News @ M-Media

Author: Ko Lay

  • ပါကစ္စတန်က ပထမဆုံး စက်ရုပ်စားပွဲထိုး

    ပါကစ္စတန်က ပထမဆုံး စက်ရုပ်စားပွဲထိုး

    ဇူလိုင် ၁၀၊ ၂၀၁၇
    M-Media

    – ပါကစ္စတန်က အသက် ၂၃ နှစ်ရွယ် အီလက်ထရောနစ် အင်ဂျင်နီယာ ကျောင်းသားတစ်ယောက်ဟာ စားပွဲထိုးနိုင်တဲ့ စွမ်းရည်ရှိတဲ့ စက်ရုပ်တွေကို ထီထွင်ခဲ့ပြီး ပီဇာဆိုင်မှာ အသုံးချနေပါတယ်။

    နိုင်ငံရဲ့ ပထမဆုံးဆုံး စက်ရုပ်စားပွဲထိုးဖြစ်တဲ့ ဒီစက်ရုပ်တွေရဲ့ စွမ်းရည်က ဘယ်လိုရှိလဲ၊ တီထွင်ရာမှာ ဘယ်လိုအခက်အခဲတွေရှိခဲ့လဲ၊ စားသုံးသူတွေရဲ့ တုန့်ပြန်မှုက ဘယ်လိုလဲဆိုတာကို ဒီဗီဒီယိုမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။

    သတင်းအပြည့်အစုံကိုတော့ ဒီမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

  • အဲဗာတန်သို့ ပြန်လာရခြင်းကို ပျော်ရွှင်သည်ဟု ရူနီပြော

    ဇူလိုင် ၉၊ ၂၀၁၇
    M-Media

    – အသင်းဟောင်းကို ပြန်လည်ရောက်ရှိလာသည့်အတွက် ပျော်ရွှင်မိပြီး၊ အသင်းမှာ ရှေ့ဆက် အောင်မြင်နိုင်မည်ဟု အဲဗာတန်သို့ ရောက်ရှိလာသည့် အင်္ဂလန်တိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။

    မန်ယူက အဲဗာတန်တိုက်စစ်မှူး လူကာကူကို ပေါင် ၇၅ သန်းဖြင့် ခေါ်ယူခဲ့ပြီးနောက် အသက် ၃၁ နှစ်အရွယ် ရူနီ၏ အနာဂတ်မှာ မသေချာတော့ဘဲ အဲဗာတန်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခြင်းဖြစ်ကာ ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့သည်။

    “အသင်းဟောင်းကို ပြန်ရောက်လာတဲ့အတွက် ၀မ်းသာပါတယ်။ ကောင်လေးတွေနဲ့တွေ့ဖို့၊ လေ့ကျင်ခန်းဆင်းဖို့ ကွင်းထဲဝင်ကစားဖို့ မစောင့်နိုင်တော့ပါဘူး” ဟု ရူနီက ပြောကြားခဲ့သည်။

    ထို့ပြင် အဲဗာတန်အသင်းမှာ ရှေ့ဆက်သွားကာ အောင်မြင်နိုင်မည်ဟု ခံစားရကြောင်း ၎င်းက ထည့်သွင်း ပြောဆိုခဲ့သည်။

    “ကျွန်တော် အားပေးတဲ့အသင်း၊ ကျွန်တော့်ကို မြေတောင်မြှောက်ပေးတဲ့အသင်း ဆိုတာကြောင့်ပဲ ဒီကို ရောက်လာတာမဟုတ်ပါဘူး။ အသင်းဟာ ရှေ့ဆက်အောင်မြင်နိုင်မယ်လို့ ကျွန်တော် ထင်မြင်ယူဆတာကြောင့် ရောက်လာခဲ့တာ ဖြစ်ပါတယ်”

    ၂၀၀၄ ခုနှစ်က အဲဗာတန်အသင်းမှ ပြောင်းရွှေ့လာခဲ့သည့် ရူနီမှာ မန်ယူအသင်းအတွက် ၅၅၉ ပွဲကစားကာ ၂၅၃ ဂိုး သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ် ၅ ကြိမ်၊ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်တစ်ကြိမ်၊ FA ဖလား တစ်ကြိမ် ရရှိခဲ့သည်။

