News @ M-Media

Author: Ko Lay

  • စူပါဖလားအနီကဒ်ကြောင့် ရော်နယ်ဒို ၅ ပွဲပယ်ခံရ

    စူပါဖလားအနီကဒ်ကြောင့် ရော်နယ်ဒို ၅ ပွဲပယ်ခံရ

    သြဂုတ် ၁၅၊ ၂၀၁၇
    M-Media

    – တနင်္ဂနွေနေ့က ကစားခဲ့သည့် စပိန်စူပါဖလားတွင် ရရှိခဲ့သော အနီကဒ်အတွက် ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာ ၅ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်ဟု သိရသည်။

    ဘာစီလိုနာအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ထိုပွဲတွင် ဒုတိယပိုင်းမှာ လူစားဝင်ခဲ့ရသော်လည်း ရော်နယ်ဒိုမှာ ခြေစွမ်းပြခဲ့ပြီး အသင်းအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးသွင်းပြီးနောက် အင်္ကျီချွတ် အောင်ပွဲခံသောကြောင့် တစ်ဝါပြခံခဲ့ရသည်။ ထို့နောက် ပွဲပြီးရန် ၈ မိနစ်အလိုတွင် ဟန်ဆောင်လှဲချသည်ဆိုဟာ ဒိုင်လူကြီးက ဒုတိယမြောက်အ၀ါပြ၍ ထုတ်ပယ်ခဲ့သည်။

    ၂ ၀ါတစ်နီအတွက် တစ်ပွဲသာ ပယ်ခံခဲ့ရသော်လည်း အနီကဒ်အပြခံရပြီးနောက် ဒိုင်လူကြီးအား ရော်နယ်ဒိုက တွန်းခဲ့သည့်အတွက် ၄ ပွဲ ထပ်မံပယ်ခံခဲ့ရသည်။

    အဆိုပါပြစ်ဒဏ်အတွက် အယူခံဝင်ရန် ၁၀ ရက်အချိန်ရပြီး ရီးယဲလ်နည်း ဇီဒိန်းကလည်း အယူခံဝင်သွားမည်ဟု ပြောကြားခဲ့သည်။

    ထို့ကြောင့် ရော်နယ်ဒိုမှာ စက်တင်ဘာ ၂၀ ရက်နေ့ ရီးယဲလ်ဘက်တစ်နှင့် ကစားမည့်အချိန်အထိ လာလီဂါပွဲများတွင် ပါဝင်ကစားခွင့် ရမည် မဟုတ်ပေ။

    ယခု အနီကဒ်မှာ ရော်နယ်ဒို၏ ကစားသမားဘ၀တစ်လျှောက် ၁၀ ကြိမ်မြောက် အနီကဒ်ဖြစ်သည်။

    Ref : BBC

  • တူနီးရှားတွင် ကမ္ဘာ့အကြီးဆုံး ဆိုလာဓာတ်အားပေးစက်ရုံ တည်ဆောက်မည်

    တူနီးရှားတွင် ကမ္ဘာ့အကြီးဆုံး ဆိုလာဓာတ်အားပေးစက်ရုံ တည်ဆောက်မည်

    သြဂုတ် ၁၅၊ ၂၀၁၇
    M-Media

    – ဓာတ်အားတွေကို နိုင်ငံရပ်ခြား တင်ပို့နိုင်ဖို့အတွက် ကမ္ဘာ့အကြီးဆုံး နေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို တူနီးရှားမှာ တည်ဆောက်တော့မယ်လို့ သိရပါတယ်။

    ဓာတ်အား ၄.၅ ဂီဂါဝပ် ထုတ်ပေးနိုင်မယ့် အဲဒီစက်ရုံကို နိုင်ငံမြောက်ပိုင်းက ဆဟာရ သဲကန္တာရမှာ ဆောက်လုပ်သွားမှာဖြစ်ပြီး လက်ရှိမှာ ဗြိတိသျှလုပ်ငန်း TuNur Limited ဟာ ဒီအတွက် တူနီးရှားအစိုးရဆီကနေ လုပ်ပိုင်ခွင့်ကျဖို့ စောင့်ဆိုင်းနေပါတယ်။

    TuNur စီအီးအို ကီဗင်ဆာရာက အခု လျာထားတဲ့နေရာဟာ ဥရောပအလယ်ပိုင်းကထက် နေစွမ်းအင်သုံး ဓာတ်အား ၂ ဆလောက် ထွက်မှာဖြစ်ပြီး ကာဘွန်ကင်းစင်တဲ့ ဓာတ်အားအတွက် ဥရောပရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

    အဲဒီနေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဟာ ဥရောပက အိမ်ပေါင်း ၅ သန်းလောက်နဲ့ လျှပ်စစ်ကား ၇ သန်းလောက်ကို ဓာတ်အားထောက်ပံ့နိုင်မှာဖြစ်ပြီး ရေအောက်ကေဘယ်ကြိုးတွေနဲ့ သွယ်တန်းမှာ ဖြစ်ပါတယ်။

    ဓာတ်အား မီဂါဝပ် ၂၅၀ ထုတ်လုပ်နိုင်မယ့် ပထမအဆင့်အတွက် ယူရို ၁.၆ ဘီလီယံ ကုန်ကျကာ ၂၀၂၀ မှာ ပြီးစီးဖို့ ရည်ရွယ်ထားပါတယ်။

    ဒီနေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကထွက်တဲ့ ဓာတ်အားကို မော်လ်တာ၊ အီတလီနဲ့ ပြင်သစ်တို့ကို တင်ပို့သွားဖို့ တူနီရှားက ရည်ရွယ်ထားပြီး ဥရောပရဲ့ စွမ်းအင်ကဏ္ဍမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းပေမယ့် နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

    Ref: Alarabiya

  • မလေးရှား ပြည်နယ်ဘုရင်တစ်ပါး၏ သမီးတော် နိုင်ငံခြားသားနှင့် အိမ်ထောင်ပြု

    မလေးရှား ပြည်နယ်ဘုရင်တစ်ပါး၏ သမီးတော် နိုင်ငံခြားသားနှင့် အိမ်ထောင်ပြု

    သြဂုတ် ၁၅၊ ၂၀၁၇
    M-Media

    – မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် ဘုရင်မင်းမြတ် ဆူလ်တန် အီဗရာဟင် အစ္စမာအီလ်၏ ဒုတိယမြောက် မင်းသမီး တွန်ကူ တွန် အေမီနာဟ် မိုင်မွန်နာဟ် အစ္စကန်ဒရီယာဟာ နယ်သာလန်သား ဒန်းနစ် မိုဟာမက် အဘ်ဒူလာနဲ့ မနေ့က လက်ထပ်ခဲ့ပါတယ်။

    အသက် ၂၈ နှစ်အရွယ်ရှိပြီး ၂၀၁၅ ခုနှစ်က အစ္စလာမ်ဘာသာကို ကူးပြောင်းသက်ဝင်ခဲ့တဲ့ ဒန်းနစ်ဟာ မော်ဒဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိ စင်ကာပူက ဘောလုံးအသင်းတစ်ခုမှာ ဈေးကွက်ဆိုင်ရာ အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်နေသူပါ။

    မင်းသမီးကတော့ အသက် ၃၁ နှစ်အရွယ် ရှိနေပြီး ဆူလ်တန် အီဗရာဟင်ရဲ့ တစ်ဦးတည်းသော သမီးဖြစ်ပါတယ်။

    မင်္ဂလာအခမ်းအနားကို ဘုရင့်နန်းတော်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဧည့်သည်တော်ပေါင်း ၁၂၀၀ ကျော်လောက် တက်ရောက်ခဲ့ပါတယ်။

    ဂျိုဟိုးပြည်နယ်ဘုရင်ဟာ မလေးရှားနိုင်ငံမှာ သြဇာညောင်းတဲ့ ဘုရင်တစ်ပါးဖြစ်ပြီး ကိုယ်ပိုင်စစ်တပ်လည်းရှိကာ မလေးရှားမှာ တစ်ခုတည်းသော ကိုယ်ပိုင်စစ်တပ်ရှိတဲ့ပြည်နယ် ဖြစ်ပါတယ်။

    Ref: BBC

  • ယီမင်စစ်ပွဲမှ ထွက်ရေးနှင့် အီရန်နှင့် ပြန်လည်သင့်မြတ်ရေး ဆော်ဒီအိမ်ရှေ့မင်းသား ဆန္ဒရှိနေ

    ယီမင်စစ်ပွဲမှ ထွက်ရေးနှင့် အီရန်နှင့် ပြန်လည်သင့်မြတ်ရေး ဆော်ဒီအိမ်ရှေ့မင်းသား ဆန္ဒရှိနေ

