News @ M-Media

Author: Ko Lay

  • ရာနီယာ ကီဆာရ် (သို့) စစ်သွေးကြွများကိုအန်တုကာ ဆီးရီးယားတွင် ပညာဖြန့်ဝေနေသူ

    ရာနီယာ ကီဆာရ် (သို့) စစ်သွေးကြွများကိုအန်တုကာ ဆီးရီးယားတွင် ပညာဖြန့်ဝေနေသူ

    ဇူလိုင် ၂၄၊ ၂၀၁၇
    M-Media

    ဆီးရီးယားက အလ်ကိုင်းဒါးမဟာမိတ် အုပ်စိုးတဲ့ ဒေသလေးတစ်ခုမှာ စာသင်ကျောင်းတစ်ကျောင်း ဖွင့်လှစ်ထားတဲ့ ဆီးရီးယား-အမေရိကန် အမျိုးသမီး ရာနီယာ ကီဆာရ်တစ်ယောက် ဒီစစ်သွေးကြွအုပ်စုနဲ့ ညှိနှိုင်းတန် ညှိနှိုင်း၊ ဆန့်ကျင်တန်ဆန့်ကျင်နဲ့ သူရည်မှန်းထားတဲ့ ခရီးကို ဆက်လက်ချီတက်နေပါတယ်။

    – ဆီးရီးယားက အလ်ကိုင်းဒါးမဟာမိတ် အုပ်စိုးတဲ့ ဒေသလေးတစ်ခုမှာ စာသင်ကျောင်းတစ်ကျောင်း ဖွင့်လှစ်ထားတဲ့ ဆီးရီးယား-အမေရိကန် အမျိုးသမီး ရာနီယာ ကီဆာရ်တစ်ယောက် ဒီစစ်သွေးကြွအုပ်စုနဲ့ ညှိနှိုင်းတန် ညှိနှိုင်း၊ ဆန့်ကျင်တန်ဆန့်ကျင်နဲ့ သူရည်မှန်းထားတဲ့ ခရီးကို ဆက်လက်ချီတက်နေပါတယ်။

    ကျောင်းသားတွေအတွက် ဘွဲ့နှင်းသဘင်လုပ်ဖို့ စီစဉ်ချိန် အဲဒီစစ်သွေးကြွအုပ်စုက အခမ်းအနားနာမှာ သီချင်းဖွင့်လားဆိုတာကို စောင့်ကြည့်ဖို့ ကြီးကြပ်သူတစ်ယောက်လွှတ်ခဲ့ပြီး ကီဆာရ်က ဒါနဲ့ပတ်သက်လို့ လက်မခံပါဘူး။ ဒါပေမယ့် ဘွဲ့နှင်းသဘင်နေ့မှာ သူမဟာ ဒီအုပ်စုကို ဖိတ်ကြားခဲ့ပါတယ်။

    ကြီးကြပ်သူရဲ့ဆန္ဒအတိုင်း ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်ကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါတယ်။ တက်ရောက်လာကြတဲ့ ဧည့်သည့်တော်တွေ၊ မိသားစုဝင်တွေနဲ့ စစ်သွေးကြွအဖွဲ့က ကိုယ်စားလှယ်တွေအရှေ့မှာ ကျောင်းသားတွေအားလုံးကို စုရုံးပြီးတဲ့အခါမှာတော့ ကီဆာရ်ဟာ အမေရိကန်ကျောင်းတွေရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ဖွင့်လေ့ရှိတဲ့ Pomp and Circumstance သီချင်းကို ဖွင့်ခဲ့ပါတယ်။

    ဒါဟာ တွက်ချက်ထားပြီးသား အလောင်းအစားတစ်ခုလည်း ဖြစ်ပါတယ်။ စစ်သွေးကြွတွေ ဘယ်လိုတုန့်ပြန်မလဲဆိုတာက သူမက သွေးတိုးစမ်းလိုက်တာပါ။

    “ဘာမှ ထူးခြားမလာဘူးရှင့်။ သူတို့ ဘာမှမလုပ်ပါဘူး” လို့ ကီဆာရ်က ပြောပါတယ်။ အစောပိုင်းက ဒီကိစ္စမှာ ဘာဖြစ်လို့ သူတို့ဝင်ပါလဲဆိုတာကိုလည်း သူမက သိနေပါတယ်။

    “ဒီလိုဝင်မပါလို့ရှိရင် သူတို့ ပါဝါမရှိဘူးလို့ လူတွေက ထင်ကြမှာပေါ့”