    မန်ယူနည်းပြ မော်ရင်ဟိုက ရူနီကိုယ်တိုင် ထွက်ခွာခွင့်တောင်းသောကြောင့် ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

  • ရိုဟင်ဂျာဒုက္ခသည်များ ပြန်ခေါ်ရေး မြန်မာကို ဖိအားပေးရန် ဘင်္ဂလားဒေ့ရှ်က ကုလကို တိုက်တွန်း

    ရိုဟင်ဂျာဒုက္ခသည်များ ပြန်ခေါ်ရေး မြန်မာကို ဖိအားပေးရန် ဘင်္ဂလားဒေ့ရှ်က ကုလကို တိုက်တွန်း

    ဇူလိုင် ၉၊ ၂၀၁၇
    M-Media

    ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနှင့် မဟာမင်းကြီးတို့ တွေ့ဆုံစဉ်

    – စစ်အာဏာရှင်လက်ထက် ၂၀၀၅ ခုနှစ်ကတည်းက ဒုက္ခသည်လက်ခံရေးအစီအစဉ်ကို မြန်မာနိုင်ငံက တစ်ဖတ်သက် ရပ်တန့်ခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် မိမိတို့အနေနဲ့ စိုးရိမ်ပူပန်မိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မဟ်မွဒ် အလီက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီကို ပြောကြားလိုက်ပါတယ်။

    ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ဂရန်ဒီနဲ့ ဒီနေ့ ဒါကာမှာ တွေ့ဆုံမှုအတွင်း အလီက ၂၀၀၅ ခုနှစ်အထိ ရခိုင်ပြည်နယ်က မွတ်စလင် ၂၃၆,၅၉၉ ဦးကို မြန်မာနိုင်ငံဘက် ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ဆိုပြီး၊ နှစ်နိုင်ငံကြား ဒုက္ခသည် ၁၀၈၂၀ ကို နိုင်ငံသား စီစဉ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်မှာ မှတ်ပုံတင်ထားတဲ့ ၃ သောင်းကျော်အပါအ၀င် ရိုဟင်ဂျာဒုက္ခသည်အရေအတွက် ၄ သိန်းကျော်လောက်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်က ပြောကြားထားပါတယ်။

    နိုင်ငံခြားရေးဝန်ကြီး အလီက ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်မှာ လာရောက်ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေ အားလုံးကို ပြန်ခေါ်ရေး ထိရောက်တဲ့ဆောင်ရွက်မှုတွေ လုပ်ဆောင်လာအောင် မြန်မာနိုင်ငံကို ဖိအားပေးဖို့လည်း မဟာမင်းကြီးကို တိုက်တွန်းခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်ကို ပထမဆုံးအကြိမ် ရောက်ရှိနေတဲ့ ဂရန်ဒီဟာ မနက်ဖြန်မှာ ကော့ဇ်ဘဇားက မြန်မာဒုက္ခသည်တွေကို သွားရောက်ကြည့်ရှုမှာ ဖြစ်ပါတယ်။

    ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာဒုက္ခသည်တွေ၊ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနေကြောင်း ၀န်ကြီးက ဂရန်ဒီကို ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံသားတွေကို ပြန်လည်လွှဲပြောင်းပေးတဲ့လုပ်ငန်းစဉ်မှာ UNHCR ရဲ့ တန်ဖိုးရှိတဲ့ ပံ့ပိုးမှုတွေကို ကျေးဇူးတင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    ကော့ဇ်ဘဇယားခရိုင်မှာ မြန်မာနိုင်ငံသားတွေ အစုလိုက်အပြုံလိုက် ရောက်ရှိနေတာဟာ အဲဒီဒေသနဲ့ အခြား ပတ်ဝန်းကျင်ခရိုင်တွေက လူမှုစီးပွားရေး၊ နိုင်ငံရေး၊ လူဦးရေ စီစစ်ရေး၊ လူသားချင်းစာနာထောက်ထားမှုနဲ့ လုံခြုံရေးအခြေအနေတွေပေါ် တော်တော်လေး ဆုတ်ယုတ်စေတယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းအသိပေးခဲ့ပါတယ်။

