News @ M-Media
Author: Ko Lay
  • အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်မှု ၁၂၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့သည်ဟု အီရန်ကြေငြာ
    အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်မှု ၁၂၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့သည်ဟု အီရန်ကြေငြာ
    ဇူလိုင် ၂၅၊ ၂၀၁၇
    M-Media
    အီရန်ထောက်လှမ်းရေးအကြီးအကဲ အေလာဗီ
    – ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်း အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်မှုပေါင်း ၁၂၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့များက ဖော်ထုတ်နိုင်ခဲ့သည်ဟု အီရန် ထောက်လှမ်းရေးဝန်ကြီး မဟ်မူးဒ် အေလာဗီက ယနေ့တွင် ပြောကြားလိုက်သည်။
    ဇွန်လ ၇ ရက်နေ့က မြို့တော် တီဟီရန်ရှိ အီရန်လွှတ်တော် အဆောက်အဦးနှင့် အီရန်ခေါင်းဆောင် အီမာမ်ခိုမေနီတို့၏ ဂူဗိမာန်တွင် သေနတ်သမားများက တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး လူ ၁၇ ဦးသေဆုံးကာ ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ IS အကြမ်းဖက်အဖွဲ့က ထိုတိုက်ခိုက်မှုများမှာ ၎င်းတို့၏လက်ချက်ဟု ကြေငြာခဲ့သည်။
    တီဟီရန်တိုက်ခိုက်မှုများတွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ တာဝန်ရှိသူများအားလုံးကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ရန်သူများ၏ လှုပ်ရှားမှုများအားလုံးကိုလည်း အီရန်က စောင့်ကြည့်နေသည်ဟု ထောက်လှမ်းရေးအကြီးအကဲက ဆိုသည်။
    အီရန်တော်လှန်ရေးအစောင့်တပ်မှာ ဇွန်လ ၁၈ ရက်နေ့က ဆီရီးယားရှိ IS အကြမ်းဖက်အဖွဲ့၏ စခန်းများကို မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်များဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ပြီး တပ်မှူးများ၊ အကြီးတန်းတာဝန်ရှိသူများ အပါအ၀င် အကြမ်းဖက်သမား ၁၇၀ သေဆုံးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
    Ref: Press TV
  • ဂြိုဟ်ငယ်တစ်ခုကို နာဆာက ဆော်ဒီအမျိုသမီးအမည် ဂုဏ်ပြုမှည့်ခေါ်
    ဂြိုဟ်ငယ်တစ်ခုကို နာဆာက ဆော်ဒီအမျိုသမီးအမည် ဂုဏ်ပြုမှည့်ခေါ်
    ဇူလိုင် ၂၅၊ ၂၀၁၇
    M-Media
    ဖာတီမာ အလ်-ရှိခ်
