News @ M-Media

Author: Ko Lay

  • ရခိုင်ကိစ္စ ကိုဖီအန်နန်ကော်မရှင် ဘာတွေပြောသလဲ

    ရခိုင်ကိစ္စ ကိုဖီအန်နန်ကော်မရှင် ဘာတွေပြောသလဲ

    သြဂုတ် ၂၄၊ ၂၀၁၇
    M-Media

    သမ္မတဦးထင်ကျော်အား အပြီးသတ်အစီရင်ခံစာ ပေးအပ်စဉ်

    – လက်ရှိ ရှိနေတဲ့ လူမျိုးရေးတင်းမာမှုတွေကို မဖြေရှင်းဘူးဆိုရင် ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းတွေဟာ အစွန်းရောက်သွားမယ့် အန္တရာယ်မျိုးကို ကြုံတွေ့ရနိုင်တယ်လို့ ကုလအတွင်းရေးမှူးဟောင်း မစ္စတာ ကိုဖီအန်နန် ဦးဆောင်တဲ့ ကော်မရှင်က ပြောကြားလိုက်ပါတယ်။

    တစ်နှစ်ကြာ လေ့လာသုတေသနတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် ဒီနေ့မှာပြုလုပ်တဲ့ နောက်ဆုံးအစီရင်ခံစာ ထုတ်ပြန်မှုမှာ ပြောကြားလိုက်ာတာဖြစ်ပြီး အကြမ်းဖက်မှုတွေ ဆက်လက် မဖြစ်ပွားဖို့အတွက် နိုင်ငံရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက်မှုတွေကို တစ်ပါတည်း လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ကော်မရှင်က ပြောပါတယ်။

    ရိုဟင်ဂျာမွတ်စလင် လူနည်းစုတွေကို ကန့်သတ်မှုတွေ ဖြေလျော့ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    မစ္စတာ ကိုဖီအန်နန် ဦးဆောင်တဲ့ အဲဒီကော်မရှင်ကို နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်ရဲ့ မေတ္တာရပ်ခံမှုနဲ့ ပြီးခဲ့တဲ့နှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်က လူမျိုးစုတွေကြား ရင်ကြားစေ့ရေ၊ ပြည်နယ်သာယာဝပြောရေးအတွက် လုပ်ဆောင်ရမယ့် ကိစ္စတွေကို ဖော်ထုတ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    ဒီနေ့မှာထုတ်ပြန်တဲ့ အပြီးသတ်အစီရင်ခံစာမှာ ကော်မရှင်က ရခိုင်ပြည်နယ်မှာရှိတဲ့ လူ့အဖွဲ့အစည်းတွေဟာ တစ်ခုနဲ့တစ်ခု ကြောက်ရွံ့နေကြပြီး၊ အကြမ်းဖက်မှုတွေကြောင့် လူ့အဖွဲ့အစည်းတွေ သီးခြားဖြစ်နေတာက အခြေအနေကို ပိုဆိုးစေတယ်လို့ ဆိုပါတယ်။

    “လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို လျင်လျင်မြန်မြန် မဖြေရှင်းဘူးဆိုရင် လူ့အဖွဲ့အစည်းနှစ်ခုအတွင်း အစွန်းရောက်မှုတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။ လိုအပ်နေတာက အကြမ်းဖက်မှုတွေ မြင့်တက်မလာအောင်၊ လူမျိုးစုချင်း ပဋိပက္ခတွေကို ထိန်းချုပ်နိုင်အောင် နိုင်ငံရေး၊ ဖွံ့ဖြိုးရေး၊ လုံခြုံရေး၊ လူ့အခွင့်အရေး ဆောင်ရွက်မှုတွေ ပေါင်းစပ်ထားတဲ့ ချဉ်းကပ်မှုတစ်ခု ဖြစ်ပါတယ်” လို့ အစီရင်ခံစာကဆိုပြီး အင်အား အလွန်အကျွံ မသုံးဖို့လည်း သတိပေးခဲ့ပါတယ်။

    ဆင်းရဲမွဲတွေမှု လျှော့ချဖို့အတွက် ရခိုင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လုပ်ဆောင်ဖို့ ကော်မရှင်က တိုက်တွန်းခဲ့ပြီး လွတ်လပ်စွာ လှုပ်ရှားသွားလာမှု ကန့်သတ်တာကို ဖယ်ရှားပေးဖို့လည်း အကြံပြုခဲ့ပါတယ်။

    အငြင်းပွားဖွယ် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြန်လည်သုံးသပ်ဖို့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

