News @ M-Media

Author: Ko Lay

  • မက္ကာမှာ ဇမ်ဇမ်ရေကို ဘယ်မိသားစုတွေက ဦးစီး ဝေငှနေသလဲ

    မက္ကာမှာ ဇမ်ဇမ်ရေကို ဘယ်မိသားစုတွေက ဦးစီး ဝေငှနေသလဲ

    ဇူလိုင် ၃၁၊ ၂၀၁၇
    M-Media

    မဒီနာရှိ တမန်တော်မြတ်ဗလီတွင် တွေ့ရသည် ဇမ်ဇမ်းရေဘူးများ

    – ဆော်ဒီအာရေဗျကို ဟဂ်ျကျင့်စဉ်အတွက် သွားရောက်သူတွေကို များသောအားဖြင့် လူငယ်တွေက ‘ဇမ်ဇမ်ရေ’ ပုလင်းတွေကို ဝေငှပေးလေ့ ရှိပါတယ်။

    တမန်တော်ကြီး အီဗရာဟင်သခင်ရဲ့ သားတော် အစ္စမာအီလ်သခင်ရဲ့ အကြောင်းခံနဲ့ ဘုရားသခင်က သဲကန္တာရခေါင်ခေါင်ကနေ ပေါ်ထွက်စေခဲ့တယ်လို့ မွတ်စလင်တွေက ယုံကြည်တဲ့ ‘ဇမ်ဇမ်ရေတွင်း’ ဟာ မက္ကာမှာရှိပြီး ဒီရေတွင်းကရေကို သောက်ခြင်းဟာ ဂုဏ်ယူစရာတစ်ခုလို့ ယူဆထားပါတယ်။

    မက္ကာကိုလာရောက်တဲ့ သူတွေကို ဒီဇမ်ဇမ်ရေ ဝေငှပေးတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ အရင် အစ္စလာမ်သာသနာ မပေါ်ထွန်းခင်ကတည်းက ရှိခဲ့တဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။

    အဲဒီတုန်းက တမန်တော်မုဟမ္မဒ်သခင်ရဲ့ ဘိုးတော် အဘ်ဒူလ် မူတာလစ်ဘ်မိသားစုက ရေဝေငှရေး တာဝန်ကို ယူခဲ့ပြီး၊ နောက်ပိုင်းမှာ တမန်တော်က ဦးရီးတော် အဘတ်စ် ဘင် အဘ်ဒူလ် မူတာလစ်ဘ်ကို တာဝန်ပေးခဲ့ပါတယ်။ အဲဒီနောက် အလ်-ဇူဘိုင်းမိသားစုက ဇမ်ဇမ်ရေ ပေးဝေမှုကို စီမံခန့်ခွဲခဲ့ပါတယ်။

    ဟဂ်ျကျင့်စဉ်အတွက် လာရောက်သူတွေ တစ်နှစ်ထက်တစ်နှစ် များပြားလာတာကြောင့် အခြားသာ မိသားစုဝင်တွေကလည်း ဒီတာဝန်ကို နောက်ပိုင်းမှာ ရယူခဲ့ကြပါတယ်။

    ဇမ်ဇမ်ရေပေးဝေရေးရုံး Zamazemah United Office က ဥက္ကဌ အဘ်ဒူလ်ဟာဒီ အဘ်ဒူလ် ဂျာလီ ဇမ်ဇာမီက မက္ကာရဲ့ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်မှာ ရေအေးစက်တွေ မရှိခင်တုန်းက ဇမ်ဇမ်ရေပေးဝေရေး မိသားစုတွေဟာ နေရာတွေခွဲတာ ဒီရေတွေကို ပေးဝေခဲ့တယ်လို့ ဆိုပါတယ်။

    “တစ်နေရာစီမှာ မိသားစုတစ်စုစီ ထားရှိပြီး သူတို့တွေက မြေအိုးကြီးတွေ၊ ကြေးအိုးကြီးတွေကိုတည်ကာ လာရောက်လည်ပတ်သူတွေ၊ ဟဂ်ျပြုဖို့ လာရောက်သူတွေကို ဇမ်ဇမ်ရေ ဝေငှခဲ့ကြပါတယ်” လို့ အဘ်ဒူလ်ဟာဒီက ပြောကြားခဲ့ပြီး ဟဂ်ျပြုကျင့်ဖို့ လာရောက်သူတွေကလည်း ကူညီကြပါသတဲ့။

