News @ M-Media

Author: Ko Lay

  • ရခိုင်တွင် လုံခြုံရေးတပ်ဖွဲ့များ တိုက်ခိုက်ခံရမှု ကုလရှုတ်ချ

    ရခိုင်တွင် လုံခြုံရေးတပ်ဖွဲ့များ တိုက်ခိုက်ခံရမှု ကုလရှုတ်ချ

    သြဂုတ် ၂၅၊ ၂၀၁၇
    M-Media

    ကုလဌာနေကိုယ်စားလှယ် ရီနာတာ လော့-ဆက်ဆဲလ်လီယန်

    – ဒီနေ့မနက် ရခိုင်ပြည်နယ်မှာ ရဲစခန်းတွေ၊ ရဲကင်းတွေ တစ်ပြိုင်နက် တိုက်ခိုက်ခံရမှုကို ရှုတ်ချကြောင်း ကုလသမဂ္ဂက ပြောကြားလိုက်ပြီး ဒီကိစ္စမှာ ပါဝင်သူတွေအားလုံး အကြမ်းဖက်မှုကို ရှောင်ရှားကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

    ကင်းစခန်းပေါင်း ၃၀ ကို တိုက်ခိုက်ခဲ့ပြီး တမ်တော်သားတစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ ဒုလ၀ကမှူး ၁ ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရှိသူ ၁၁ ဦးရှိကာ ၃ ဦးမှာ စိုးရိမ်ရကြောင်း၊ အစွန်းရောက် အကြမ်းဖက်သမားအလောင်း ၅၉ လောင်းရပြီး၊ ၁ ဦးအရှင်ဖမ်းမိကြောင်း၊ ရသေ့တောင်မြို့နယ်အတွင်းက ချိန်ခါလီနဲ့ စေတီပြင်မှာ နေထိုင်ကြတဲ့ သူတွေဟာ သူတို့ရဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ထွက်ပြေးသွားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ပြန်ကြားရေးကော်မတီရဲ့ Facebook စာမျက်နှာမှာ နေ့လည် ၃ နာရီ ခွဲဝန်းကျင်က သတင်းထုတ်ပြန်ထားပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ ကုလဌာနေကိုယ်စားလှယ် ရီနာတာ လော့-ဆက်ဆဲလ်လီယန်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ “သက်ဆိုင်သူတွေအားလုံး အကြမ်းဖက်မှုကို ရှောင်ကြားဖို့၊ အရပ်သားတွေကို ကာကွယ်ဖို့၊ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းဖို့” တိုက်တွန်းခဲ့ပါတယ်။

    “ရခိုင်ပြည်နယ်က လုံခြုံရေးဆိုင်ရာ အခြေအနေတွေအတွက် ကျွန်မတို့ အလွန်အမင်း စိုးရိမ်မိပါတယ်” လို့ ဌာနေကိုယ်စားလှယ်က ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • ဒကာမနှစ်ဦးအား အဓမ္မကျင့်မှုဖြင့် ဟိန္ဒူဘုန်းကြီးတစ်ဦးကို အပြစ်ရှိကြောင်း အိန္ဒိယ ဆုံးဖြတ်

    ဒကာမနှစ်ဦးအား အဓမ္မကျင့်မှုဖြင့် ဟိန္ဒူဘုန်းကြီးတစ်ဦးကို အပြစ်ရှိကြောင်း အိန္ဒိယ ဆုံးဖြတ်

    သြဂုတ် ၂၅၊ ၂၀၁၇
    M-Media

    တရားရုံးသို့ ယာဉ်အစီး ၁၀၀ ပါဝင်သော ယာဉ်တန်းဖြင့် လာရောက်ခဲ့သည့် ဂူရ်မိ ရမ် ရာဟင် ဆင်း ဂျီ အင်ဆန်

