News @ M-Media

Author: Ko Lay

  • အမေရိကန်တွင် လူဖြူအစွန်းရောက်အဖွဲ့၏ ချီတက်မှု တန်ပြန် ဆန္ဒပြခံရ

    အမေရိကန်တွင် လူဖြူအစွန်းရောက်အဖွဲ့၏ ချီတက်မှု တန်ပြန် ဆန္ဒပြခံရ

    ဇူလိုင် ၉၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်တွင် ယမန်နေ့က လူဖြူ ခရစ်ယာန်အစွန်းရောက်အဖွဲ့ KKK မှ ချီတက်ဆန္ဒပြမှုအတွင်း တန်ပြန်ဆန္ဒပြမှုနှင့် ကြုံတွေ့ခဲ့ရပြီး ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု သိရသသည်။

    အမေရိကန်ပြည်တွင်းစစ်တွင် ကွန်ဖက်ဒရိတ်ဘက်မှ ဗိုလ်ချုပ် ရောဘတ် အီး လီ၏ ရုပ်တုကို ချားလော့စ်ဗလီမြို့တွင် ဖယ်ရှားမှုကို ဆန့်ကျင်သည့်အနေဖြင့် ကေသုံးလုံးဂိုးဏ်းသား ဒါဇင်အနည်းငယ်က ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး၊ ရာနှင့်ချီသည့် လူအုပ်ကြီး၏ တန်ပြန်ဆန္ဒပြမှုနှင့် တွေ့ကြုံခဲ့ရသည်။

    အုပ်စုနှစ်ခုမှာ ထိပ်တိုက်တွေ့ခဲ့ပြီး ရဲတပ်ဖွဲ့က အဆီးအတားများ၊ မျက်ရည်ယိုဗုံးများဖြင့် လူစုခွဲခဲ့ရကာ အနည်းဆုံး လူ ၂၃ ဦးကို ဖမ်းဆီးခဲ့သည်။

    ကေသုံးလုံးအဖွဲ့သားများက ‘လူဖြူစွမ်းအား’ ဟု ကျွေးကြော်ခဲ့ကြပြီး ကွန်ဖက်ဒရိတ်အလံနှင့် ဂျူးဆန့်ကျင်ရေး ဆိုင်းဘုတ်များ ဝှေ့ရမ်းခြင်းတို့ကို ပြုလုပ်ခဲ့သည်။ တန်ပြန်ဆန္ဒပြသူများကလည်း လမ်းဘေးဝဲရာမှနေ၍ ‘လူမျိုးရေးခွဲသူတွေ အိမ်ပြန်’ နှင့် အခြားသော ကျွေးကြော်သံများကို ဟစ်အော်ခဲ့ကြသည်။

    အာဏာပိုင်များမှာ လွတ်လပ်စွာပြောဆိုခွင့် ခေါင်းစဉ်အောက်တွင် ကေသုံးလုံးအဖွဲ့၏ ချီတက်ဆန္ဒပြမှုကို ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြမှုမှာ ၁ နာရီခန့် ကြာမြင့်ခဲ့သည်။

    မြို့တာဝန်ရှိသူများက ဆန္ဒပြမှုအတွင် လူ ၁၀၀၀ ခန့် ပါဝင်ပြီး ၅၀ ခန့်မှာ KKK အဖွဲ့ဝင်များဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အမေရိကန်ပြည်တွင်းစစ်တွင် ခွဲထွက်ရေးဘက်မှ အသုံးပြုခဲ့သည့် ကွန်ဖက်ဒရိတ် အလံများနှင့် ရုပ်တုများကို ၂၀၁၅ ခုနှစ်မှစ၍ အမေရိကန်ရှိ အများပြည်သူနှင့်သက်ဆိုင်သော နေရာများမှ စတင်ဖယ်ရှားခဲ့ပြီး၊ လူဖြူအစွန်းရောက်တစ်ဦးက တောင်ကာရိုလိုင်းနားရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် လူမည်း ၉ ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် ပေါ်ထွက်လာသည့် ဆာင်ရွက်ချက်ဖြစ်သည်။