    ၁၉၈၂ ခုနှစ်မှာတော့ ဆော်ဒီအစိုးရက ဒီ ဇမ်ဇမ်ရေဝေငှရေးလုပ်ငန်းကို မတ်စ်ဂျစ်ဒ်ဟရမ် ဗလီနဲ့ မဒီနာက တမန်တော်မြတ်ဗလီ စီမံခန့်ခွဲရေးအဖွဲ့က ကြီးကြပ်ဆောင်ရွက်မယ်လို့ အမိန့်ထုတ်ပြန်ခဲ့တာကြောင့် ဇမာဇီမဟ် မိသားစုတွေဟာ မတ်စ်ဂျစ်ဒ် ဟရမ် ၀တ်ကျောင်းတော်အတွင်းမှာ ဇမ်ဇမ်ရေပေးဝေရေးလုပ်ငန်းကို ရပ်တန့်ခဲ့ရပါတယ်။

    ဒါပေမယ့် သူတို့ဟာ အစိုးရက ကြီးကြပ်တဲ့ Zamazemah United Office အောက်မှာ ဆက်လက်ပါဝင်ခဲ့ပြီး ဇမ်ဇမ်ရေကို နေ့စဉ် ဝေငှနေကြပါတယ်။

    အဘ်ဒူလ်ဟာဒီက သူတို့တွေဟာ တစ်နှစ်ကို ဟဂ်ျခရီးသွားပေါင်း ၂ သန်းကျော်လောက်ကို ဇမ်ဇမ်ရေ ဝေငှပေးနေရတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Alarabiya

  • နေးမာအတွက် ကမ္ဘာ့စံချိန်တင်ဈေးဖြင့် ပီအက်စ်ဂျီ၏ကမ်းလှမ်းမှု FFP စည်းမျဉ်းနှင့် ညိဖွယ်ရှိနေ

    နေးမာအတွက် ကမ္ဘာ့စံချိန်တင်ဈေးဖြင့် ပီအက်စ်ဂျီ၏ကမ်းလှမ်းမှု FFP စည်းမျဉ်းနှင့် ညိဖွယ်ရှိနေ

    ဇူလိုင် ၃၁၊ ၂၀၁၇
    M-Media

    – တိုက်စစ်မှူးနေးမာအတွက် ပီအက်စ်ဂျီအသင်းက ကမ္ဘာ့စိန်ချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းထားမှုမှာ Financial Fair Play (FFP) စည်းမျဉ်းနှင့် ညိစွန်းခြင်း ရှိ၊ မရှိကို ဘာစီလိုနာက ဆန်းစစ်ရဖွယ် ရှိနေသည်။

    အသက် ၂၅ နှစ်အရွယ် နေးမာအနေအဖြင့် ပီအက်စ်ဂျီအသင်းသို့ ရောက်ရှိရန်မှာ သေချာနေပြီး ယခုတစ်ပတ်တွင် ကာတာ၌ ဆေးစစ်မှုပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ဘာစီလိုနာအသင်းဥက္ကဌ ဂျိုးဆက်ပ် မာရီယာ ဘာတိုမြူက နေးမာမှာ အသင်းတွင် ဆက်ရှိလိမ့်မယ်ဟု ပြောကြားထားသည်။

    ပီအက်စ်ဂျီအသင်းမှာ နေးမာအား ခေါ်ယူရန်အတွက် ဘာစီလိုနာအား လျော်ကြေးအပါအ၀င် စတာလင်ပေါင် ၁၉၈ သန်း (ယူရို ၂၂၂ သန်း) ပေးချေရန် ရှိနေပြီး ထိုပမာဏက ယူအီးအက်ဖ်အေ၏ ငွေကြေး မျှတစွာသုံးစွဲရမည့် စည်းမျဉ်း Financial Fair Play နှင့် ညိစွန်းခြင်း ရှိ၊ မရှိကို ဘာစီလိုနာက ယူအီးအက်ဖ်အေထံ မေးမြန်းရဖွယ် ရှိနေသည်။