    သြဂုတ် ၁၅၊ ၂၀၁၇
    M-Media

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်

    – ၂ နှစ်ကျော်ကြာမြင့်နေပြီဖြစ်သည့် ယီမင်တွင် ပါဝင်တိုက်ခိုက်မှုအား အဆုံးသတ်ရန်အတွက် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်မှာ အမေရိကန်တာဝန်ရှိသူဟောင်းများနှင့် ဆွေးနွေခဲ့ပြီး အီရန်နှင့် ပြန်လည်သင့်မြတ်ရေးအတွက်လည်း တိုက်တွန်းခဲ့သည်ဟု ပေါက်ကြားလာသည့် မှတ်တမ်းများအရ သိရသည်။

    အိမ်ရှေ့မင်းသားမှာ ပြီးခဲ့သည့်ဇွန်လ ကာတာသို့ ပိတ်ဆို့မှုမလုပ်ခင် အစ္စရေးဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း မာတင် အင်ဒိုက်နှင့် သမ္မတဘုရှ်လက်ထက် အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ထမ်းဆောင်ခဲ့သော စတီဗင် ဟဒ်လေတို့နှင့် အရှေ့အလယ်ပိုင်း၌ တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားခဲ့ဖြစ်သည်။

    ထိုပြောကြားမှုအတွက် အသေးစိတ်အချက်အလက်များမှာ အင်ဒိုက်နှင့် ၀ါရှင်တန်မှ ယူအေအီးသံအမတ် ယူဆက်ဖ် အလ်-အိုတိုင်ဘာတို့အကြား အပြန်အလှန်ပေးပို့သော အီးမေးလ်များမှတစ်ဆင့် ပေါက်ကြားလာခြင်းဖြစ်ပြီး GlobalLeaks အဖွဲ့က ထို အီးမေးလ်များကို ရရှိခဲ့သည်ဟု Middle East Eye သင်တင်းဌာနက ဆိုသည်။

    မင်းသားက ယီမင်တွင် ၎င်းတို့ ပါဝင်တိုက်ခိုက်နေမှုမှာ ဆော်ဒီသို့ရောက်ရှိနေသည့် ပြည်ပြေးသမ္မတ အဘ်-ရဘ်ဘူ မန်ဆူရ်ဟာဒီ၏ အခြေအနေကို ပိုမိုဆိုးဝါးစေသည်ဟု ပြောကြားမှု၊ အင်ဒိုက်က ဆော်ဒီ၏ ခေါင်းဆောင်ပိုင်းအကြောင်းဆွေးနွေးကာ မင်းသားမှာ အမြော်အမြင်ရှိသည့် ခေါင်းဆောင်တစ်ဦးဖြစ်သည်ဟု ချီးကျူးမှုများလည်း အဆိုပါအီးမေးလ်တွင် ပါဝင်သည်။

    အင်ဒိုက်နှင့် အလ်-အိုတိုင်ဘာတို့မှာ အနာဂတ် ဆော်ဒီနှင့်ပတ်သက်၍ ယူအေအီးခေါင်းဆောင်ပိုင်း၏ အမြင်များ၊ အစ္စရေးလိုလားသည့် ရပ်တည်ချက်၊ ယူအေအီး၏ အရှေ့အလယ်ပိုင်းဒေသအတွင်း ရည်မှန်းချက်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

    အီရန်က ထောက်ပံ့ပေးနေသည်ဟု သတင်းထွက်သည့် ဟူသီသူပုန်များကို ၂၀၁၅ ခုနှစ် မတ်လတွင် ဆော်ဒီဦးဆောင်သောအဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ယီမင်ပဋိပက္ခမှာ တစ်ဖြည်းဖြည်း ဆိုးရွားလာခဲ့ပြီး လူပေါင်း တစ်သောင်းကျော် သေဆုံးကာ သန်းနှင့်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    Ref: Aljazeera

  • လူဖြူအစွန်းရောက်များကို အမေရိကန်သမ္မတထရမ့် ၀တ်ကျေတန်းကျေ ရှုတ်ချ

    လူဖြူအစွန်းရောက်များကို အမေရိကန်သမ္မတထရမ့် ၀တ်ကျေတန်းကျေ ရှုတ်ချ

    သြဂုတ် ၁၅၊ ၂၀၁၇
    M-Media

    – ဗားဂျီးနီးယားပြည်နယ် ချားလော့စ်ဗီလီမြို့တွင် ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆတ်ခတ်မှုများတွင် ပါဝင်ခဲ့သော လူဖြူအစွန်းရောက်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရှုတ်ချလိုက်ပြီး လူမျိုးရေးခွဲခြားမှုမှာ ဆိုးရွာသည့်အရာဖြစ်သည်ဟု ပြောကြားလိုက်သည်။

