News @ M-Media

Author: Ko Lay

  • ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်ခံရသည့် မွတ်စလင်အမျိုးသမီးကို အစိုးရက နစ်နာကြေးပေးရန် ကန်တရားရုံးဆုံးဖြတ်

    ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်ခံရသည့် မွတ်စလင်အမျိုးသမီးကို အစိုးရက နစ်နာကြေးပေးရန် ကန်တရားရုံးဆုံးဖြတ်

    သြဂုတ် ၁၂၊ ၂၀၁၇
    M-Media

    – ခေါင်းဆောင်းပုဝါကို အဓမ္မဆွဲချွတ်မှုအတွက် ရဲတပ်ဖွဲ့အား တရားစွဲဆိုထားသည့် ကယ်လီဖိုးနီးယားမှ မွတ်စလင်အမျိုးသမီးတစ်ဦးကို တရားရုံးက အနိုင်ပေးလိုက်ပြီး အစိုးရက နစ်နာကြေး ဒေါ်လာ ၈၅၀၀၀ ပေးဆောင်ရန်လည်း ဆုံးဖြတ်ခဲ့သည်။

    ကီရ်စတီ ပါဝဲလ်ဆိုသည့် မွတ်စလင်အမျိုးသမီးမှာ ပြီးခဲ့သည့်နှစ်က သူမ၏ ခင်ပွန်းနှင့်အတူ ခရီးသွားနေစဉ် ခွင့်မပြုသည့် ကားကို စီးနင်းသည်ဟုဆိုကာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ပါဝဲလ်မှာ ခရီးသည်သာဖြစ်သော်လည်း သူမ၏နာမည်ပါ ဖမ်းဝရမ်းတစ်ခုကြောင့် ဖမ်းဆီးခံခဲ့ရသည်။

    ဇနီးအတွက် ရဲမေက ကိုင်တွယ်ဆောင်ရွက်ရန် ပါဝဲလ်၏ခင်ပွန်းက တောင်းဆိုခဲ့သော်လည်း ရဲများက လက်မခံခဲ့ဘဲ ခေါင်းဆောင်းပုဝါကို အတင်းအဓမ္မ ဆွဲချွတ်ခဲ့သည်။ ရဲစခန်းတွင် တစ်ညတာ နေထိုင်နေရသည့် ပါဝဲလ်မှာ ရဲတပ်ဖွဲ့အနေဖြင့် သူမ၏ ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်သည်ဟုဆိုကာ နောက်ပိုင်းတွင် တရားရုံး၌ တရားစွဲဆိုခဲ့သည်။

    ရဲတပ်ဖွဲ့က ခေါင်းဆောင်းပုဝါမပါသည့် ဓာတ်ပုံကို လိုချင်သည့်အတွက် ပုဝါကို ဆွဲချွတ်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။ တရားရုံးဖိုင်တွင် ထိုကဲ့သို့ ဆောင်ရွက်ခြင်က ဘာသာရေးကို လွတ်လပ်စွာ ကျင့်သုံးခွင့်ကို ပိတ်ပင်ရာရောက်ပြီး ကီရ်စတီ ပါဝဲလ်မှာ အရှက်ရမှု၊ စိတ်မသက်မသာဖြစ်မှု၊ စိတ်ဓာတ်ကျဆင်းမှုကို ခံစားခဲ့ရသည်ဟု ဖော်ပြထားသည်။

    တရားရုံးက ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အင်္ဂါနေ့တွင် ပါဝဲလ်အား အနိုင်ပေးခဲ့ပြီး အခင်းဖြစ်ပွားရာ ကယ်လီဖိုးနီးယားပြည်နယ် လောင်းဘီခ်ျမြို့အနေဖြင့် ပါဝဲလ်ကို နစ်နာကြေး ကန်ဒ်ါလာ ၈၅၀၀၀ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

