News @ M-Media

Author: Ko Lay

  • ဥရောပတစ်ဝှမ်း ရိုက်ခတ်နေတဲ့ ‘ဥ’ ပြဿနာ

    ဥရောပတစ်ဝှမ်း ရိုက်ခတ်နေတဲ့ ‘ဥ’ ပြဿနာ

    သြဂုတ် ၁၀၊ ၂၀၁၇
    M-Media

    – ပိုးသတ်ဆေးတွေအသုံးပြုတယ်ဆိုတဲ့ နယ်သာလန်လုပ်ငန်းတွေက ယူကေကို တင်ပို့တဲ့ မသန့်ရှင်းတဲ့ ကြက်ဥ၊ ဘဲဥအရေအတွက်ဟာ ၇ သိန်းလောက် ရှိနေပြီး အရင်ခန့်မှန်းထားတဲ့ ၂၁၀၀၀ ထက် ပိုမိုများပြားနေတယ်လို့ အစားအသောက် စောင့်ကြည့်ရေးအဖွဲ့ FSA က ပြောလိုက်ပါတယ်။

    ဒီအရေအတွက်ဟာ ယူကေမှာ နှစ်စဉ်စားသုံးနေတဲ့ ဥအရေအတွက်ရဲ့ ၀.၀၀၇ ရာခိုင်နှုန်းရှိနေပြီး ပြည်သူ့ကျန်းမာရေးအတွက် စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။ ကြက်ဥတွေအပါအ၀င် ပိုးသတ်ဆေးသုံးစွဲထားတယ်လို့ ယူဆရတဲ့ အစားအသောက် ၁၃ မျိုးကိုလည်း ယူကေက စူပါမားကတ်တွေကနေ ဖယ်ရှားလိုက်ပါတယ်။

    နယ်သာလန်ရဲတပ်ဖွဲ့က အစားအသောက်တွေမှာ ပိုးသတ်ဆေးတွေ အသုံးပြုတယ်ဆိုတဲ့ သံသယနဲ့ လက်ရှိမှာ လူ ၂ ယောက်ကို ဖမ်းဆီးထားပါတယ်။

    fipronil လို့ ခေါ်တဲ့ ပိုးသတ်ဆေးဟာ လူတွေကို ထိခိုက်စေနိုင်ပြီး အစားအသောက်ထုတ်လုပ်မှုမှာ အသုံးမပြုဖို့ တားမြစ်ထားတာပါ။ နယ်သာလန်နဲ့ ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့တွေဟာ ပူးပေါင်းပြီး ဒီဆေးအသုံးပြုတယ်လို့ ယူဆရတဲ့ နေရာတွေကို စုံစမ်းစစ်ဆေးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

    ဒီသတင်းကြောင့် ဘယ်လ်ဂျီယံ၊ နယ်သာလန်နဲ့ ဂျာမနီက စူပါမားကတ်တွေမှာ သန်းနဲ့ချီတဲ့ဥတွေကို ဖယ်ရှားခဲ့ပါတယ်။

    ဒီပိုးသတ်ဆေးဟာ တိရစ္ဆာန်တွေမှာရှိတဲ့ သန်းတွေ၊ ကပ်ပါးကောင်တွေကို သန့်ရှင်းရာမှာ အသုံးပြုပြီး လူတွေရဲ့ ကျောက်ကပ်၊ အသည်း၊ သိုက်ရွိုက်ဂလင်းတွေကို ထိခိုက်နိုင်ပါတယ်။

    ဒါပေမယ့် ကျွမ်းကျင်သူတွေက လက်ရှိမှာ အစားအသောက်နဲ့ပတ်သက်တဲ့ အန္တရာယ်မျိုး ဖြစ်လာနိုင်တဲ့ အခြေအနေ မရှိသေးဘူးလို့ ပြောထားပါတယ်။

