News @ M-Media

Author: Ko Lay

  • တောင်အာဖရိကရှိ ကမ္ဘာ့ဖလားကွင်းတွင် လူတိုးမှုကြောင့် ၂ ဦးသေဆုံး

    တောင်အာဖရိကရှိ ကမ္ဘာ့ဖလားကွင်းတွင် လူတိုးမှုကြောင့် ၂ ဦးသေဆုံး

    ဇူလိုင် ၃၀၊ ၂၀၁၇
    M-Media

     

    – တောင်အာဖရိကရှိ ၂၀၁၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကျင်းပရာ ဘောလုံးကွင်းတွင် ယမန်နေ့က ပရိတ်သတ်များ တိုးဝှေ့မှုကြောင့် လူ ၂ ဦး သေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    နိုင်ငံ၏ နာမည်ကျော် ကလပ်အသင်းနှစ်ခုဖြစ်ပြီး မြို့ခံပြိုင်ဘက်များဖြစ်သော Kaizer Chiefs နှင့် Orlando Pirates အသင်းတို့၏ ရာသီအကြိုပွဲအဖြစ် ကစားရာတွင် ဂျိုဟန်နစ္စဘတ်တောင်ပိုင်းရှိ အဆိုပါဘောလုံးကွင်းသို့ နှစ်ဖက်ပရိတ်သတ်များ တိုးဝှေ့ဝင်ရောက်ရာမှ ယခုကဲ့သို့ လူသေဆုံးသည်အထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ထိုအဖြစ်အပျက်တွင်း အခြားသူများလည်း ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ကမူ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်။

    ဘောလုံးသတင်းများကို တင်ဆက်ပေးနေသော KickOff ၀ဘ်ဆိုက်က ပြိုင်ပွဲ၏ စပွန်ဆာ Carling Black Label ကုမ္ပဏီက လူတိုးမှုအတွင်း ၂ ဦးသေဆုံးကြောင်း ၁ ဦးမှာ ပြင်းပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး အခြား ၁၆ ဦးမှာ အသေးစားဒဏ်ရာများ ရရှိခဲ့ကြောင်း အတည်ပြုခဲ့သည်ဟု ဖော်ပြခဲ့သည်။

    ပွဲကိုမူ စီစဉ်ထားသည့်အတိုင်း ကစားခဲ့ပြီး Kaizer Chiefs က ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ တောင်အာဖရိကဘောလုံးအဖွဲ့ချုပ် SAFA က ထိုဆိုးရွားသောအဖြစ်အပျက်အတွက် ၀မ်းနည်းမိသည်ဟု ပြောကြားခဲ့သည်။

    ယခင်က အဆိုပါကလပ်အသင်းနှစ်ခု ကစားသောပွဲများတွင် ဘောလုံးဖြစ်ရပ်ဆိုးနှစ်ခု ဖြစ်ပွားခဲ့ဖူးပြီး ၂၀၀၁ ခုနှစ်တွင် ၄၃ ဦး သေဆုံးခဲ့ကာ ၁၉၉၁ ခုနှစ်တွင် ၄၂ ဦးအထိ သေဆုံးခဲ့သည်။

    Ref: Aljazeera

  • ဒုံးကျည်အစီအစဉ်ကို အင်အားပြည့် ဆက်လက်လုပ်ဆောင်မည်ဟု အီရန်ပြော

    ဒုံးကျည်အစီအစဉ်ကို အင်အားပြည့် ဆက်လက်လုပ်ဆောင်မည်ဟု အီရန်ပြော

    ဇူလိုင် ၃၀၊ ၂၀၁၇
    M-Media

    – ဒုံးကျည်အစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်က နောက်ဆုံး ပြုလုပ်လိုက်သည့် စီးပွားရေးပိတ်ဆို့မှုများကို အီရန်က ရှုတ်ချလိုက်ပြီး မိမိတို့၏ ထိုအစီအစဉ်ကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောကြားလိုက်သည်။

    “(ကန်ရဲ့) ဒီလုပ်ရပ်ဟာ နျူသဘောတူညီချက်ကို အားနည်းသွားအောင် ကြိုးစားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဒုံးကျည်အစီအစဉ်ကို အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်သွားမှာပါ။ စစ်တပ်နဲ့ ဒုံးကျည်ကဏ္ဍဟာ ကျွန်တော်တို့ရဲ့ ပြည်တွင်းပေါ်လစီတွေဖြစ်ပြီး ဒီအပေါ်မှာ တစ်ခြားသူက ကြားဝင်ခွင့်၊ မှတ်ချက်ပေးခွင့် မရှိပါဘူး” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဘဟ်ရန် ဂါဆီမီက ပြောကြားခဲ့သည်။