    ကီဆာရ် ကျောင်းဖွင့်ထားတဲ့ အစ်ဒလစ်ဘ်ပြည်နယ်ဟာ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ တည်ရှိပြီး သမ္မတ ဘာရှာ အာဆတ်ကို ဆန့်ကျင်ကာ ၂၀၁၁ ခုနှစ်ကတည်းက ထခဲ့တဲ့ သူပုန်တွေရဲ့ နောက်ဆုံး ခြေကုပ်စခန်းဖြစ်ပါတယ်။ အဲဒီပြည်နယ်မှာ အလ်ကိုင်းဒါကို သစ္စာခံတဲ့အုပ်စုက အင်အားအတောင့်တင်းဆုံးဖြစ်ပြီး အုပ်စုငယ်လေးတွေစုထားတဲ့ သူတို့အုပ်စုကို Hayat Fatah al-Sham အဖွဲ့က ဦးဆောင်ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှာတော့ အတိုက်အခံတွေက ဖွဲ့စည်းထားတဲ့ အစိုးရက လွှမ်းမိုးပါတယ်။

    ဒါပေမယ့် ဒီအုပ်စုဟာ သူတို့ရဲ့ခြေလှမ်းကို ဂရုတစ်စိုက်နဲ့ လှမ်းနေရပြီး ဒေသကို ထိန်းချုပ်ထားမယ့် သူတို့ရဲ့ရည်ရွယ်ချက်၊ ဒေသခံတွေ၊ အခြားသောအုပ်စုတွေနဲ့ အတိုက်အခံမဖြစ်ဖို့ဆိုတဲ့ အခြေအနေကြားမှာ ချိန်ညှိဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ အခုအချိန်အထိတော့ အခြေအနေက တည်တည်ငြိမ်ငြိမ်ရှိနေပြီး သူတို့အာဏာရှိကြောင်း ပြသနိုင်မယ့် အခွင့်အလမ်းတိုင်းကို ဒီစစ်သွေးကြွအဖွဲ့က လက်လွှတ်မခံပေမယ့် အစွန်းရောက်အုပ်စုတွေရဲ့ ရည်မှန်းချက်တစ်ခုဖြစ်တဲ့ အစ္စလာမ့်မစ်ဥပဒေ ပြဌာန်းမှုကိုတော့ သိပ်ပြီ စိတ်ဝင်စားပုံမရပါဘူး။

    ရာဇ၀တ်ကောင်တွေကို လူသူရှေ့မှာ သတ်ပြတာမျိုး မရှိသလို၊ ဘာသာရေးပုလိပ်တွေ ပတ္တရောင်လှည့်ပြီး လူတွေကို ဖမ်းဆီးရိုက်နှက်တာ၊ အမျိုးသမီးတွေကို အတင်းမျက်နှာအုပ်ခိုင်းတာမျိုးလည်း မရှိပါဘူး။ ဒါဟာ အဲဒီစစ်သွေးကြွအုပ်စုနဲ့ IS တို့ကြားက ကွာခြားချက်ဖြစ်ပါတယ်။

    ပြည်တွင်းစစ်ကြောင့် နိုင်ငံတစ်ဝှမ်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၉ သိန်းကျော်လောက် အစ်ဒလစ်ဘ်ပြည်နယ်မှာ ရှိနေပါတယ်။

    SHINE ဖောင်ဒေးရှင်း

    ၂၀၁၅ ခုနှစ်မှာ ကီဆာရ်ဟာ အစ်ဒလစ်ဘ်ပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မာရကတ် အလ်-နူမန်မှာ အမျိုးသား စွမ်းအားမြှင့်တင်ရေးဆိုင်ရာ ဆီးရီးယား လူသားချင်းစာနာထောက်ထားမှု အင်စတီကျု (SHINE) ကို တည်ထောင်ခဲ့ပြီး အရွယ်ရောက်တဲ့သူတွေကို ကွန်ပျူတာသင်တန်း၊ ပရိုဂရမ်ရေးဆွဲနည်းသင်တန်း၊ ၀ဘ်ဒီဇိုးသင်တန်းတွေ သင်ပေးနေပါတယ်။

    SHINE အဖွဲ့ကို အမေရိကန်ပြည်ထေင်စု ဒါးလက်စ်မြို့မှာ မှတ်ပုံတင်ထားပြီး တူရကီ၊ အမေရိကနဲ့ အခြားနေရာတွေက ပြည်သူတွေရဲ့ထောက်ပံ့ပေးမှုနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ ဒီအင်စတီကျုကနေ လက်ရှိမှာ ကျောင်းသားပေါင်း ၂၃၇ ဦးကို ဘွဲ့ပေးနိုင်ခဲ့ပါတယ်။

    ကီဆာရ်ဟာ geek squad (ဂုရုအဖွဲ့) ဆိုတဲ့ အဖွဲ့အလေးတစ်ခုကိုလည်း ဖွဲ့စည်းပေးထားပြီး အဲဒီအဖွဲ့က အမျိုးသား၊ အမျိုးသမီးတွေဟာ စမတ်ဖုန်းတွေ၊ ကွန်ပျူတာတွေကို ပြင်ဆင်ပေးနိုင်နေပါပြီ။ ဒါဟာ တယ်လီဖုန်းလိုင်းတွေမရှိဘဲ အင်တာနက်ဆက်သွယ်မှုအတွက် ဂြိုဟ်တုဆက်သွယ်ရေးကို မှီခိုနေရတဲ့ ဒီဒေသအတွက်တော့ တော်တော်လေး အရေးပါပါတယ်။