    လုံခြုံရေးတပ်ဖွဲ့တွေက ကျူးလွန်မှုတွေရှိတယ်ဆိုတာနဲ့ပတ်သက်ပြီး သူတို့ကော်မရှင်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖို့ တာဝန်မရှိကြောင်း ပြောကြားခဲ့ကာ၊ ဒီကိစ္စတွေကို စုံစမ်းစစ်ဆေးဖို့နဲ့ ကျူးလွန်သူတွေကို အရေးယူဖို့အတွက် တိုက်တွန်းခဲ့ပါတယ်။

    “မြန်မာနိုင်ငံဟာ ကိုယ့်ရဲ့ ပိုင်နက်ကို ကာကွယ်ပိုင်ခွင့် ရှိနေပေမယ့် စစ်အင်အား အလုံးအရင်းနဲ့ တုန့်ပြန်ဆောင်ရွက်မှုဟာ ဒေသတွင်း ငြိမ်းချမ်းမှုကို ဆောင်ကျဉ်းနိုင်မှာ မဟုတ်ပါဘူး။ ဘာပဲလုပ်လုပ် ပြည်သူလူထု မခံစားရစေဖို့၊ သူတို့လိုအပ်နေတဲ့ ထောက်ပံ့မှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရရှိစေဖို့ လုပ်ပေးရပါမယ်” လို့ အဖွဲ့ဝင် ၉ ဦးပါတဲ့ ဒီကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ကော်မရှင်ပါ အကြံပြုချက်တွေကို အကောင်အထည်ဖော်တဲ့ကိစ္စကို ကြီးကြပ်ဖို့အတွက် ၀န်ကြီးအဆင့် ရာထူးတစ်ခုကို ခန့်အပ်ဖို့လည်း အကြံပြုခဲ့ပါတယ်။

    “အချိန်ဖြုန်းလို့ မရတော့ပါဘူး။ ရခိုင်ပြည်နယ်က အခြေအနေဟာ စိတ်မချရတဲ့ အနေအထားမျိုး ဖြစ်လာပါတယ်” လို့ ကိုဖီအန်နန်က ပြောကြားခဲ့ပါတယ်။

    Ref: BBC, Reuters

  • လူမျိုးရေးခွဲခြားသူများကို ပညာပေးသည့် လှုပ်ရှားမှုတစ်ခုကို ဂျာမနီ စူပါမားကတ်က ပြုလုပ်

    လူမျိုးရေးခွဲခြားသူများကို ပညာပေးသည့် လှုပ်ရှားမှုတစ်ခုကို ဂျာမနီ စူပါမားကတ်က ပြုလုပ်

    သြဂုတ် ၂၄၊ ၂၀၁၇
    M-Media

    ဟမ်းဘတ်ရှိ Edeka စူပါမားကတ်

    – လူမျိုးရေးခွဲခြားမှု၏ ဆိုးကျိုးနှင့် မတူကွဲပြားမှု၏ အရေးကြီးပုံတို့ကို မီးမောင်းထိုးပြရန်အတွက် ဂျာမနီရှိ အကြီးဆုံး စူပါမားကတ်တစ်ခုမှာ ၎င်းဆိုင်ရှိ နိုင်ငံခြားဖြစ်ပစ္စည်းများအားလုံးကို ဖယ်ရှားခဲ့ပြီး လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သည့် သတင်းစကားများဖြင့် အစားထိုးခဲ့သည်ဟု သိရသည်။

    ဟမ်းဘတ်မြို့ရှိ Edeka စူပါမားကတ်တွင် ထိုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတစ်ဝှမ်းရှိ ၎င်းတို့၏ အခြား ကုန်တိုက်များတွင်လည်း ထိုကဲ့သို့ ဆောင်ရွက်သွားရန် ရှိနေသည်။

    ဈေးဝယ်သူများမှာ ကုန်တိုက်အတွင်းရှိ စင်များအားလုံးနီးပါး ဟာလာဟင်းလင်းဖြစ်နေသည်ကို တွေ့ရှိရသောကြောင့် အံ့သြသွားခဲ့ပြီး ၎င်းတို့၏ နေ့စဉ်လိုအပ်ချက်များအတွက် အခြားသော တိုင်းပြည်များအပေါ် မှီခိုနေရသည်ကိုလည်း သတိပြုမိခဲ့သည်။