    ထို့ပြင် အမေရိကန်၏ ထိုပိတ်ဆို့မှာ ရန်လိုသော၊ အပြစ်တင်လိုသော၊ လက်မခံနိုင်ဖွယ်ရာဖြစ်သော လုပ်ရပ်ဖြစ်သည်ဟု မိမိတို့က ယူဆကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    အီရန်မှာ ကြာသာပတေးနေ့က နိုင်ငံအရှေ့ပိုင်း ဆမ်နန်ပြည်နယ်ရှိ အီမာမ် ခိုမေနီ အာကာသစင်တာမှနေ၍ ဂြိုဟ်တုလွှတ်တင်ရာတွင် အသုံးပြုသည့် ပြည်တွင်းဖြစ် ဒုံးပျံတစ်ခုကို ပစ်လွှတ်ခဲ့ပြီး၊ အဆိုပါ ဒုံးပျံမှာ ၂၅၀ ကီလိုဂရမ်ရှိသော ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ ပို့ဆောင်ပေးနိုင်သည်ဟု ပြောကြားခဲ့သည်။

    အီရန်၏ ဒုံးကျည်အစီအစဉ်တွင် ပါဝင်သူများ၊ ၎င်းတို့နှင့် စီးပွားရေးဆောင်ရွက်သူများအား ပိတ်ဆို့သော မူကြမ်းတစ်ခုကို အမေရိကန်က ကြာသာပတေးနေ့တွင် အတည်ပြုခဲ့သည်။ အမေရိကန်မှာ အီရန်၏ တော်လှန်ရေးအစောင့်တပ်အား အကြမ်းဖက်စာရင်းသွင်းရေး၊ လက်နက်ဝယ်ယူမှု ပိတ်ပင်ရေးတို့ကိုလည်း ဆောင်ရွက်ရန် ရှိနေသည်။

    အီရန်၏ အာကာသသုံး ဒုံးပျံပစ်လွှတ်မှုနှင့် ပတ်သက်၍ အမေရိကန်က သောကြာနေ့တွင်လည်း ပိတ်ဆို့မှုအသစ်များကို ထပ်မံပြုလုပ်ခဲ့သည်။

    အီရန်က ပိုင်ဆိုင်ထားသည့် ဒုံးကျည်များနှင့် ရောက်ရှိနိုင်သည့် အကွာအဝေးများ

    ထိုကိစ္စနှင့်ပတ်သက်၍ အီရန်ပါလီမန်မှ အမျိုးသားလုံခြုံရေးကော်မတီ၊ နိုင်ငံခြားရေးရာ ပေါ်လစီကော်မတီတို့မှာ ယမန်နေ့က အရေးပေါ်အစည်းအဝေးတစ်ခုကို ပြုလုပ်ခဲ့သည်။

    အမေရိကန်က အီရန်၏ ဒုံးကျည်အစီအစဉ်ကို ကန့်ကွက်မှုများပြုလုပ်နေသော်လည်း အီရန်က မိမိတို့၏ ထိုအစီအစဉ်မှာ ၂၀၁၅ ခုနှစ်က ရရှိခဲ့သည့် နျူသဘောတူညီချက်နှင့် ကိုက်ညီမှုရှိသည်ဟု ပြောကြားထားသည်။

    Ref: Aljazeera

  • အင်ဒိုကဆောက်ပေးသည့် ရခိုင်ပြည်နယ်က ဆေးရုံသစ် နားလည်မှု ပိုမိုရရှိရေး ရည်မှန်း

    အင်ဒိုကဆောက်ပေးသည့် ရခိုင်ပြည်နယ်က ဆေးရုံသစ် နားလည်မှု ပိုမိုရရှိရေး ရည်မှန်း

    ဇူလိုင် ၃၀၊ ၂၀၁၇
    M-Media

    (RFA မှ ကူးယူဖော်ပြပါသည်)

    – ရခိုင်ပြည်နယ်မှာ အင်ဒိုနီးရှားနိုင်ငံက ဆောက်လုပ်လှူဒါန်းမယ့် ဆေးရုံသစ်အတွက် တာဝန်ထမ်းဆောင်မယ့် မြန်မာပြည်က ဆရာဝန်တွေကို အင်ဒိုနီးရှားမှာရှိတဲ့ ဆေးရုံတချို့မှာ ဦးစွာပထမ လေ့ကျင့်သင်ကြားပေးမယ်လို့ မနေ့က သတင်းရပါတယ်။