    “ပုဂ္ဂလိကကျောင်းမရှိဘူး၊ တက္ကသိုလ်မရှိဘူး၊ ဆေးရုံတွေလည်း မရှိပါဘူး။ ဒီဒေသက လူနည်းနည်း၊ စတနာ့ဝန်ထမ်း နည်းနည်းနဲ့ ကျွန်မတို့အုပ်စုကပဲ ရှေ့ဆက်လျှောက်နေရပြီး ‘ရတယ်။ ငါတို့ လမ်းတွေဖောက်သွားမယ်။ ဆေးရုံတွေမှာ စေတနာ့ဝန်ထမ်းလုပ်မယ်။ ကျောင်းတွေဆောက်မယ်။ ဒါဟာ ငါတို့ရဲ့ အလုပ်၊ ငါတို့ရဲ့ ဂုဏ်’ လို့ အားပေးနေရပါတယ်” လို့ ကီဆာရ်က ပြောကြားခဲ့ပါတယ်။

    ကီဆာရ်တစ်ယောက် စစ်သွေးကြွတွေနဲ့ ပထမဆုံး ရင်ဆိုင်ရတာက သူမရဲ့ အလုပ်အတွက် ဒီဒေသကို စီမံနေတဲ့အဖွဲ့ကနေ အသိအမှတ်ပြုမှုရဖို့ ရှင်းပြရတဲ့အချိန် ဖြစ်ပါတယ်။ တာဝန်ရှိသူတစ်ယောက်နဲ့ သူမ ကတောက်ကဆဖြစ်ခဲ့ပြီး လက်နက်ကိုင်အုပ်စုတွေအနေနဲ့ ပြည်သူတွေရဲ့ ကိစ္စတွေကို မထိန်းချုပ်သင့်ဘူးလို့ သူက ပြောခဲ့ပါတယ်။

    သူမဟာ အမျိုးသမီးဖြစ်တာကြောင့် အဲဒီတာဝန်ရှိသူက မျက်လုံးချင်းဆုံပြီး မကြည့်ပါဘူး။ ဒါပေမယ့် ကီဆာရ်ဟာ အမေရိကန်ကလို့ ကြားတဲ့အခါ ဒီလူက “အမေရိကန်မွတ်စလင်တစ်ယောက် ဒီမှာရှိတဲ့အတွက် ငါတို့ဂုဏ်ယူတယ်။ ခင်ဗျားကို ဒီမှာရှိစေချင်တယ်” လို့ ပြန်ပြောခဲ့ကြောင်း ကီဆာရ်က ပြောပါတယ်။

    ထိပ်တိုက်တွေ့ဆုံမှုများ

    စစ်သွေးကြွတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာ သူမဟာ လေးစားတဲ့အနေအထားမျိုးနဲ့ပဲ စကားပြောဆိုခဲ့ပြီး ဒါက သူမရဲ့အလုပ်အတွက် အထောက်အကူဖြစ်ခဲ့ပါတယ်။ သူမဟာ အမျိုးသမီးတစ်ယောက် ဖြစ်နေတာကလည်း တစ်ပန်းသာပါတယ်။

    “ကိစ္စတော်တော်များများကို ကျွန်မ ဖြတ်ကျော်နိုင်ခဲ့တယ်။ အမျိုးသမီးတစ်ယောက် ဖြစ်တာကြောင့် ကျွန်မဟာ သက်ညာမှုလည်း တော်တော်ရခဲ့ပါတယ်”

    ရှေးရိုးစွဲ စစ်သွေးကြွတွေက အမျိုးသားနဲ့ အမျိုးသမီးတွေကို စာအတူတူတွဲသင်မှာ စိုးရိမ်ပြီး ကီးဆာရ်က အမျိုးသားတွေကို အောက်ထပ်မှာသင်စေကာ၊ အမျိုးသမီးတွေကိုတော့ အပေါ်ထပ်မှာ သင်စေခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အပေါ်ထပ်ပြိုသွားတဲ့အခါ ကီဆာရ်ဟာ အောက်ထပ်မှာပဲ အမျိုးသား၊ အမျိုးသမီး ခွဲသင်ပေးခဲ့ပါတယ်။

    သူတို့ကိုမထိခိုက်ရအောင် သင်ရိုးကို ရေးစွဲထားပေမယ့် စစ်သွေးကြွတွေဟာ အတန်းတွေကို လာလာစစ်ဆေးကြပါတယ်။