    အမေရိကန်တွင် အကြီးဆုံး မွတ်စလင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် အမေရိကန်-အစ္စလာမ် ဆက်ဆံရေးအဖွဲ့က ထိုဆုံးဖြတ်ချက်အတွက် စိတ်သက်သာရသည်ဟု ပြောကြားခဲ့ပြီး၊ အခြေခံဥပဒေက အပ်နှင်းထားသည့် ရပိုင်ခွင့်ကို ကာကွယ်ခဲ့သည့်အတွက်လည်း ပါဝဲလ်ကို ချီးကျူးခဲ့သည်။

    Ref: CNN

  • ရိုဟင်ဂျာများကို ပြန်ပို့ရန် အိန္ဒိယက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် ဆွေးနွေးနေ

    ရိုဟင်ဂျာများကို ပြန်ပို့ရန် အိန္ဒိယက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် ဆွေးနွေးနေ

    သြဂုတ် ၁၂၊ ၂၀၁၇
    M-Media

    အိန္ဒိယဒုက္ခသည်စခန်းမှ ရိုဟင်ဂျာများ

    – နိုင်ငံအတွင်း တရားမ၀င် ရောက်ရှိနေသည့် ရိုဟင်ဂျာ ၄၀၀၀၀ ခန့်ကို ပြန့်ပိုရန်အတွက် အိန္ဒိယမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု အိန္ဒိယအစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    မြန်မာနိုင်ငံတွင် ညှင်းပမ်းနှိပ်စက်ခံရသည့် ရိုဟင်ဂျာထောင်ပေါင်းများစွာမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြပြီး၊ တစ်ချို့ နယ်စပ်မှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ ၀င်ရောက်ခဲ့သည်။

    အိန္ဒိယကမူ UNHCR တွင် မှတ်ပုံတင်ထားသည့် ရိုဟင်ဂျာအရေအတွက်မှာ ၁၄၀၀၀ ၀န်းကျင်ရှိနေပြီး အခြားသူများမှာ အထောက်အထားမဲ့ဖြစ်နေဟုဆိုသည်။ ဒုက္ခသည်များနှင့် ပတ်သက်၍ အိန္ဒိယမှာ ကုလသဘောတူညီချက်များတွင် လက်မှတ်ရေးထိုးထားခြင်းမရှိဘဲ၊ ပြည်တွင်းတွင်လည်း ထိုအတွက် မည်သည့်ဥပဒေမှ ပြဌာန်းထားခြင်း မရှိချေ။

    “ဒီကိစ္စကို ဘင်္ဂလားဒေ့ရှ်၊ မြန်မာတို့နဲ့ သံတမန်လမ်းကြောင်းအရ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ သင့်လျော်တဲ့အချိန်ကျရင် ပိုမိုရှင်းလင်းပြတ်သားတဲ့ အခြေအနေမျိုး ပေါ်ထွက်လာမှာပါ” ဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကေအက်စ် ဒက်ဝါလီယာက ပြောကြားခဲ့သည်။

    တရားမ၀င်နေထိုင်နေသည့် နိုင်ငံခြားသားများအား ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် ခရိုင်အဆင့်များတွင် လုပ်ငန်းအဖွဲ့များ ဖွဲ့ထားရန် အိန္ဒိယ ဖက်ဒရယ်အစိုးရက ပြည်နယ်အစိုးရများကို အမိန့်ပေးထားသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ အခြားတာဝန်ရှိသူတစ်ဦးဖြစ်သည့် ကီရန် ရီဂျီဂျူက ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်သို့ ပြောကြားခဲ့သည်။

    ရီဂျီဂျူမှာ မကြာသေးမီက မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုကို သွားရောက်ခဲ့သူဖြစ်ပြီး ရိုဟင်ဂျာကိစ္စအကြောင်း ပြောကြားခဲ့လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

    လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သော Amnesty International က ရိုဟင်ဂျာများကို ပြန်ပို့ခြင်းမှာ ယုတ္တိမတန်သည့် လုပ်ရပ်ဖြစ်သည်ဟု ဆိုပြီး၊ အိန္ဒိယရှိ UNHCR ကလည်း အစိုးရ၏ ထိုအစီအစဉ်အတွက် အချက်အလက်များ ရယူသွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Hindustantimes