    – ရုက္ခဗေဒဆိုင်ရာ သုတေသနတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့သည့် ဆော်ဒီအမျိုးသမီးသမီးတစ်ဦးကို ဂုဏ်ပြုသောအားဖြင့် နာဆာက ဂြိုဟ်ငယ်တစ်ခုကို သူမ၏အမည် မှည့်ခေါ်ခဲ့သည်ဟု သိရသည်။
    အဆိုပါအမျိုးသမီးငယ်မှာ ဖာတီမာ အလ်-ရှိခ်ဆိုသူဖြစ်ပြီး ပြီးခဲ့သည့်နှစ်က နိုင်ငံတကာ သိပ္ပံနှင့် အင်ဂျင်နီယာ ပြိုင်ပွဲ (Intel ISEF) တွင် ဒုတိယဆု ရရှိခဲ့သည်။ သူမမှာ ဆော်ဒီ သိပ္ပံဆိုင်ရာ ဖန်တီးမှုပြိုင်ပွဲ National Olympiad for Scientific Creativity တွင်လည်း တစ်နိုင်ငံလုံးအဆင့် ဗိုလ်စွဲခဲ့သည်။
    နာဆာကမူ သူမ၏ ထူးချွန်မှုကို ဂုဏ်ပြုသည့်အနေဖြင့် ၎င်းတို့ရှာဖွေတွေ့ရှိထားသည့် ဂြိုဟ်တစ်လုံး၏ အမည်ကို Al-Sheikh 33535 ဟု မှည့်ေါ်ခဲ့သည်။
    အလ်-ရှိခ်မှာ Determination of Effectiveness of Innovative Strygolactone-Carl2-on Seed Germination of Parasitic Weeds ခေါင်းစဉ်ဖြင့် အမေရိကန်တွင် ပြုလုပ်ခဲ့သည့် သုတေသနတွင် ဒုတိယချိတ်ခဲ့သူလည်း ဖြစ်သည်။
    သိပ္ပံနယ်ပယ်တွင် ထူးချွန်မှုကြောင့် နာဆာ၏ အသိအမှတ်ပြုမှုကိုခံရသည့် ဆော်ဒီအမျိုးသမီးမှာ အလ်-ရှိခ်တစ်ဦးတည်းမဟုတ်ဘဲ အခြား ဆော်ဒီကျောင်းသူ ဆာရာ အလ်ရာဘီယာမှာ ယခုနှစ်တွင် ကျင်းပသည့် နာဆာ၏ ISEF ပြိုင်ပွဲတွင် ပြိုင်ပွဲ ၁၇၀၀ ကို ကျော်ဖြတ်ကာ ဗိုလ်စွဲခဲ့သည်။
    Ref: Alarabiya
  • လူ့အခွင့်အရေး မတိုးတက်မချင်း မြန်မာကို ဆက်လက်စောင့်ကြည့်မည်ဟု ယန်ဟီးလီပြော
    လူ့အခွင့်အရေး မတိုးတက်မချင်း မြန်မာကို ဆက်လက်စောင့်ကြည့်မည်ဟု ယန်ဟီးလီပြော
    ဇူလိုင် ၂၅၊ ၂၀၁၇
    M-Media
    – မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး နေ့ချင်းညချင်း ဖြစ်လာဖို့ ဘယ်သူကမှ မျှော်လင့်မထားပေမယ့် လူ့အခွင့်အရေးမှာတော့ အမှန်တကယ် တိုးတက်မှုတွေ ရှိရမယ်လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယန်ဟီးလီက မနေ့က OHCHR ကနေတစ်ဆင့် ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပြောကြားခဲ့ပါတယ်။
    “အရင်အစိုးရက ချမှတ်ခဲ့တဲ့ နည်းလမ်းတွေကို ဆက်လက်အသုံးပြုနေတာကို မြင်ရတဲ့အတွက် စိတ်ပျက်ရပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဟာ နေ့ချင်းညချင်း ဖြစ်လာမယ်လို့ မမျှော်လင့်ဖို့ ကျွန်မတို့ကိုပြောတယ်ရှင့်။ အဲဒီလိုပဲ ကုလရဲ့ အနီးကပ်စောင့်ကြည့်မှု၊ အထူးလေ့လာရေး လုပ်ငန်းတွေကို နေ့ချင်းညချင်း ရပ်ပစ်လိုက်မယ်ဆိုပြီး မြန်မာနိုင်ငံက မျှော်လင့်မထားဖို့ လိုပါတယ်။ လူ့အခွင့်အရေးမှာ စစ်မှန်တဲ့ တိုးတက်မှုတွေကို မမြင်ရမချင်း ဒီလိုစောင့်ကြည့်မှုတွေက ဆက်ရှိသွားမှာပါ” လို့ ယန်းဟီလီက တုန့်ပြန်ခဲ့ပါတယ်။