    – ဒကာမနှစ်ဦးအား အဓမ္မပြုကျင့်မှုဖြင့် မိမိကိုယ်ကို နတ်ဘုရားဟု ကြွေးကျော်ထားသည့် ဟိန္ဒူဘုန်းကြီးတစ်ဦးကို အိန္ဒိယတရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် ၎င်းအား ထောက်ခံသူများက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရသူမှာ ဂူရ်မိ ရမ် ရာဟင် ဆင်း ဂျီ အင်ဆန် ဆိုသူဖြစ်ပြီး နိုင်ငံမြောက်ပိုင်း ဟာရ်ယာနာပြည်နယ် ပန့်ခ်ျကူလာမြို့ရှိ တရားရုံး၌ ယနေ့တွင်ပြုလုပ်သည့် ကြားနာမှုသို့ အစီးအနင်း ၁၀၀ ပါသည့် ယာဉ်တန်းနှင့် လာရောက်ခဲ့သည်။

    ၎င်းတည်ထောင်ထားသော Dera Sacha Sauda ဂိုဏ်း၏ ဆီရ်ဆာမြို့တွင် တည်ရှိသော ရုံးချုပ်၌ ၂၀၀၂ ခုနှစ်တွင် ဒကာမနှစ်ဦးအား အဓမ္မကျင့်ခဲ့သည်ဟူသော စွဲချက်ဖြင့် ဆင်းမှာ တရားစွဲဆို ခံထားရခြင်းဖြစ်ပြီး ၎င်းကမူ စွဲချက်များကို ငြင်းဆိုထားသည်။

    ထိုအမှုအတွက် စီရင်ချက်ကို သောကြာနေ့တွင် ချမှတ်မည်ဖြစ်ပြီး ဆင်းမှာ ထောင်ကျမည်ဟု အစိုးရက ရှေ့နေက ပြောကြားခဲ့သည်။

    တိုက်ခိုက်မှုဖြစ်

    အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် ပန်ဂျပ်ပြည်နယ်နှင့် ဟာရ်ယာနာပြည်နယ်တို့မှ ၎င်းအား ထောက်ခံသူများမှာ အစိုးရအဆောက်အဦးများအား မီးရှို့ခြင်း၊ ရထားဘူတာများနှင့် ဆီဆိုင်များကို တိုက်ခိုက်ခြင်း၊ ရုပ်သံလွှင့် ဗန်ကားများကို ဖျက်ဆီးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

    အမှုစီရင်သည့် ပန့်ခ်ျကူလာမြို့တွင် ရဲတပ်ဖွဲ့နှင့် စစ်သား ၁၅၀၀၀ ကျော် တပ်ဖြန့်ချထားပြီး မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များဖြင့် လူအုပ်အား ဖြိုခွဲနေရသည်။

    “ပန့်ခ်ျကူလာမှာ အခုအချိန်အထိ ၁၃ ဦးသေဆုံးကြောင်း အတည်ပြုနိုင်ပါတယ်။ ဆိုးဆိုးဝါးဝါး ဒဏ်ရာရသူ ၂ ဦးရှိပါတယ်” ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    Dera Sacha Sauda ဂိုဏ်းအားကောင်းသည့် ပန်ဂျပ်မှ ခရိုင်များတွင် ညမထွက်ရအမိန့်များ ထုတ်ပြန်ထားကာ၊ မလိုလားအပ်သည့် ကောလဟာလများ မပြန့်နှံ့ရန်အတွက် ပန်ဂျပ်နှင့် ဟာရ်ယာနာ ပြည်နယ်တို့တွင် အင်တာနက်လိုင်းများကို အိန္ဒိအစိုးရက ဖြတ်တောက်ထားသည်။

    ဆင်း၏ အဆိုပါဂိုးဏ်မှာ နောက်လိုက် သန်း ၅၀ ရှိနေသည်။ ဆင်းမှာ အဓမ္မကျင့်မှုအပြင် ၎င်း၏နောက်လိုက် အမျိုးသား ၄၀၀ ကို သင်းကွပ်ထားမှုဖြင့်လည်း စုံစမ်းစစ်ဆေးမှုကို ခံနေရသည်။