    ဝေဖန်သူများက ထိုကဲ့သို့ အမှတ်တရများ ထားရှိခြင်းမှာ ကျွန်စနစ်လိုလားသည့် တောင်ပိုင်း ခွဲထွက်ရေးအဖွဲ့ ခေါင်းဆောင်များအား သိဒ္ဓိတင်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • လန်ဒန်တွင် ပါလက်စတိုင်းတို့၏ သမိုင်းအမွေအနှစ်ပြပွဲ ကျင်းပပြုလုပ်

    လန်ဒန်တွင် ပါလက်စတိုင်းတို့၏ သမိုင်းအမွေအနှစ်ပြပွဲ ကျင်းပပြုလုပ်

    ဇူလိုင် ၉၊ ၂၀၁၇
    M-Media

    – အစ္စရေးလိုလားသူ အုပ်စုများက နှောက်ယှက်ဟန့်တားမှုများ ရှိခဲ့သော်လည်း ဥရောပ၏ အကြီးဆုံး ပါလက်စတိုင်း အမွေအနှစ်ပြပွဲ Palestine Expo ကို ယူကေတွင် ယမန်နေ့က စတင် ဖွင့်လှစ်ပြသခဲ့သည်ဟု သိရသည်။

    လန်ဒန်မြို့ Queen Elizabeth II Conference Centre စင်တာတွင် ပြုလုပ်သည့် အဆိုပါပြပွဲမှာ ပါလက်စတိုင်းတို့၏ ယဉ်ကျေးမှု၊ သမိုင်း၊ ရိုးရာအစားအသောက်များကို ဖော်ထုတ်ရန်ဖြစ်ပြီး စနေ၊ တနင်္ဂနွေတွင် လူပေါင်း ၁ သောင်းကျော် လာရောက်ကြည့်ရှုမည်ဟု ခန့်မှန်းထားသည်။

    ပြပွဲတွင် ပါလက်စတိုင်း အနုပညာပြခန်း၊ ပါလက်စတိုင်းမှ အထင်ကရနေရာများအကြောင်း ပြခန်း၊ ပါလက်စတိုင်း ရိုးရာအစားအသောက်များကို တည့်ခင်းဧည့်ခံသည့် ပြခန်းများ ပါဝင်မည်ဖြစ်သည်။

    ယမန်နေ့က စတင်ခဲ့သည့် အဆိုပါပြပွဲ၌ မိန့်ခွန်းပြောကြားသူများတွင် ဂျာနယ်လစ် ဂျွန် ပီလ်ဂါရ်၊ အစ္စရေး ပညာရှင် အီလန် ပက်ပီနှင့် စာရေးဆရာ ဘန်ဝှိုက်တို့ ပါဝင်သည်။

    “လူတော်တော်များများ ပါလက်စတိုင်းကို ထောက်ခံအားပေးလာကိုမြင်ရတာ ကျွန်မတို့ အရမ်းပျော်ရွှင်မိပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်မတို့ဟာ အမေ့ခံနေရပါလားလို့ ခံစားရပါတယ်။ ကျွန်မတို့ပေးချင်တဲ့သတင်းစကားက ပါလက်စတိုင်းတွေဟာ လှူဒါန်းမှုတွေမလိုဘူး၊ ထောက်ခံအားပေးမှုကိုပဲ လိုတယ်ဆိုတာပါ။ ကျွန်မတို့ ပါလက်စတိုင်းတွေ ကိုယ့်ရဲ့အခွင့်အရေး ပြန်ရတဲ့အချိန်အထိ ကမ္ဘာပေါ်က လူတိုင်းက ထောက်ခံကြောင်း ပြသသင့်ပါတယ်” ဟု ပါလက်စတိုင်းအမျိုးသမီး ဟာယတ် အေမက်စ် ဇူဂ်ဟိုင်ယာက ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါ ပါလက်စတိုင်းအမွေအနှစ်ပြပွဲကို အစ္စရေးလိုလားသူ အုပ်စုများက ပိတ်ပင်ခြင်းမှာ ‘အမှန်တရားကို မလိုလား၍ ဖြစ်သည်’ ဟု သူမက ထည့်သွင်းပြောဆိုခဲ့သည်။