    မြန်မာအာဏာပိုင်တွေဟာ တိုင်းပြည်ရဲ့ ‘လုံခြုံရေးအခြေအနေ၊ လူ့အခွင့်အရေး အခြေအနေ ဆိုးဝါးမှုကို ဘေးချိတ်ထားတယ်’ လို့လည်း သူမက ကြေငြာချက်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
    ယန်းဟီးလီဟာ မြန်မာနိုင်ငံကို မကြာသေးခင်ကပဲ ၁၂ ရက်ကြာ လာရောက်ခဲ့ပြီး ရန်ကုန်၊ နေပြည်တော်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တွေကို သွားရောက်ကာ လူ့အခွင့်အရေးအခြေအနေကို လေ့လာခဲ့ပါတယ်။ သူမဟာ အစိုးရတာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
    ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေရဲ့အခြေအနေနဲ့ပတ်သက်လို့ သူမအနေနဲ့ စိုးရိမ်မိပြီး အစိုးရဲ့ လုံခြုံရေးဆောင်ရွက်မှုဟာ ရခိုင်တွေအတွက်သာကမဘဲ မွတ်စလင်လူ့အဖွဲ့အစည်းတွေအတွက်လည်း ဆောင်ရွက်ပေးရမယ်လို့ ယန်းဟီလီက ပြောကြားခဲ့ပါတယ်။
    တိုက်ခိုက်မှုတွေ၊ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင်အုပ်စုတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေပြီး အရပ်သားတွေဟာ လိုအပ်တဲ့ အထောက်အပံ့တွေကို မရဘူးလို သတင်းတွေထွက်နေတဲ့ ရှမ်းပြည်နယ်က အခြေအနေတွေအတွက် တုန်လှုပ်ရတယ်လို့လည်း သူမက ဆိုပါတယ်။
    “လက်နက်ကိုင်အဖွဲ့တွေက သတ်ဖြတ်မှုတွေ၊ ညှင်းပမ်းမှုတွေ၊ လူသားတံတိုင်းအဖြစ် အသုံးချမှုတွေတောင် ရှိတယ်ဆိုတဲ့ သတင်းတွေကြားရပြီး ဒီကိစ္စတွေကို သတင်းပို့ရင် နောက်ထပ် ညှင်းပမ်းမှုတွေ ထပ်လုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေရှိကြောင်းလည်း ကျွန်မ သိရပါတယ်”
    သူမရဲ့ ခရီးစဉ်မှာ အစိုးရတာဝန်ရှိသူတွေက ဟန့်တားတဲ့လုပ်ရပ်အတွက် ယန်ဟီးလီက ဝေဖန်ခဲ့ပြီး အထူးစီးပွားရေးဇုန် ဆောက်မယ့်ကိစ္စအတွက် လယ်သမားတွေဆီက လယ်မြေတွေ မတရားသိမ်တဲ့ကိစ္စကိုလည်း ထောက်ပြခဲ့ပါတယ်။
    အခုခရီးစဉ်မှာ သူမရဲ့တွေ့ရှိမှုတွေနဲ့ပတ်သက်ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ကျင်းပပြုလုပ်မယ့် ကုလအထွေထွေညီလာခံမှာ ယန်းဟီးလီက အစီရင်ခံစာတင်သွင်းဖို့ ရှိနေပါတယ်။
    Ref: UN.org
  • ဟွေရှန်း ဗလီဝတ်ကျောင်းတော် – အာရှမှ ရှေးဟောင်းသမိုင်းဝင်ဗလီများ (၁)
    ဟွေရှန်း ဗလီဝတ်ကျောင်းတော် – အာရှမှ ရှေးဟောင်းသမိုင်းဝင်ဗလီများ (၁)
