News @ M-Media

Author: Ko Lay

  • အမေရိကန်ပိုင် ဂူအိမ်ကျွန်းကို တိုက်ခိုက်ရန် ကင်ဂျုံအန်က အကြမ်းဖျင်းဆွေးနွေးထား

    အမေရိကန်ပိုင် ဂူအိမ်ကျွန်းကို တိုက်ခိုက်ရန် ကင်ဂျုံအန်က အကြမ်းဖျင်းဆွေးနွေးထား

    သြဂုတ် ၁၅၊ ၂၀၁၇
    M-Media

    – ပစိဖိတ်ရှိ အမေရိကန်ပိုင် ဂူအမ်ကျွန်းသို့ တိုက်ခိုက်ရန် အစီအစဉ်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အကြမ်းဖျဉ်းဆွေးနွေးခဲ့ပြီး လက်ရှိတွင် ထိုကိစ္စကို ခေတ္တဆိုင်းငံ့ထားသည်ဟု တောင်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန KCNA က ယနေ့တွင် ဖော်ပြလိုက်သည်။

    မြောက်ကိုရီးယား၏ ဒုံးကျည်များကို ကြီးကြပ်ရသော မဟာဗျူဟာတပ်ဖွဲ့မှ ခေါင်းဆောင်များနှင့် ယမန်နေ့တွင် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး၊ စစ်ဖက်ဆိုင်ရာ မဆင်မခြင်လုပ်မှုကြောင့် အမေရိကန်၏ နယ်ချဲ့ဝါဒမှာ ၎င်းတို့၏လည်ပင်းကို ကြိုးကွင်းပြန်စွပ်နေသည်ဟု ကင်ဂျုံအန်က ပြောကြားခဲ့သည်ဟု ဆိုသည်။

    သို့သော်လည်း ဂူအမ်သို့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု အစီအစဉ်ကို လတ်တလော ပြုလုပ်မည် မဟုတ်သေးဘဲ ယန်ကီးများ၏ မိုက်ရူးရဲသောလုပ်ရပ်များကို အနည်းငယ် စောင့်ကြည့်ချင်သည်ဟု ကင်ဂျုံအန်က ထည့်သွင်းပြောဆိုခဲ့သည်။

    “တင်းမာမှုတွေ လျော့ကျစေဖိုနဲ့ ကိုရီးယားကျွန်းဆွယ်မှာ အန္တရာယ်ရှိတဲ့ စစ်ရေးပဋိပက္ခတွေကို ရှောင်ရှားဖို့အတွက် အမေရိကန်အနေနဲ့ သင်တော်တဲ့နည်းလမ်းမျိုး ရွေးဖို့လိုပြီး၊ လုပ်ရပ်တွေကနေတစ်ဆင့် ဒါကို ပြသဖို့ လိုပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်းဆွယ်မှာ သူတို့ရဲ့ ကြီးမားတဲ့ နျူကလီးယား လက်နက်တွေကို ထားရှိပြီး ရန်စတာကြောင့် ဖြစ်ပါတယ်” ဟု KCNA က ဖော်ပြခဲ့သည်။

    ကင်ဂျုံအန်က အမေရိကန်အနေဖြင့် မြောက်ကိုရီးယားကို ဆန့်ကျင်သည့် မိုက်မဲသော ရန်စမှုများကို ချက်ခြင်း ရပ်တန့်ရန်လည်း တိုက်တွန်းခဲ့သည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယားအစီအစဉ်အတွက် ယခင်က မရှိခဲ့ဖူးသည့် လုပ်ရပ်မျိုးဖြင့် တုန့်ပြန်သွားမည်ဟု ပြီးခဲ့သည့်တစ်ပတ်တွင် ပြောကြားခဲ့ပြီးနောက် မြောက်ကိုရီးယားကလည်း မိမိတို့အနေဖြင့် ပစိဖိတ်ရှိ အမေရိကန်ပိုင် ဂူအမ်ကျွန်းကို တိုက်ခိုက်ရန် စီစဉ်နေသည်ဟု ပြန်လည် ခြိမ်းခြောက်ခဲ့သည်။