    ကုန်ပစ္စည်းများအစား “မတူကွဲပြားမှုမရှိရင် ဒီစင်က တော်တော်ပျင်းဖို့ကောင်းမှာပဲ” “မတူညီတဲ့တိုင်းပြည်တွေရဲ့ တာသွားမှုကို အခုတော့ သိသွားပြီ” “နိုင်ငံခြားသားတွေ မရှိရင် ဒီလို ဟာလာဟင်းလင်း ဖြစ်နေမှာပဲ” “မတူကွဲပြားမှုသာမရှိရင် ငါတို့တွေ ဒုက္ခရောက်မှာ” စသည့် ဆိုင်းဘုတ်များကို စူပါမားကတ်က ဖော်
    ပြထားသည်။

    Edeka ၏ ထိုလှုပ်ရှားမှုမှာ ဂျာမန်ပြည်သူများအကြား မတူညီသော တုန့်ပြန်မှုများကို ဖြစ်စေပြီး ထိုလုပ်ရပ်၏ တာသွားမှုအတွက် ချီးကျူးသူများ ရှိခဲ့သည်။

    ခရစ်ယာန် ဒီမိုကရက်တစ်ယူနီယံပါတီ ဒုတိယဥက္ကဌ ဂျူလီယာ ကလော့က်နာက ထိုလုပ်ရပ်မှာ ပညာသားပါသည့် ဆောင်ရွက်ချက်ဖြစ်ပြီး တစ်ချို့သောသူများကို အတွေးတစ်စ ထည့်ပေးလိုက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း လာမည့်လ အထွေထွေရွေးကောက်ပွဲရှိနေချိန် နိုင်ငံရေးအနေအထားကို အသုံးချ၍ ဈေးကွက်မြှင့်တင်ရေး လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောကြားမှုများလည်း ရှိနေသည်။

    ပြောင်းရွှေ့အခြေချသူ ဆန့်ကျင်ရေး Alternative for Germany (AfD) ပါတီမှ မားကက်ဇ် ပရက်ဇဲလ်က ထိုသို့ဆောင်ရွက်ခြင်းမှာ ဉာဏ်သွားခြင်းမဟုတ်ဘဲ ရူးနှမ်းခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဆီးရီးယားပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာရသည့် ဒုက္ခသည် ၁ သန်းကို လက်ခံရန် ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ်က ၂၀၁၅ ခုနှစ်တွင် ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း လက်ရှိ ဂျာမနီနိုင်ငံရေးနယ်ပယ်၏ အဓိက အာရုံစိုက်မှုမှာ ပြောင်းရွှေ့အခြေချမှုပြဿနာ ဖြစ်နေသည်။

    Edeka ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မိမိတို့မှာ မတူကွဲပြားမှုဘက်မှ ရပ်တည်ပြီး၊ ဂျာမနီရှိ ဒေသအသီးသီးမှ ထွက်သော ကုန်ပစ္စည်းများကိုလည်း ရောင်းချကြောင်း ပြောကြားခဲ့သည်။

    “ဒါပေမယ့် တစ်ခြားတိုင်းပြည်တွေက ထွက်ကုန်တွေ ပါမှသာ အမယ်စုံကို ဖြစ်စေတာပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ စားသုံးကုန်အပေါ်ထားတဲ့ တန်ဖိုးပါပဲ။ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုက အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုတွေ ရရှိတဲ့အတွက် ကျေနပ် ပီတိဖြစ်ရပါတယ်”

    Ref: Independent

  • တရုတ်မွတ်စလင်ခရီးသွားများကို စွဲဆောင်ရန် ဂျိုဟိုးပြင်ဆင်

    တရုတ်မွတ်စလင်ခရီးသွားများကို စွဲဆောင်ရန် ဂျိုဟိုးပြင်ဆင်

    သြဂုတ် ၂၄၊ ၂၀၁၇
    M-Media

    မွှားရှိ ဆူလ်တန်အီဘရာဟင် ဗလီဝတ်ကျောင်းတော်

    – တရုတ်နိုင်ငံမှ မွတ်စလင်ခရီးသွားများကို စွဲဆောင်ရန် ရည်ရွယ်သော ဆောင်ရွက်မှုများကို မလေးရှားရှိ ဂျိုဟိုးပြည်နယ်က လုပ်ဆောင်နေသည်ဟု သိရသည်။

    မလေးရှား ခရီးသွားလာရေး၊ ကုန်သွယ်ရေးနှင့် စားသုံးကုန်ဆိုင်ရာ ကော်မတီမှ ဥက္ကဌဖြစ်သူ Tee Siew Kiong က ဂျိုဟိုးပြည်နယ်တွင် တရုတ်နိုင်ငံမှ အစ္စလာမ်ဘာသာဝင်များ အထူးသဖြင့် ရှင်ကျန်းနှင့် ဂန်းဆူပြည်နယ်မှ တရုတ်မွတ်စလင်ခရီးသွားများကို ဆွဲဆောင်နိုင်မည့် နေရာများစွာ ရှိနေသည်ဟု ဆိုသည်။