    ဥရောပကလပ်များအနေဖြင့် ၎င်းတို့ရရှိသည့် ၀င်ငွေထက် ပို၍ သုံးစွဲခြင်းမပြုရန် ကန့်သတ်သည့် အဆိုပါ စည်းမျဉ်းကို ၂၀၁၁-၁၂ ဘောလုံးရာသီတွင် စတင်ကျင့်သုံးခဲ့ပြီး ပီအက်စ်ဂျီအသင်းမှာ Financial Fair Play စည်းမျဉ်းကို ချီုးဖောက်မှုကြောင့် ၂၀၁၄ ခုနှစ်တွင် အပြစ်ပေးခံခဲ့ရသည်။

    Ref: BBC

  • ဟဂ်ျကိစ္စအတွက် ဆော်ဒီနှင့် ကာတာအကြား တင်းမာမှု မြင့်တက်လာ

    ဟဂ်ျကိစ္စအတွက် ဆော်ဒီနှင့် ကာတာအကြား တင်းမာမှု မြင့်တက်လာ

    ဇူလိုင် ၃၁၊ ၂၀၁၇
    M-Media

    – ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေ နှစ်စဉ်သွားရောက်ကြတဲ့ ဟဂ်ျဘုရားဖူးခရီးစဉ်ကို ဆော်ဒီက နိုင်ငံရေးအတွက် အသုံးချဖို့ ကြိုးစားနေတယ်လို့ ကာတာက ပြောကြားခဲ့ပြီးတဲ့နောက်ပိုင်း နှစ်နိုင်ငံအကြား ဒီကိစ္စအတွက် တင်းမာမှုတွေ မြင့်တက်လာပါတယ်။

    အစ္စလာမ်သာသနာရဲ့ အဓိကမဏ္ဍိုင် ၅ ခုထဲက တစ်ခုဖြစ်တဲ့ ဒီဟဂ်ျကျင့်စဉ်အတွက် နှစ်စဉ် ကမ္ဘာတစ်ဝှမ်းက မွတ်စလင် သန်းနဲ့ချီ လာရောက်ကြတာ ဖြစ်ပါတယ်။ ဒီနှစ်အတွက် ဟဂ်ျကာလက သြဂုတ်နှောင်းပိုင်းနဲ့ စက်တင်ဘာ အစောပိုင်းမှာ ကျရောက်မှာပါ။

    လက်ရှိမှာ ဆော်ဒီဦးဆောင်တဲ့ အုပ်စုနဲ့ ကာတာတို့ဟာ သံတမန်ရေးရာ ပြဿနာဖြစ်နေပြီး ကာတာက သူတို့နိုင်ငံသားတွေ ဟဂ်ျသွားရောက်မှုမှာ အဟန့်အတားတွေ ကြုံနေရတဲ့အတွက် စိုးရိမ်ကြောင်း၊ ဆော်ဒီအနေနဲ့ ဟဂ်ျခရီးစဉ်ကို နိုင်ငံရေးအတွက် အသုံးချနေကြောင်း၊ ကုလရဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ စနေနေ့က တွေ့ဆုံစဉ်အတွင်း ကာတာလူ့အခွင့်အရေးကော်မရှင် (NHRC) က ပြောကြားခဲ့ပြီး၊ အစီရင်ခံစာတစ်စောင်လည်း တင်သွင်းခဲ့ပါတယ်။

    ဆော်ဒီက ကာတာနိုင်ငံသားတွေကို ဟဂ်ျပြုခွင့်ပေးပေမယ့် ဂျစ်ဒါက ဘုရင် အဘ်ဒူလ်အဇစ် လေဆိပ်၊ မဒီနာက မင်းသား မိုဟာမက်ဘင် အဘ်ဒူလ်အဇစ် လေဆိပ် စတဲ့ လေဆိပ်နှစ်ခုကနေသာ ၀င်ရောက်ခွင့်ပေးတာ ဖြစ်ပါတယ်။ ပြည်ပရောက်နေတဲ့ ကာတာနိုင်ငံသားတွေလည်း ဟဂ်ျပြုချင်တယ်ဆိုရင် ကာတာကိုပြန်လာပြီးမှသာ ဆော်ဒီကို သွားရောက်ရပါတယ်။

