News @ M-Media

Author: Ko Lay

  • မူဆိုးလ်တွင် IS လက်ကျန်အဖွဲ့များကို အီရတ်စစ်တပ် ရှင်းလင်း

    မူဆိုးလ်တွင် IS လက်ကျန်အဖွဲ့များကို အီရတ်စစ်တပ် ရှင်းလင်း

    ဇူလိုင် ၈၊ ၂၀၁၇
    M-Media

    – အီရတ်နိုင်ငံ မူဆိုးလ်မြို့ ပြန်လည်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေသည့် အီရတ်စစ်တပ်မှာ IS အကြမ်းဖက်အဖွဲ့၏ နောက်ဆုံးနေရာနှင့် နီးကပ်လာပြီး ရက်ပိုင်းအတွင်း မြို့မှာ လုံးဝ လွတ်မြောက်တော့မည့် အလားအလာ ရှိနေသည်။

    အီရတ်တပ်ဖွဲ့များမှာ IS ၏ နောက်ဆုံး စနိုက်ပါသမားများ၊ အသေခံဗုံးခွဲသမားများကို ရှင်းလင်းရေး လုပ်ဆောင်နေသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း အရပ်သား ၂ သောင်းခန့်မှာ ပိတ်မိနေသည်ဟု ကုလက ပြောဆိုထားသည်။

    ပြီးခဲ့သည့်တစ်ပတ်အတွင်း မူဆိုးလ်မြို့ရှိ အလ်-နူရီ ဗလီဝတ်ကျောင်းတော်ကို သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း IS အဖွဲ့ ကျဆုံးသွားပြီဟု အီရတ်ဝန်ကြီးချုပ် အလ်-အာဘာဒီက ပြောကြားခဲ့သည်။

    အမေရိကန် ကျောထောက်နောက်ခံပြု အီရတ်စစ်တပ်နှင့် ကာ့ဒ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ IS အကြမ်းဖက်အဖွဲ့၏ နောက်ဆုံးခံတပ် မူဆိုးလ်မြို့ကို သိမ်းပိုက်ရေး ထိုးစစ်မှာ ၈ လတာ ကြာမြင့်နေပြီဖြစ်သည်။

    Ref: Aljazeera

  • ပါလက်စတိုင်းမြို့တစ်မြို့နှင့် ဗလီတစ်လုံးကို ကုလက ကမ္ဘာ့အမွေအနှစ်စာရင်းသွင်း

    ပါလက်စတိုင်းမြို့တစ်မြို့နှင့် ဗလီတစ်လုံးကို ကုလက ကမ္ဘာ့အမွေအနှစ်စာရင်းသွင်း

    ဇူလိုင် ၈၊ ၂၀၁၇
    M-Media

    – အစ္စရေးက သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှ ဟီဘရွန်မြို့ မြို့ဟောင်းနှင့် အီဗရာဟီမီ ဗလီဝတ်ကျောင်းတော်တို့ကို အန္တရာယ်ရှိနေသည့် သမိုင်းဝင် ရှေးဟောင်းအမွေအနှစ်အဖြစ် ယူနက်စကိုက သောကြာနေ့တွင် သတ်မှတ်ခဲ့သည်။

    ယူနက်စကို၏ ၄၁ ကြိမ်မြောက် အစည်းအဝေးတွင်း မဲခွဲခဲ့ခြင်းဖြစ်ပြီး ထောက်ခံမဲ ၁၂ မဲ၊ ကန့်ကွက်မဲ ၃ မဲ၊ ကြားနေမဲ ၆ မဲဖြင့် အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

    ဟီဘရွန် မြို့ဟောင်းမှာ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ခြင်းခံရသည့် ပါလက်စတိုင်းတို့၏ စတုတ္တမြောက် ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ပြီး၊ ယခင်က ဂျေရုစလင်၊ ဘက်သလီဟမ်တို့မှာလည်း ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။

    “ဒီသမိုင်းဝင် သတ်မှတ်မှုရဲ့ အရေးပါမှုက ဒါဟာ ဟီဘရွတ်မြို့နဲ့ အီဘရာဟီမီဗလီတို့ရဲ့ အမှတ်သညာကို မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်” ဟု ပါလက်စတိုင်း ခရီးသွားလာရေးနှင့် ဗိသုကာဆိုင်ရာဝန်ကြီးက ပြောကြားခဲ့သည်။