    မဟာမင်းကြီးက ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ မတည်ငြိမ်မှုတွေဟာ ရိုဟင်ဂျာမွတ်စလင်တွေ နိုင်ငံသားအဖြစ် ငြင်းပယ်ခံရမှုအပေါ်မှာ မူတည်နေကြောင်း၊ မြန်မာဒုက္ခသည်တွေကို ခိုလှုံခွင့်ပေးထားပြီး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီဟာ ဘင်္ဂလားဒေ့ရှ်ကနေ ဇူလိုင်လ ၁၁ ရက်နေ့မှာ ပြန်လည်ထွက်ခွာမှဖြစ်ပါတယ်။

    Ref: bdnews24

     

  • မူဆိုးလ်မြို့ရှိ IS များကို အမြစ်ဖြတ် ချေမှုန်းနိုင်ခဲ့ပြီဟု အီရတ်ကြေငြာ

    မူဆိုးလ်မြို့ရှိ IS များကို အမြစ်ဖြတ် ချေမှုန်းနိုင်ခဲ့ပြီဟု အီရတ်ကြေငြာ

    ဇူလိုင် ၉၊ ၂၀၁၇
    M-Media

    – အီရတ်၏ ဒုတိယအကြီးဆုံး မူဆိုးလ်မြို့တွင် IS အကြမ်းဖက်အဖွဲ့ကို လုံးဝ အောင်နိုင်သွားပြီဖြစ်ကြောင်း အီရတ်ဝန်ကြီးချုပ် ဟိုက်ဒါ အလ်-အာဘာဒီက ယနေ့တွင် ကြေငြာလိုက်သည်။

    “လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ကာကွယ်ရေးဦးစီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီဟာ လွတ်မြောက်တဲ့ မူဆိုးလ်မြို့ကို ရောက်ရှိခဲ့ပြီး ကြီးကျယ်တဲ့အောင်မြင်မှုအတွက် သူရဲကောင်းတပ်သားတွေ၊ အီရတ်ပြည်သူတွေကို ချီးကျူးခဲ့ပါတယ်” ဟု ၀န်ကြီးချုပ်ရုံးမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    နိုင်ငံပိုင် သတင်းဌာနက အီရတ်တပ်ဖွဲ့များမှာ တီဂရစ်မြစ်ကမ်းသို့ ရောက်ရှိပြီး အီရတ်အလံကို လွှင့်တင်နိုင်ခဲ့သည်ဟု ဖော်ပြခဲ့ပြီးနောက်ပိုင်း မူဆိုးလ်မြို့လွတ်မြောက်ကြောင်း ကြေငြာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

    စောစောပိုင်းက IS အဖွဲ့ဝင် ၁၀၀ ခန့်မှာ တီဂရစ်မြစ်တစ်လျှောက်ရှိ မြို့ဟောင်းတွင် ပိတ်မိနေခဲ့ပြီး​ ရှုံးနိမ့်မည်ဆဲဆဲအချိန် ယနေ့မနက်ပိုင်းက အများစုမှာ မြစ်ထဲသို့ ခုန်ချထွက်ပြေးခဲ့သည်။

    မူဆိုးလ်မြို့ကို အီရတ်စစ်တပ် ပြန်လည်သိမ်းပိုက်နိုင်ခြင်းမှာ ၃ နှစ်အတွင်း IS အကြမ်းဖက်အဖွဲ့၏ အကြီးဆုံး ဆုံးရှုံးမှုဖြစ်သည်။

    အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များ၏ လေကြေားင်းပစ်ကူနှင့်တူ အီရတ်တပ်ဖွဲ့မှာ ပြီးခဲ့သည့် အောက်တိုဘာလကတည်းက မူဆိုးလ်မြို့သိမ်းပိုက်ရေး ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

    ၉ လတာ ကြာမြင့်ခဲ့သည့် ထိုတိုက်ပွဲအတွင်း အရပ်သားထောင်နှင့်ချီ၍ သေဆုံးခဲ့ပြီး ၁ သန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    Ref: Aljazeera

  • ကားမှောက်သွားသည့် အစ္စရေးမိသားစုနှစ်ခုကို ပါလက်စတိုင်းများက သက်စွန့်ဆံဖျားကယ်တင်