    ဇူလိုင် ၂၅၊ ၂၀၁၇
    M-Media
    (ကိုတင်ရီ တင်ဆက်သည်)
    – တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒုန်ပြည်နယ်က နာမည်ကြီး ကမ်းရိုးတမ်းမြို့ ကွမ်ကျိုးမှာရှိတဲ့ ဒီ ‘ဟွေ့ရှန်း’ (Huaisheng) ဗလီဝတ်ကျောင်းတော်ဟာ တရုတ်နိုင်ငံရဲ့ အစောဆုံး ဗလီဝတ်ကျောင်းတော် ၄ လုံးထဲမှာ ပါဝင်ပြီး ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဗလီဝတ်ကျောင်းတော်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
    ဒီဗလီဝတ်က ၃၅.၇၅ မီတာ (၁၁၈ ပေခန့်) မြင့်တဲ့ မင်နာရတ်မျှော်စင်ဟာ တစ်ချိန်က ကွမ်းကျိုးမြို့ရဲ့ အမှတ်အသားတစ်ခု ဖြစ်ပြီး၊ ၀တ်ပြုဖို့နှိုးဆော်တဲ့အခါ အသုံးပြုသလို၊ ညအခါမှာ ဂျူကျန်း(ပုလဲ) မြစ်က သင်္ဘောတွေ ရေကြောင်းသွားလာရေးအတွက် အလွန်အသုံးဝင်လှတာကြောင့် ဟွေ့ရှန်းဗလီကို ‘မီးပြတိုက်ဗလီ’ လို့လည်း ခေါ်ဆိုပါတယ်။
    သမိုင်းကြောင်း
    တရုတ်မွတ်စလင်တွေရဲ့ ရှေးဟောင်းစာပေတွေအရ ဒီ ဗလီဝတ်ကျောင်းတော်ကို တန်မင်းဆက် (၆၁၈-၉၇၀) လက်ထက် အစ္စလာမ်သာသနာရဲ့ အစောပိုင်းကာလ သက္ကရာဇ် ၆၂၇ ခုနှစ်မှာ တမန်တော်မုဟမ္မဒ်သခင်ရဲ့ သာဝကကြီးတစ်းပါးဖြစ်တဲ့ ‘စအဒ် အစ်ဗနေ့ အဘီ ၀ကက်စ်’ က ဆောက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
    ဒီသာဝကကြီးဟာ လူတွေကို အစ္စလာမ်သာသနာဖက် ဖိတ်ခေါ်ဖို့အတွက် ကုန်သွယ်ရေးအချက်အချာကျတဲ့ ကွမ်းကျိုးမြို့ကို သက္ကရာဇ် ၆၂၀ ပြည့်နှစ်တွေမှာ ရောက်ရှိလာတယ်လို့ သမိုင်းဆရာတွေက ကောက်ချက်ချပါတယ်။
    ‘ဟွေ့ရှန်း’ ဆိုတဲ့ အဓိပ္ပါယ်က ‘ကိုယ်တော်သခင်အတွက် အမှတ်တရ’ လို့ အဓိပ္ပါယ်ရပြီး တမန်တော်မုဟမ္မဒ်ကို ရည်စူးပြီး မှည့်ခေါ်ထားတာပါ။
    ဟွေ့ရှန်းဗလီဝတ်ကျောင်းတော်ကို ယွမ်မင်းဆက်ရဲ့ နောက်ဆုံးဘုရင် ‘ကျိကျန်း’ (၁၃၄၁-၁၃၆၈) ရဲ့ အမိန့်နဲ့ ၁၃၅၀ ခုနှစ်မှာ တစ်ကြိမ်၊ မီးသင့်မှုကြောင့် ကျင်မင်းဆက်က ‘ကန်းရှီ’ ဘုရင်ရဲ့အမိန့်နဲ့ ၁၆၉၅ ခုနှစ်မှာတစ်ကြိမ် ပြန်လည် ပြုပြင်မွမ်းမံခဲ့ရပါတယ်။
    နောက်ဆုံးပြုပြင်မွမ်းမံမှုကတော့ ၁၉၃၅ ခုနှစ်မှာဖြစ်ပြီး ဗလီဝတ်ကျောင်းတော်ရဲ့ ၀တ်ပြုဆောင်ကို ပြန်လည် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
    ဗိသုကာ
    မြေနေရာ ၂၉၆၆ စကွဲယားမီတာမှာ ဒီဗလီဝတ်ကျောင်းတော်ကို တရုတ် ‘ဖုန်းရွှေ’ ဗိသုကာလက်ရာနဲ့ တည်ဆောက်ထားပြီး၊ အနီရောင်အုတ်ခဲတွေအသုံးပြု ဆောက်လုပ်ထားတဲ့ ၀င်ပေါက်က ဂျူကျန်းမြစ်ကို မျက်နှာမူထားပါတယ်။