    “အားလုံးကို သူတို့က ၀င်စွက်ချင်တာရှင့်” လို့ ကီဆာရ်က ပြောပါတယ်။

    Hayat Fatah al-Sham အဖွဲ့ဟာ အစ်ဒလစ်ဘ်ပြည်နယ်က နေ့စဉ်ကိစ္စတွေနဲ့ လှုမှုအဖွဲ့အစည်းတွေအပေါ် ၀င်စွက်မှု တိုးလာခဲ့ပြီး ပစ္စည်းတွေ သိမ်းတာ၊ ကုန်သွယ်ဌာနတွေကို ထိန်းချုပ်တာ လုပ်လာတယ်လို့ Century Foundation အဖွဲ့က ဆမ် ဟယ်လာက ဆိုပါတယ်။ အကူအညီပေးရေးကိစ္စကို ထိန်းချုပ်ဖို့ ကြိုးစားလာတာကြောင့် အကူအညီပေးရေး အသိုင်းအ၀ိုင်းအတွက် စိုးရိမ်စရာဖြစ်လာတယ်လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အလ်ကိုင်းဒါကို သစ္စာခံတဲ့အဖွဲ့တွေနဲ့ ဆီးရီးယားလွတ်မြောက်ရေးအဖွဲ့တွေအကြား ဇွန်လမှာ တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားခဲ့ပြီး ဒီပြဿနာတွေကြောင့် ကီဆာရ်က စိတ်ဓာတ်ကျဆင်းကာ အန္တရာယ်ကင်းအဖွဲ့အတွက် မြို့ကနေ ရက်အနည်းငယ်လောက် ထွက်သွားခဲ့ပါတယ်။

    နောက်ပိုင်း တိုက်ခိုက်မှုတွေ ရပ်ဆဲသွားတဲ့ခါမှာ ကီဆာရ်ဟာ အစ်ဒလစ်ဘ်ကို ပြန်သွားခဲ့ပြီး မွတ်စလင်တွေရဲ့ ၀ါကျွတ်အီးဒ်ပွဲတော်အတွက် ကလေးတွေကို ပြင်ဆင်ပေးခဲ့ပါတယ်။

    “ရှင်တို့ ဗီဒီယိုတွေ ကြည့်ကြည့်ရှင့်။ ဒစ္စနေလန်းလိုပဲ ရှိုင်းလန်းပေါ့။ တော်တော်မိုက်ပါတယ်” လို့ ကီဆာရ်တစ်ယောက် ရယ်ကျဲ့ကျဲ့နဲ့ ပြောကြားခဲ့ပါတယ်။

    Ref: Alarabiya

  • “ဘာသာမတူတာနဲ့တင် အမြင်မစောင်းကြပါနဲ့” လို့ ဆိုလိုက်တဲ့ ရုပ်ရှင်သရုပ်ဆောင် လိုင်လာခမ်း

    “ဘာသာမတူတာနဲ့တင် အမြင်မစောင်းကြပါနဲ့” လို့ ဆိုလိုက်တဲ့ ရုပ်ရှင်သရုပ်ဆောင် လိုင်လာခမ်း

    ဇူလိုင် ၂၃၊ ၂၀၁၇
    M-Media

    (ဇူလိုင်လ ၂၂ ရက်ထုတ် စံတော်ချိန် နေ့စဉ်သတင်းစာမှ ကူးယူဖော်ပြသည်)

    Photo Credit – ဧရာဝတီ

    – အိန္ဒိယနိုင်ငံ ဘောလိဝုဒ်ရုပ်ရှင်လောကတွင် ဇာတ်လမ်းများပါဝင်သရုပ်ဆောင်ခဲ့သူ မြန်မာပြည်ဖွား သရုပ်ဆောင်လိုင်လာခမ်း၏ ဒုတိယမြောက် ရာဇဝင်ရိုင်းသူများ ရုပ်ရှင်ဇာတ်ကားကြီးကို သြဂုတ်လ အတွင်း ရုံတင်ပြသတော့မည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဇာတ်ကားနှင့်ပတ်သက်ပြီး ပရိသတ်အားပေးမှုအပေါ် မျှော်လင့်ချက်၊ ရိုက်ကူးစဉ်အမှတ်တရများနှင့် အနုပညာလှုပ်ရှားမှုများ အကြောင်း စံတော်ချိန်က မေးမြန်းခဲ့ပါသည်။

    မကြာမီရုံတင်တော့မယ့် ရာဇဝင်ရိုင်းသူများ ရုပ်ရှင်ကားကြီးနှင့်ပတ်သက်ပြီး ပရိသတ်အားပေးမှု ဘယ်လောက်အတိုင်းအတာအထိမျှော်လင့်ထားလဲသိချင်ပါတယ်။