    “ဘာသာရေးနဲ့ ယဉ်ကျေးမှုရှုထောင့်အရ ကြည့်မယ်ဆိုရင် ကျွန်တော်တို့မှာ တူညီမှုတွေ အများကြီးရှိပါတယ်။ ဗလီတွေရှိတယ်၊ ၀တ်ပြုဆောင်တွေ၊ ဟာလာလ်လက်မှတ်ရ စားသောက်ဆိုင်တွေ၊ ကျွန်းတွေ၊ ကမ်းခြေတွေ၊ ကစားကွင်းတွေလည်းရှိပြီး ကျွန်တော်တို့အကြောင်း ပိုသိချင်တဲ့သူတွေအတွက် ဒါတွေက စွဲဆောင်နိုင်စရာတွေပါပဲ” ဟု Tee Siew Kiong က ပြောကြားခဲ့သည်။

    “ဂန်းဆူပြည်နယ်မှာ လူ ၂၃ သန်းလောက်ရှိပြီး အများစုက မွတ်စလင်တွေပါ။ ရှင်ကျန်းမှာလည်း ၂၅ သန်းရှိပြီး ၆၀ ရာခိုင်နှုန်းက မွတ်စလင်တွေဖြစ်ပါတယ်”

    တရုတ်နိုင်ငံမှ ခရီးသွားများမှာ မလေးရှားသို့ ဇူလိုင်လအလယ်မှ သြဂုတ်လအထိ၊ ဆောင်းရာသီ၊ တရုတ်နှစ်သစ်ကူး၊ အောက်တိုဘာလတွင် ကျရောက်သည့် အမျိုးသားနေ့ ပိတ်ရက် စသည့်ကာလများတွင် လာရောက်လည်ပတ်လေ့ရှိသည်။

    မလေးရှား ခရီးသွားလာရေး မှတ်တမ်းများအရ ဂျိုးဟိုးသို့ ၂၀၁၆ ခုနှစ် ဇန်န၀ါရီမှ စက်တင်ဘာလအထိ ခရီးသွားပေါင်း ၄.၉ သန်း လာရောက်ပြီး ၁.၈၁၆ သန်းမှာ နိုင်ငံခြားသားများဖြစ်သည်ဟု သိရသည်။

    Ref: Straitstimes

  • လုံခြုံရေးစိုးရိမ်ရမှုကြောင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်သို့ ထပ်မံထွက်ပြေး

    လုံခြုံရေးစိုးရိမ်ရမှုကြောင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်သို့ ထပ်မံထွက်ပြေး

    သြဂုတ် ၂၄၊ ၂၀၁၇
    M-Media

    ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေကြသည့် ရိုဟင်ဂျာများ

    – မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ အစိုးရတပ်တွေ အင်အားဖြည့်တင်းမှု ပြုလုပ်လာတဲ့အတွက် လုံခြုံရေး စိုးရိမ်ရတာကြောင့် ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလာဒေ့ရှက်ဘက်ကို ထပ်မံထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။

    ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေက ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ အနည်းဆုံး ရိုဟင်ဂျာ ၃၅၀၀ လောက် ရောက်လာကြတယ်လို့ AFP သတင်းဌာနကို ပြောကြားခဲ့တာပါ။

    ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွေ၊ ကမ်းခြေစောင့်တပ်တွေ နယ်စပ်မှာ အားဖြည့်ထားတဲ့ကြားကနေ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။

    ဘင်္ဂလားဒေ့ရှ် နယ်ခြာစောင့်တပ်ဖွဲ့ကတော့ သူတို့ဟာ ကလေးငယ်တွေ အပါအ၀င် ရိုဟင်ဂျာ ၃၁ ယောက်ပါဝင်တဲ့ လှေတစ်စီးကို မြန်မာဘက် ပြန်ပို့လိုက်တယ်လို့ ဒီတစ်ပတ်ထဲမှာ ပြောကြားထားပါတယ်။

    “ဘာလူခါလီ စခန်းတစ်ခုတည်းမှာပဲ ရခိုင်ပြည်နယ်က ရွာတွေကကနေ ရိုဟင်ဂျာ ၃၀၀၀ လောက် ရောက်လာကြပါတယ်” လို့ အဘ်ဒူလ် ခါလစ်ဆိုသူက ပြောကြားခဲ့ပါတယ်။