    ဟီဘရွန်မြို့မှာ ကမ္ဘာပေါ်တွင် ကျန်ရှိနေသည့် သက်တမ်းအရင့်ဆုံး မြို့များထဲမှ တစ်ခုဖြစ်ပြီး သက်တမ်း နှစ်ပေါင်း ၆၀၀၀ ကျော် ရှိနေပြီဖြစ်သည်။

    အီဘရာဟီမီဗလီဝတ်ကျောင်းတော်မှာလည်း ပါလက်စတိုင်းရှိ ယဉ်ကျေးမှုဆိုင်ရာ အရေးပါဆုံး အဆောက်အဦးများထဲမှ တစ်ခုဖြစ်ပြီး ကမ္ဘာ့လှည့်ခရီးသွားများ စိတ်ဝင်စားရာ နေရာဖြစ်သည်။

    ယူနက်စကို၏ ထိုဆုံးဖြတ်ချက်ကို အစ္စရေးက ရှုတ်ချခဲ့သည်။ ပါလက်စတိုင်းမှာ လွန်ခဲ့သည့် ၆ နှစ်ကတည်းက ဟီဘရွန်အား ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်စာရင်းသွင်းရေး လျှောက်ထားခဲ့ခြင်းဖြစ်သည်။

    Ref: Alarabiya

  • ဆီးရီးယားဒေသတစ်ချို့ အပစ်ရပ်ရေး ကန်-ရုရှား သဘောတူ

    ဆီးရီးယားဒေသတစ်ချို့ အပစ်ရပ်ရေး ကန်-ရုရှား သဘောတူ

    ဇူလိုင် ၈၊ ၂၀၁၇
    M-Media

    – ဆီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းဒေသ အပစ်ရပ်ရေး ကိစ္စအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ပူတင်တို့မှာ ဟမ်းဘတ်မြို့တွင် ကျင်းပပြုလုပ်နေသည့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေးအတွင်း သဘောတူညီခဲ့သည်ဟု သိရသည်။

    သောကြာနေ့က ခေါင်းဆောင်နှစ်ဦး သီးခြားတွေ့ဆုံမှုအတွင်း ထိုကဲ့သို့ သဘောတူခဲ့ခြင်းဖြစ်ပြီး ဒါရာ၊ ကွမ်အစ်ထရာ၊ ဆူဝေဒါဒေသများမှာ အဆိုပါ အပစ်ရပ်ရေးသဘောတူညီချက်တွင် အကျုံးဝင်မည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့က ပြောကြားခဲ့သည်။ ဆွေးနွေးမှုအတွင်း ဂျော်ဒန် တာဝန်ရှိသူများလည်း ပါဝင်သည်။

    အပစ်ရပ်ရေးကို ဇူလိုင် ၉ ရက်နေ့တွင် စတင်မည်ဖြစ်ကာ အမေရိကန်နိုင်ငံခြားရေးဝန်ကြိး ရက်စ် တီလာဆန်က အဆိုပါ သဘောတူညီချက်မှာ ဆီးရီးယားကိစ္စတွင် အမေရိကန်နှင့် ရုရှားတို့ ပူးတွဲဆောင်ရွက်နိုင်သည်ဆိုသည်ကို ပြသခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဆီးရီးယားတွင် ယခင်ကလည်း အပစ်ရပ်ရေးသဘောတူညီချက်များ ရယူခဲ့ပြီး အောင်မြင်ခြင်းမရှိခဲ့ပေ။

    ၆ နှစ်တာ ကြာမြင့်ခဲ့ပြီဖြစ်သည့် ဆီးရီးယားစစ်ပွဲတွင် လူသန်းဝက်ခန့် သေဆုံးခဲ့ပြီး သန်းနှင့်ချီ၍ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်။

    ရုရှားမှာ အာဏာရှင် အာဆတ်အစိုးရကို ကျောထောက်နောက်ခံပြုထားပြီး အမေရိကန်က သူပုန်များကို ထောက်ပံ့မှုများ ပြုလုပ်နေသည်။

    Ref: Aljazeera

  • ကုရ်အာန်ကပေးသည့် သာတူညီမျှမှုအတွက် မဟာဖိုဝါဒကို တွန်းလှန်နေတဲ့ အိန္ဒိယမွတ်စလင်အမျိုးသမီးများ

    ကုရ်အာန်ကပေးသည့် သာတူညီမျှမှုအတွက် မဟာဖိုဝါဒကို တွန်းလှန်နေတဲ့ အိန္ဒိယမွတ်စလင်အမျိုးသမီးများ