  • အနာဂတ်ရဲ့ Biodegradable စမတ်ကား

    အနာဂတ်ရဲ့ Biodegradable စမတ်ကား

    သြဂုတ် ၁၂၊ ၂၀၁၇
    M-Media

    – သဘာဝပစ္စည်းတွေကနေ ထုတ်လုပ်ထားပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်ကာ ကာဘွန်ထုတ်လုပ်မှုကို လျှော့ချပေးနိုင်မယ့် Biodegradable ကားတစ်စီးကို နယ်သာလန်နိုင်ငံက ပညာရှင်တွေက ဖန်တီးထုတ်လုပ်လိုက်ပါတယ်။

    နောက်ဆုံးပေါ်နည်းပညာတွေ ထည့်သွင်းထားတဲ့ ဒီကားဟာ လျှပ်စစ်ဓာတ်အားသုံးအားဖြစ်ပြီး တစ်ခါအားသွင်းထားရင် ကီလိုမီတာ ၁၀၀ လောက်ကို မောင်းနှင်နိုင်မှာပါ။ ဘယ်သူက ၀င်ရောက်မောင်းနှင်လဲဆိုတာကို ကားက သိရှိမှာဖြစ်ပြီး အနာဂတ် နည်းပညာတွေနဲ့လည်း အံဝင်စေမှာ ဖြစ်ပါတယ်။

    အခုနှစ်နှောင်းပိုင်းမှာ လမ်းမတွေပေါ်မှာ စမ်းသပ်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ စီးပွားဖြစ်ထုတ်လုပ်ဖို့ ရှိနေပါတယ်။

  • ၂၀၂၆ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် မော်ရိုကို လျှောက်ထားမည်

    ၂၀၂၆ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် မော်ရိုကို လျှောက်ထားမည်

    သြဂုတ် ၁၁၊ ၂၀၁၇
    M-Media

    – ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ဖြစ်ခွင့်ရရေး အမည်စာရင်း တင်သွင်းသွားမည်ဟု အာဖရိကနိုင်ငံတစ်ခုဖြစ်သည့် မော်ရိုက ယနေ့တွင် ကြေငြာလိုက်သည်။

    သြဂုတ် ၁၁ ရက်နေ့ (ယနေ့) တွင် နောက်ဆုံးထား၍ ဖီဖာသို့ အမည်စာရင်းတင်သွင်းရမည်ဖြစ်ပြီး အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့က ၎င်းတို့အနေဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ပူးတွဲအိမ်ရှင်အဖြစ် ဆောင်ရွက်ရန် ရည်ရွယ်ထားသည်ဟု ဧပြီလတွင် ကြေငြာခဲ့သည်။

    အာဖရိကတိုက်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို တစ်ကြိမ်သာ ကျင်းပခွင့်ရထားပြီး ၂၀၁၀ ခုနှစ် တောင်အာဖရိကတွင် ဖြစ်သည်။ ယခုကြိုးပမ်းမှုမှာ မော်ရိုကို၏ ၅ ကြိမ်မြောက် လျှောက်ထားမှု ဖြစ်သည်။

    အာဖရိကဘောလုံးအဖွဲ့ချုပ်က မော်ရိုကို၏ လျှောက်ထားမှုကို ထောက်ခံသည်ဟု ဇူလိုင်လတွင် ပြောကြားထားသည်။

    ၂၀၂၆ ခုနှစ်မှစတင်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃၂ သင်းမှ ၄၈ သင်းအဖြစ် တိုးမြှင့်ကျင်းပသွားမည်ဖြစ်ပြီး အိမ်ရှင်နိုင်ငံများကိုလည်း တစ်နိုင်ငံတည်းထက် ပူးတွဲအိမ်ရှင်များ ရွေးချယ်ရန် ရှိသည်ဟု ဖီဖာက ယခုနှစ်အစောပိုင်းတွင် ကြေငြာခဲ့သည်။