    ဘာလူခါလီဒုက္ခသည်စခန်းဟာ နတ်မြစ်ဘေးနားမှာရှိပြီး ရခိုင်ပြည်နယ်က ရောက်ရှိလာသူတွေ ပထမဆုံးနေထိုင်တဲ့ စခန်းဖြစ်ပါတယ်။

    အခြားစခန်းတစ်ခုက ရိုဟင်ဂျာခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကမာလ် ဟူစိန်က ပြီးခဲ့တဲ့ ၁၁ ရက်အတွင်းမှာ ရိုဟင်ဂျာမိသားစု ၇၀၀ နီးပါး ရောက်လာကြကြောင်း၊ စခန်းမှာ နေရာမရှိတဲ့အတွက် တော်တော်များများဟာ ဟင်းလင်းပြင်မှာ အိပ်စက်ရကြောင်း ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့လအတွင်း မြိုတိုင်းရင်းသားတစ်ချို့ ရက်ရက်စက်စက် သတ်ဖြတ်ခံရပြီးတဲ့နောက်ပိုင်း မြန်မာစစ်တပ်က ရခိုင်ပြည်နယ်မှာ တပ်တွေကို တိုးမြှင့်ချထားခဲ့ပြီး အကြမ်းဖက်သမားတွေကို နှိမ်နှင်းရေး ဆောင်ရွက်ဖို့ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

    ဒီသတ်ဖြတ်မှုကို ဘယ်သူဘယ်ဝါက လုပ်တယ်ဆိုတာ အစိုးရက တရားဝင် သတင်းထုတ်ပြန်တာမျိုး မရှိပေမယ့် ရခိုင် နိုင်ငံရေးအသိုင်းအ၀ိုင်းက လူတစ်ချို့နဲ့ မီဒီယာတစ်ချို့ကတော့ ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ အခိုင်အမာ ဖော်ပြကြပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက နယ်ခြားစောင့်စခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်တပ်က ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်းမှာ ရိုဟင်ဂျာတွေကို တရားလက်လွတ် သတ်ဖြတ်မှုတွေ၊ အုပ်စုဖွဲ့အဓမ္မကျင့်မှုတွေရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေရဲ့ ပြောကြားမှုကို ကိုးကားပြီး ကုလကအခုနှစ်စောပိုင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    မြန်မာအစိုးရနဲ့ စစ်တပ်ကတော့ ဒီကိစ္စတွေကို ငြင်းဆိုခဲ့ပြီး ချဲ့ကားပြောဆိုတာ ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera

  • ကာလာရှင်ကော့ဗ်ကထုတ်တဲ့ ဒရုန်းဖျက်သေနတ်

    ကာလာရှင်ကော့ဗ်ကထုတ်တဲ့ ဒရုန်းဖျက်သေနတ်

    သြဂုတ် ၂၄၊ ၂၀၁၇
    M-Media


    – ဒရုန်းတွေဟာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်တွေအတွက် လက်ရှိမှာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပါတယ်။

    အဲဒီ ဒရုန်းတွေကို ချေမှုန်းနိုင်ဖို့အတွက် ကမ္ဘာတစ်ဝှမ်းက စစ်လက်နက်ကုမ္ပဏီတွေဟာ ဒရုန်းဖျက်လက်နက်တွေကို အပြိုင်အဆိုင် ထုတ်လုပ်လာကြပါတယ်။

    နာမည်ကျော် AK-47 ရိုင်ဖယ်ကို ထုတ်လုပ်တဲ့ ရုရှားက ကာလာရှင်ကော့ဗ်ကုမ္ပဏီဟာ REX-1 လို့ခေါ်တဲ့ ဒရုန်းဖျက်လက်နက်တစ်ခုကို ထုတ်လုပ်ခဲ့ပြီး အခုတစ်ပတ်အတွင်း မော်စကိုမှာပြုလုပ်ခဲ့တဲ့ လက်နက်ပြပွဲမှာ ပြသခဲ့ပါတယ်။

    ပဲ့ထိန်းဒုံးကျည်စနစ်တွေ၊ တင့်ဖျက်လက်နက်တွေနဲ့ အခြား နောက်ဆုံးပေါ်လက်နက်မျိုးစုံပါဝင်တဲ့ ဒီပြပွဲမှာ REX-1 ကို လူတွေက ပိုမိုစိတ်ဝင်စားခဲ့ကြပါတယ်။

    ဒီဗီဒီုယိုကတော့ REX-1 ဒရုန်းဖျက်လက်နက်နဲ့ စွမ်းဆောင်နိုင်မှုကို လက်တွေ့ သရုပ်ပြထားတာ ဖြစ်ပါတယ်။

    Source – RT