    ဇူလိုင် ၈၊ ၂၀၁၇
    M-Media

    အိန္ဒိယ၏ ပထမဆုံး အမျိုးသမီးကာဇီများဖြစ်ကြသည့် ဘေဂွမ်နှင့် ဂျဟာနာရာ

     

    – “ခင်ဗျားသမီး အသက်ရှင်တာကိုမြင်ချင်လား၊ ဒါမှမဟုတ် အလောင်းပဲ ပြန်ယူချင်လား”

    ဒီစကားဟာ ဂျဟာနာရာတစ်ယောက် လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ခင်ပွန်းရဲ့ အရိုက်အနှက်ခံရချိန် သူ့ခင်ပွန်းက သူ့အမေကို ပြောကြားခဲ့တဲ့စကားပါ။ အဲဒီညမှာပဲ နိုင့်ထက်စီးနင်းအိမ်ထောင်ရေးကို ဂျဟာနာရာက အဆုံးသတ်ခဲ့ပြီး ကလေး ၄ ယောက်ကိုထားကာ အိမ်ကနေ ထွက်လာခဲ့ပါတယ်။

    ဂျိုင်ပူးရ်ဆိုတဲ့ တစ်မြို့တည်းမှာ အတူနေကြပေမယ့် အဲဒီအချိန်ကတည်းက သူမရဲ့ ခင်ပွန်းဖြစ်သူဟာ ကလေးတွေနဲ့ အတွေ့မခံတော့ပါဘူး။ စားရိတ်မပေးသလို၊ လက်ထပ်တုန်းက ‘မဟရ်’ အဖြစ် တင်တောင်းထားတဲ့ ရွှေ ၁၅ ဂရမ်ကိုလည်း ပေးဖို့ ခင်ပွန်းက ငြင်းဆန်ခဲ့ပါတယ်။ ခင်ပွန်သည်က တင်ရတဲ့ ‘မဟရ်’ ဟာ အစ္စလာမ့်တရားတော်အရ ဇနီးသည်ရဲ့ ပိုင်ဆိုင်မှုထဲမှာ အကျုံးဝင်ပြီး အိမ်ထောင်ရေးအဆုံးသတ်သွားတဲ့အခါ ဇနီးက လက်ဝယ်ရရှိရမှာ ဖြစ်ပါတယ်။ နေအိမ်နဲ့ပတ်သက်တဲ့ သူမရဲ့ပိုင်ဆိုင်ခွင့်ကိုလည်း ငြင်းပယ်ခံခဲ့ရပါတယ်။

    အသက် ၄၅ နှစ်အရွယ် ဂျဟာနာရာဟာ တရားဥပဒေအရဖြစ်စေဖို့ ‘ကာဇီ’ လို့ခေါ်တဲ့ ဒေသဆိုင်ရာ အစ္စလာမ့်ရေးရာ တရားသူကြီးဆီကို သွားရောက်ခဲ့ပါတယ်။ ကာဇီတွေဟာ အိမ်ထောင်ရေး၊ မယားပြိုင်ထားမှု၊ ကွာရှင်းမှု၊ ‘သုံးသွလားက်’ ဆိုတဲ့ တစ်ထိုင်တည်းကွာရှင်းမှု၊ ကလေးအုပ်ထိန်းခွင့် စတဲ့ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရတာဖြစ်ပြီး များသောအားဖြင့် အမျိုးသားတွေသာဖြစ်တဲ့ သူတို့တွေဟာ ကုရ်အာန်ရဲ့ စည်းမျဉ်းတွေအရ တရားမျှတအောင် ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဒီရာထူးကို အဖေကနေသား စသဖြင့် အဆင့်ဆင့် လွှဲပြောင်းတာဝန်ယူတာဟာ ထုံးစံလို ဖြစ်နေပါပြီ။

    ဒါပေမယ့် အရင်က သူမလိုအဖြစ်မျိုးကြုံတွေ့ရတဲ့ အမျိုးသမီးတွေလိုပဲ ဂျဟာနာရာတစ်ယောက် စိတ်ပျက်ခဲ့ရပါတယ်။