    ပြပွဲတွင် လာရောက်ကြည့်ရှုသူများ ပါလက်စတိုင်းပြဿနာနှင့်ပတ်သက်၍ ၎င်းတို့၏ ကိုယ်ပိုင် သဘောထားများကို အလ်ဂျာဇီးရားမှတ်တမ်းရုပ်ရှင်များ အသုံးပြုကာ အလွယ်တကူ ဖန်တီးနိုင်မည့် Palestine Remix တင်ဆက်မှုလည်း ပါဝင်သည်။

    Ref: Aljazeera

  • အဘ်ဒူလ် ဆာမဒ် ရှိခ် (သို့) ကမ္ဘာကြီးကို အလှဆင်နေသူ ဘင်္ဂါလီတစ်ဦး

    အဘ်ဒူလ် ဆာမဒ် ရှိခ် (သို့) ကမ္ဘာကြီးကို အလှဆင်နေသူ ဘင်္ဂါလီတစ်ဦး

    ဇူလိုင် ၉၊ ၂၀၁၇
    M-Media

    – ‘နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ဘူး’ ဆိုတဲ့ ဆိုရိုးစကားတစ်ခု ရှိပါတယ်။ ဒါပေမယ့် ဒီဆိုရိုးဟာ ဘင်္ဂလားဒေ့ရှ်က အသက် ၆၀ အရွယ် ဆိုက်ကားသမား အဘ်ဒူလ် ဆာမဒ် ရှိခ်အတွက်တော့ မမှန်ပါဘူး။

    လူသားတွေကို အကျိုးရှိစေမယ့် အလုပ်တစ်ခုဟာ သေးငယ်ပေမယ့် စွဲစွဲမြဲမြဲလုပ်မယ်ဆိုရင် ထူးခြားမှုတစ်ခုခု ဖြစ်လာနိုင်တယ်ဆိုတာ သူက သက်သေပြခဲ့ပါတယ်။

    ဆာမဒ်ဟာ အသက် ၁၂ နှစ်ကတည်းက တစ်နေ့ကို အနည်းဆုံး သစ်ပင်တစ်ပင်ကျ စိုက်ပျိုးခဲ့ပြီး အခုအချိန်မှာတော့ သူစိုက်ပျိုးခဲ့တဲ့ သစ်ပင်အရေအတွက်ဟာ ၁၇၅၀၀ ကျော်လာခဲ့ပြီဖြစ်ပြီး တောအုပ်ငယ်လေး တစ်ခုစာလောက်ကို ရှိနေပါပြီ။

    ဒီ ထူးခြားတဲ့အလေ့အကျင့်ကြောင့် ဘင်္ဂလားဒေ့ရှ်အလယ်ပိုင်းက သူ့ရဲ့ဇာတိမြို့ ဖာရစ်ပူးရ်မှာ ‘သစ်ပင် ဆာမဒ်’ လို့ လူသိများပါတယ်။

    သက်တမ်းတစ်လျှောက်လုံး ဆိုက်ကားသမားအဖြစ်နဲ့ ကုန်ဆုံးခဲ့တာဖြစ်ပြီး တစ်နေ့ကို ၁၀၀ တာကာ (ကန် ၁.၂၅ ဒေါ်လာ) လောက်ရတဲ့ သူ့ဝင်ငွေဟာ မိသားစုစားဝတ်နေရေးအတွက်တောင် အလျင်မမီပါဘူး။ ဒါပေမယ့် ဆာမဒ်ကတော့ ဖာရစ်ပူးရ် ဥယျာဉ်ခြံက နေ့စဉ် အနည်းဆုံး သစ်ပင်တစ်ပင် ၀ယ်ယူစိုက်ပျိုးဖို့ မပျက်ကွက်ပါဘူး။