    Ref: Aljazeera

  • လူမှုသိပ္ပံနှင့် စီးပွားရေး – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၅၄)

    လူမှုသိပ္ပံနှင့် စီးပွားရေး – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၅၄)

    သြဂုတ် ၂၅၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    – အစ်ဗနေ့ ခါလ်ဒွန် (Ibn Khaldun) ဟာ အလယ်ခေတ် မွတ်စလင်လူ့အဖွဲ့အစည်းမှာ နောက်ဆုံး ပေါ်ထွန်းခဲ့တဲ့ ပညာရှင်တွေထဲက တစ်ဦးဖြစ်ပါတယ်။ သူရဲ့စာအုပ်တွေ၊ မိသားစုအကြောင်း ဒိုင်ယာရီတွေ၊ သူ့ဘ၀အကြောင်းတွေမှာ အလယ်ခေတ် မွတ်စလင်လူ့အဖွဲ့အစည်း တစ်ဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာပြီး နောက်ဆုံးမှာ ပျက်ဆီးသွားတဲ့ အခြေအနေတွေကို တွေ့မြင်ရပါတယ်။ အလယ်ခေတ် အစ္စလာမ့်လူ့အဖွဲ့အစည်း ဘာ့ကြောင့် ကျဆင်းသွားလဲဆိုတာကို ရှင်းပြခဲ့တဲ့ ခါလ်ဒွန်ဟာ သက္ကရာဇ် ၁၃၃၂ ခုနှစ် တူနစ်မှာ မွေးဖွားခဲ့ပြီး ၁၄၀၆ ခုနှစ် ကိုင်ရိုမှာ ကွယ်လွန်သွားခဲ့ပါတယ်။

    ခါလ်ဒွန်ဟာ တိုးတက်တဲ့ အလယ်ခေတ်အစ္စလာမ့်လူ့အဖွဲ့အစည်းကို ပျက်သုဉ်းစေတဲ့ ကျူးကျော်သူတွေကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသူပါ။ သူရဲ့အဖိုးအဖွားတွေဟာ ဒီ ကျူးကျော်သူတွေရဲ့ဒဏ်ကို ခံစားခဲ့ရပါတယ်။ စပိန်ကခရစ်ယာန်တွေက သူတို့ရဲ့ ဘိုးဘေးပိုင် ဒေသတွေကို ပြန်လည်သိမ်းပိုက်တဲ့ ၁၂၄၈ ခုနှစ်အထိ သူတို့တွေဟာ ဆီးဗီးလ်မြို့မှာ နေထိုင်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် ခါလ်ဒွန်ရဲ့ အဖိုးအဖွားတွေဟာ နေအိမ်ဆုံးရှုံးခဲ့ရကာ မြောက်အာဖရိကကို ထွက်ပြေးခဲ့ရပါတယ်။ ခါလ်ဒွန်ရဲ့ မိဘတွေဟာ မြောက်အာဖရိကမှာ ပလိပ်ရောဂါကြောင့် သေဆုံးသွားခဲ့ပါတယ်။

    အစ်ဗနေ့ခါလ်ဒွန်ဟာ မွေးရပ်တူနီးရှားကနေ အီဂျစ်ကို ၁၃၈၂ ခုနှစ်မှာ မိသားစုဝင်တွေနဲ့အတူ ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် အီဂျစ်မှာလည်း သူတို့ဟာ မတည်ငြိမ်မှုရဲ့ သားကောင်တွေ ဖြစ်ခဲ့ပြီး မိသားစုဝင်တွေဟာ သတ်ဖြတ်ခံရတာ၊ ဖမ်ဆီးခံရတာကို ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာ ခါလ်ဒွန်ဟာ ဒီမိသားစုဝင်တွေကို ပြန်မတွေ့တော့ဘဲ သူတို့အကြောင်းလည်း နောက်ပိုင်းမှာ လုံးဝ မပြောတော့ပါဘူး။