    “သူ (ကာဇီ) က ကျွန်မရဲ့ အခွင့်အရေးတွေ ပြန်ရအောင်လုပ်ပေးဖို့ ငြင်းခဲ့တယ်။ ကျွန်မရဲ့အခြေအနေဟာ တရားမျှတတယ်လို့ မထင်ပါဘူး။ ဂျိုင်ပူးရ်က အိုလမာ (အစ္စလာမ့်သာသနာ့ပညာရှင်) တွေဆီသွားပြီး ကျွန်မ ခံနေရတဲ့ တရားမမျှတမှုဟာ ကုရ်အာန်က ခွင့်ပြုထားတာမျိုးလား။ ကုရ်အာန်ကပြောတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အဆင့်အတန်းမျိုးလား။ ဒီအခြေအနေက ကုရ်အာန်ကပေးတဲ့ တရားမျှတမှုမျိုးလား – ဆိုပြီး မေးခဲ့ပါတယ်။ သူတို့အားလုံးက ‘ဟုတ်တယ်၊ ဒီလိုပဲ၊ ကြံ့ကြံ့ခံပါ’ လို့ ပြန်ဖြေခဲ့ကြပါတယ်” လို့ သူမက ဖွင့်ဟခဲ့ပါတယ်။

    ဒါပေမယ့် ဂျဟာနာရာဟာတစ်ယောက် ဒီအခြေအနေကို ပြန်လည်တွန်းလှန်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဒီနေ့မှာတော့ သူမဟာ အိန္ဒိယက အမျိုးသမီးကာဇီတစ်ဦး ဖြစ်လာပါပြီ။

    မွမ်ဘိုင်းက မော်လ၀ီကျောင်းတစ်ခုဖြစ်တဲ့ ‘ဒါရွလ်အိုလူမ် နစ္စ၀မ်’ ဟာ ၂၀၁၅ ခုနှစ်ကတည်းကစပြီး အမျိုးသမီးတွေအတွက် ၂ နှစ်တာကြာမြင့်တဲ့ ကာဇီသင်တန်းကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ အမျိုးသမီးတွေကို အကျိုးနည်းစေတဲ့ ဓလေ့ထုံးတမ်းတွေကို ကုရ်အာန်အသိပညာ ပြည့်ဝနေတဲ့ အမျိုးသမီးကာဇီတွေက တွန်းလှန်တိုက်ဖျက်ဖို့ ဖြစ်ပါတယ်။

    အခုနှစ်နွေရာသီမှာ အမျိုးသမီး ၁၅ ယောက်တစ်သုတ်ဟာ သင်တန်းပြီးဆုံးခဲ့ပြီး တာဝန်ထမ်းဆောင်ဖို့ အသင့်ဖြစ်နေပါပြီ။

    သင်တန်းဆင်း နောက်တစ်ယောက်ကတော့ အသက် ၄၃ နှစ်အရွယ် အဖ်ရွဇ် ဘေဂွန်ဖြစ်ပြီး ဂျဟာနာရာနဲ့ မတူတာက ဘေဂွမ်ဟာ သူ့ရဲ့အလုပ်အကိုင်ကို ပံ့ပိုးပေးတဲ့ အမျိုးသားနဲ့ ပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။

    “ကုရ်အာန်က ကျွန်မတို့ကို တူညီတဲ့အခွင့်အရေး ပေးထားပါတယ်။ အသက်ရှင်သန်ခွင့်၊ ပညာသင်ခွင့်၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်၊ လွတ်လပ်စွာရွေးချယ်ခွင့် ပေးထားတယ်။ မွတ်စလင်အမျိုးသမီးတွေ ဒါကို နားလည်လာတာနဲ့ သူတို့ရဲ့ဘ၀တွေ ပြောင်းလဲသွားမှာပါ” လို့ ဘေဂွမ်က ပြောကြားခဲ့ပါတယ်။

    အစ္စလာမ်သာသနာမှာ ထိမ်းမြားလက်ထပ်ခြင်းဟာ နှလုံးသားရေးရာကတိက၀တ်ဖြစ်ပြီး ထိမ်းမြားမှုနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ဆောင်ရန်ရှောင်ရန်တွေကို ကာဇီနဲ့ မေးမြန်းဆွေးနွေးရပါတယ်။ အဲဒီလိုအခါမျိုးမှာ ကာဇီတွေက အမျိုးသားတွေကို ပစားပေးလေ့ ရှိပါတယ်။