    ဆော်ဒီ အရပ်ဖက် လေကြောင်းအာဏာပိုင်အဖွဲ့ (GACA) က ဟဂ်ျကာလအတွင်း ဘုရားဖူးတွေကို ပို့ဆောင်ပေးမယ့် ကာတာလေကြောင်းလိုင်းက လေယာဉ်တွေကို ၀င်ရောက်ခွင့် မပေးပါဘူး။ ကုန်းနယ်စပ်ကိုလည်း ဇွန်လ ၅ ရက်နေ့က ပိတ်ပစ်ခဲ့တာကြောင့် ကာတာနိုင်ငံသားတွေဟာ ကုန်လမ်းကနေလည်း ၀င်ရောက်ခွင့် မရပါဘူး။

    ဆော်ဒီက တုန့်ပြန်

    ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဘ်ဒဲလ် ဂျူဘိုင်းရ်က ကာတာရဲ့ ဒီပြောကြားချက်တွေဟာ ‘စစ်ကြေငြာခြင်း’ သာ ဖြစ်တယ်လို့ မနေ့မှာ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

    “မြင့်မြတ်ရာနေရာတွေကို နိုင်ငံတကာရဲ့ ကိစ္စဖြစ်အောင် လုပ်တဲ့လုပ်ရပ်ဟာ ရန်စတဲ့လုပ်ရပ်ဖြစ်ပြီး၊ ဘုရင့်နိုင်ငံကို စစ်ကြေငြာမှုလည်း ဖြစ်ပါတယ်” လို့ အာရပ်နိုင်ငံတွေရဲ့ Anti-Terror Quartet (ATQ) အစည်းအဝေးမှာ ပြောခဲ့ပြီး ဒီလိုတောင်းဆိုမှုမျိုး ပြုလုပ်တဲ့ ဘယ်သူ့ကိုမဆို ဆော်ဒီက တုန့်ပြန်ခွင့်ရှိတယ်လို့လည်း ဆိုပါတယ်။

    ကုလကိုယ်စားလှယ်ကို ကာတာကတင်သွင်းခဲ့တဲ့ အစီရင်ခံစာထဲမှာ ဆော်ဒီအနေနဲ့ နိုင်ငံတကာ ဥပဒေ၊ ဘာသာရေးလွတ်လပ်ခွင့်တွေကို ချိုးဖောက်နေကြောင်း ဖော်ပြထားပြီး ဂျူဘိုင်းရ်က မိမိတို့ဟာ ဘာသာရေး လွတ်လပ်ခွင့်ကို မတားဆီးကြောင်း၊ ဟဂ်ျအတွက်လာရောက်မယ့် ကမ္ဘာတစ်ဝှမ်းက မွတ်စလင်အားလုံးကို ကြိုဆိုကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကာတာအနေနဲ့ လက်ရှိရင်ဆိုင်နေရတဲ့ သံတမန်ပြဿနာအပေါ် ပြည်သူတွေရဲ့ အာရုံစိုက်မှုကို ရှောင်လွှဲလိုတဲ့အတွက် ဒီလို ပြောကြားခြင်းသာဖြစ်ကြောင်းလည်း ၎င်းက ဆိုပါတယ်။

    ကာတာနိုင်ငံခြားရေးဝန်ကြီး ရှိခ် မိုဟာမက် ဘင် အဘ်ဒူလ်ရဟ်မန် အလ် သာနီကလည်း ဂျူဘိုင်းရ်ရဲ့ ဒီပြောကြားချက်ကို ဒီနေ့မှာ ပယ်ချခဲ့ပါတယ်။