    အစ်ဗနေ့ ခါလ်ဒွန်ရဲ့ ဘ၀နိဂုံးပိုင်းနှစ်တွေဟာ တစ်ချိန်ကတောက်ပခဲ့တဲ့ မွတ်စလင်လူ့အဖွဲ့အစည်း၊ မွတ်စလင်တွေရဲ့ ပညာအဆင့်အတန်း ကျဆင်းသွားတဲ့ ခုနှစ်တွေလည်း ဖြစ်ခဲ့ပါတယ်။ ၁၅ ရာစု အစောပိုင်းမှာ စပိန်နဲ့ စစ္စလီကို မွတ်စလင်တွေ လက်လွှတ်လိုက်ရပြီး ခရူးဆိတ် ခရစ်ယာန်သာသနာပြု စစ်သည်တွေ၊ မွန်ဂိုတွေရဲ့ ကျူးကျော်မှုတွေကို ကြံ့ကြံ့ခံခဲ့ရပါတယ်။ တာမာလိန်းလို့ နာမည်ကြီးတဲ့ ‘တီမူးရ် သည် လိမ်း’ (Timur the Lame) ကလည်း ဒီကာလမှာ မွတ်စလင်အုပ်စိုးတဲ့ ဒေသတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး ဒီဒဏ်ကို အစ်ဗနေ့ခါလ်ဒွန်လည်း တစ်စိတ်တစ်ပိုင်း ခံစားခဲ့ရပါတယ်။

    တရားသူကြီးတစ်ဦး၊ သံတမန်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ရတဲ့ ခါလ်ဒွန်ဟာ အလုပ်တာဝန်တွေနဲ့ မအားလပ်ပေမယ့် ပညာရပ်ပိုင်းဆိုင်ရာ သုတေသနတွေကို လုပ်ဆောင်ခဲ့ပြီး Book of the Lessons and Archive of Early and Subsequent History (ခေတ်အဆက်ဆက်၏ သမိုင်းမှတ်တမ်းများနှင့် ၎င်းတို့ကပေးသော သင်ခန်းစာများ) လို့ခေါ်တဲ့ ကမ္ဘာ့သမိုင်းဆိုင်ရာ စာအုပ်တစ်အုပ်ကို ရေးသားခဲ့ပါတယ်။ အဲဒီစာအုပ်ကို အလ်-မူကဒ်ဒီမာဟ် (Al-Muqaddimah) လို့လည်း ခေါ်တွင်ပါတယ်။

    အလ်-မူကဒ်ဒီမာဟ်ကျမ်းကြီးဟာ ကမ္ဘာလုံးဆိုင်ရာ သမိုင်းနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖော်ထုတ်ထားတဲ့ ကျမ်းကြီးတစ်ဆူ ဖြစ်ပါတယ်။ အစ်ဗနေ့ ခါလ်ဒွန်က သမိုင်းကို ပြုစုတယ်ဆိုတာ မှန်ကန်တဲ့အချက်တွေကို စုဆောင်းတာသာ မဟုတ်ဘဲ ဒီအချက်အလက်တွေကို ဘယ်သူက ပြောဆိုတယ်၊ အဲဒီသူတွေက ဘယ်ဒေသကနေ၊ ဘယ်တုန်းကလာတယ် ဆိုတာတွေနဲ့ သူတို့ရဲ့ သမာသမတ်အပေါ်မှာလည်း မှီတည်တဲ့ဆိုတဲ့ အယူအဆတစ်ခုကို ချမှတ်ခဲ့ပါတယ်။ ဒါဟာ သမိုင်းပြုစုမှုနယ်ပယ်မှာ တော်လှန်ပြောင်းလဲခဲ့တဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး ဒီနေ့အချိန်အထိ သမိုင်းပညာရှင်တွေ အသုံးပြုနေကြတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ခါလ်ဒွန်က ဘက်လိုက်မှုနဲ့ စီစစ်မှု မရှိတဲ့ အချက်အလက်တွေကို သမိုင်းဆိုင်ရာမှာ ထည့်သွင်းတာမျိုး လက်မခံပါဘူး။ ဒီလိုနည်းနဲ့ သူဟာ ပညာရပ်ဆိုင်ရာနဲ့ လူမှုသိပ္ပံဆိုင်ရာနယ်ပယ်မှာ မူသစ်တစ်ခုကို ဆောင်ကျဉ်းပေးခဲ့ပါတယ်။