    ဟွေ့ရှန်း ဗလီဝတ်ကျောင်းတော်မှာ ၀တ်ပြုဆောင်၊ ၀မ်ရွယ်အဆောက်အဦး၊ အမိုးပါစင်္ကြန်လမ်း၊ ပိဋကတ်တိုက်၊ နားနေဆောင်၊ မင်နာရတ်မျှော်စင် စတာတွေ ပါဝင်တယ်။ ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်းက အဆောက်အဦးတွေ အများစုကို တရုတ်ရိုးရာဟန်ပန်အတိုင်း ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ ၀တ်ပြုဆောင်ဟာ ဗလီဝတ်ကျောင်းတော်ရဲ့ အလယ်ဗဟိုမှာ တည်ရှိပြီး ၄၀၀ စကွဲယားမီတာ ကျယ်ဝန်းပါတယ်။
    ဒုလုံးရှည်သဏ္ဍာန်တည် ဆောက်ထားတဲ့ မင်နာရတ်ဟာ ၀တ်ပြုဖို့ နှိုးဆော်သံကို ဟစ်ကြွေးတဲ့လုပ်ငန်းအတွက်သာ မကဘဲ၊ ဂျူကျန်းမြစ်ထဲက သင်္ဘောတွေအတွက် ရေကြောင်းအချက်ပြ မီးပြတိုက်အဖြစ်လည်း တစ်ချိန်က အသုံးတော်ခံပါတယ်။
    ရှေးရှေးက သင်္ဘောသားတွေဟာ ဒီမင်နာရတ်ကြီးကို မြင်ပြီဆိုရင် ‘ရေကြောင်းပိုးလမ်းမကြီး’ ရဲ့ အစကို ရောက်ရှိနေပြီဆိုတာ သိကြပြီး၊ ရာသီဥတုအခြေအနေကို သိရဖို့အတွက်လည်း သင်္ဘောသားတွေဟာ ဒီမင်နာရတ်အပေါ်ကို တက်ကြည့်လေ့ ရှိပါတယ်။
    ဒီမင်နာရတ်ဟာ တရုတ်နိုင်ငံရဲ့ ပထမဆုံးမီးပြတိုက်ကြီးဖြစ်ပြီး အနောက်တိုင်းစတိုင် မီးပြတိုက်ကိုတော့ ၁၈၆၅ ခုနှစ်လောက်မှ တရုတ်နိုင်ငံမှာ စတင်အသုံးပြုခဲ့တာပါ။ ရေကြောင်းသွားလာမှုမှာ ဒီမင်နာရတ်ရဲ့ အသုံးဝင်ပုံကို အစွဲပြုပြီး ဟွေရှန်းဗလီဟာ ‘မီးပြတိုက်ဗလီ’ လို့လည်း အမည်တွင်ပါတယ်။
    ခရီးသွားများ စိတ်ဝင်စား
    စီးပွားရေးအချက်အခြာကြတဲ့ ကွမ်ကျိုးမြို့မှာ ဟွေရှန်းဗလီဝတ်ကျောင်းတော်ဟာ ခရီးသွားတွေ စိတ်ဝင်စားရာနေရာတစ်ခု ဖြစ်နေကာ တရုတ် ခရီးသွားလုပ်ငန်းတော်တော်များများမှာလည်း ဒီ သမိုင်းဝင်ဗလီဝတ်ကျောင်းတော်အကြောင်းကို  တခုတ်တရ ကြော်ငြာပေးထားပါတယ်။
    ကွမ်ကျိုးက အစ္စလာမ်ဘာသာဝင်တွေအတွက် အရေးပါတဲ့ ဒီ ဟွေရှန်း ဗလီဝတ်ကျောင်းတော်ဟာ ‘ကွမ်ကျိုးမွတ်စလင်အသင်း’ ရုံးထိုင်ရာ နေရာလည်း ဖြစ်ပါတယ်။
    Ref : Islamoblog, wiki, islamichina
    ၁၁၈ ပေမြင့်သည့် နာမည်ကျော် မင်နာရတ်
    ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ခဲ့သည့် သာဝကကြီး ‘စအဒ် အစ်ဗနေ့ အဘီ ၀ကက်စ်’ ၏ အမည်ကို ထွင်းထုထားမှု
    ခရီးသွားများ စိတ်ဝင်တစား
  • အလ်-အက်ဆာဗလီတွင် အစ္စရေးက တပ်ဖက်လှည့်ဖြင့် စောင့်ကြည့်ကင်မရာများ တပ်ဆင်