    Ref: CNA

  • ဆီးဂိမ်းဘောလုံးအဖွင့်ပွဲ မြန်မာက စင်ကာပူကို ခြေအသာဖြင့် အနိုင်ရ

    ဆီးဂိမ်းဘောလုံးအဖွင့်ပွဲ မြန်မာက စင်ကာပူကို ခြေအသာဖြင့် အနိုင်ရ

    သြဂုတ် ၁၄၊ ၂၀၁၇
    M-Media

    – ၂၉ ကြိမ်မြောက် မလေးရှားဆီးဂိမ်းရဲ့ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု A အဖွင့်ပွဲစဉ်ကို ဒီနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့ရာမှာ မြန်မာ ယူ-၂၂ အသင်းဟာ စင်ကာပူ ယူ-၂၂ အသင်းကို ခြေစွမ်းအသာနဲ့ အနိုင်ရရှိခဲ့ပါတယ်။

    ဆီးဂိမ်းအတွက် အသေအချာပြင်ဆင်ထားတဲ့ မြန်မာအသင်းဟာ ဆလာယန်းဘောလုံးကွင်းမှာကစားတဲ့ ဒီပွဲမှာ အသင်းလိုက်ကစားအား ကောင်းမွန်ခဲ့ပြီး မလေးရှားရောက် မြန်မာပရိတ်သတ်တွေကလည်း တစ်ခဲနက် လာရောက်အားပေးခဲ့ကြပါတယ်။

    မြန်မာအသင်းအတွက် ဂိုးတွေကိုတော့ ပထမပိုင်း မပြီးခင်နဲ့ ဒုတိယပိုင်းတို့မှာ တိုက်စစ်မှူးအောင်သူက ခြေစွမ်းပြ သွင်းယူခဲ့တာပါ။ စင်ကာပူအသင်းက ဒုတိယပိုင်းမှာ ပိုပြီး အချိန်အဆက်မိလာပေမယ့် ချေပဂိုးတွေကို သွင်းယူနိုင်ခြင်း မရှိပါဘူး။

    စင်ကာပူနည်းပြ ရစ်ချက် တာဒီက သူတို့အသင်းအနေနဲ့ ပထမပိုင်းမှာ ကောင်းကောင်းမကစားနိုင်ခဲ့ကြောင်း၊ အရင်က ရှုံးနိမ့်ခဲ့ဖူးတာကြောင့် မြန်မာအသင်းကို ကြောက်ရွံ့နေခဲ့ကြောင်း၊ ဒုတိယပိုင်းမှာတော့ ယုံကြည်မှုရလာခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုလည်း ပိုရလာခဲ့ကြောင်း၊ ရလဒ်အတွက် စိတ်ပျက်ရကြောင်း ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

    မြန်မာနည်းပြ ဂတ်ဆီဇီက အခုလိုနိုင်ပွဲရတဲ့အတွက် ၀မ်းသာကြောင်း၊ ကောင်းကောင်းကစားနိုင်ခဲ့ပြီး နောက်ထပ်ကစားရမယ့်ပွဲကို အာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။

    မြန်မာအသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် သြဂုတ်လ ၁၆ ရက်နေ့မှာ ဘရူးနိုင်းအသင်းနဲ့ ကစားရမှာဖြစ်ပြီး၊ စင်ကာပူကတော့ အိမ်ရှင်မလေးရှားနဲ့ ကစားရမှာ ဖြစ်ပါတယ်။

    Ref: CNA, MFF

  • အိန္ဒိယ-ပါကစ္စတန် ငြိမ်းချမ်းရေးသီချင်း အွန်လိုင်းတွင် ရေပန်းစား

    အိန္ဒိယ-ပါကစ္စတန် ငြိမ်းချမ်းရေးသီချင်း အွန်လိုင်းတွင် ရေပန်းစား

    သြဂုတ် ၁၄၊ ၂၀၁၇
    M-Media

    ‘ငြိမ်းချမ်းရေး နိုင်ငံတော်သီချင်း’

    – ပါကစ္စတန်နိုင်ငံဟာ သြဂုတ်လ ၁၄ ရက်နေ့မှာ သူတို့ရဲ့ နှစ် ၇၀ မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ကျင်းပမှာဖြစ်ပြီး သူတို့ရဲ့ ကျောင်းတော်ကပြိုင်ဘက် အိန္ဒိယဟာ နောက်တစ်ရက်မှာ လွတ်လပ်ရေးနေ့ ကျရောက်မှာ ဖြစ်ပါတယ်။