    မွတ်စလင်ပညာရှင်ကြီး အစ်ဗနေ့ ခါလ်ဒွန်

    သူ့ရဲ့ နာမည်ကျော် လေ့လာမှုတစ်ခုက လူ့အဖွဲ့အစည်းတစ်ခု တိုးတက်လာမှု၊ ဆုတ်ယုတ်သွားမှုနဲ့ ဆက်စပ်နေပြီး ဒီလေ့လာမှုကပဲ လူအဖွဲ့အစည်းတစ်ခုနဲ့ လူမှုဗေဒတစ်ခုကို လေ့လာတဲ့ လူမှုသိပ္ပံပညာရပ်အတွက် အခြေခံအုတ်မြစ်တွေကို ချပေးခဲ့ပါတယ်။ ခါလ်ဒွန်က လူ့လောကမှာ မှန်ကင်းတစ်လှည့် ထင်းတစ်လှည့် သဘာဝကြောင့် လူ့အဖွဲ့အစည်းတစ်ခုဟာ ဆုတ်ယုတ်မှုကို သူတို့ကိုယ်တိုင် ဖန်တီးဖြစ်ပေါ်စေတဲ့အကြောင်းကို ရှင်းပြခဲ့ပါတယ်။

    လူ့အဖွဲ့အစည်းတစ်ခုဟာ ဘုံလိုအပ်ချက်နဲ့ လွှမ်းမိုးလိုမှုအတွက် ပူးပေါင်းဆောင်ရွက်မှုကြောင့် တိုးတက်လာခဲ့ပြီး လူမှုဆက်နွယ်မှု အခိုင်ခံ့ဆုံးအချိန်မှာ တိုးတက်မှု အထွတ်အထိပ်ကို ရောက်သွားကြောင်း၊ ဒီလို သာယာဝပြောနေတဲ့အချိန်မျိုးမှာ စေတနာမမှန်တဲ့ ယှဉ်ပြိုင်မှုတွေ၊ အကျင့်ပျက်မှုတွေကြောင့် ဒီဆက်နွယ်မှုတွေဟာ လျော့လျဲလာပြီး နောက်ဆုံးမှာ တိုးတက်မှု ဆုတ်ယုတ်လာကာ ကျရှုံးသွားတဲ့ အနေအထားကို ရောက်သွားကြောင်း ခါလ်ဒွန်က တင်ပြခဲ့ပါတယ်။

    နိုင်ငံတိုင်းမှာရှိနေတဲ့ အဖျက်စွမ်းအားတွေကို ဆန့်ကျင်တွန်းလှန်ဖို့ တစ်ခုတည်းသော နည်းလမ်းဟာ ဘာသာတရားဖြစ်တယ်လို့ အစ်ဗနေ့ ခါလ်ဒွန်က ကောက်ချက်ချခဲ့ပါတယ်။ အစ္စလာမ်ဟာ လူ့အဖွဲ့စည်းအတွက် နာမ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကိုပေးပြီး ဒါက ဘ၀မှာတွေ့ကြုံရမယ့် ပြဿနာအားလုံးအတွက် အဖြေဖြစ်တယ်လို့ သူက ဆိုပါတယ်။