    အလ်-အက်ဆာဗလီတွင် အစ္စရေးက တပ်ဖက်လှည့်ဖြင့် စောင့်ကြည့်ကင်မရာများ တပ်ဆင်
    ဇူလိုင် ၂၅၊ ၂၀၁၇
    M-Media
    – ဂျေရုစလင်တွင် တင်းမာမှုများ ဖြစ်ပွားခဲ့ပြီးနောက် အလ်-အက်ဆာဗလီဝတ်ကျောင်းတော် ဂိတ်ပေါက်ဝများတွင် တပ်ဆင်ထားသည့် သတ္တုရှာဖွေရေးစက်များကို ဖယ်ရှားပေးရန် အစ္စရေးက ဆုံဖြတ်ခဲ့သော်လည်း လုံခြုံရေးကင်မရာများကို အစားထိုးတပ်ဆင်သွားမည်ဟု သိရသည်။
    ယမန်နေ့က အစ္စရေးကက်ဘိနတ်အဖွဲ့၏ ဆွေးနွေးမှုတွင် ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်၏ ဒါရိုက်တာဖြစ်သူ ရှိခ် နဂျာဟ် ဘာကီရတ်က အစ္စရေးအနေဖြင့် သတ္တုရှာဖွေရေးစက်များကို ဖယ်ရှားရန် ဆုံးဖြတ်ခဲ့သော်လည်း လုံခြုံရေးကင်မရာများ တပ်ဆင်ထားမှုကြောင့် ပါလက်စတိုင်း
    များ၏ တောင်းဆိုချက်နှင့် ပြည့်မီခြင်းမရှိဟု ပြောကြားခဲ့သည်။
    ထို့ပြင် ဗလီဝတ်ကျောင်းတော်မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ရှိခ် ရာအဒ် ဆာလေဟ်က ဇူလိုင်လ ၁၄ ရက်နေ့နောက်ပိုင်း အစ္စရေးက တင်ဆင်ခဲ့သည့် အရာတိုင်းကို မဖယ်ရှားပေးသမျှ ကာလပတ်လုံး ပါလက်စတိုင်းများမှာ လက်မခံမည်မဟုတ်ဟု ပြောကြားခဲ့သည်။
    ဇူလိုင်လ ၁၄ ရက်နေ့က အလ်-အက်ဆာဗလီအပြင်ဘက် အစ္စရေးစစ်ဆေးရေးဂိတ်တွင် ပါလက်စတိုင်း ၃ ဦးက သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက်ပိုင်းတွင် အစ္စရေးမှာ ဗလီဝတ်ကျောင်းတော်၏ ဂိတ်ပေါက်ဝများ၌ သတ္တုရှာဖွေရေးစက်များ၊ လုံခြုံရေးကင်မရာများကို တပ်ဆင်ခဲ့သည်။
    ပါလက်စတိုင်းများကမူ အစ္စရေး၏ ထိုလုပ်ရပ်များမှာ ၎င်းတို့ပိုင်ဆိုင်သည့် ဗလီဝတ်ကျောင်းတော်ကို အပိုင်စီးရေး ဆောင်ရွက်ခြင်းဖြစ်သည်ဟု မှတ်ယူခဲ့ကာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။ အစ္စရေး လုံခြုံရေးတပ်ဖွဲ့များကလည်း ဆန္ဒပြသူများကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ပြီး အနည်းဆုံး ပါလက်စတိုင်း ၅ ဦး သေဆုံးကာ၊ ရာနှင့်
    ချီ၍ ဒဏ်ရာရရှိခဲ့သည်။
    အစ္စရေးကက်ဘိနတ်မှ ထုတ်ပြန်သော ကြေငြာချက်တွင် ဂိတ်ပေါက်ဝများ၌ ကင်မရာများတပ်ဆင်ရေးနှင့် ရဲတပ်ဖွဲ့ဝင်များ ထပ်တိုးချထားရေး ရှက်ကဲလ် သန်း ၁၀၀ (ကန်ဒေါ်လာ ၂၈ သန်း) အသုံးပြုမည်ဟု ဖော်ပြထားသည်။
    အဆိုပါလုံခြုံရေးကင်မရာများတွင် မျက်နှာပုံရိပ်ကို ဖမ်းယူကာ သိမ်းဆည်းထားသည့် အဆင့်မြင့်ဆော့ဖ်ဝဲကို အသုံးပြုထားသည်။
    Ref: Aljazeera