    အဲဒီဆေးရုံကို ဆောက်လုပ်လှူဒါန်းမယ့် (MERC) လို့ အတိုကောက်ခေါ်တဲ့ (Medical Emergency Rescue Committee) အရေးပေါ်ကယ်တင်ကုသပေးရေး ကော်မတီ က မြန်မာဆရာဝန်တွေကို လက်ခံသင်ကြားပေးဖို့ လတ်တလောမှာ ဆေးရုံ ၂ ခုက သဘောတူထားကြောင်း နဲ့ အဲဒီ ဆေးရုံတွေမှာ အင်ဒိုနီးရှားနိုင်ငံအနှံ့က ရောက်ရှိလာကြတဲ့ လူနာအားလုံးကို တိုင်းရင်းသား လူမျိုးဘာသာမခွဲခြားပဲ တန်းတူရည်တူဆက်ဆံ ကုသမှုပေးနေပုံကို မြန်မာ ဆရာဝန်တွေ လေ့လာသင်ယူနိုင်ကြမှာ ဖြစ်ကြောင်း ပြောပါတယ်။

    အခုလို မြန်မာဆရာဝန်တွေကို အင်ဒိုနီးရှားမှာ လေ့လာသင်ကြားပေးဖို့နဲ့ မိမိတို့ နိုင်ငံက ဆရာဝန်တွေကိုလည်း မြန်မာနိုင်ငံမှာ လာရောက်ကုသပေးဖို့ မြန်မာအစိုးရက ပြောဆိုခဲ့ကြောင်း၊ ရခိုင်ပြည်နယ်က ဆေးရုံကိုလည်း ဗုဒ္ဓဘာသာနဲ့ မွတ်စလင် အသိုင်းအဝန်း ၂ ခုလုံးက ပြည်သူတွေကို တန်းတူရည်တူ ကုသပေးဖို့အတွက် တည်ဆောက်လှူဒါန်းမှာဖြစ်ကြောင်း MERC အင်ဒိုနီးရှားအဖွဲ့က ပြောပါတယ်။

    အဲဒီ ဆေးရုံကို မောင်းဘွဲ့ရွာက ကုဗမီတာ ၇ဝဝဝ ကျော်ကျယ်ဝန်းတဲ့မြေကွက်လပ်မှာ လာမယ့် စက်တင်ဘာလ စတင်တည်ဆောက်မှာဖြစ်ပြီး ၂ဝ၁၈ နှစ်ဦးပိုင်းမှာ ပြီးစီးမယ်လို့ မျှော်လင့်ထားပါတယ်။ အင်ဒိုနီးရှား ရူပီးယားငွေ ၂၅ ဘီလီယံ သို့မဟုတ် အမေရိကန် ဒေါ်လာ ၁၉ သိန်းနီးပါး ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။

    MERC အဖွဲ့ဟာ ပါလက်စတိုင်း ဂါဇာဒေသမှာ အလားတူ ဆေးရုံတရုံ ဆောက်လုပ်လှူဒါန်းခဲ့ဖူးပါတယ်။ လူမျိုးဘာသာမတူတဲ့ အသိုင်းအဝန်း၂ ခုအကြား ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသမှာ တင်းမာမှုလျှော့ပါးပြီး နားလည်မှုတွေ ပိုမိုရရှိလာနိုင်တယ်လို့ ဆိုပါတယ်။

    (Photo Credit – MER-C Indonesia)

  • အိန္ဒိယက ထူးခြားသည့် မြွေပွဲတော်

    အိန္ဒိယက ထူးခြားသည့် မြွေပွဲတော်

    ဇူလိုင် ၃၀၊ ၂၀၁၇
    M-Media

    – အိန္ဒိယနိုင်ငံက ဟိန္ဒူဘာသာဝင်တွေဟာ နှစ်စဉ် ဇူလိုင်နဲ့ သြဂုတ်လတွေမှာ နဂ်ပန်ချာမီလို့ခေါ်တဲ့ မြွေပွဲတော်ကို ကျင်းပကြပါတယ်။

    ဘာသာရေးနဲ့ ဖျော်ဖြေရေးရောစပ်ထားတဲ့ ဒီပွဲတော်ဟာ နိုင်ငံတစ်ဝှမ်းက မြွေလမ္ပာယ်ဆရာတွေ၊ မြွေကို လေးစားကြည်ညိုသူတွေ၊ မြွေချစ်သူတွေ လက်လွတ်မခံကြတဲ့ ပွဲတော်တစ်ခုပါ။