    မျှော်မှန်းထားပါတယ်။ ရုပ်ရှင်တစ်ကားဆိုတာက ဇာတ်လမ်းအရမ်းကောင်းပြီး မင်းသား၊ မင်းသမီးတွေ သရုပ်ဆောင်ကောင်းမယ်ဆိုရင် အောင်မြင်ကြတာပါပဲ။ ပါဝင်တဲ့မင်းသားပြေတီဦး၊ မြင့်မြတ်တို့ဆိုတာကလည်း ပရိသတ်တွေ အရမ်းအားပေးပြီးတော့ ချစ်တဲ့မင်းသားတွေလည်း ဖြစ်တယ်လေ။ အားပေးကြမယ်လို့ မျှော်လင့်တယ်။ မမကိုအားပေးတာ မပေးတာကို သိပ်ပြီးတော့ မမျှော်လင့်ပါဘူး။ ပြေတီဦးတို့၊ မြင့်မြတ်တို့ကိုတော့ အားပေးမယ့်သူတွေရှိပါတယ်။ ဇာတ်လမ်းလေးကလည်း အရမ်းကောင်းတယ်။ အားလုံးလည်း ပူးပေါင်းပြီးတော့ အတတ်နိုင်ဆုံး ကြိုးစားထားတဲ့ အတွက်ကြောင့် အောင်မြင်မှာပါ။

    ဇာတ်လမ်းအရ ပတ်ထရစ်ရှာနဲ့က အပြိုင်ဇာတ်ရုပ်လား၊ ရုပ်ရှင်ကားကြီး ရိုက်ကူးတဲ့အချိန် အမှတ်တရလေးတွေရှိရင်ပြောပေးပါ။

    ပတ်ထရစ်ရှာနဲ့က အပြိုင်ဇာတ်ရုပ် မဟုတ်ပါဘူး။ မမတို့အတူတူ ဇာတ်ဝင်ခန်းတောင် မရှိပါဘူး။ အမှတ်တရတွေက ရိုက်ကွင်းမှာ အများကြီးရှိတယ်။ နေ့စဉ်နဲ့အမျှပါပဲ။ မြင့်မြတ်၊ပြေတီဦး နဲ့အစ်မတို့ဆုံပြီးရိုက်တဲ့ မြွေကိုက်ခံရတဲ့ ဇာတ်ဝင်ခန်းဆိုရင် တကယ့်အစစ်ကို သုံးထားတာ။

    အဲဒီလိုပေါ့ ပျော်စေပျက်စေနဲ့ အများကြီးပဲ အမှတ်တရတွေရှိပါတယ်။ မမဆိုရင်လည်းမကြောက်ဘူး။ သူတို့ကို ပြန်ပြီး စကြ၊ နောက်ကြရင်းနဲ့ ပျော်ရွှင်စရာလေးတွေပဲရှိခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ ရုပ်ရှင်ဇာတ်ကားရိုက်ရတာနဲ့ အိန္ဒိယမှာ သရုပ်ဆောင်တာ ယှဉ်ရင် ဘာတွေကွာခြား ချက်တွေ ရှိမယ်လို့ မမထင်မိလဲ။

    မမက မြန်မာပြည်ကဖြစ်တဲ့အလျာက် ကိုယ့်နိုင်ငံ ကိုယ့်အနေအထားအရ ဘာမှပြဿနာ တော့မရှိပါဘူး။ ဘောလိဝုဒ်မှာကျတော့ အင်တာနေရှင်နယ် Level အရတော့ ကြိုးစားပြီးလုပ်ရတာ တွေရှိပါတယ်။ ပိုဂရုစိုက်ရတာပေါ့။ ဒီမှာကျတော့ ကိုယ့်အနုပညာရှင်မောင်နှမအချင်းချင်းနဲ့ ပရိသတ်တွေက ဘယ်လိုပုံစံကြိုက်တယ်ဆိုတာကို သိနေပြီလေ။ သိပ်တော့ပြဿနာမရှိဘူး။ ဟိုမှာ ကတော့ နည်းနည်းလေး ဂရုစိုက်ရတာပေါ့။ သူစိမ်းနိုင်ငံဆိုတော့လေ။

    မမရဲ့တိုက်ဆိုင်မှုရှိရင် ရုပ်ရှင်ဇာတ်ကားကြီးမှာကတည်းက ပရိသတ်အားပေးမှုရထားပြီးသားဆိုတော့ အဲဒီအပေါ်ခံစားချက်က။

    အဲဒါကို အရမ်းလည်းဂုဏ်ယူတယ်။ ဝမ်းလည်းဝမ်းသာတယ်။ နိုင်ငံတိုင်းမှာတော့ အကောင်းမြင်ဝါဒနဲ့ အဆိုးမြင်ဝါဒဆိုတာက ရှိကြတာပါပဲ။ ကိုယ့်ကို အကောင်းမြင်ပြီး နားလည်မှုရှိတဲ့ သူတွေ ဘာသာတရားကိုခေါင်းထဲမထည့်ဘဲနဲ့ ကိုယ်က မြန်မာနိုင်ငံသား အချင်းချင်းပဲဆိုပြီးတော့ ခံယူထားတဲ့ သူတွေကတော့ အားပေးကြတယ်။