    ဗြိတိသျှထံကနေ လွတ်လပ်ရေးရပြီးနောက်ပိုင်း သူတို့ နှစ်နိုင်ငံဟာ တင်းမာမှုတွေရှိခဲ့ပြီး အထူးသဖြင့် ပိုင်နက်အငြင်းပွားမှုဖြစ်နေတဲ့ ကက်ရှ်မီးယားဒေသအတွက် ၃ ကြိမ်တိုင်တိုင် စစ်ဖြစ်ခဲ့ပါတယ်။

    ဒီရန်လိုမှုတွေကို ပြေငြိမ်းပြီး နှစ်နိုင်ငံစည်းလုံးနိုင်ရေး သီချင်းတစ်ပုဒ်ဟာ လွတ်လပ်ရေးနေ့အမီ အွန်လိုင်းမှာ ပေါ်ထွက်လာခဲ့ပါတယ်။

    ‘ငြိမ်းချမ်းရေး နိုင်ငံတော်သီချင်း’ လို့ အမည်ပေးထားတဲ့ အဲဒီဗီဒီယိုမှာ အိန္ဒိယနဲ့ ပါကစ္စတန်တို့ရဲ့ နှစ်နိုင်ငံ နိုင်ငံတော်သီချင်းတွေကို ထည့်သွင်းထားတာပါ။

    ငြိမ်းချမ်းရေးလိုလားတဲ့ Facebook အဖွဲ့ Voice of Ram က အဲဒီသီချင်းကို သူတို့ရဲ့ စာမျက်နှာမှာ လွှင့်တင်ခဲ့တာဖြစ်ပြီး နှစ်နိုင်ငံစလုံးက ပြည်သူတွေက သီချင်းစာသား၊ နောက်ကွယ်က ရည်ရွယ်ချက်တွေနဲ့ပတ်သက်ပြီး ချီးကျူးခဲ့ကြပါတယ်။

    အဲဒီဗီဒီယိုကို “ငါတို့ရဲ့ နယ်ခြားတွေကို အနုပညာအတွက် ဖွင့်လိုက်မယ်ဆိုရင် ငြိမ်းချမ်းရေးပါ တွဲပါလာမှာပါ” ဆိုတဲ့ စာသားနဲ့ အစပြုထားပါတယ်။

    အဲဒီနောက် အိန္ဒိယနဲ့ ပါကစ္စတန်က အနုပညာရှင်တွေဟာ အိန္ဒိယ နိုင်ငံတော်သီချင်းဖြစ်တဲ့ Jana Gana Mana နဲ့ ပါကစ္စတန်နိုင်ငံတော်သီချင်း Pāk Sarzamīn တို့ကို တစ်ပိုဒ်စီ ပေါင်းစပ်သီဆိုခဲ့ကြပါတယ်။

    ဗီဒီယိုအပိတ်မှာတော့ ‘ငြိမ်းချမ်းရေးအတွက် အတူတကွ ရပ်တည်ကြပါစို့’ ဆိုတဲ့ စာသားနဲ့ အဆုံးသတ်ထားပါတယ်။

    Voice of Ram ရဲ့ စာမျက်နှာမှာ သြဂုတ်လ ၁၁ ရက်နေ့က ဒီဗီဒီယိုကို လွှင့်တင်ခဲ့တာပါ။ သီချင်းမှာ ပါဝင်သီဆိုပေးခဲ့တဲ့ Voxchord အဖွဲ့က အခု သီချင်းဟာ ‘ယုံကြည်ချက်၊ ဂုဏ်သိက္ခာ၊ ခမ်းနားမှု၊ စွမ်းအား၊ တိုးတက်မှု၊ ပြည့်စုံကောင်းမွန်မှု’ တွေကို တိုက်တွန်းတာဖြစ်တယ်လို့ ဆိုပါတယ်။

    ပါကစ္စတန်က Dawn သတင်းစာကတော့ သီဗီဒီယိုဟာ အံ့သြစရာ လုပ်ဆောင်ချက်မျိုးဖြစ်ပြီး၊ နားဆင်ဖို့ ထိုက်တန်တဲ့ သီချင်းတစ်ပုဒ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

