက္ခတွေဟာ မြန်မာနိုင်ငံက အမျိုးသမီးတွေ ပုံမှန်လိုလို ခံစားနေရတာမျိုးဖြစ်ပြီး၊ အခြား အမျိုးသမီးငယ်လေးတွေ ဒီလိုထောင်ချောက်ထဲ မ၀င်မိစေဖို့အတွက် သူမရဲ့ ဇာတ်ကြောင်းကို လူအများသိအောင် ဖွင့်ချတာက မေခိုင်ဦးရဲ့ ထူးခြားချက်ပါပဲ။
    အဓမ္မလက်ထပ်ခံရ
    မြန်မာနိုင်ငံဟာ လူကုန်ကူးမှုခံရတဲ့ ရင်းမြစ်နိုင်ငံတစ်ခု ဖြစ်နေတယ်လို့ ကုလသမဂ္ဂက ပြောကြားထားပြီး ရဲတပ်ဖွဲ့ရဲ့ ကိန်းဂဏန်းတွေအရ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ လူကုန်ကူးခံရသူပေါင်း ၃၄၈၉ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီထဲမှာ အများစုက အဓမ္မလက်ထပ်ဖို့အတွက် ကုန်ကူးခံရသူတွေပါ။
    လိင်ကျွန်အဖြစ် အသုံးချခံရမှုကတော့ လူကုန်ကူးမှုမှာ ဒုတိယလိုက်နေပြီး အဲဒီနောက်မှာ အဓမ္မ လုပ်အားခိုင်းစေခံရမှု ရှိနေပါတယ်။
    ရဲတပ်ဖွဲ့မှတ်တမ်းတွေမှာ မြန်မာနိုင်ငံက လူကုန်ကူးခံရသူတွေ အများဆုံး ရောက်ရှိတဲ့ နိုင်ငံဟာ တရုတ်နိုင်ငံဖြစ်ပြီး ထိုင်း၊ မလေးရှားတွေလို အခြား အရှေ့တောင်အာရှ နိုင်ငံတွေကိုလည်း ရောက်ရှိကြပါတယ်။ မြန်မာနိုင်ငံအတွင်းမှာလည်း လူကုန်ကူးမှုတွေ ဖြစ်နေပါတယ်။
    ဇွန်လမှာ အမေရိကန်အစိုးရကနေ ထုတ်ပြန်တဲ့ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ ဦးစားပေးအဆင့် ၂ စောင့်ကြည့်ရမယ့် စာရင်းမှာ ပါဝင်လာပြီး ဒါဟာ အမြန်မာနိုင်ငံအနေနဲ့ လူကုန်ကူးမှုကို တိုက်ဖျက်ဖို့ အမေရိကန်က ချမှတ်ထားတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီအောင် ကြိုးပမ်းရတော့မယ့် သဘောပါပဲ။
    ဒါပေမယ့် လူ့အခွင့်အရေးအဖွဲ့တွေကတော့ မြန်မာနိုင်ငံဟာ လူကုန်ကူးမှုတွေကို ရပ်တန့်ဖို့ လုံလောက်အောင် ဆောင်ရွက်ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
    Yangon Justice Center ရဲ့ စီမံကိန်းမန်နေဂျာ ကိုထွန်းလှိုင်က အလုပ်အကိုင်အခွင့်အလမ်း တိုးတက်အောင် ဆောင်ရွက်ပေးတာ၊ နယ်စပ် စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးကို တိုးမြှင့်ပေးတာ၊ ဆင်းရဲမွဲတွေတဲ့သူတွေဟာ ပိုကောင်းတဲ့ဘ၀တစ်ခု ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အမြတ်ထုတ်ခံနေရတာကြောင့် အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးပြေလည်စေမယ့် အစီအစဉ် လုပ်ဆောင်တာ စတာတွေဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အဓိကအချက်တွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “လူးတစ်ဦးချင်း လူကုန်ကူးမှုကို တားဆီးတဲ့ ဆောင်ရွက်ချက်တွေ စနစ်တကျ လုပ်ကိုလုပ်ရပါမယ်။ ဒီရာဇ၀တ်မှုဟာ နိုင်ငံအတွင်းမှာ ပြန့်နှံ့ဖြစ်ပွားနေပြီး ဆိုးဆိုးဝါးဝါးကိစ္စတွေသာ လူတွေက သိကြတာပါ” လို့ ကိုထွန်းလှိုင်က ဆိုပါတယ်။
    မြန်မာအစိုးရဟာ ၂၀၀၅ ခုနှစ်မှာ လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေကို ပြဌာန်းခဲ့ပြီး ကျူးလွန်သူတွေအတွက် ကြီးလေးတဲ့ပစ်မှုတွေကို သတ်မှတ်ထားပါတယ်။ တရားရုံးကိုရောက်လာတဲ့ အမှုကတော့ နည်းနေပါသေးတယ်။
    အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူအင်အား ၀န်ကြီးဌာနက အမြဲတန်းအတွင်းဝင် ဦးမျိုးအောင်က သူတို့ရဲ့ ဆောင်ရွက်မှုမှာ အဓိက စိန်ခေါ်မှုတစ်ခုက ပွဲစားတွေပေးတဲ့ မက်လုံးတွေဖြစ်တယ်လို့ ဆိုပါတယ်။
    “လူကုန်ကူးခံရသူတွေဟာ လူကုန်ကူးမှုဆိုင်ရာ ပညာပေးအစီအစဉ်တွေကို မရရှိထားဘူး။ တရားမ၀င် လူကုန်ကူးသူတွေရဲ့ ဖြားယောင်းသွေးဆောင်မှုကို သူတို့ ယုံကြည်ကြတယ်။ ရလဒ်အနေနဲ့ သူတို့ ပြဿနာတက်လာရင် အကူအညီတွေ မရတော့ဘူး”
    သင်ခန်းစာယူစရာ အဖြစ်အပျက်
    အောက်ခြေလူတန်းစားအဆင့်မှာ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် အဓိကထားလုပ်ရတာဟာ အသိပညာပေးမှု ဖြစ်ပါတယ်။
    ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရဲစခန်းက ဗိုလ်မှူး ခင်မောင်လတ်က သတင်းအချက်အလက်ရယူမှုမှာ ပိုပြီး အားကောင်းတဲ့ နည်းလမ်းတွေ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ပြီး ရဲတပ်ဖွဲ့ဝင်တွေဟာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ အသိပညာပေး လက်ကမ်းစာစောင်တွေကို အိမ်တိုင်ရာရောက် လိုက်လံ ဖြန့်ဖြူးပေးနေတယ်လို့ ဆိုပါတယ်။
    “ပုံမှန် အသိပညာပေးဆွေးနွေးတာထက် ဒီနည်းလမ်းက ပိုပြီး ထိရောက်ပါတယ်။ ဒါဟာ လိမ်ညာသူတွေရှိတယ်ဆိုတာ ကြိုတင်တားဆီးသတိပေးတာလည်း ဖြစ်ပါတယ်။ ကာကွယ်ခြင်းဟာ ကုသခြင်းတက် ပိုထိရောက်ပါတယ်” လို့ ဗိုလ်မှူးကဆိုပြီး ပွဲစားတွေ ချဉ်းကပ်လာရင် ရဲတပ်ဖွဲ့ကို အကြောင်းကြားသင့်တယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    မေခိုင်ဦးရဲ့သတင်း ထွက်လာခဲ့ပြီးတဲ့နောက်မှာတော့ တရုတ်အာဏာပိုင်တွေဟာ သူမရှိတဲ့နေရာကို ရှာဖွေနိုင်ခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ဖွင့်လှစ်ထားတဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးစခန်းကို လွှဲပြောင်းပေးခဲ့ပါတယ်။
    အဲဒီနောက်မှာ မေခိုင်ဦးဟာ မုဒုံက မိဘတွေရှိရာကို ပြန်ရောက်သွားခဲ့ပြီး ကလေးနှစ်ဦးကိုတော့ တရုတ်နိုင်ငံမှာ ထားခဲ့ကာ ဘ၀သစ်ကို ပြန်လည် စတင်ခဲ့ပါတယ်။ သူမကို လူမှုဝန်ထမ်းဦးစီးဌာနက ကုန်စုံဆိုင်လေးတစ်ဆိုင်ဖွင့်ဖို့ ထောက်ပံ့ပေးခဲ့ပါတယ်။
    ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ International Rescue Committee က နေထိုင်စားသောက်ရိတ်အတွက် နေ့စဉ်ထောက်ပံ့ကြေးပေးပြီး ကျေးရွာဆေးပေးခန်းကလည်း ကိုယ်ဝန်အတွက် အခမဲ့ စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
    သူမကို ရထားပေါ်မှာ သွေးဆောင်ဖျားယောင်းခဲ့တဲ့ စုံတွဲကို ဖမ်းဆီးနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သူမဟာ ရဲစခန်းမှာလည်း အမှုဖွင့်ခဲ့ပါတယ်။ သူမရဲ့ အကြောင်းကတာ့ ဒေသတွင်းမှာ သတိပြုစရာ သင်ခန်းစာအဖြစ် ပြန့်နှံ့နေပါတော့တယ်။