    ကားမှောက်သွားသည့် အစ္စရေးမိသားစုနှစ်ခုကို ပါလက်စတိုင်းများက သက်စွန့်ဆံဖျားကယ်တင်

    ဇူလိုင် ၉၊ ၂၀၁၇
    M-Media

    – အစ္စရေးက သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် ဘက်သလီဟမ်မှာ ကားမှောက်တဲ့ ဂျူးမိသားစုနှစ်ခုကို ပါလက်စတိုင်းတွေက သက်စွန့်ဆံဖျား ကယ်တင်ခဲ့တဲ့ ဗီဒီယိုတစ်ခု ဆိုရှယ်မီဒီယာတွေမှာ ပြန့်နှံ့လာပါတယ်။

    မနေ့ကဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက်မှာ ဂျူးမိသားစုနှစ်ခု စီးလားတဲ့ကားဟာ အဝေးပြေးလမ်းတစ်ခုမှာ အရှိန်လွန်တိမ်းမှောက်ကာ ဆိုးဆိုးဝါးဝါး ပျက်ဆီးခဲ့တာပါ။

    ဒီအဖြစ်အပျက်ကို ပါလက်စတိုင်း အမျိုးသားအချို့က ပထမဆုံး မြင်တွေ့ခဲ့ပါတယ်။ ဆီတိုင်ကီပေါက်ကာ ဆီတွေဒလဟော စီးကျနေပြီး အချိန်မရွေးပေါက်ကွဲသွားနိုင်ခဲ့ပေမယ့် ပါလက်စတိုင်းအမျိုးသားတွေက အသက်ကို ပဓာနမထားဘဲ ကားအောက်ကိုဝင်ကာ ကယ်တင်ခဲ့တာဖြစ်ပါတယ်။

    ဒီအဖြစ်အပျက်ကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုထဲမှာ ပါလက်စတိုင်းတစ်ဦက “ကားထဲမှာ ကလေးတွေနဲ့။ ကားထဲမှာကလေးတွေနဲ့။ ဟေ့ကောင်တွေ နောက်ကားတစ်စီးကို အမြန်သွားတား။ မြန်မြန်လုပ်” လို့ အာရဘီဘာသာစကားနဲ့ သူ့အဖော်တွေကို ပြောနေတာကို ကြားရပါတယ်။

    ဒီဗီဒီယိုဟာ ‘အနောက်ဖက်ကမ်းက အသိမ်းခံထားရတဲ့ သူတို့ပိုင် မြေပေါ်မှာဖြစ်တဲ့ ဒီအဖြစ်အပျက်က ပါလက်စတိုင်းတွေရဲ့ လူသားဆန်မှုကို ထင်ဟင်နေတာ မဟုတ်ဘူးဆိုရင် နောက်ထပ် ဘာက ထင်ဟပ်နေအုံးမှာလဲ။ မေတ္တာက အမုန်းကို ကျော်လွှားမှာပါ’ ဆိုတဲ့ မှတ်ချက်နဲ့ အွန်လိုင်းစာမျက်နှာတွေမှာ ပြန့်နှံ့ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက ဆိုရှယ်မီဒီယာအသုံးပြုသူတွေရဲ့ ချီးကျူးသြဘာပေးမှုလည်း ရရှိခဲ့ပါတယ်။

    မိမိတို့ရဲ့ ပိုင်နက်တွေ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်ခြင်းကို ခံထားရပေမယ့် အစ္စရေးပြည်သူတွေ ဒုက္ခတွေ့တဲ့အခါ လစ်လျူမရှုဘဲ ပါလက်စတိုင်းတွေ ကယ်တင်တာဟာ ဒါက ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်း အစ္စရေးမှာ တောမီးအကြီးအကျယ်လောင်ကျွမ်းချိန် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က မီးသတ်ကား၊ ရဟတ်ယာဉ်နဲ့ မီးသပ်တပ်ဖွဲ့တွေကို စေလွှတ်ခဲ့ပါတယ်။

    (ဗီဒီယိုတွင် စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာ ပုံရိပ်များ ပါဝင်ပါသည်)

    Ref: Iknowbro