    ဆိုရှယ်မီဒီယာမှာတော့ နှစ်နိုင်ငံက ပြည်သူတွေဟာာ ဒီသီချင်းကို ချီးကျူးနေကြပါတယ်။

    Voice of Ram ရဲ့ အကြီးအကဲဖြစ်သူ ရမ် ဆူဘရာမာနီယမ်က လူတော်တော်များများဟာ ငြိမ်းချမ်းရေးအကြောင်းပြောဖို့ ကြောက်ရွံ့နေပြီး ဒါဟာ ယုတ္တိဗေဒမကျတဲ့ ကြောက်ရွံ့မှုမျိုးဖြစ်တာကြောင့် ဒီဗီဒီယိုကို ဖန်တီးရခြင်းဖြစ်တယ်လို့ အိန္ဒိယ သတင်းဝဘ်ဆိုက် Catch News ကို ပြောကြားခဲ့ပါတယ်။

    Ref: BBC

     

  • ရစ်ဇ်ဝါနာ ဟာမီးဒ် (သို့) ပါကစ္စတန်ရဲတပ်ဖွဲ့သမိုင်းတွင် မှတ်တိုင်သစ်စိုက်ထူခဲ့သူ

    ရစ်ဇ်ဝါနာ ဟာမီးဒ် (သို့) ပါကစ္စတန်ရဲတပ်ဖွဲ့သမိုင်းတွင် မှတ်တိုင်သစ်စိုက်ထူခဲ့သူ

    သြဂုတ် ၁၄၊ ၂၀၁၇
    M-Media

    ဟာမီးဒ်ဟာ ပြည်နယ်ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်လာတာ ၁၅ နှစ်လောက်ရှိနေပြီး ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းထောက်လှမ်းမှု တော်တော်များများမှာ ပါဝင်ခဲ့ပါတယ်။

    – ပြီးခဲ့တဲ့လမှာ ပါကစ္စတန်အမျိုးသမီး ရစ်ဇ်ဝါနာ ဟာမီးဒ်တစ်ယောက် ခိုင်ဘာရ် ပွတ်တွန်ခွာပြည်နယ်က အမျိုးသားရဲစခန်းတစ်ခုမှာ စခန်းမှူးဖြစ်လာခဲ့ပြီး ပါကစ္စတန်ရဲ့ ပထမဆုံး အမျိုးသမီးစခန်းမှူးအဖြစ် သမိုင်းရေးထိုးနိုင်ခဲ့ပါတယ်။

    ဒီပြည်နယ်ဟာ ကွန်ဆာဗေးတစ်ယဉ်ကျေးမှုနဲ့ ဘာသာရေးရိုးရာဓလေ့ထုံးတမ်းတွေ ကြီးစိုးရာဒေသဖြစ်ပြီး အမျိုးသမီးဆိုရင် အပြင်ကိုတောင်မှ သိပ်ပြီး ပေးမထွက်ချင်ကြပါဘူး။

    ဟာမီးဒ်ဟာ ပြည်နယ်ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်လာတာ ၁၅ နှစ်လောက်ရှိနေပြီး ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းထောက်လှမ်းမှု တော်တော်များများမှာ ပါဝင်ခဲ့ပါတယ်။ အကြမ်းဖက်သမားလို့ သံသယရှိသူတွေရဲ့ စခန်းတွေကို ၀င်ရောက်စီးနင်းရာမှာလည်း သူက ပါဝင်ခဲ့ပါတယ်။

    ဒီလိုဒေသမျိုးမှာ ရဲစခန်းတစ်ခုကို ဦးစီးရတဲ့ သူမရဲ့အလုပ်ဟာ လွယ်ကူတာတော့ မဟုတ်ပါဘူး။

    “ကျွန်မအတွက် ခက်ခဲတဲ့အလုပ်ပါ”

    ဒါပေမယ့် အလုပ်မှာ ပျော်ရွှင်ပြီး အမျိုးသမီးတွေဟာ အမျိုးသားတွေ လုပ်နိုင်တာထက်ကို ပိုပြီး လုပ်နိုင်တယ်လို့ သူမက ဆိုပါတယ်။