    မြွေဆရာတွေရဲ့ ပညာစွမ်းအမျိုးမျိုးကို တွေ့မြင်ရမှာဖြစ်သလို၊ ကလေးပါမကျန် ကြည်ညိုသူတွေက မြွေတွေကို ထိတွေ့ကိုင်တွယ်ကာ ကောင်းချီးခံယူမှုကိုလည်း တွေ့မြင်နိုင်ပါတယ်။

    ဒီဗီဒီယိုကတော့ မကြာခင်ကမှ ကျင်းပပြီးစီးခဲ့တဲ့ မြွေပွဲတော် ပုံရိပ်တစ်ချို့ ဖြစ်ပါတယ်။

  • စင်ကာပူသမ္မတရာထူးအတွက် လွှတ်တော်ဥက္ကဌ မွတ်စလင်အမျိုးသမီး ၀င်ပြိုင်ရန် ရှိနေ

    စင်ကာပူသမ္မတရာထူးအတွက် လွှတ်တော်ဥက္ကဌ မွတ်စလင်အမျိုးသမီး ၀င်ပြိုင်ရန် ရှိနေ

    ဇူလိုင် ၂၉၊ ၂၀၁၇
    M-Media

    – အာပေးထောက်ခံမှုများ ရှိနေသော်လည်း သမ္မတနေရာအတွက် ၀င်ရောက် အရွေးခံရမည်လားဆိုသည်ကို စဉ်းစားနေဆဲဖြစ်သည်ဟု စင်ကာပူလွှတ်တော်ဥက္ကဌ မွတ်စလင်အမျိုးသမီး ဟာလီမာဟ် ယာကွဘ်က ပြောကြားလိုက်သည်။

    “ထောက်ခံအားပေးမှုတွေ ရတဲ့အတွက် ကျွန်မအရမ်းကို ဂုဏ်ယူရပါတယ်။ ဒါပေမယ့် အကြံအဉာဏ်ရယူမှုတွေ ထပ်ပြီး လိုအပ်ပါသေးတယ်” ဟု သူမက ယနေ့တွင်ပြုလုပ်သည့် ဘာသာပေါင်းစုံမှ အမျိုးသမီးခေါင်းဆောင်များ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

    ယခုနှစ်တွင်ပြုလုပ်မည့် စင်ကာပူသမ္မတရွေးကောက်ပွဲအတွက် သမ္မတတာဝန်ယူရန် အလှည့်ကျသည့် လူ့အဖွဲ့အစည်းမှာ မလေးလူ့အဖွဲ့အစည်းဖြစ်ပြီး လက်ရှိ လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဟာလီမာယာကွဘ်မှာ ထိုနေရာအတွက် ရေပန်းအစားဆုံးဖြစ်နေသည်။

    သူမမှာ အစ္စလာမ်ဘာသာဝင် မလေးမိခင်နှင့် အစ္စလာမ်ဘာသာဝင် အိန္ဒိယဖခင်တို့မှ မွေးဖွားလာသူဖြစ်သည်။

    ယခုသီတင်းပတ်အစောပိုင်းတွင် စင်ကာပူ Yahoo သတင်းဌာနက ဟာလီမာယကွတ်မှာ သမ္မတအဖြစ် ၀င်ရောက်အရွေးခံရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်ဟု သူမနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ ဖော်ပြခဲ့သည်။

    “မလေးလူ့အဖွဲ့အစည်းဝင် တစ်ဦးအဖြစ် လူ့အဖွဲ့အစည်းကော်မတီဆီကနေ ကျွန်မ ထောက်ခံချက် ၄ ခါ ရရှိထားပါတယ်။ ဆုံးဖြတ်ရမှာက ဒီကော်မတီရဲ့အလုပ် ဖြစ်ပါတယ်”

    အန်-နဒ်ဟာဗလီဝတ်ကျောင်းတော် သဟဇာတဖြစ်ရေးစင်တာတွင် ပြုလုပ်ခဲ့သည့် ယနေ့တွေ့ဆုံပွဲကို စင်ကာပူ မွတ်စလင်အမျိုးသမီးအသင်းက စီစဉ်ကျင်းပခြင်းဖြစ်ပြီး ဘာသာပေါင်းစုံအဖွဲ့မှ လူငယ်များ၊ စင်ကာပူ တာအိုဝါဒအသင်းမှ ကိုယ်စားလှယ်များ၊ YWCA မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကာ အစ္စလာမ့်နှင့် မလေးယဉ်ကျေးမှုများကို လေ့လာခဲ့ကြသည်။

    Ref: CNA