    ၂၀၂၆ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှုကို ၂၀၂၀ ခုနှစ်တွင် ထုတ်ပြန်မည်ဖြစ်သည်။ ဖီဖာ၏ အလှည်ပေးစနစ်အရ ၂၀၂၆ ခုနှစ်အတွက် အိမ်ရှင်အလှည့်ပေးရမည့် ဒေသ ၄ ခုတွင် အာဖရိကတိုက်လည်း ပါဝင်သည်။

    Ref: BBC

  • လက်လှည့်စပင်နာများအတွက် အန္တရာယ်ကင်းရေးသတိပေးချက် အမေရိကန်ထုတ်ပြန်

    လက်လှည့်စပင်နာများအတွက် အန္တရာယ်ကင်းရေးသတိပေးချက် အမေရိကန်ထုတ်ပြန်

    သြဂုတ် ၁၁၊ ၂၀၁၇
    M-Media

    – ဘတ္ထရီနဲ့ ကစားရတဲ့ လက်လှည့်စပင်နာတွေ မီးလောင်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်း အမေရိကန်အစိုးရက အဲဒီ ကစားစရာအတွက် ဘေးအန္တရာယ်ကင်းရှင်းရေး လမ်းညွှန်ချက် ထုတ်ပြန်လိုက်ပါတယ်။

    လက်လှည့်စပင်နာတစ်ချို့ဟာ Blutetooth နဲ့ လည်တာမျိုးဖြစ်ပြီး အမေရိကန်လူသုံးကုန် အန္တရာယ်ကင်းရှင်းရေးကော်မရှင် (CPSC) က ဒီ ပစ္စည်းတွေကို တစ်ညလုံး အားသွင်းမထားဖို့၊ ဆော့ကစားသူတွေအနေနဲ့ စပင်နာတွေကို ပါးစပ်ထဲမထည့်ဖို့ အကြံပြုထားပါတယ်။

    ဒီ လက်လှည့်စပင်နာတွေဟာ စိတ်ဖြေလျော့ဖို့အတွက် ရည်ရွယ်တာဖြစ်ပေမယ့် ကလေးတွေသာမကဘဲ၊ အရွယ်ရောက်ပြီးတဲ့သူတွေအကြားမှာပါ ရေပန်းစားလာခဲ့တာပါ။ ဒီကစားစရာပစ္စည်းတွေကြောင့် မတောတဆ ဖြစ်ရပ်မျိုးတွေလည်း ရှိနေပါတယ်။

    ဇွန်လမှာ အမေရိကန်ပြည်ထောင်စု အလာဘားမားပြည်နယ်က အိမ်တစ်အိမ်မှာ Bluetooth နဲ့ ကစားရပြီး သီချင်တွေထွက်တဲ့ လက်လှည့်စပင်နာတစ်ခုဟာ မီးလောင်ပြီး ကောဇောပေါ်ကျကာ မီးကူးသွားပေမယ့် မိသားစုက အချိန်မီတွေ့ရှိကာ ငြိမ်းသက်နိုင်ခဲ့ပါတယ်။

    မေလတုန်းကလည်း မီချီဂန်မှာ ဘတ္တရီအသုံးပြု စပင်နာတစ်ခုဟာ အားသွင်းချိန် နာရီဝက်နီးပါးလောက်မှာ မီးလောင်သွားတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

    CPSC ကတော့ ဒီစပင်နာတွေကို ကစားလိုသူတွေအနေနဲ့ သတိထားဖို့လိုကြောင်း၊ ကလေးငယ်လေးတွေရဲ့ အဝေးမှာ ထားသင့်ပြီး ပလက်စတစ်နဲ့ သတ္တုကိုယ်ထည်ဟာ ကျိုးပဲ့ကာ လည်ချောင်းမှာ တစ်သွားနိုင်တာကြောင့် ပါးစပ်ထဲ မထည့်သင့်ကြောင်း အကြံပြုထားပါတယ်။

    လက်လှည့်စပင်နာတွေကို ထုတ်လုပ်ရောင်းချသူတွေအနေနဲ့ အသက် ၁၂ နှစ်အောက် ကလေးတွေအတွက် အမေရိကန်က သတ်မှတ်ထားတဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးစံနှုန်းနဲ့ ညီညွတ်အောင် ဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    Ref: BBC