    နယ်သာလန်နိုင်ငံဟာ ဥရောပရဲ့ ဥနဲ့ ဥထွက်ပစ္စည်းတင်ပို့မှု အကြီးဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့ဥဈေးကွက်မှာ ထိပ်တန်းတင်ပို့သူနိုင်ငံလည်း ဖြစ်ပါတယ်။

    Ref: BBC

  • ရခိုင်တွင် ရန်လိုမှုမြင့်လာသည့်အတွက် အကူအညီပေးရေးအဖွဲ့များကို ကုလက သတိပေးထား

    ရခိုင်တွင် ရန်လိုမှုမြင့်လာသည့်အတွက် အကူအညီပေးရေးအဖွဲ့များကို ကုလက သတိပေးထား

    သြဂုတ် ၁၀၊ ၂၀၁၇
    M-Media

    ၂၀၁၄ ခုနှစ် စစ်တွေတွင် အကူအညီပေးရေးအဖွဲ့များ တိုက်ခိုက်လုယက်ခံခဲ့ရစဉ်က

    – မတည်မငြိမ်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က ရခိုင်ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းကနေ ရန်လိုမှုတွေ၊ ဆန့်ကျင်ဆန္ဒပြဖို့ ကြိုးစားမှုတွေ ရှိနေတာကြောင့် လုပ်ငန်းတွေကို သတိထားပြီး ဆောင်ရွက်ကြဖို့ ကုလက အကူအညီပေးရေးအဖွဲ့တွေကို သတိပေးထားတယ်လို့ Reutres သတင်းဌာနက ဒီနေ့မှာ ဖော်ပြပါတယ်။

    ကုလနဲ့ နိုင်ငံတကာ NGO အဖွဲ့တွေက ၀န်ထမ်း ၃၀၀ လောက်ကို မနေ့က ဖြန့်ဝေခဲ့တဲ့ ‘လုံခြုံရေးဆိုင်ရာ ကြိုတင်သတိပေးချက်’ ကို သူတို့ ရရှိခဲ့တယ်လို့လည်း သတင်းဌာနက ဆိုပါတယ်။

    ရခိုင်ပြည်နယ်မှာ အကူအညီပေးရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ကုလနဲ့ အခြား အကူအညီပေးရေး အဖွဲ့တွေဟာ ရိုဟင်ဂျာမွတ်စလင်တွေကိုသာ ကူညီနေတယ်လို့ ရခိုင်ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းက ပြောကြားထားပါတယ်။

    ကုလရဲ့ သတိပေးစာမှာတော့ ပြည်နယ်အတွင်း ‘မတည်ငြိမ်ဖြစ်မယ့်အလားအလာ မြင့်တက်လာကြောင်း၊ ဖြစ်နိုင်ဖွယ်ရှိနေတဲ့ ဆန္ဒပြမှုကနေ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ကြောင်း ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္မဂ ဌာနေကိုယ်စားလှယ်ရုံးကလည်း ဒီသတိပေးချက် ထုတ်ပြန်ထားတာကို အတည်ပြုခဲ့ပြီး ပုံမှန်ပြုလုပ်နေကျ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေးဆောင်ရွက်ချက် တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။

    ကုလအဖွဲ့တွေဟာ မွတ်စလင် စစ်သွေးကြွေတွေကို ထောက်ပံ့ပေးနေတယ်၊ မွတ်စလင်လူ့အဖွဲ့အစည်းတွေကိုသာ ကူညီပေးနေတယ်ဆိုတဲ့ သဘောထားဟာ ‘ဆိုရှယ်မီဒီယာက အကူအညီပေးရေးအဖွဲ့ ဆန့်ကျင်ရေး အယူအဆတွေ၊ သဘောထားတင်းမာတဲ့ အုပ်စုတော်တော်များများရဲ့ ရန်လိုတဲ့ မှတ်ချက်တွေကို မီးထိုးပေးနေတယ်’ လို့လည်း အဲဒီ သတိပေးချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