    ဒါဟာ ကမ္ဘာကြီးအတွက် လူသားတစ်ယောက်ရဲ့တာဝန်လို့ သူက ယူဆနေပြီး သစ်ပင်မစိုက်ဖြစ်တဲ့နေ့ ညဘက် အိပ်မပျော်ဘူးလို့လည်း ဆာမဒ်က ဖွင့်ဟခဲ့ပါတယ်။

    “သစ်ပင်တစ်ပင်လောက်မှ မစိုက်ရရင် တစ်ညလုံးအိပ်မပျော်ဘူးဗျ။ အသက် ၁၂ နှစ်ကတည်းက ကျွန်တော် လုပ်လာတာပါ။ များသောအားဖြင့် အစိုးရမြေမှာ စိုက်ပျိုးပြီး ဒါမှ လူတွေက မခုတ်ကြမှာ။ အဲဒီသစ်ပင်တွေကို ကျွန်တော် ရေလည်းလောင်းပေးတယ်။ တစ်ယောက်ယောက်က အဲဒီသစ်ပင်ကို ခုတ်တာတွေ့ရင် သူတို့ကို ကျွန်တော် ဆူပူကြိမ်းမောင်းတာပါပဲ။ ကျွန်တော်ဟာ သက်ရှိ၊ သက်မဲ့ အားလုံးကို ချစ်ပါတယ်။ အထူးသဖြင့် သစ်ပင်တွေကိုပေါ့လေ”

    ဇနီး ကလေးလေးယောက်နဲ့ ဆာမဒ်တို့မိသားစုဟာ ကိုယ်ပိုင်အိမ်မရှိဘဲ အစိုးရက ပေးထားတဲ့ မြေပေါ်မှာ တဲထိုးပြီးနေရသူပါ။ ဆာမဒ်ရဲ့ဝင်ငွေဟာ မိသားစုလိုအပ်ချက်ကိုတောင် အလျင်မမီတာကြောင့်၊ ဇနီးဖြစ်သူက သစ်ပင်တွေ မ၀ယ်လို့ ဆူပူပေမယ့် ဆာမဒ်က သူ့ရဲ့ နေ့စဉ် ၀တ္တရားကို မပျက်ကွက်ပါဘူး။

    “၀င်ငွေက မကောင်းဘူးရှင့်။ ကျွန်မတို့မိသားစုရဲ့ နေ့စဉ်စားသုံးစားရိတ်ကို အလျင်မီအောင် ရှာနေရတာ။ တစ်ခါတစ်လေ သစ်ပင်မ၀ယ်ဖို့ ကျွန်မပြောတာပေါ့။ ဒါပေမယ့် သူက နားမထောင်ပါဘူး။ သစ်ပင်တွေအပေါ် သူ့ရဲ့ သံယောဇဉ်က ရပ်တန့်လို့ မရပါဘူး” လို့ ဇနီးဖြစ်သူ ဂျိုရ်နာက ပြောကြားခဲ့ပါတယ်။

    အသက် ၃၀ အရွယ် သားဖြစ်သူ ကူသုဘ် အူဒင်က ဖခင်ရဲ့လုပ်ရပ်ဟာ လူ့အဖွဲ့အစည်းကောင်းကျိုးအတွက် ဖြစ်တာကြောင့် သစ်ပင်မစိုက်ဖို့ ဘယ်တုန်းကမှ မပြောခဲ့ဘူးလို့ ဆိုပါတယ်။

    Daily Star မှ ဂုဏ်ပြုဆုငွေ ပေးအပ်စဉ်

    လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေအရင်က ဆာမဒ်စိုက်ပျိုးခဲ့တဲ့ သစ်ပင်တွေဟာ အခုအချိန်မှာ သစ်ပင်ကြီးတွေဖြစ်လာခဲ့ပြီး ဒေသခံတွေကလည်း သူရဲ့ ဒီလုပ်ရပ်အတွက် လေးစားအားကျနေကြပါတယ်။