    စီးပွားရေးပိုင်းမှာလည်း ခါလ်ဒွန်ဟာ အရှေ့ရောက်ခဲ့ပြီး စီးပွားရေးပညာရှင်ကြီး အဒမ်စမစ် မတိုင်ခင် နှစ်ပေါင်း ၄၀၀ အရင်ကတည်းက လုပ်အားဟာ သာယာဝပြောရေးအတွက် ရင်းမြစ်တစ်ခုဖြစ်တယ်လို့ ခါလ်ဒွန်က ဖော်ထုတ်ခဲ့ပါတယ်။ စိုက်ပျိုးရေး၊ စက်မှုလက်မှုနဲ့ ကုန်စည်ကူးသန်းရေးတို့က တိုက်ရိုက် ၀င်ငွေနဲ့ ပြည်သူ့ဝန်ထမ်း၊ ပုဂ္ဂလိက၀န်ထမ်းတွေရဲ့ သွယ်ဝိုက်ဝင်ငွေတွေကိုလည်း သူက ခွဲပြခဲ့ပါတယ်။ ဒီနေ့ခေတ်မှာ ဒီအချက်တွေက သိပ်ပြီး အရေးမပါတော့ပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ နီးနီးလောက်က ဒါတွေဟာ ဆန်းသစ်တဲ့ အယူအဆတွေဖြစ်ခဲ့ပြီး ရောင်းဝယ်ဖောက်ကားမှု၊ ထုတ်လုပ်မှု၊ ၀ယ်လိုအား၊ ရောင်းလိုအားနဲ့ ဖြန့်ဖြူးမှုတွေနဲ့ သက်ဆိုင်တဲ့ စီးပွားရေး စည်းကမ်း နည်းလမ်းတွေကို လမ်းဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

    အစ်ဗနေ့ ခါလ်ဒွန်

    ခါလ်ဒွန်ရေးသားခဲ့သည့် Introduction to a History of the World (ကမ္ဘာ့သမိုင်းမိတ်ဆက်) ကျမ်း

    အစ်ဗနေ့ ခါလ်ဒွန်ဟာ တရားသူကြီး၊ တက္ကသိုလ်ဆရာ၊ သံတမန် စတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့ပြီး လူမှုဗေဒ၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ သမိုင်း၊ ဒဿန၊ နိုင်ငံရေးသိပ္ပံ၊ မနုဿဗေဒ စတဲ့နယ်ပယ်တွေမှာ အထင်ကရကျမ်းတွေ ရေးသားခဲ့သူဖြစ်ပါတယ်။

    အကျော်ကြားဆုံးကတော့ အလ်-မူကဒ်ဒီမာဟ်လို့ခေါ်တဲ့ Introduction to a History of the World (ကမ္ဘာ့သမိုင်းမိတ်ဆက်) ဆိုတဲ့ ကျမ်းကြီးဖြစ်ပြီး မွေးရပ်မြေကနေ ထွက်ပြေးရပြီး အလ်ဂျီးရီးယားမှာ ခိုလှုံရ၊ အဲဒီမှာ နိုင်ငံရေးမငြိမ်မသက်မှုကြောင့် ထွက်ပြေးရ စတဲ့ ဒုက္ခသုက္ခတွေထဲမှာ ရေးသားခဲ့တဲ့ ကျမ်းလည်း ဖြစ်ပါတယ်။

    ပထမတွဲမှာ အဲဒီခေတ်က အစ္စလာမ့်လူ့အဖွဲ့အစည်းအကြောင်းကို အသေးစိတ် လေ့လာဆန်းစစ် ဖော်ထုတ်ထားပြီး အခြားလူ့အဖွဲ့အစည်းတွေနဲ့ နှိုင်းယှဉ်ဖော်ပြထားပါတယ်။ ခါလ်ဒွန်ဟာ လူမှုသိပ္ပံဆိုတဲ့ ခေါင်းစဉ်အောက်ကနေ လူ့အဖွဲ့အစည်းတစ်ခု တိုးတက်မြင့်မားမှု၊ ကျရှုံးမှုတွေကိုလည်း လေ့လာ ဖော်ထုတ်ခဲ့ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