    “ကုလနဲ့ INGO ဆန့်ကျင်ရေးစကားတွေနဲ့ ရန်လိုမှုတွေကို မီးထိုးဖို့၊ စိုးရိမ်မှုတွေ မြင့်တက်လာစေဖို့အတွက် ကောလဟာလတွေ၊ မှားယွင်းတဲ့အချက်အလက်တွေကို ဆက်လက်အသုံးပြုပါလိမ့်မယ်။ သတိဝိရိယရှိနေဖို့၊ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ချက်ခြင်းတင်ပြဖို့ အကြံပြုပါတယ်” လို့ ကုလက အကူအညီပေးရေး ၀န်ထမ်းတွေကို တိုက်တွန်းထားပါတယ်။

    ရခိုင်ဗုဒ္ဓဘာသာခေါင်းဆောင်တွေဟာ နိုင်ငံရပ်ခြား အကူအညီပေးရေးအဖွဲ့တွေ တည်ရှိတာကို မလိုလားတာ အချိန်အတော်ကြာနေပြီဖြစ်ပြီး ရိုဟင်ဂျာတွေကိုသာ ကူညီနေတယ်လို့ သူတို့က စွပ်စွဲထားတာပါ။ ၂၀၁၄ ခုနှစ်ကလည်း ပြည်နယ်မြို့တော် စစ်တွေက အကူအညီပေးရေးရုံးတွေဟာ ဖျက်ဆီးလုယက်ခံခဲ့ရပါတယ်။

    ဇူလိုင် ၃၀ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့တဲ့ စစ်သွေးကြွစခန်းတစ်ခုမှာ WFP တံဆိပ်နဲ့ ဘီစကစ်တွေကို တွေ့ရှိခဲ့တာက ရခိုင်လူမျိုးတွေကို ပိုပြီး ဒေါသထွက်စေခဲ့တယ်လို့ စစ်တွေက ရခိုင်လူ့အဖွဲ့အစည်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးသန်းထွန်းက ပြောဆိုခဲ့ပါတယ်။

    ရခိုင်ဘုန်းတော်ကြီးတွေနဲ့ လူ့အဖွဲ့အစည်းခေါင်းဆောင်တွဟာ တနင်္ဂနွေနေ့က စစ်တွေမှာ တွေ့ဆုံခဲ့ပြီး ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာအများစုရှိရာဒေသက မွတ်စလင်မဟုတ်တဲ့ နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ဆောင်ရွက်ပေးဖို့ အစိုးရကို တောင်းဆိုခဲ့ပါတယ်။

    နိုင်ငံရပ်ခြားအကူအညီပေးရေးအဖွဲ့တွေ ချက်ခြင်းထွက်သွားပေးဖို့၊ ပြည်နယ်အတွင်းက မွတ်စလင်တွေအတွက် နိုင်ငံသားစီစစ်ရေးလုပ်ငန်းတွေ အလျင်အမြန်လုပ်ဖို့အတွက် ပြည်နယ်တစ်ခုလုံး ဆန္ဒပြပွဲ စီစဉ်နေတယ်လို့လည်း ဦးသန်းထွန်းက ပြောကြားခဲ့ပါတယ်။

    “အရင်ကလို အကြမ်းဖက်မှုမျိုး မဖြစ်ဘူးလို့ ကျွန်တော်တို့ အာမမခံနိုင်ဘူးဗျ။ ကုလနဲ့ INGO ၀န်ထမ်းတွေက သူတို့ ဘယ်လို လုပ်ကိုင်၊ နေထိုင်နေလဲဆိုတာ သတိထားသင့်တယ်။ မြို့ထဲမှာ သူတို့ အရင်က ပုံစံအတိုင်း လှုပ်ရှားသွားလာနေမယ်၊ ဒါမှမဟုတ် မွတ်စလင်ရွာတွေကို သွားနေမယ်ဆိုရင် ရခိုင်တွေက သူတို့ကို မုန်းသွားမှာပါ။ အားလုံးက သူတို့အပေါ်မှာ မူတည်နေပါတယ်”