    “အမျိုးသားတွေကို တစ်နေ့လုံး အိမ်အလုပ်လုပ်ခိုင်းမယ်၊ ကလေးထိန်းခိုင်းမယ်ဆိုရင် သူတို့ ဒါကို လုပ်နိုင်မယ်လို့ ကျွန်မ မထင်ပါဘူး။ အမျိုးသမီးတွေကျတော့ သူတို့ရဲ့ အိမ်အပြင်ဘက်က ပရော်ဖက်ရှင်နယ် တာဝန်တွေကို အလွယ်တကူပဲ ကိုင်တွယ်နိုင်ပါတယ်” လို့ သူမက ဖွင့်ဟခဲ့ပါတယ်။

    ခိုင်ဘာရ်ဒေသက အမျိုးသမီးတွေဟာ ရဲတပ်ဖွဲ့ထဲကိုဝင်ဖို့ ဆန္ဒမရှိကြဘဲ အမျိုးသားရဲတွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာမျိုး မလုပ်ချင်ကြဘူးလို့ ဟာမီးဒ်က ဆိုပါတယ်။

    ပြည်နယ်မြို့တော် ပက်ရှ်ဝါရ်ဟာ အမျိုးသမီးတွေကို အိမ်တွင်းမှာပဲ ထားတဲ့ လူ့အဖွဲ့အစည်းမျိုး ဖြစ်ပါတယ်။

    “အိမ်တွင်းမှာ အကြမ်းဖက်ခံရတာတောင်မှ သူတို့ဟာ မျိုသိပ်ပြီး လူသိရှင်ကြား ထုတ်ပြောတာမျိုး မရှိပါဘူး” လို့ ဟာမီးဒ်က ပြောပါတယ်။

    ဒါပေမယ့် သူမ ရှိနေတာဟာ အမျိုးသမီးတွေအနေနဲ့ သူ့တို့ရဲ့ပြဿနာကို ရဲတပ်ဖွဲ့ကိုပြောဖို့ တွန်းအားဖြစ်စေပြီး ဒီလို ဖွင့်ပြောတဲ့ အရေအတွက်ကလည်း နေ့စဉ် တိုးတက်လာတယ်လို့ သူမက ဆိုပါတယ်။

    ပြဿနာတွေကို ဖြေရှင်းရာမှာ အောင်မြင်တာကြောင့်လည်း အမျိုးသမီးတွေ ရဲတပ်ဖွဲ့တွေဆီ လာရောက်ချင်တဲ့ဆန္ဒက မြင့်တက်လာခဲ့ပါတယ်။

    “သူတို့ပြဿနာတွေ ပြေလည်သွားတဲ့အခါမှာ သူ့တို့ရဲ့ ကျေနပ်မှုဟာ လူ့အဖွဲ့အစည်းတွေဆီ ရာက်သွားပြီး ဒါဟာ အမျိုးသမီးတွေ ရဲစခန်းကိုလာရောက်ဖို့ တွန်းအားဖြစ်စေပါတယ်”

    ခိုင်ဘာရ်ဒေသက ပက်ရှ်တွန်မိသားစုတွေဟာ ပုံမှန်အားဖြင် အမျိုးသမီးတွေကို ရဲတပ်ဖွဲ့မှာ ၀င်ရောက်ဖို့ အားမပေးပါဘူး။ ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ ၁၀ ရာခိုင်နှုန်းလောက်သာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် မီဒီယာတွေမှာ ရဲမေတွေအကြောင်း ပါလာမှုက လူတွေရဲ့ စိတ်ကူးကို ပြောင်းလဲလာစေတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

    ဟာမီးဒ်ကတော့ သူမရဲ့ ဒီရာထူးအသစ်က မိသားစုဘ၀ကို ခက်ခဲစေပေမယ့် ခင်ပွန်းနဲ့ အခြားမိသားစုဝင်တွေရဲ့ ပံ့ပိုးမှုကို ရရှိတယ်လို့ ဆိုပါတယ်။

    ပြည်နယ်ရဲတပ်ဖွဲ့ဟာ အမျိုးသမီး စာသင်ကျောင်းတွေက ကျောင်းသူတွေ ရဲတပ်ဖွဲ့မှာ ၀င်ရောက်အမှုထမ်းဖို့ ဆောင်ရွက်နေပါတယ်။ ဟာမီးဒ်ကတော့ ရဲတပ်ဖွဲ့မှာ အမျိုးသမီးတွေ ပိုမိုပါဝင်မှုဟာ အိမ်တွင်းအကြမ်းဖက်မှုနဲ့ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ ရာာဇ၀တ်မှုတွေကို လျှော့ချပေးလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