  • ရခိုင်တိုက်ခိုက်မှုကို ရှုတ်ချကြောင်း ကိုဖီအန်နန် ကြေငြာချက်ထုတ်

    ရခိုင်တိုက်ခိုက်မှုကို ရှုတ်ချကြောင်း ကိုဖီအန်နန် ကြေငြာချက်ထုတ်

    သြဂုတ် ၂၅၊ ၂၀၁၇
    M-Media

    – ဒီနေ့မနက် အစောပိုင်းမှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကို ရှုတ်ချပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သေဆုံးရတဲ့အတွက် ၀မ်းနည်းရတယ်လို့ ရခိုင်အကြံပေးကော်မရှင်ဥက္ကဌ ကိုဖီအန်နန်က ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

    “ဒီတိုက်ခိုက်မှုတွေရဲ့ အနေအထားနဲ့ အတိမ်အနက်တွေက အကြမ်းဖက်မှု စိုးရိမ်စရာ မြင့်တက်လာတာကို ပြသနေပါတယ်။ ဒီလို ကြမ်းကြုတ်မှု၊ အဓိပ္ပါယ်မဲ့တဲ့ သတ်ဖြတ်မှုအတွက် ဘယ်လို ဆင်ခြေမျိုးမှ ပေးလို့ မရပါဘူး။ ကြိုးကိုင်သူတွေကို အရေးယူရမှာဖြစ်ပြီး၊ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်သွားဖို့၊ အပြစ်မဲ့အရပ်သားတွေကို မထိခိုက်စေရေး ရှေးရှုဖို့ ကျွန်တော် တိုက်တွန်းလိုက်ပါတယ်” လို့ မစ္စတာကိုဖီအန်နန်က ပြောကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်အတွင်းမှာ တင်းမာမှုတွေ လျော့ကျရေးနဲ့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မစ္စတာကိုဖီအန်နန် ဦးဆောင်တဲ့ အကြံပေးကော်မရှင်ဟာ တစ်နှစ်ကြာလေ့လာမှုတွေ ပြုလုပ်ခဲ့ပြီး မနေ့က အပြီးသတ်အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း တစ်ရက်အကြာမှာပဲ ဒီလို တိုက်ခိုက်မှုတွေ ဖြစ်လာတာဖြစ်ပါတယ်။

    ဘင်္ဂလီအကြမ်းဖက်သမားတွေဟာ ကင်းစခန်းပေါင်း ၃၀ ကို တိုက်ခိုက်ခဲ့ပြီး တမ်တော်သားတစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ ဒုလ၀ကမှူး ၁ ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရှိသူ ၁၁ ဦးရှိကာ ၃ ဦးမှာ စိုးရိမ်ရကြောင်း၊ အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားအလောင်း ၅၉ လောင်းရပြီး၊ ၁ ဦးအရှင်ဖမ်းမိကြောင်း၊ ရသေ့တောင်မြို့နယ်အတွင်းက ချိန်ခါလီနဲ့ စေတီပြင်မှာ နေထိုင်ကြတဲ့ ဘင်္ဂလီတွေဟာ သူတို့ရဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ထွက်ပြေးသွားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ပြန်ကြားရေးကော်မတီရဲ့ Facebook စာမျက်နှာမှာ လွန်ခဲ့တဲ့ ၁ နာရီအတွင်း(နေ့လည် ၃ နာရီ ခွဲဝန်းကျင်) က သတင်းထုတ်ပြန်ထားပါတယ်။