    ရခိုင်ပြည်နယ်အစိုးရက ပြောရေးဆိုခွင့်ရှိသူ ဦးမင်းအောင်က ဒေသခံတွေဟာ ယခင်အမှားတွေကနေ သင်ခန်းစာရသွားပြီး အကူအညီပေးရေးအေဂျင်စီတွေကို အကြမ်းဖက်မှု ထပ်လုပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ၀န်ထမ်း အနည်းဆုံး ၄ ဦးဟာ ရခိုင်လူမျိုးတွေရဲ့ မောင်းထုတ်မှုကို ခံခဲ့ရတယ်လို့ ကုလကို သတင်းပေးပို့ခဲ့ပြီး INGO ၀န်ထမ်းနှစ်ဦးကလည်း Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ ကုလလုံခြုံရေးအကြံပေးက မနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ဒီသတိပေးချက်မှာ ဆန္ဒပြမှုတွေဟာ ငြိမ်းချမ်းမယ်လို့ မျှော်လင့်ရပေမယ့်၊ ကြီးထွားလာနိုင်ပြီး အကူအညီပေးရေးအဖွဲ့ ရုံးတွေကို နောက်ဆုံးမှာ ပစ်မှတ်ထားလာနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

    Ref: Reuters

  • ပါကစ္စတန်၏ မာသာထရီဇာ အသက် ၈၇ နှစ်အရွယ်တွင် ကွယ်လွန်

    ပါကစ္စတန်၏ မာသာထရီဇာ အသက် ၈၇ နှစ်အရွယ်တွင် ကွယ်လွန်

    သြဂုတ် ၁၀၊ ၂၀၁၇
    M-Media

    – အနာကြီးရောဂါ တိုက်ဖျက်ရေးတွင် ဘ၀တစ်ခုလုံးကို နှစ်မြှုပ်ခဲ့ပြီး ပါကစ္စတန်၏ မာသာထရီဇာဟု တင်စားခြင်းခံရသည့် ဆရာဝန် ရုသ်ဖောင်းမှာ ယနေ့တွင် ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။

    ခရစ်ယာန်သီလရှင်တစ်ဦးလည်းဖြစ်သည့် အသက် ၈၇ နှစ်အရွယ် ရုသ်ဖောင်းမှာ ကျန်းမာရေး ဆိုးရွာလာခြင်းကြောင့် ယမန်နေ့က ဆေးရုံသို့ တင်ပို့ခဲ့ရပြီးနောက် ယခုကဲ့သို့ ကွယ်လွန်သွားဖြစ်သည်။

    ၁၉၆၀ ပြည့်နှစ်တွင် ပါကစ္စတန်၌ အနာကြီးရောဂါကို တွေ့ခဲ့ရပြီးနောက် ရုသ်ဖောင်းမှာ ပါကစ္စတန်နိုင်ငံတွင် ဆေးခန်းများဖွင့်ကာ အဆိုပါရောဂါအား ကုသရန် ကြိုးစားခဲ့သည်။ သူမ၏ အားထုတ်မှုများကြောင့် ၁၉၉၆ ခုနှစ်တွင် ပါကစ္စတန်မှာ အနာကြီးရောဂါ ကင်းစင်သည့် နိုင်ငံတစ်ခု ဖြစ်လာခဲ့ပြီး ကမ္ဘာ့ပထမဆုံး အနာကြီးရောဂါ ကင်းစင်သည့် နိုင်ငံများတွင် ပါဝင်ခဲ့သည်။

    ပါကစ္စတန်သမ္မတ ရှာဟစ် ခါကန် အဘ္ဘာစီက ဒေါက်တာရုသ်ဖောင်းမှာ ဂျာမနီတွင် မွေးဖွားခဲ့သော်လည်း သူမ၏ နှလုံးသားမှာ ပါကစ္စတန်နိုင်ငံတွင် အမြဲတမ်းရှိနေသည်ဟု ပြောကြားခဲ့သည်။