    “ဆာမဒ်ဟာ ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွက် စံနမူနာပါပဲ။ သူ့ရဲ့ ဒီကောင်းမွန်တဲ့ အလေ့အကျင့်ကို လေးစားအားကျမိပါတယ်” လို့ ဒေသခံတစ်ဦးဖြစ်တဲ့ အဘ်ဒူလ် ကာလမ် ဟောင်လာဒါက ပြောကြားခဲ့ပါတယ်။

    သစ်ပင်တွေ စိုက်ပျိုးရုံသာမကဘဲ ဆာမဒ်ဟာ ပရဟိတစိတ်ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။

    “သစ်ပင်စိုက်တာတင်မဟုတ်ဘူးဗျ။ ဆာမဒ်ဟာ အရမ်း ကူညီတတ်တဲ့သူ။ တစ်ယောက်ယောက်က အကူအညီတောင်းပြီဆိုရင်၊ သူတတ်နိုင်တာအားလုံးကို အကောင်းဆုံး လုပ်ပေးတတ်တာ။ သူ့လိုလူမျိုးက ရှားပါတယ်။ ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ များများစားစား လိုအပ်နေတဲ့ လူမျိုးပေါ့ဗျာ” လို့ အိမ်နီးချင်း ဆကန်ဒါ အလီက ပြောကြားခဲ့ပါတယ်။

    လွန်ခဲ့တဲ့ ၄၈ နှစ်က စတင်ပြီး သစ်ပင်စိုက်ပျိုးခဲ့တဲ့ ဆာမဒ်က သူဟာ ဘုရားသခင်ရဲ့ စေခိုင်းမှုကြောင့် ဒီအလုပ်ကိုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။ အခုအချိန်အထိ သူစိုက်ပျိုးထားတဲ့ သစ်ပင်တွေဟာ ၁၇၅၃၂ ပင်ရှိနေပြီ ဖြစ်ပါတယ်။

    သူ့ရဲ့ ဒီအပြုအမူကို ဂုဏ်ပြုတဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ် မီဒီယာ Daily Star က တာကာ ၁ သိန်း (ကန် ၁၂၅၃ ဒေါ်လာ) ချီးမြှင့်ခဲ့ပြီး မိသားစုအတွက် အိမ်လေးတစ်လုံးဝယ်ဖို့ မတည်ငွေသဘောမျိုး ဖြစ်ပါတယ်။

    “ကျွန်တော် တစ်ယောက်တည်းနဲ့ မပြီးပြည့်စုံနိုင်ပါဘူး။ အားလုံး ၀ိုင်းကူကြဖို့ လိုပါတယ်” လို့ ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားမှာ ဆာမဒ်က လူတိုင်း သစ်ပင်စိုက်ပျိုးဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref : Daily Star

  • မွတ်စလင်တွေရဲ့ အာဇန်သံဟာ ကြည်နူးဖွယ်ကောင်းတယ်လို့ ဟောလီးဝုဒ်မင်းသားကြီး မော်ဂန်ဖရီးမင်း ပြော

    ဇူလိုင် ၈၊ ၂၀၁၇
    M-Media

    – ကမ္ဘာကျော်ဟောလီးဝုဒ်မင်းသားကြီး မော်ဂန်ဖရီးမင်းက မွတ်စလင်တွေရဲ့ နေ့စဉ် ၀တ်ပြုဖို့ နှိုးဆော်သံဟာ ကြည်နူးဖွယ်ရာကောင်းတဲ့ အသံတစ်ခုလို့ ထင်မြင်ကြောင်း ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလောက်က National Geographic က ရိုက်ကူးတဲ့ History of God အစီအစဉ်မှာ အစ္စလာမ့်ဓမ္မပညာရှင်တစ်ဦးနဲ့ ဆွေးနွေးစဉ် သူက ဒီလို ပြောကြားလိုက်တာပါ။