    “ဟဂ်ျကိစ္စကို ကာတာက ဘယ်တော့မှ နိုင်ငံရေးအတွက် အသုံးမချပါဘူး။ ပင်လယ်ကွေ့ပြဿနာရှိနေတဲ့အချိန် ဆော်ဒီကသာ ဒီခရီးစဉ်ကို နိုင်ငံရေးဇာတ်သွင်းဖို့ ကြိုးစားနေတာပါ။ ဟဂ်ျကိစ္စကို နိုင်ငံတကာကိစ္စဖြစ်အောင် ကာတာက ဘယ်တာဝန်ရှိသူကမှ မပြောခဲ့ပါဘူး” လို့ ၀န်ကြီးက ပြောခဲ့ပါတယ်။

    Ref: Aljazeera, RT

  • အစွန်းရောက်တိုက်ဖျက်ရေး ကူညီမှုအတွက် မလေးလူ့အဖွဲ့အစည်းကို စင်ကာပူဒုဝန်ကြီးချုပ် ချီးကျူး

    အစွန်းရောက်တိုက်ဖျက်ရေး ကူညီမှုအတွက် မလေးလူ့အဖွဲ့အစည်းကို စင်ကာပူဒုဝန်ကြီးချုပ် ချီးကျူး

    ဇူလိုင် ၃၁၊ ၂၀၁၇
    M-Media

    – နိုင်ငံတွင်း သွေးခွဲမှု၊ အစွန်းရောက်ဝါဒနှင့် အစွန်းရောက်သင်ကြားချက်များကို တိုက်ဖျက်ရာတွင် မလေးမွတ်စလင်လူ့အဖွဲ့အစည်းမှာ အရေးပါသည့် ဆောင်ရွက်မှုများကို ပြုလုပ်ခဲ့သည်ဟု စင်ကာပူ ဒုတိယ၀န်ကြီးချုပ် Teo Chee Hean က ပြောကြားလိုက်သည်။

    စင်ကာပူ People’s Association ၏ မလေးလူမျိုးများဆိုင်ရာ အမှုဆောင်ကော်မတီ (MAEC) ၏ ယမန်နေ့ကပြုလုပ်သော နှစ် ၄၀ ပြည့် အခမ်းအနားတွင် ထိုကဲ့သို့ ပြောဆိုခြင်းဖြစ်ပြီး စင်ကာပူရှိ အခြားလူ့အဖွဲ့အစည်းများကလည်း စည်းလုံးညီညွတ်မှုကို ပြသကြောင်း၊ မလေးမွတ်စလင်လူ့အဖွဲ့အစည်းကို လက်တွဲခေါ်ကာ လူမျိုးစုံဘာသာစုံရှိသည့် စင်ကာပူနိုင်ငံဖြစ်ရန် ကူညီဆောင်ရွက်ပေးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    MAEC မှာ ယဉ်ကျေးမှုအဖွဲ့တစ်ခုအဖြစ် People’s Association အောက်တွင် ၁၉၇၇ ခုနှစ်က ပေါ်ထွက်လာခြင်းဖြစ်ပြီး လက်ရှိတွင် အဖွဲ့ဝင် ၄၅၀၀၀၀ အထိ ရောက်ရှိနေပြီဖြစ်သည်။

    မစ္စတာ Teo က ပိုမိုလုံခြုံပြီး၊ သဟဇာတဖြစ်သည့် စင်ကာပူနိုင်ငံကို တည်ဆောက်ရန်အတွက် ပြည်သူလူထုမှာ ပိုမိုနီးကပ်စွာ လက်တွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းတိုင်းမှာ နားလည်မှု၊ ယုံကြည်မှု၊ သဟဇာတဖြစ်မှု တည်ဆောက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ စင်ကာပူရှိ လူ့အဖွဲ့အစည်းအားလုံး ပါဝင်မှုအတိုင်းအတာ ကျယ်ပြန့်လာမည်ဖြစ်ကာ၊ ကြံ့ကြံ့ခံနိုင်စွမ်း အားကောင်းလာမည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့သည်။

    စင်ကာပူမှာ မကြာမီတွင် သမ္မတရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး ယခုအလှည့်မှာ မလေးလူ့အဖွဲ့အစည်းထဲမှ တာဝန်ထမ်းဆောင်ရမည့် အလှည့်ဖြစ်သည်။