    အဲဒီအတွက်ကြောင့် အရမ်းကျေးဇူးတင်တယ်။ ဘာသာမတူတာနဲ့တင် အမြင်မစောင်းကြပါ နဲ့လို့ပြောချင်ပါတယ်။ တခြားတော့ ဘာမှမပြောချင်ပါဘူး။ ကိုယ့်ခံယူချက်နဲ့ ကိုယ်ပဲလေ။

    မမအနေနဲ့ အိန္ဒိယနိုင်ငံသားခံယူထားတာမျိုးရှိလား။ ရာဇဝင်ရိုင်းသူများ ရုပ်ရှင်ကားကြီးနဲ့ ပတ်သက် ပြီး အကယ်ဒမီကိုရော မျှော်မှန်းထားလား။

    မမက နိုင်ငံသား ခံယူထားခြင်း မရှိပါဘူး။ မြန်မာစစ်စစ်ပါ။ မမကတော့ တစ်သက်လုံး မြန်မာ နိုင်ငံသားအဖြစ်နဲ့ပဲသေမှာပါ။ မမကို နိုင်ငံသားခံယူကြေးဆိုရင် အိန္ဒိယမှာ သုံးနှစ်လောက် နေပြီးကတည်းက ခံယူခွင့်ပေးတာပဲ။ ဒါပေမယ့် မမ မလုပ်ခဲ့ပါဘူး။ အကယ်ဒမီကိုတော့ မမှန်းပါဘူး။ အကယ်ဒမီအဖွဲ့အတွက်က အစ်မက နိုင်ငံခြားသားပဲ။ အကယ်ဒမီနဲ့ ပတ်သက်ပြီးတော့ ဆန်ခါတင်စာရင်းတောင် မဝင်ချင်ပါဘူး။

    မမ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးကို အားပေးမယ့် ပရိသတ်အတွက် ဘာများပြောချင်တာ ရှိလဲ။ ရုပ်ရှင်ဇာတ်ကားကြီးတွေရော ဆက်ပြီးရိုက်ဖို့ လက်ခံထားတာရှိလား။

    တိုက်ဆိုင်မှုရင် ရုပ်ရှင်ဇာတ်ကားကြီးမှာဆိုရင် မမကိုဘယ်သူလဲ၊ ဘာလဲပေါ့။ မြန်မာစကားတောင် ပြောတတ်ရဲ့လားဆိုတဲ့ စိတ်မျိုးနဲ့ ကြည့်တဲ့သူတောင်ရှိတယ်။ ကိုယ့်ကို နိုင်ငံခြားသား တစ်ယောက်လို ဆက်ဆံခဲ့တယ်။ ကိုယ်က နိုင်ငံခြားသားတစ်ယောက် မဟုတ်ဘဲနဲ့တောင်ပေါ့။ ကိုယ့်အိုက်တင်ကို ကြည့်ပြီးတော့ လက်ခံခဲ့ကြတာလေ။ ပထမ ဇာတ်ကားမှာ မြန်မာလူမျိုးဆိုတာကိုလည်း သိသွားကြပြီ။

    အဲဒါကြောင့် အခု ဘယ်လိုနေရမလဲဆိုတာကို သိချင်တယ်။ ဒုတိယကားလေးကို ပထမ ဇာတ်ကားကြောင့်လိုပဲ ပရိသတ်တွေက လက်ခံတယ်ဆိုရင် ဦးမျိုးမင်းနဲ့ပဲ နောက်တစ်ကား ပြော ထားပြီးပြီ။ ဇာတ်တွေဘာတွေလည်း ဖတ်ပြီးပြီ။

    တွေ့ဆုံမေးမြန်းသူ- အိသန္တာမိုး

     

     

  • ကမ္ဘာ့အကြီးဆုံးကျောက်ကပ် ခွဲထုတ်မှုအတွက် ယူအေအီးဆေးရုံတစ်ခု ဂင်းနစ်မှတ်တမ်းဝင်

    ကမ္ဘာ့အကြီးဆုံးကျောက်ကပ် ခွဲထုတ်မှုအတွက် ယူအေအီးဆေးရုံတစ်ခု ဂင်းနစ်မှတ်တမ်းဝင်

    ဇူလိုင် ၂၃၊ ၂၀၁၇
    M-Media

    – အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံက Dubai Hospital ဆေးရုံဟာ ကမ္ဘာ့အကြီးဆုံး ကျောက်ကပ်ကို ခွဲထုတ်ပေးခဲ့တဲ့အတွက် ဂင်းနစ်စံချိန်မှာ မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။

    အသက် ၅၆ နှစ်အရွယ် အဟ်မဒ် စအစ်ဆိုတဲ့ အမျိုးသားဆီက ၁၃ ကီလိုဂရမ်အလေးချိန်ရှိတဲ့ ကျောက်ကပ်ကို ခွဲထုတ်ခဲ့ရတာပါ။ အဲဒီအရွယ်အစားဟာ ၁၅၀ ဂရမ်သာရှိတဲ့ သာမန် ကျောက်ကပ်ထက် အဆ ၄၀ ပိုကြီးနေတာဖြစ်ပါတယ်။