    မော်ဂန်ဖရီးမင်းဟာ ၁၉၉၁ ခုနှစ်ကထွက်ရှိခဲ့ပြီး အင်္ဂလန် ဒဏ္ဍာရီ သူရဲကောင်း ရော်ဘင်ဟုအကြောင်း ရိုက်ကူးထားတဲ့ Robin Hood: Prince of Thieves ဇာတ်ကားမှာ မွတ်စလင်ဇာတ်ကောင် အဇင်းအဖြစ် သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

    အာဇန်သံနဲ့ပတ်သက်ပြီး မော်ဂန်ဖရီးမင်းရဲ့ အမြင်ကို ဒီဗီဒီယိုလေးမှာ တွေ့ရမှာ ဖြစ်ပါတယ်။

     

  • လျှပ်စစ်ဓာတ်အားပေးမည့် ကမ္ဘာ့အကြီးဆုံး ဘတ္တရီကို သြဇီတွင် တည်ဆောက်မည်

    လျှပ်စစ်ဓာတ်အားပေးမည့် ကမ္ဘာ့အကြီးဆုံး ဘတ္တရီကို သြဇီတွင် တည်ဆောက်မည်

    ဇူလိုင် ၈၊ ၂၀၁၇
    M-Media

    – သြစတေးလျနိုင်ငံက ပြည်နယ်တစ်ခုမှာ လိုအပ်နေတဲ့ လျှပ်စစ်စွမ်းအင်ကို ဖြည့်ဆည်းပေးဖို့အတွက် လျှပ်စစ်ကားတွေကို ထုတ်လုပ်နေတဲ့ Tesla ကုမ္ပဏီက ကမ္ဘာ့အကြီးဆုံး လစ်သီယန်အိုင်းယွန်းဘတ္တရီကို တည်ဆောက်သွားမယ်လို့ သိရပါတယ်။

    ပြင်သစ် ပြည့်ဖြိုးမြဲစွမ်းအင်ကုမ္ပဏီ Neoen နဲ့ ပူးပေါင်းဆောင်ရွက်မယ့် အဲဒီစီမံကိန်းကို ရက် ၁၀၀ အတွင်းမှာ တည်ဆောက်သွားမှာဖြစ်ပြီး မပြီးဘူးဆိုရင် အခမဲ့ လုပ်ပေးသွားမယ်လို့ Tesla ပိုင်ရှင် အေလွန်မက်စ်က မနေ့မှာ ကတိပြုခဲ့ပါတယ်။

    “စွန့်စားမှုအချို့ရှိမှာ ကျိန်းသေပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ ဒါဟာ ကန့်သတ်မှုတစ်ခုအတွင်းမှာ လုပ်ပေးရမယ့် ကမ္ဘာ့ကြီးဆုံး ဘတ္တရီ ဖြစ်မှာမို့လိုပါ” လို့ မက်စ်က ဆိုပါတယ်။

    အခုဘတ္တရီဟာ ၁၀၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီး ၃၀ မီဂါဝပ်ထုတ်လုပ်ပေးနိုင်မယ့် နောက်ထပ် ကမ္ဘာ့အကြီးဆုံး ဘတ္ထရီတစ်ခုကိုလည်း မက်စ်တို့က တည်ဆောက်ဖို့ ရှိနေပါတယ်။

    အခု ဆောက်သ်သြစတေးလျပြည်နယ်မှာ ဆောက်လုပ်မယ့် အဲဒီဘတ္တရီဟာ အရေးပေါ်အခြေအနေတွေမှာ ၂၄ နာရီ ဓာတ်အားပေးနိုင်မှာဖြစ်တယ်လို့ သြဇီအစိုးရက ပြောကြားခဲ့ပါတယ်။

    အဲဒီပြည်နယ်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက ဓာတ်အားပြတ်တောက်မှုကို မကြာခဏ ကြုံတွေ့ခဲ့ရပြီး နိုင်ငံရဲ့ စွမ်းအင်ပေါ်လစီနဲ့ပတ်သက်လို့ နိုင်ငံရေးနယ်ပယ်မှာ ဝေဖန်မှုတွေ ဖြစ်ခဲ့ပါတယ်။

    Ref : BBC