    “ဒေါက်တာ ရုသ်ဟာ ပါကစ္စတန်နိုင်ငံရဲ့ အရုဏ်ဦးကာလမှာ ရောက်ရှိလာခဲ့ပြီး ရောဂါခံစားနေရသူတွေ ပိုမိုကောင်းမွန်တဲ့ဘ၀ဖြစ်အောင် လုပ်ပေးခဲ့ပါတယ်။ အဲဒီလိုလုပ်ရင်းနဲ့ပဲ သူမရဲ့အိမ်ကို ရှာတွေ့သွားခဲ့ပါတယ်” ဟု သမ္မတက ဆိုသည်။

    ဂျာမနီရှိ Ruth Pfau ဖောင်ဒေးရှင်းမှ ဟာရာလ် မီယာ-ပေါ့ဇ်ကီကလည်း ဒေိါ၈က်တာ ရုသ်ဖောင်းမှာ သိန်းနှင့်ချီသော ပါကစ္စတန်ပြည်သူများကို ဂုဏ်သိက္ခာရှိသောဘ၀ဖြင့် အသက်ရှင်နေထိုင်နိုင်အောင် ဆောင်ရွက်ပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

    ဒေါက်တာ ရုသ်ဖောင်းမှာ ဂျာမနီနိုင်ငံ လိုင်ပ်ဇစ်မြို့တွင် ၁၉၂၉ ခုနှစ်က မွေးဖွားခဲ့ပြီး သူမ၏ နေအိမ်မှာ ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်ကြောင့် ပြိုကျခဲ့သည်။

    ဆေးပညာသင်ယူခဲ့သည့် သူမကို Daughters of the Heart of Mary အဖွဲ့က အိန္ဒိယတောင်ပိုင်းသို့ စေလွှတ်ခဲ့သော်လည်း ရုသ်ဖောင်းမှာ ဗီဇာပြဿနာကြောင့် ကရာချီတွင် သောင်တင်ခဲ့ပြီး ပါကစ္စတန်ပြည်သူများ အနာကြီးရောဂါ ခံစားနေရမှုကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

    ထို့နောက် သူမမှာ ပါကစ္စတန်တွင် အခြေချကာ အနာကြီးရောဂါ တိုက်ဖျက်ရေးအတွက် ပါကစ္စတန်ဆရာဝန်များကို လေ့ကျင့်ပေးခြင်း၊ နိုင်ငံရပ်ခြားမှ ရန်ပုံငွေရှာဖွေခြင်းတို့ကို ပြုလုပ်ကာ ပါကစ္စတန် အမျိုးသား အနာကြီးရောဂါ ထိန်းချုပ်ရေးအဖွဲ့နှင့် Marie Adelaide အနာကြီးရောဂါစင်တာတို့ကို တည်ထောင်ခဲ့သည်။

    သူ၏ ဆောင်ရွက်ချက်များအတွက် ပါကစ္စတန်နိုင်ငံ၏ အရပ်ဖက် ဒုတိယအမြင့်ဆုံး ဂုဏ်ပြုဘွဲ့တံဆိပ် Hilal-e-Imtiaz ဆု၊ German Staufer Medal ဆုတို့ အပါအ၀င် ပြည်တွင်းပြည်ပမှ ဆုတံဆိပ်ပေါင်းများစွာကို ရရှိခဲ့သည်။