    ပူလောင်အိုက်စပ်တဲ့ နေ့တစ်နေ့မှာ ဂျဟာနာရာနဲ့ ဘေဂွမ်တို့ဟာ ဂျိုင်ပူးရ် မွတ်စလင်ရပ်ကွက်က စည်းကားနေတဲ့ ပျံကျဈေးနား သူတို့ရဲ့ ရုံးခန်းမှာ ရုံးထိုင်နေပါတယ်။ သူတို့ဟာ အင်မရန်းခန်းနဲ့ သူ့ရဲ့ ဇနီး ဟူမာတို့အကြား ကတောက်ကဆဖြစ်မှုကို နှစ်သိမ့်အားပေးဖို့ ကြိုးစားနေကြတာပါ။ ၁ နှစ်သာရှိသေးတဲ့ သူတို့ရဲ့ အိမ်ထောင်ရေးဟာ ဂြိုဟ်ဆိုးဝင်ခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် စွပ်စွဲပြောကြားမှုတွေကြောင့် နှစ်ဖက်မိဘတွေက ပြေရာပြေကြောင်း ဖြန်ဖြေပေးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    အိမ်ထောင်ရေးပြဿနာတစ်ခုကို ဖြေရှင်းပေးနေသည့် ဂျဟာနာရာ

    လင်မယားနှစ်ယောက်စလုံးရဲ့ ခံစားချက်တွေကို ဂျဟာနာရာနဲ့ ဘေဂွမ်တို့က နားထောင်ကြပါတယ်။ သူတို့ဟာ ကွာရှင်းဖို့ မိဘတွေကို ပြောထားကြပြီး၊ ပိုပြီးသည်းခံကြဖို့ ဒီလင်မယားနှစ်ယောက်ကို ဆွေးနွေးနှစ်သိမ့်နေရပါတယ်။

    “အမျိုးသားကာဇီက အိမ်ပြန်ပြီး ယောက်ျားအမိန့်အတိုင်းနေထိုင်ဖို့ ဟူမာကို ပြောပါတယ်။ မွတ်စလင်အမျိုးသမီးအများစုက သူတို့ရဲ့ အခွင့်အရေးကို နကန်းတစ်လုံးတောင် မသိကြပါဘူး။ ဒါပေမယ့် ကုရ်အာန်ကပြောထားတာတွေကို ကျွန်မတို့ နားလည်ထားတာကြောင့် အခုတော့ အရာရာဟာ ပြောင်းလဲသွားမှာပါ” လို့ ဘေဂွမ်က ဆိုပါတယ်။

    သူတို့နဲ့အတူထိုင်နေတဲ့ ဂျိုင်ပူးရ်က အမျိုးသမီးအဖွဲ့ Bharatiya Muslim Mahila Andolan အကြီးအကဲ နစ္စဟတ် ဟူစိုင်က ဒီအမျိုးသမီးကာဇီနှစ်ဦးအနေနဲ့ လုပ်စရာတွေ အများကြီးရှိသေးတယ်လို့ ဆိုပါတယ်။

    “ဒီကာဇီသစ်နှစ်ဦးဟာ ထိမ်းမြားလက်ထပ်မှု မလုပ်ခင်မှာ အမျိုးသားတွေဆီက သက်ဆိုင်ရာ အထောက်အထားတွေကို တောင်းရမှာပါ။ သူတို့ဇနီးသေသွားပြီဆိုရင် သေစာရင်း၊ ကွာထားတယ်ဆိုရင်လည်း ကွာရှင်းစာချုပ်၊ ဆေးစစ်ချက်၊ အလုပ်အကိုင်ရှိကြောင်း သက်သေခံ ဒါတွေကို တောင်းရမှာပါ။ အမျိုးသမီးတွေကို ကာကွယ်ဖို့အတွက် ဒါတွေက လုပ်ကိုလုပ်ရမှာပါ။ ဒါပေမယ့် အဆက်ဆက်ကာဇီတွေကတော့ ဒါမျိုးတွေ မလုပ်ခဲ့ပါဘူး” လို့ ဟူစိုင်က ပြောကြားခဲ့ပါတယ်။

    ကုရ်အာန်ကျမ်းတော်မြတ်က အမျိုးသမီးတွေကို တူညီတဲ့အခွင့်အရေးပေးထားတယ်ဆိုတာ နားလည်လာခဲ့ပြီးတဲ့နောက်မှာ ဂျဟာနာရာတစ်ယောက် ပိုပြီး ပျော်ရွှင်လာပါတယ်။ ယောက်ျားနဲ့ကွဲပြီးနောက်ပိုင်း ရတက်မအေးဖြစ်ရတဲ့ သူမဟာ နောက်ဆုံးမှာ ကာဇီသင်တန်းကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီသင်တန်းမှာ အစ္စလာမ်က အမျိုးသမီးတွေနဲ့ပတ်သက်ပြီး ဘာတွေပြောထားလဲဆိုတာကို အတိအကျ နားလည်လာခဲ့ပါတယ်။