    Ref: VOA

  • မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီ၏ ဟောပြောပွဲတွင် လူတစ်ချို့က ဆူပူနှောက်ယှက်

    မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီ၏ ဟောပြောပွဲတွင် လူတစ်ချို့က ဆူပူနှောက်ယှက်

    သြဂုတ် ၁၄၊ ၂၀၁၇
    M-Media

    – ၀န်ကြီးချုပ် နာဂျစ်ရာဇတ်အစိုးရကို ဖြုတ်ချရန် အစီအစဉ်ရှိနေသည့် မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဦးဆောင်သော ယမန်နေ့ ဆွေးနွေးပွဲတွင် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွာားခဲ့သည်ဟု သိရသည်။

    ကွာလာလမ်ပူမြို့ဆင်ခြေဖုံး ရှားအလမ်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ ဆွေးနွေးပွဲမှာ နာဂျစ်အစိုးရ ရင်ဆိုင်နေရသော ဘဏ္ဍာရေးပြဿနာများကို မီးမောင်းထိုးပြရန် ရည်ရွယ်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲစတင်ပြီး မိနစ် ၉၀ အကြာ တွင် လူတစ်ချို့မှာ ဖိနပ်များ၊ ပုလင်းများ၊ ထိုင်ခုံများဖြင့် မဟာသီယာအား ပစ်ပေါက်ခဲ့သည်ဟု ပွဲစီစဉ်သူ ဆယဒ် ဆာဒစ် ဆယဒ် အဘ်ဒူလ်ရဟ်မန်က ပြောကြားခဲ့သည်။

    ထို့ပြင် ထိုသူများမှာ မီးကျည်များလည်း ပစ်လွှတ်ခဲ့ပြီး တက်ရောက်လာသည့် ပရိတ်သတ်များအကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သည်။ အသက် ၉၂ နှစ်အရွယ်ရှိ မဟာသီယာ မိုဟာမက်မှာ မည်သည့် ထိခိုက်ဒဏ်ရာရမှုမှ မရှိခဲ့ပေ။

    “ဒါဟာ မဟာသီယာနဲ့ အတိုက်အခံတွရဲ့အသံကို တိတ်သွားအောင် လုပ်တယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် ဒီသရဲဘောကြောင်သူတွေကို ကျွန်တော်တို့ ဘယ်တော့မှ ကြောက်ရွံ့နေမှာမဟုတ်ပါဘူး” ဟု မဟာသီယာဦးဆောင်ကာ မကြာသေးမီက တည်ထောင်ခဲ့သော Bersatu ပါတီမှ လူငယ်ဆိုင်ရာ အကြီးအကဲ ဆယဒ် ဆာဒစ်က ပြောကြားခဲ့သည်။

    အတိုက်အခံခေါင်းဆောင် အဇ်မင်ကလည်း နာဂျစ်မှာ မဟာသီယာ၏အသံ တိတ်သွားစေရန်အတွက် ဂိုဏ်းစတား လုပ်ရပ်ကို အသုံးပြုခဲ့သည်ဟု စွပ်စွဲခဲ့ပြီး ထိုလုပ်ရပ်မှာ သူရဲဘောကြောင်သည့် လုပ်ရပ်ဖြစ်သည်ဟုလည်း ဆိုသည်။

    ထိုရုန်းရင်းဆန်ခတ်ဖြစ်မှု၏ နောက်ကွယ်တွင် မည်သူရှိနေသည်ဆိုကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း မလေးရှားတွင် နိုင်ငံရေးအရ တင်းမာမှုများ မြင့်တက်လာမှုကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်။

    ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ မလေးရှားဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော မဟာသီမှာ နာဂျစ်၏ ငွေကြေးအရှုပ်အရှင်းပြဿနာအတွက် ပြင်းပြင်းထန်ထန်ဝေဖန်ထားပြီး ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြုလုပ်ရန်ရှိနေသည့် အထွေထွေရွေးကောက်ပွဲတွင် မဟာသီမှာ နာဂျစ်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သည်။

    Ref: CNA