    တနင်္ဂနွေနေ့ကဖြစ်ပွားခဲ့သည့် ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ ယမန်နေ့က နိုင်ငံသို့ပြောကြားသောမိန့်ခွန်းတွင် ထိုကဲ့သို့ ရှုတ်ချခဲ့ခြင်းဖြစ်ပြီး လူမျိုးရေးခွဲခြားမှုကို ရှုတ်ချမှုမရှိဟု ရီပက်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်အမတ်များက ဝေဖန်ခဲ့ပြီးနောက် ပေါ်ထွက်လာခြင်းဖြစ်သည်။

    “KKK၊ နာဇီလက်သစ်တွေ၊ လူဖြူအစွန်းရောက်တွေနဲ့ အခြားသော အမုန်းဆောင်အုပ်စုတွေအပါအ၀င် အမေရိကန်တွေ နှစ်လိုဖွယ်ဆုပ်ကိုင်ထားတဲ့ အရာတွေကို ပျက်ဆီးစေတဲ့ အမည်မျိုးတွေနဲ့ အကြမ်းဖက်မှု ဖြစ်ပွားစေသူတွေဟာ ရာဇ၀တ်ကောင်တွေ၊ လူဆိုးဓားပြတွေသာ ဖြစ်ပါတယ်။ အယူသည်းမှုခေါင်းစဉ်အောက်မှာ အကြမ်းဖက်မှု ပြန့်နှံ့သူတွေဟာ အမေရိကန်ရဲ့ အနှစ်သာရကို ထိုးနှက်တာလည်း ဖြစ်ပါတယ်”

    ထို့ပြင် လူဖြူအစွန်းရောက်များအား တန်ပြန်ဆန္ဒပြသည့် လူအုပ်အတွင်းသို့ ကားဖြင့် ၀င်တိုက်ခဲ့သည့် လုပ်ရပ်အတွက် နိုင်ငံသားဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို တရားရေးဌာနက ပြုလုပ်နေသည်ဟုလည်း ထရမ့်က ကြေငြာခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့သည်။

    “ဒီတစ်ပတ်အဆုံးပိုင်းက လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး အကြမ်းဖက်မှုမှာ ရာဇ၀တ်မှုကျူးလွန်ခဲ့သူ ဘယ်သူမဆို ဒီအတွက် တာဝန်ယူရမှာဖြစ်ပြီး တရားမျှတမှုကို ဆောင်ကျဉ်းသွားမှာပါ”

    ချားလော့စ်ဗီလီမြို့တွင် ခွဲထွက်ရေးဗိုလ်ချုပ်တစ်ဦး၏ ရုပ်တု ဖယ်ရှားခံရမှုကို မကျေနပ်သောကြောင့် စနေနေ့က ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုမှာ ၄ လအတွင်း ၃ ကြိမ်မြောက်ဖြစ်ပြီး၊ လူမျိုးရေးခွဲခြားမှုနှင့် လူဖြူအစွန်းရောက်ဆန့်ကျင်သူများကို တန်ပြန်ဆန္ဒပြသည့် လူအုပ်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

    လူအုပ်ကြီးအား ကားဖြင့်ဝင်တိုက်သူကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး တရားသူကြီးတစ်ဦးက ၎င်းအား အာမခံပေးရန် ငြင်းဆိုခဲ့သည်။

    မွတ်စလင်အစွန်းရောက်များ၏ တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလေ့ရှိသည့် ထရမ့်မှာ လူဖြူအစွန်းရောက်များ၏ တိုက်ခိုက်မှုများအတွက် နှုတ်ဆိတ်နေတတ်သောကြောင့် ယခုနောက်ပိုင်းတွင် ဝေဖန်ခံလာရသည်။

    ထရမ့်မှာ ပြီးခဲ့သည့်တစ်ပတ်က လူဖြူအစွန်းရောက်များ၏လက်ချက်ဟု ယူဆရသည့် ဗလီဝတ်ကျောင်းတော်တစ်လုံး ဗုံးခွဲတိုက်ခိုက်ခံရမှုအတွက်လည်း မည်သည့် တုန့်ပြန်မှုမှ မပြုလုပ်ခဲ့ပေ။

    Ref: Aljazeera