    Ref: BBC

  • အမျိုးသမီး ၃ ဦးကို ဒုတိယသမ္မတများအဖြစ် အီရန် ခန့်အပ်

    အမျိုးသမီး ၃ ဦးကို ဒုတိယသမ္မတများအဖြစ် အီရန် ခန့်အပ်

    သြဂုတ် ၁၀၊ ၂၀၁၇
    M-Media

    ဒုတိယသမ္မတစာရင်းတွင် ပါဝင်လာသည့် မာဆူမဟ် အဘ်တီကာရ်

    – ဒုတိယသက်တမ်းကို ထမ်းဆောင်ရန် ပြင်ဆင်နေသည့် အီရန်သမ္မတ ဟာဆန်ရူဟာနီမှာ အမျိုးသမီး ၃ ဦးကို ဒုတိယသမ္မတများအဖြစ် အမည်စာရင်းတင်သွင်းလိုက်သည်ဟု သိရသည်။

    အီရန်နိုင်ငံရေးစနစ်တွင် ဒုတိယသမ္မတ ၁၂ ဦးရှိပြီး သမ္မတနှင့်ဆက်နွယ်သည့် အဖွဲ့အစည်းများကို တာဝန်ယူ ကိုင်တွယ်ရသည်။

    လွှတ်တော်သို့ တင်သွင်းခဲ့သည့် အစိုးရအဖွဲ့စာရင်း၏ ဒုတိယသမ္မတနေရာများတွင် အမျိုးသမီး ၃ ဦးဖြစ်သော မာဆူမဟ် အဘ်တီကာရ်၊ လာယာ ဂျိုနီဒီ၊ ရှာဟင်ဒေါ့ခ် မိုလာဗာဒီတို့ ပါဝင်လာပြီး ၎င်းတို့မှာ မိသားစုနှင့် အမျိုးသမီးရေးရာ၊ သမ္မတ၏ ဥပဒေရေးရာ ကိစ္စများ၊ နိုင်ငံသားဆိုင်ရာ အခွင့်အရေးကိစ္စများကို ကိုင်တွယ်ရမည်ဖြစ်သည်။

    အီရန်လွှတ်တော်မှာ ရူဟာနီ၏ အစိုးရအဖွဲ့ အမည်စာရင်းကို ကန့်ကွက်မည့်အနေအထား မရှိပေ။

    ပြုပြင်ပြောင်းလဲရေးသမား ရူဟာနီမှာ မေလတွင် သဘောထားတင်းမာသူ အီဘရာဟင် ရိုင်စီကို ပြန်လည် အနိုင်ရခဲ့ပြီး ဒုတိယမြောက် သမ္မတသက်တမ်းကို ထမ်းဆောင်ခွင့် ရခဲ့သည်။

    မဲဆွယ်မှုတွင် ရူဟာနီက အီရန်၏ နိုင်ငံသားအခွင့်အရေးများ တိုးတက်စေရန်၊ အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ကောင်းမွန်စေရန် ဆောင်ရွက်ပေးသွားမည်ဟု ကတိပြုခဲ့သည်။ ရူဟာနီမှာ နိုင်ငံရေးနှင့် ယဉ်ကျေးမှုတွင် အမျိုးသမီးများ ပိုမိုပါဝင်လာစေရန် တိုက်တွန်းဆော်သြခဲ့သူလည်း ဖြစ်သည်။

    Ref: BBC

  • ဓမ္မတာကာလအတွင်း အမျိုးသမီးများအား စွန့်ပစ်သည့်ဓလေ့ကို ရာဇ၀တ်မှုအဖြစ် နီပေါသတ်မှတ်

    ဓမ္မတာကာလအတွင်း အမျိုးသမီးများအား စွန့်ပစ်သည့်ဓလေ့ကို ရာဇ၀တ်မှုအဖြစ် နီပေါသတ်မှတ်

    သြဂုတ် ၁၀၊ ၂၀၁၇
    M-Media

    – အမျိုးသမီးများ လစဉ် ဓမ္မတကာလနှင့် မီးဖွားပြီးနောက် နေအိမ်မှထုတ်ကာ အပြင်၌ခွဲထားသည့် ဟိန္ဒူဓလေ့ထုံးစံတစ်ခုကို နီပေါလွှတ်တော်က ရာဇ၀တ်မှုအဖြစ် သတ်မှတ်လိုက်သည်ဟု သိရသည်။