    တစ်ယောက်တည်းနေပြီး၊ တက်ကြွလှုပ်ရှားသူတစ်ယောက် ဖြစ်နေတဲ့အတွက်၊ ခင်ပွန်းနဲ့ ကွာရှင်းခဲ့တဲ့အတွက် ဘယ်အမျိုးသားကပဲ သူ့ကို လက်ညှိုးထိုးထိုး ဂျဟာနာရာကတော့ ဒီလိုလူမျိုးကို ကုရ်အာန်အကိုးအကားနဲ့ ပြန်လည်ချေပ ပြောဆိုနိုင်နေပါပြီ။

    “အခု ကျွန်မက ကာဇီတစ်ယောက် ဖြစ်နေပြီ။ ကျွန်မမှာ အသိပညာရှိနေပြီ။ ဆွေးနွေးငြင်းခုံတတ်နေပြီ။ နောက်ဆုံးမှာတော့ ကျွန်မဟာ လွတ်မြောက်ပြီလို့ ခံစားရပါတယ်။ အခြားသော မွတ်စလင်အမျိုးသမီးတွေကိုလည်း ဒီလို လွတ်မြောက်စေချင်ပါတယ်” လို့ ဂျဟာနာရာက ပြောကြားခဲ့ပါတယ်။

    Ref: The Guardian

    (The Guardian တွင် ရေးသားထားသည့် Men deny us equality, not the Qur’an: a female Islamic judge in India speaks out ဆောင်းပါးကို ကိုတင်ရီက ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • ဂျီ ၂၀ ခေါင်းဆောင်များကို ဟမ်းဘတ်တွင် အကြီးအကျယ် ဆန္ဒပြ

    ဂျီ ၂၀ ခေါင်းဆောင်များကို ဟမ်းဘတ်တွင် အကြီးအကျယ် ဆန္ဒပြ

    ဇူလိုင် ၇၊ ၂၀၁၇
    M-Media

    – စက်မှုထိပ်သီး ဂျီ ၂၀ နိုင်ငံများ၏ အစည်အဝေး စတင်ကျင်းပနေသည့် ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တွင် ထောင်နှင့်ချီသော ပြည်သူများက ဆန္ဒပြမှုပြုလုပ်နေပြီး ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့မှုများလည်း ရှိနေသည်။

    ဆန္ဒပြသူများမှာ ကမ္ဘာ့ခေါင်းဆောင်များ၏ အရင်းရှင်ဝါဒ၊ ရာသီဥတုပေါ်လစီများနှင့် ဂလိုဘယ်လိုက်ဇေးရှင်း သဘောထားတို့ကို ဆန့်ကျင်ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က ဖြိုခွဲမှုအတွင်း အချင်းများခဲ့ကာ ဆန္ဒပြသူ ၄၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

    ၂ ရက်တာကြာမြင့်မည့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေးတွင် ကမ္ဘာ့ခေါင်းဆောင်များမှာ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် အခြားသော အဓိက ပြဿနာများကို ဆွေးနွေးကြမည်ဖြစ်ကာ ဟမ်းဘတ်မြို့တွင် ရဲတပ်ဖွဲ့ဝင် ၂ သောင်းခန့်က လုံခြုံရေးယူထားသည်။

    ဆန္ဒပြသူများမှာ ယနေ့မနက်တွင် ပြတင်းပေါက်များကို ရိုက်ခွဲခြင်း၊ ပတ္တယောင်ကားများနှင့် အခြားကားများကို မီးရှို့ခြင်းတို့ ပြုလုပ်ခဲ့ပြီး ရဲတပ်ဖွဲ့က မီးသတ်ပိုက်များ၊ ငရုပ်ကောင်းစပရေးများဖြင့် ပက်ဖြန်းလူစုခွဲခဲ့သည်။

    ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ ဆန္ဒပြသူများနှင့် ထိပ်တိုက်တွေ့ဆုံမှုအတွက်း ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၁၅၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

    သောကြာနေ့နှင့် စနေနေ့များတွင် ပြုလုပ်မည့် ဆန္ဒပြချီတက်မှုများတွင် လူပေါင်း ၁ သိန်းကျော် ပါဝင်မည်ဟု ခန့်မှန်းထားသည်။

    Ref: Aljazeera