    ဒုတိယ၀န်ကြီးချုပ်က သမ္မတဆိုသည်မှာ စင်ကာပူနိုင်ငံအတွက် စုစည်းညီညွတ်မှု ပြယုဂ်ဖြစ်ကြောင်း မိမိတို့၏ ပထမဆုံးသမ္မတ အန်ချစ် ယူစွဖ် အစ္စဟက်မှာ မိမိတို့၏ ဘာသာစုံလူမျိုးစုံ၊ သဟဇာတဖြစ်သော တန်းဖိုးများအတွက် ရပ်တည်ပေးခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: CNA

  • အမေရိကန် သံဝန်ထမ်း ၇၀၀ ကျော်ကို တိုင်းပြည်မှထွက်သွားရန် ရုရှား အမိန့်ပေးထား

    အမေရိကန် သံဝန်ထမ်း ၇၀၀ ကျော်ကို တိုင်းပြည်မှထွက်သွားရန် ရုရှား အမိန့်ပေးထား

    ဇူလိုင် ၃၁၊ ၂၀၁၇
    M-Media

    – အမေရိကန်က ပြုလုပ်သည့် ပိတ်ဆို့မှုများကို တုန့်ပြန်သည့်အနေဖြင့် နိုင်ငံအတွင်းရှိ အမေရိကန်သံတမန် ၇၅၅ ဦးကို နှင်ထုတ်သွားမည်ဟု ရုရှားသမ္မတ ဗလာဒီမီ ပူတင်က ပြောကြားလိုက်သည်။

    ယမန်နေ့က ရုရှားရုပ်သံ Vesti TV နှင့် အင်တာဗျူးတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အခြားတုန့်ပြန်မှုများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမှာ ‘မိမိတို့အနေဖြင့် မည်သည့်တုန့်ပြန်မှုမှ မလုပ်ဘဲ နေမည်မဟုတ်သည်ကို ပြသရန် အချိန်ရောက်ပြီ’ ဟု ထင်သောကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    သို့သော်လည်း ထိုတုန့်ပြန်မှုများကို ချက်ခြင်းဆောင်ရွက်မည်မဟုတ်ဟုလည်း ဆိုသည်။

    အမေရိကန်အောက်လွှတ်တော်က ရုရှားအပေါ် ပိတ်ဆို့မှုအသစ်များကို ပြုလုပ်ခဲ့ပြီးနောက်ပိုင်း သောကြာနေ့က ရုရှားမှာ အမေရိကန်သံတမန် ၇၀၀ ကျော်ကို တိုင်းပြည်မှ စင်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထား ထွက်သွားရန် အမိန့်ပေးခဲ့သည်။

    ထို့ကြောင့် ရုရှားတွင် အမေရိကန်သံဝန်ထမ်းဦးရေမှာ ၄၅၅ ဦးသာ ကျန်ရှိတော့မည်ဖြစ်ပြီး ထိုအရေအတွက်မှာ အမေရိကန်က ဒီဇင်ဘာတွင် ရုရှားသံဝန်ထမ်း ၃၅ ဦးကို နှင်ထုတ်ခဲ့ပြီးနောက် အမေရိကန်တွင် ကျန်နေသည့် ရုရှားသံတမန်အရေအတွက်နှင့် တူညီမည်ဖြစ်သည်။

    အမေရိကန်က ရုရှားအပေါ် ပြုလုပ်သည့် ပိတ်ဆို့မှုအသစ်များမှာ ၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲတွင် ရုရှားက ၀င်ရောက်နှောက်ယှက်ခဲ့သည်ဆိုသည့် အမေရိကန် ထောက်လှမ်းရေးအဖွဲ့များ၏ ပြောကြားမှု၊ ၂၀၁၄ ခုနှစ်က ခရိုင်းမီးယားကို ပိုင်နက်အတွင်း သွတ်သွင်းမှုတို့ကို အခြေခံကာ ပြုလုပ်ခြင်းဖြစ်သည်။

    Ref: Aljazeera