    မစ္စတာ ကိုဖီအန်နန်ကတော့ လူ့အဖွဲ့အစည်းအားလုံးအနေနဲ့ အကြမ်းဖက်မှုကို လက်မခံဖို့ တောင်းဆိုကြောင်း၊ နှစ်များစွာ မလုံခြုံမှု၊ မတည်ငြိမ်မှုတွေ ဖြစ်လာပြီးတဲ့နောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုဟာ ရခိုင်ပြည်နယ်မှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ အဖြေမဟုတ်ဘူးဆိုတာ ထင်ရှားလာကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: rakhinecommission.org,State Counsellor Office Information Committee

  • ဗြိတိန်အပြေးသမား မိုဟာမက်ဖာရာ ကစားသမားဘ၀ကို အောင်ပွဲနှင့် နှုတ်ဆက်

    ဗြိတိန်အပြေးသမား မိုဟာမက်ဖာရာ ကစားသမားဘ၀ကို အောင်ပွဲနှင့် နှုတ်ဆက်

    သြဂုတ် ၂၅၊ ၂၀၁၇
    M-Media

    ဗြိတိန်နာမည်ကျော် အပြေးသမား မိုဟာမက်ဖာရာ

    – ဗြိတိန်နာမည်ကျော် အပြေးသမား မိုဟာမက်ဖာရာမှာ ကစားသမားဘ၀ နောက်ဆုံးအပြေးပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ခ်ျမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် မီတာ ၅၀၀၀ Diamond League ဖိုင်နယ်ပွဲစဉ်တွင် ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။

    ကမ္ဘာ့ချန်ပီယံ မူက်တာ အီဒရစ်မှာ နောက်ဆုံးအဆင့်အထိ ပြိုင်ပွဲကို ဦးဆောင်နေခဲ့သော်လည်း ပန်းဝင်ကာနီးတွင် အနောက်မှ အပြေးသမားတစ်ဦးနှင့် ညိကာ လဲကျသွားခဲ့ပြီး ထိုအမှားကို ဖာရာက အကောင်းဆုံး အသုံးချကာ ၁၃ မိနစ် ၆.၀၅ စက္ကန်ဖြင့် ဒုတိယနေရာမှ ချီလီမိုကို ၀.၀၄ စက္ကန့်ဖြတ်ကာ ပန်းဝင်ခဲ့ခြင်း ဖြစ်သည်။

    အသက် ၃၄ နှစ်အရွယ် ဖာရာမှာ ၁၀ ကြိမ်ဆက် ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ပြီး ယခုလအစောပိုင်းတွင် ပြုလုပ်ခဲ့သည့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် မူက်တာ အီဒရစ်ကို ရှုံးနိမ့်ခဲ့သည်။

    ယခုပြိုင်ပွဲပြီးနောက် ဖာရာမှာ မာရသွန်ပြိုင်ပွဲများတွင်သာ ၀င်ရောက်ယှဉ်ပြိုင်တော့မည်ဖြစ်သည်။

    “နည်းနည်းတော့ ၀မ်းနည်းတာပေါ့ဗျာ။ ဒါပေမယ့် မာရသွန်ပွဲမှာ ကျွန်တော် အောင်မြင်အောင် မလုပ်နိုင်သေးဘူးဆိုတာ ကျွန်တော့်အတွေးထဲမှာ ရှိနေပါတယ်” ဟု အပြေးသမားဘ၀မှ အနားယူခြင်းနှင့်ပတ်သက်၍ ဖာရာက ပြောကြားခဲ့သည်။

    အိုလံပစ်ချန်ပီယံ ၄ ကြိမ်ဖြစ်ခဲ့သည့် မိုဟာမက် ဖာရာမှာ ကစားသမားသက်တမ်း တစ်လျှောက်တွင် ဆုတံဆိပ်ပေါင်းများစွာနှင့် ဂုဏ်ပြုဆုပေါင်းများစွာ ရရှိခဲ့သည်။

    Ref: Aljazeera