    ခွဲစိပ်မှုကို ဦးဆောင်ခဲ့တဲ့ ဆေးရုံရဲ့ ဆီးဘက်ဆိုင်ရာဌာန အကြီးအကဲ ဒေါက်တာ ဖာရီဘော့ဇ် ဘဂ်ဟီရီက မစ္စတာ စအစ်ဟာ မျိုးရိုးဗီဇ မူမမှန်မှုကြောင့် Polycystic Kidney Disease လို့ခေါ်တဲ့ ကျောက်ကပ်အရွယ်အစားကြီးတဲ့ ရောဂါကို မွေးဖွားစဉ်ကတည်းက ခံစားခဲ့ရတာဖြစ်ပြီး သတမ်းတစ်လျှောက်လုံး ကျောက်ကပ်ဆေးပြီး နေထိုင်လာခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

    သာမန် ကျောက်ကပ်တစ်လုံးရဲ့ အရွယ်အစားဟာ ၁၂ စင်တီမီတာသာရှိပေမယ့် စအစ်ဆီက ခွဲထုတ်လုပ်လိုက်တဲ့ ကျောက်ကပ်က တစ်ခုကို ၃၄ စင်တီမီတာရှိပြီး အချင်းက ၁၇ စင်တီမီတာ ရှိပါတယ်။ ဘယ်ဖက်ကျောက်ကပ်ရဲ့ အလေးချိန်က ၆.၁ ကီလိုဂရမ်ရှိကာ၊ ညာဘက်ကျောက်ကပ်ကတော့ ၆.၆ ကီလိုဂရမ်ရှိပါတယ်။ ညာဘက်ကျောက်ကပ်ဟာ အရည်စစ်သွားတဲ့အချိန်မှာ ၂.၂၅ ကီလိုဂရမ်ရှိပြီး ဆေးရုံရဲ့ ခန္ဓာဗေဒဌာနမှာ သိမ်းဆည်းထားပါတယ်။

    ဂင်းနစ်မှတ်တမ်းဝင်တဲ့ကျောက်ကပ်ကတော့ ညဘက်ကျောက်ကပ်ဖြစ်ပြီး နောက်ဆုံးစံချိန်ဖြစ်တဲ့ ၂.၂၄ ကီလိုဂရမ်ထက်ကို ၂ ဆလောက် ပိုကြီးနေတာဖြစ်ပါတယ်။

    ဒူဘိုင်းက ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဆိုင်ရာ အကြီးအကဲ တာလာလ်အိုမာရ်က မိမိတို့အနေနဲ့ ဒီကိစ္စ စာရင်းသွင်းဖို့အတွက် လပေါင်းများစွာကြာ ဆေးဘက်မှတ်တမ်းတွေကို ရှာဖွေဖတ်ရှုခဲ့ရကြောင်း၊ အခုအချိန်မှာ တွက်ချက်မှု ပြီးဆုံးသွားပြီဖြစ်ပြီး ဒူဘိုင်းက ကမ္ဘာ့အကြီးဆုံး ကျောက်ကပ်ခွဲစိပ်ပေးတဲ့ စံချိန်ကို ရရှိသွားကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Alarabiya

  • သြစတေးလျကိုရှုံးသည့် မြန်မာ ယူ၂၃ အသင်း နောက်တစ်ဆင့်တက်ရေး မသေချာသေး

    သြစတေးလျကိုရှုံးသည့် မြန်မာ ယူ၂၃ အသင်း နောက်တစ်ဆင့်တက်ရေး မသေချာသေး

    ဇူလိုင် ၂၃၊ ၂၀၁၇
    M-Media

    Photo Credit – MFF

    – ဒီနေ့ညနေမှာ ကစားခဲ့တဲ့ ယူ ၂၃ အာရှချန်ပီယံရှစ် ခြေစစ်ပွဲ အုပ်စု F နောက်ဆုံးပွဲစဉ်မှာ မြန်မာအသင်းက သြစတေးလျကို ၃ ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပြီး အုပ်စု ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရကာ နောက်တစ်ဆင့်တက်ရေး မသေချာသေးပါဘူး။

    ခံစစ်အထိုင်ချပြီး တန်ပြန်တိုက်စစ်ကနေထိုးဖောက်ဖို့ကြိုးစားခဲ့တဲ့ မြန်မာအသင်းဟာ ၆ မိနစ်မှာပဲ အဖွင့်ဂိုးပေးခဲ့ရပြီး ၃၂ မိနစ်မှာ ဒုတိယဂိုး ထပ်ပေးခဲ့ရပါတယ်။