    “မိသားစုအရင်းအချာထဲက လောက်လောက်လားလားလူတစ်ယောက် မပါဘဲနဲ့ ကလေးတွေကို ခရီးမလွှတ်ပါနဲ့လို့ မိဘအားလုံးကို ကျွန်မ အကြံပြုပါတယ်။ ကျွန်မရဲ့ အဖြစ်အပျက်ကို သင်ခန်းယူပါ။ မိန်းကလေးတွေအနေနဲ့ တစ်ခြားသူတွေကို မျက်လုံးစုံပိတ်ပြီး မယုံကြည်လိုက်ပါနဲ့”
    Ref: Reuters
    (Reuters သတင်းဌာနတွင် ဖော်ပြထားသည့် Trafficked to China to marry, a Myanmar woman hopes to save others from same fate ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
  • ကဘူးလ်ရှိ ဗလီတစ်လုံးကို IS အကြမ်းဖက်အဖွဲ့က ဗုံးခွဲတိုက်ခိုက်
    ကဘူးလ်ရှိ ဗလီတစ်လုံးကို IS အကြမ်းဖက်အဖွဲ့က ဗုံးခွဲတိုက်ခိုက်
    သြဂုတ် ၂၆၊ ၂၀၁၇
    M-Media
    – အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးလ်ရှိ ရှီအာဗလီဝတ်ကျောင်းတော်တစ်လုံးတွင် သောကြာနေ့ ၀တ်ပြုဆုတောင်းမှုအတွင်း အသေခံဗုံးခွဲမှု၊ သေနတ်ဖြင့် ပစ်ခတ်မှုတို့ ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်။
    ကဘူးလ်မြို့မြောက်ဖက် အီမာမ် ဇမန်ဗလီဝတ်ကျောင်းတော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဗလီဝတ်ကျောင်းတော်အတွင်း အသေခံဗုံးခွဲပြီးနောက် သေနတ်သမားများက ၀င်ရောက်ပစ်ခတ်ခဲ့ကြသည်။ IS အကြမ်းဖက်အဖွဲ့က ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၂၀ ကျော်ရှိခဲ့ပြီး ဒဏ်ရာရသူ အနည်းဆုံး ၄၀ ရှိကာ သေဆုံးသူ အရေအတွက်မှာ မြင့်တက်လာနိုင်သည်။
    အခင်းဖြစ်ပွားနေစဉ် ရဲတပ်ဖွဲ့ဝင်များမှာ ဗလီအတွင်းသို့ ၀င်ရောက်ရန် ကြိုးစားခဲ့ပြီး တိုက်ခိုက်သူများက ဗုံးထပ်မံခွဲသောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူ မိုဟာမက် ဆာဒစ် မူရာဒီက ပြောကြားခဲ့သည်။
    သေနတ်သမားများမှာ ကျည်ဆံများ ကုန်သွားပြီးနောက် ၀တ်ပြုသူများကို ဓားများဖြင့် လိုက်ထိုးခဲ့ကြပြီး သေဆုံးသူများတွင် အမျိုးသမီးများနှင့် ကလေးငယ်များလည်း ပါဝင်သည်။
    IS မှာ အာဖဂန်နစ္စတန်ရှိ ရှီအာများ၏ ၀တ်ပြုရာနေရာများကို တိုက်ခိုက်မည်ဟု ကြေငြာထားပြီး ပြီးခဲ့သည့်လကလည်း ကဘူးလ်မြို့ရှိ အီရတ်သံရုံးကို IS က တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
    Ref: Aljazeera
  • ဆော်ဒီနှင့် တရုတ်တို့ပေါင်းကာ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ ထူထောင်မည်
    ဆော်ဒီနှင့် တရုတ်တို့ပေါင်းကာ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ ထူထောင်မည်
    သြဂုတ် ၂၆၊ ၂၀၁၇
    M-Media
    – အာရှ၏ အကြီးဆုံး ရေနံဝယ်သူဖြစ်သည့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးနက်ရှိုင်းရန် ဆောင်ရွက်နေသည့် ဆော်ဒီမှာ နှစ်နိုင်ငံ ကန်ဒေါ်လာ ဘီလီယံ ၂၀ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတစ်ခု ထူထောင်ရန် စီစဉ်နေသည်ဟု သိရသည်။