    အဆိုပါ ထုံးတမ်းကို ‘ချာအူပါဒီ’ ဟု ခေါ်ဆိုပြီး ယမန်နေ့က လွှတ်တော်၌ တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့သော ဥပဒေ၌ ထိုဓလေ့ သို့မဟုတ် ထိုဓလေ့ထုံးတမ်းနှင့် ဆင်တူသောလုပ်ရပ် သို့ဟုတ် ထိတွေ့ကိုင်တွင်ခြင်းမရှိသည့် လူမဆန်သောလုပ်ရပ်များကို တားမြစ်ခဲ့သည်။

    ကျူးလွန်သူများအနေဖြင့် ထောင်ဒဏ် ၃ လ၊ သို့မဟုတ် ဒဏ်ငွေ ရူပီး ၃၀၀၀၀ (ကန်ဒေါ်လာ ၃၀) ကျခံစေရန်လည်း ဥပဒေတွင် ဖော်ပြထားပြီး တစ်နှစ်အတွင်း အာဏာသက်ရောက်မည်ဖြစ်သည်။

    နီပေါ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မိုဟ်နာ အန်ဆာရီက ထိုကဲ့သို့ ပြဌာန်းနိုင်ခဲ့မှုမှာ ကြီးမားသောအောင်မြင်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဒီဓလေ့ကို ပြုလုပ်ဖို့ ဖိအားပေးခံရတဲ့ အမျိုးသမီးတွေအနေနဲ့ ရဲရဲဝံ့ဝံ့ ရှေ့ထွက်ဖို့ ဒီဥပေဒက လမ်းဖွင့်ပေးလိုက်တာပါ။ ဒီဓလေ့ဟာ အမျိုးသမီးတွေကိုဖယ်ကျဉ်တဲ့၊ စိတ်ဒုက္ခပေးတဲ့ အပြုအမူမျိုးပါ။ တရားရုံးချုပ်ဟာ ဒီထုံးစံကို လွန်ခဲ့တဲ့ ၁၂ နှစ်ကတည်းက ပိတ်ပင်ခဲ့ပေမယ့် လမ်းညွှန်းချက်သာ ဖြစ်တဲ့အတွက် သက်ရောက်မှု မရှိ
    ပါဘူး”

    အဆိုပါထုံးစံမှာ လူ့အဖွဲ့အစည်းတွင် အမြစ်တွယ်နေပြီဖြစ်သောကြောင့် ယခုဥပဒမှာလည်း ထိရောက်မှုရှိမည်မဟုတ်ဟု ဝေဖန်မှုများ ရှိနေသည်။

    နီပေါနိုင်ငံရှိ လူ့အဖွဲ့အစည်းအများအပြားမှာ ဓမ္မတာလာနေသော အမျိုးသမီးများကို မသန့်ရှင်းသူများဟု မှတ်ယူပြီး နေအိမ်၏ အဝေးတွင်ရှိသော တဲတစ်လုံးတွင် သွားရောက်ပစ်ထားကြသည်။ ထို့ပြင် ၎င်းတို့ကို အစားအသောက်၊ ဘာသာရေးအထိမ်းအမှတ်ပစ္စည်းများ၊ ကျွဲနွားများနှင့် အမျိုးသားများကို ထိတွေ့ကိုင်ခွင့် မပြုပေ။

    ထိုဓလေ့ကို ကျင့်သုံးသည့်အခါ လူသူနှင့်ဝေးသော နေရာတွင် နေထိုင်ရသောကြောင့် အမျိုးသမီးများမှာ မြွေကိုက်သေဆုံးခြင်း၊ မတော်တဆ မီးလောင်သေဆုံးခြင်း၊ အခြားသောနည်းလမ်းများဖြင့် သေဆုံးခြင်းတို့ကိုလည်း ကြုံတွေ့ရလေ့ရှိသည်။

    Ref: Aljazeera