    ဒုတိယပိုင်းမှာ မြန်မာအသင်းက သြတေးလျဖက်ကို ပိုထိုးဖောက်နိုင်ခဲ့ပြီး ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို ကွင်းလယ်တစ်ဝက်ကျော်ကျော်က မောင်မောင်လွင်ရဲ့ကန်ချက် ဘေးထွက်သွားတာ၊ အောင်သူ ဂိုးသမားဆီကလုပြီး အပိုင်ကန်သွင်းချက် ဂိုးစည်းပေါ်ရောက်မှ သြစတေးလျနောက်ခံလူရဲ့ ဖြတ်ထုတ်မှုကို ခံခဲ့ရတာကြောင့် ဂိုးရမယ့် အခွင့်အရေးတွေကို လက်လွှတ်ခဲ့ရပါတယ်။

    သြစတေးလျအတွက် တတိယဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေတစ်ဆင့် ၅၈ မိနစ်မှာ ရရှိခဲ့တာဖြစ်ပါတယ်။

    မြန်မာအသင်းဟာ ဒီပွဲအရှုံးကြောင့် ၂ ပွဲနိုင် ၆ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပြီး အုပ်စု ၃ ပွဲစလုံးနိုင်ထားတဲ့ သြစတေးလျက အုပ်စုပထမနဲ့ နောက်တစ်ဆင့်ကို တက်သွားပါတယ်။

    ခြေစစ်ပွဲ အုပ်စု ၁၀ ခုမှာ အုပ်စုပထမရတဲ့ ၁၀ သင်းဟာ ခြေစစ်ပွဲအောင်မှာဖြစ်ပြီး အကောင်းဆုံး ဒုတိယ ၅ သင်းက အိမ်ရှင် တရုတ်အသင်းနဲ့အတူ နောက်တစ်ဆင့်ကို တက်ရောက်ခွင့်ရမှာ ဖြစ်တာကြောင့် မြန်မာအသင်းဟာ အကောင်းဆုံးဒုတိယ ၅ သင်းမှာ ပါဝင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

    စင်ကာပူနဲ့ ဘရူးနိုင်တို့ပွဲမှာတော့ စင်ကာပူက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

  • ပင်လယ်ကွေ့ သံတမန်ပြဿနာဖြေရှင်းရေး အာဒိုဂန် ဆော်ဒီရောက်

    ပင်လယ်ကွေ့ သံတမန်ပြဿနာဖြေရှင်းရေး အာဒိုဂန် ဆော်ဒီရောက်

    ဇူလိုင် ၂၃၊ ၂၀၁၇
    M-Media

    – ကာတာနှင့် ဆော်ဒီဦးဆောင်သည့် အုပ်စုအကြား ဖြစ်ပွားနေသော သံတမန်ပြဿနာကို ဖြေရှင်းရေး ကူညီရန်အတွက် တူရကီသမ္မတ ရီဖက်ပ် တိုင်ယစ် အာဒိုဂန်မှာ ဆော်ဒီအာရေဗျသို့ ယနေ့တွင် ရောက်ရှိလာသည်ဟု သိရသည်။

    ၂ ရက်တာကြာမြင့်မည့် ၎င်း၏ ခရီးစဉ်အတွင်း အာဒိုဂန်မှာ ဘုရင်ဆလ်မန်၊ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်တို့နှင့် တွေ့ဆုံပြိးနောက် ပင်လယ်ကွေ့သံတမန်ပြဿနာကို အဓိက ညှိနှိုင်းဆွေးနွေးပေးနေသည့် ကူဝိတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

    “ဒီပြဿနာ ရှည်နေရင် ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး” ဟု အာဒိုဂန်က ဆော်ဒီသို့ မထွက်ခွာခင် အစ္စတန်ဘူလ်လေဆိပ်၌ ပြောကြားခဲ့ပြီး ဒေသတွင်း ညီအစ်ကိုများကြားတွင် တင်းမာမှုများဖြစ်ရန် ရန်သူများက မီးထိုးပေးနေသည်ဟုလည်း ထည့်သွင်း ပြောဆိုခဲ့သည်။

    ထို့ပြင် ယခုပြဿနာ၌ ကာတာ၏တုန့်ပြန်မှုကို အာဒိုဂန်က ချီးကျူးခဲ့ပြီး ဆွေးနွေး ညှိနှိုင်းမှုမှတစ်ဆင့် ကာတာမှာ အဖြေရှာခဲ့သည်ဟု ဆိုသည်။

    “ကျွန်တော့်ရဲ့ ဒီခရီးစဉ်ဟာ ဒေသအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်”

    ကာတာမှာ အကြမ်းဖက်များကို ထောက်ပံ့သည်ဟုဆိုကာ ဆော်ဒီ၊ ဘာရိန်း၊ ယူအေအီးနှင့် အီဂျစ်တို့က ဇွန်လ ၅ ရက်နေ့တွင် ကာတာနှင့် သံတမန်အပါအ၀င် အဆက်အသွယ်အားလုံးကို ဖြတ်တောက်ခဲ့ပြီး ကာတာကမူ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။ တူရကီမှာ ကာတာဘက်က ရပ်တည်ပေးထားသည်။

    Ref: Aljzeera