    ဆော်ဒီဘုရင် ဆလ်မန်မှာ ကြာသာပတေးနေ့က တရုတ် ဒုတိယ၀န်ကြီးချုပ် ကျန်းဂေါင်လီနှင့် ဂျစ်ဒါတွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
    ထို့ပြင် နှစ်ဖက်ကုန်ကျစားရိတ် ညီတူမျှတူခံကာ အကျိုးအမြတ်လည်း အညီအမျှ ခွဲဝေရမည့် ရင်းနှီးမြှုပ်မှု ရန်ပုံငွေတစ်ရပ်ကို ထူထောင်ရန် ထိုဆွေးနွေးမှုတွင် သဘောတူခဲ့ကြသည်ဟု ဆော်ဒီ စွမ်းအင်ဝန်ကြီး ခါလစ် အလ်-ဖာလီက ကြာသာပတေးနေ့က Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
    နိုင်ငံစီးပွားရေး ရေနံအပေါ် အလွန်အမင်းမှီခိုနေရမှုကို လျှော့ချန်ရအတွက် ဆော်ဒီမှာ ၂၀၃၀ ရည်မှန်းချက်ထားကာ လုပ်ဆောင်နေပြီး Public Investment Fund (PIF) က ဦးဆောင်ကာ နိုင်ငံတကာတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှာဖွေနေသည်။ PIF မှာ Uber Technologies ကဲ့သို့ ကုမ္ပဏီများတွင်လည်း ရင်းနှီးမြှုပ်နှံထားသည်။
    Ref: Arabnews
  • တရားစွဲခံထားရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း တိုင်းပြည်မှ ထွက်ပြေးဟု သတင်းထွက်
    တရားစွဲခံထားရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း တိုင်းပြည်မှ ထွက်ပြေးဟု သတင်းထွက်
    သြဂုတ် ၂၆၊ ၂၀၁၇
    M-Media
    – ယမန်နေ့က စီရင်ချက်ချမည့်​ ရုံးချိန်းကို ရှောင်ရှားခဲ့သည့် ၀န်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ်ထရာကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပြီး တိုင်းပြည်မှထွက်သွားပြီဟု သတင်းများလည်း ထွက်ပေါ်နေသည်။
    ယမန်နေ့က စီရင်ချက်ချရန် စီစဉ်ထားပြီး ယင်းလပ်က ရုံးတော်သို့ မလာရောက်ခဲ့သည့်အတွက် တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့သည်။
    ရှင်နာဝပ်ထရာမိသားစုနှင့် နီးစပ်ပြီး ယင်းလပ်၏ပါတီဖြစ်သော Pheu Thai မှ တာဝန်ရှိသူတစ်ဦးက ယင်းလပ်မှာ နိုင်ငံအတွင်း မရှိတော့ဟု AP သတင်းဌာနသို့ ပြောကြားခဲ့ပြီး အသေးစိတ်ကို ထုတ်ဖော်ခဲ့ခြင်း မရှိပေ။
    သူမ၏ ရှေ့နေဖြစ်သူ နိုရာဝစ် လာလာအန်က ယင်းလပ် မည်သည့်အနေရာတွင် ရှိနေသည်ဆိုသည်ကို မသိရှိဟု ပြောကြားခဲ့သည်။
    “မနေ့မနက်က သူနေမကောင်းဘူး၊ ခေါင်းမူးနေတယ်လို့ပြောတယ်။ ဒါ့ကြောင့် ရုံးချိန်ဆိုင်းငံ့ဖို့ ကျွန်မ တောင်းဆိုခဲ့ပါတယ်။ ကျွန်မသိတာ ဒါပါပဲ”
    ၂၀၁၄ ခုနှစ်တွင် ယင်းလပ်အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် စစ်တပ်အကြီးအကဲ လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အစိုးရအနေဖြင့် ယင်းလပ်ကို လိုက်လံရှာဖွေနေသည်ဟု ပြောကြားခဲ့သည်။
    ကာကွယ်ရေးဝန်ကြီး ပရာဝစ် ၀ွန်ဆူဝန်က ယင်းလပ်ကို စောင့်ကြည့်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှာလွန်ခဲ့သည့် ၂ ရက်အတွင်း ဘန်ကောက်ရှိ နေအိမ်မှ ယင်းလပ်ထွက်သည်ကို တွေ့ရှိခြင်းမရှိဟု ပြောကြားခဲ့သည်။
    Ref: Aljazeera